Chapter 17
ကျိယွီရှောင် တစ်ဖက်လူက ဖုန်းချသွားသည်ကို မြင်သောအခါ တစ်နေ့လုံး မသက်မသာဖြစ်နေသည့် စိတ်ခံစားချက်က ပြောင်းလဲသွားပြီး ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
သူ လင်းလော့ချင်းကို ဗီဒီယိုကောလ်များ ထပ်ခေါ်ခဲ့သော်လည်း လင်းလော့ချင်းက မတုံ့မဆိုင်း ငြင်းပယ်ခဲ့လေသည်။
ကျိယွီရှောင် : [ဒါဘာလုပ်တာလဲ...မင်း နှစ်တွေအကြာကြီး ကြိုက်ခဲ့တဲ့ မင်းရဲ့နတ်ဘုရားက မင်းကို ဗီဒီယိုကောလ် ခေါ်နေတာလေ...မင်းတကယ် မကိုင်ဘူးလား...]
ကျိယွီရှောင် : [ချပစ်တာ နှစ်ခါရှိပြီနော်..]
လင်းလော့ချင်း :"..."
'ကျိယွီရှောင်က တကယ် နတ်ဘုရား ဖြစ်ချင်နေတာလား...
လင်းလော့ချင်း : [တချို့ခံစားချက်တွေက တိတ်တခိုးဖြစ်ရတာ ပိုကောင်းတယ်လို့ ငါ ခံစားရတယ်...]
ကျိယွီရှောင် မျက်ခုံးကို ပင့်လိုက်၏။
[အဲ့လိုလား...]
လင်းလော့ချင်း : [ငါချစ်တာက ငါ့ရဲ့စိတ်ကူးထဲက မင်းကိုဖြစ်နိုင်တယ်...တကယ် အပြင်က မင်းကို မဟုတ်လောက်ဘူး...]
ကျိယွီရှောင် : [အဲ့လိုဆို မင်း ထိန်းမရသိမ်းမရ ပျော်၀င်နေတာက ငါ့ရဲ့ စိတ်၀င်စားဖို့ကောင်းတဲ့ စိတ်ဝိညာဉ်မဟုတ်ဘဲ ငါ့ရဲ့ကြီးကျယ်ခန့်ညားတဲ့ သွင်ပြင်လက္ခဏာလား...]
လင်းလော့ချင်း :!!!
မင်း အဲ့လိုပြောတာ မရှက်ဘူးလား...
မင်းမှာ စိတ်၀င်စားဖို့ကောင်းတဲ့ စိတ်ဝိညာဉ်ရှိတယ်တဲ့လား...
မင်းက ငါ့ရဲ့စိတ်ဝိညာဉ်ကို ဒေါသထွက်အောင် လုပ်နေတာပဲ...
ကျိယွီရှောင် : [ကောင်းပြီ...ဗီဒီယိုကောလ် ထပ်ခေါ်လိုက်မယ်...ဒီတစ်ခါ ကိုင်လိုက်...]
ထို့နောက် ကျိယွီရှောင် ဗီဒီယိုကောလ် ထပ်ခေါ်လိုက်သည်။
လင်းလော့ချင်း ကူရာမဲ့စွာ ကိုင်လိုက်ပြီး ပါးဖောင်းလိုက်ကာ တစ်ဖက်လူကို ကြည့်လိုက်၏။
ကျိယွီရှောင် လင်းလော့ချင်း၏မို့တက်နေသော ပါးပြင်ကို မြင်သောအခါ ပြုံးကာ ပြောလိုက်သည်။
“စိတ်မပူနဲ့...ငါမင်းကို ထပ်မနောက်တော့ဘူး...”
“မင်း ငါ့ကို တမင်တကာကြီး နောက်နေတာကို သိသေးတယ်ပေါ့...”
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။
"အွန်း..."
လင်းလော့ချင်း :"!!!"
မင်း“ အွန်း” သေးတယ်ပေါ့...
မင်း ထပ်ပြီး “အွန်း”လို့ ပြောပြန်ပြီ...
မင်း “အွန်း”လို့ပြောဖို့ သတ္တိတွေ ရှိသေးတယ်ပေါ့...
လင်းလော့ချင်း :“မင်းက မာနကြီးပြီး ကိုယ့်ကိုကိုယ်အထင်ကြီးတဲ့သူ...ငါ မင်းကို ကြိုက်တယ်ဆိုတဲ့အချက်ကို မှီခိုပြီး ငါ့ကို ပြောင်ပြောင်တင်းတင်း နောက်ပြောင်နေတာလား...”
ကျိယွီရှောင် :"အွန်း..."
လင်းလော့ချင်း :“မင်း 'အွန်း'လို့ ပြောနေတုန်းလား..."
ကျိယွီရှောင် : “ဒါက အမှန်တရားပဲလေ...မိုးကောင်းကင်လည်း သိတယ်....ငါလည်းသိတယ်... ငါ ဘာလို့လိမ်ပြောရမှာလဲ...စိတ်မပူပါနဲ့...မင်းရဲ့နတ်ဘုရားက လိမ်ပြောတတ်တဲ့သူ မဟုတ်ပါဘူး... ”
လင်းလော့ချင်း အေးစက်စက်နှင့် ရွဲ့ပြောလိုက်သည်။
“မင်း မှန်တယ်...ငါ့ရဲ့ နတ်ဘုရားက လိမ်ပြောတတ်သူ မဟုတ်ဘူး...သူက လူသားတောင် မဟုတ်ဘူး..."
ကျိယွီရှောင် တိတ်တခိုး ရယ်လိုက်သည်။
“မှန်တယ်...မင်းအတွက် သူက ဘယ်လိုလုပ်လူသားဖြစ်မှာလဲ...သူက နတ်ဘုရားပဲ..."
လင်းလော့ချင်း :"..."
လင်းလော့ချင်း သူ့မျက်နှာသူ လက်ဖြင့် ကာလိုက်သည်။
'ဒီလူက တကယ်ကို ကိုယ့်ကိုကိုယ် ချစ်တဲ့လူပဲ...'
ကျိယွီရှောင် ပြုံးလိုက်၏။
“ကောင်းပြီ...ငါမင်းကို မနောက်တော့ဘူး...အဓိကကိစ္စ ပြောကြတာပေါ့...”
“ဘာကိစ္စလဲ...”
လင်းလော့ချင်း မေးလိုက်သည်။
“မင်းရဲ့သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့ပဲ...ငါ ဒီရက်ပိုင်းအတွင်း ရှင်းရီရဲ့အေ့ဂျင်တစ်ယောက်နဲ့ ဆက်သွယ်လိုက်မယ်...ပြီးရင် မင်း ရှင်းရီရဲ့နာမည်အောက်မှာ စာချုပ်ချုပ်ရလိမ့်မယ်..."
လင်းလော့ချင်း ကျိယွီရှောင်က တကယ် သူ့ကို ရှင်းရီနှင့် လက်မှတ်ထိုးခိုင်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
“ငါ့မှာ စာချုပ်ရှိသေးတယ်...ပြီးတော့ အဲ့ဒါက သက်တမ်းမကုန်သေးဘူး...”
ကျိယွီရှောင် : “ရှင်းရီက စာချုပ်ဖောက်ဖျက်တဲ့လျော်ကြေးကို မင်းအစား ပေးလိမ့်မယ်...,”
လင်းလော့ချင်း :“ဒါက သိပ်မကောင်းဘူးနော်..."
ကျိယွီရှောင် : “မင်း အရင်ကုမ္ပဏီမှာ ဆက်နေချင်သေးလို့လား...”
ဘယ်ဟုတ်မလဲ...ဒီရက်အတောအတွင်းက သူ့အေးဂျင့်ရဲ့ သဘောထားကို ကြည့်ရင် မူလပိုင်ရှင်ရဲ့ကုမ္ပဏီက သူ့ကို စွန့်လွှတ်ပြီးတာ သေချာတယ်...ဆက်နေဖို့ အသုံးမ၀င်ဘူး...တခြားနည်းလမ်းရှာတာ ပိုကောင်းတယ်...
ဒါပေမဲ့...
“မင်း တကယ်ပဲ ငါ့သရုပ်ဆောင်စွမ်းရည်က ဆိုးတယ်လို့ မတွေးတာလား..."
ကျိယွီရှောင် : “ငါသာ အဲ့လိုတွေးခဲ့ရင် မင်းနဲ့ စာချုပ်ချုပ်မှာ မဟုတ်ဘူး...”
လင်းလော့ချင်း “ဒါပေမဲ့ မင်းက ငါ သရုပ်ဆောင်ပြတိုင်း အိပ်ပျော်သွားတယ်လေ...မင်းဘယ်လောက်ထိတောင် ပင်ပန်းနိုင်မှာမို့လို့လဲ..."
ကျိယွီရှောင် လက်ဆန့်လိုက်ပြီး နဖူးကို ဖိလိုက်ကာ ပြောလိုက်သည်။
“ဒီပင်ပန်းမှုကို မင်း စိတ်ကူးလို့ရမှာတောင် မဟုတ်ဘူး..."
လင်းလော့ချင်း :"...''
“ဒီလိုဆို ဒီည ထပ်ကြိုးစားကြည့်လေ..."
ကျိယွီရှောင် အကြံပေးလိုက်၏။
“ဒီနေ့ မပင်ပန်းတဲ့အတွက် ငါ ထပ်အိပ်ပျော်မှာမဟုတ်ဘူး...”
“တကယ်လား..."
လင်းလော့ချင်း သံသယရှိစွာ မေးလိုက်သည်။
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်၏။
“ဟုတ်တယ်..."
လင်းလော့ချင်း ပါးစပ်ဟလိုက်သော်လည်း ဆက်မငြင်းတော့ပေ။
“မင်း ဒီည ဘယ်လိုပုံစံမြင်ချင်လဲ..."
“ကိုယ့်ဖာသာ ဆုံးဖြတ်လိုက်...မင်းရဲ့ခံစားချက်တွေကို စုစည်းဖို့ အချိန်ပေးမယ်လေ...မင်း အဆင်သင့်ဖြစ်လောက်မဲ့အချိန်ကျမှ ငါ မင်းကို ဗီဒီယိုကောလ်ထပ်ခေါ်လိုက်မယ်...,”
“အင်း...”
ထို့နောက် ကျိယွီရှောင် ဖုန်းချလိုက်သည်။
လင်းလော့ချင်း မျက်နှာကျက်ကိုကြည့်ပြီး ခဏလောက် တွေးနေလိုက်သည်။ ထို့နောက်သူ့၏ယခင်Auditionတစ်ခုမှ ဇာတ်၀င်ခန်းတစ်ခုကို သတိရသွားပြီး လျင်မြန်စွာ စာရိုက်ပို့လိုက်သည်။
[ ငါအဆင်သင့်ဖြစ်ပြီ...]
တစ်ဖက်တွင် ကျိယွီရှောင် ကုတင်ခေါင်းရင်းဆီသို့ ဝှီးချဲလ်ကိုတွန်းသွားပြီး ဝှီးချဲလ်ပေါ်မှကုတင်ပေါ်သို့ပြောင်းတော့မည်အချိန် မတ်ဆေ့ခ်ျရလိုက်လေသည်။
'မြန်လိုက်တာ...'
ကျိယွီရှောင် ကျွမ်းကျင်စွာနှင့် အိပ်ရာပေါ်သို့ ပြောင်းလိုက်ပြီး ခေါင်းရင်းကို မှီလိုက်ကာ လင်းလော့ ချင်းထံ ဗီဒီယိုကောလ် ထပ်ခေါ်လိုက်သည်။
လင်းလော့ချင်း ကိုင်လိုက်တဲ့အချိန် တစ်ဖက်လူက ဝှီးချဲလ်ပေါ်မှ အိပ်ရာပေါ်သို့ ရောက်နေသည်ကို မြင်လိုက်ရသည့်အခါ ဆွံအသွားလေသည်။
“မင်း ဒါက… အိပ်ဖို့ ဆုံးဖြတ်ထားတာလား..."
“မဟုတ်ပါဘူး..."
ကျိယွီရှောင် ၀န်ခံရန် ငြင်းပယ်လိုက်သည်။
လင်းလော့ချင်း လှောင်ပြောင်လိုက်၏။
“မင်း ဘာလို့ ကုတင်ခေါင်းရင်းကို မှီထားတဲ့အစား လှဲမနေရတာလဲ...လှဲနေတာက ပိုအဆင်ပြေတာပေါ့...မင်းမျက်လုံးတွေ မှိတ်လာတဲ့အချိန် ရွှေ့ဖို့မလိုတော့ဘဲ တစ်ခါတည်း အိပ်လို့ရတယ်...
ဘယ်လောက် အဆင်ပြေလိုက်လဲ...”
ကျိယွီရှောင် ထိုစကားများကို ကြားသောအခါ တစ်ခဏလောက် တွေးလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
“မင်း ပြောတာမှန်တယ်....”
လင်းလော့ချင်း :???
ဒီလူ ဘာပြောချင်တာလဲ...
ထို့နောက် သူ ကျိယွီရှောင်က လှဲလျက် ဖုန်းကိုင်ထားသည်ကို မြင်လိုက်ရသည်။ တစ်ဖက်လူက စောင်အောက်တွင် လှဲနေပြီး ခေါင်းအုံး အုံးထားကာ ပြောလာသည်။
"အဆင်ပြေပြီ..."
လင်းလော့ချင်း :"!!!"
'သူ ရှုံးသွားပြီပဲ...သစ်ခေါက်မပါတဲ့ သစ်ပင်က သေချာပေါက် သေလိမ့်မယ်...ဒါပေမဲ့ အရှက်မရှိတဲ့လူကတော့ ကမ္ဘာပေါ်မှာ ဆက်ရှင်နိုင်သေးတယ်...'
ကျိယွီရှောင်က အသိသာကြီးကို အရှက်မဲ့ဆုံးသူတစ်ယောက်ပဲ...
“မင်း မစသေးဘူးလား..."
ကျိယွီရှောင် မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ လင်းလော့ချင်း၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး ရယ်မောလိုက်လေသည်။
'ဘာစမှာလဲ...မင်းရဲ့အိပ်ဆေးအဖြစ် အထူးကုသမှုကို စရမှာလား...'
လင်းလော့ချင်း ခါးသီးစွာ ရယ်မောလိုက်ပြီး ကူရာမဲ့စွာ ဖုန်းကို ဆင်လိုက်ကာ ဖျော်ဖြေမှုကိုစတင်လိုက်၏။
ကျိယွီရှောင်က အိပ်ရာပေါ်တွင် လှဲလျောင်းနေပြီး ဖျော်ဖြေမှုကို ကြည့်ရှုနေလေသည်။ ဤတစ်ကြိမ်တွင် လင်းလော့ချင်းက ပြစ်မှုကျူးလွန်သူအဖြစ် သံသယရှိသူနေရာတွင် သရုပ်ဆောင်နေသည်ကို တွေ့လိုက်ရသည်။ ရဲက သူ့ကို တကယ်စစ်မေးနေသည့်အတိုင်း တည်ငြိမ်စွာ ထိုင်ကာ သရုပ်ဆောင်နေလေသည်။
ကျိယွီရှောင်က တိတ်ဆိတ်စွာကြည့်နေပြီး လင်းလော့ချင်း၏ ဖျော်ဖြေမှုပြီးဆုံးသည်အထိ ဘာမှမပြောခဲ့ပေ။
“မဆိုးဘူး...မင်းရဲ့သရုပ်ဆောင်စွမ်းရည်က ကောင်းတယ်..."
“ဟုတ်တယ်မလား...”
လင်းလော့ချင်း ဂုဏ်ယူစွာ ပြောလိုက်သည်။ ထို့နောက် သူ တစ်ခုခုကို သတိထားမိသွားပြီး ပြောလိုက်သည်။
“မင်း ဒီတစ်ခါ အိပ်မပျော်ဘူးပဲ..."
‘ဟုတ်တယ်...ငါ ဒီတစ်ခါ အိပ်မပျော်ဘူး...’
ကျိယွီရှောင် တွေးလိုက်သည်။
ကျိယွီရှောင် အနည်းငယ် စိတ်ရှုပ်ထွေးနေလေသည်။
'ဘာဖြစ်သွားတာလဲ...လင်းလော့ချင်းက လူကိုယ်တိုင် သူ့ရှေ့မှာ သရုပ်ဆောင်ပြမှ ရတာလား...'
အရင်ကတော့ရပြီး ဒီတစ်ခါ ဖုန်းနဲ့မို့လို့ မရတာလား...
သူ စိတ်ရှုပ်ထွေးနေသော်လည်း ပြုံးပြလိုက်ကာ ပြောလိုက်သည်။
“ငါ ပြောသားပဲ....ငါ ဒီနေ့မပင်ပန်းပါဘူးလို့...”
လင်းလော့ချင်း ပြုံးလိုက်သည်။
“ဒါဆို အရင့်အရင်တွေက ငါ သရုပ်ဆောင်တာညံ့လို့မဟုတ်ဘဲ မင်းပင်ပန်းနေလို့ပေါ့..."
“ဟုတ်တယ်..."
ကျိယွီရှောင် ပြောလိုက်သည်။
“မင်း ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိသင့်တယ်...”
လင်းလော့ချင်း :“ ဒါပေမဲ့ မင်းက အမြဲတမ်းအိပ်ပျော်နေတော့ ဘယ်သူမဆို ငါက အိပ်ဆေးလို့တွေးကြမှာပဲ...”
ကျိယွီရှောင် ပြုံးလိုက်ပြီး စိတ်ထဲ တွေးလိုက်သည်။
‘မင်းပြောတာမှန်လုနီးပါးပဲ...'
ထို့နောက် သူ လင်းလော့ချင်းနှင့် စကားအနည်းငယ်လောက် ဆက်ပြောလိုက်ပြီး ဖုန်းချလိုက်သည်။ ပြီးနောက် လက်မြှောက်လိုက်ပြီး မီးပိတ်လိုက်ကာ မျက်လုံးမှိတ်လိုက်သည်။
သို့သော် တစ်နာရီခန့် ကြာပြီးနောက် အိပ်ခန်းထဲမှ မီးကပြန်ပွင့်လာလေသည်။ ကျိယွီရှောင် ကူရာမဲ့စွာဖြင့် အံဆွဲကိုဖွင့်လိုက်ပြီး အိပ်ဆေးပုလင်းကိုဖွင့်လိုက်ကာ အိပ်ဆေး အနည်းငယ်သွန်ထုတ်လိုက်သည်။
သူ ဆေးများသွန်ထုတ်ပြီးသောအခါ ဆေးများ ပြန်ထည့်ရန် တုံ့ဆိုင်းနေမိလေသည်။ သူ ရှည်လျား သည့် အိမ်မက်ဆိုးကို မလိုချင်တော့ပေ။
ကျိယွီရှောင် သက်ပြင်းချလိုက်သည်။
'ဒီအချိန်မှာ လင်းလော့ချင်းက သူ့ဘေးမှာရှိရင် သိပ်ကောင်းမှာပဲ...'
ကံကောင်းစွာနှင့် လင်းလော့ချင်းက မကြာမီသူ့ဘေး၌ ရှိနေတော့မည်ဖြစ်သည်။
ကျိယွီရှောင် မီးကို ပြန်ပိတ်လိုက်ပြီး အိပ်ရာပေါ်လှဲလိုက်ကာ မျက်လုံးမှိတ်လိုက်ပြီး မိုးလင်းလာချိန်ကို စောင့်နေလိုက်သည်။
....
မိုးလင်းလာသောအခါ လင်းလော့ချင်း လိုက်ကာများကို ဖွင့်လိုက်ပြီးနောက် တောက်ပလွန်းသည့် နေရောင်ခြည်ကို မြင်လိုက်ရလေသည်။ မိုးရွာပြီးနောက် လတ်ဆတ်သည့်လေများကိုပါ ခံစားနေရ၏။
မိုးရွာတာရပ်သွားပြီ...ပြောင်းဖို့အချိန်ရောက်ပြီ...
“ငါ မင်းကို နေ့လည်ကျရင် လာကြိုမယ်...ပြီးရင် ငါတို့ ဦးလေးကျိရဲ့အိမ်ကို အတူသွားကြမယ်...ဒီကို ပြန်မလာတော့ဘူး... ”
မနက်စာစားချိန်တွင် လင်းလော့ချင်း လင်းဖေးအား ပြောလိုက်သည်။
လင်းဖေး တစ်ခဏလောက် ကြက်သေသေသွားပြီး စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်နေပြီးနောက် ပြန်တုံ့ပြန်လိုက်သည်။
လင်းဖေး အပြင်ထွက်လာပြီးနောက် ၀င်ပေါက်တွင် ရပ်ကာ လအနည်းငယ်ခန့်နေခဲ့သည့်နေရာကို ကြည့်လိုက်သည်။
လင်းလော့ချင်း တွန့်ဆုတ်နေသည့်ကလေး၏မျက်လုံးများကို သတိထားမိသောကြောင့် လင်းဖေး၏ခေါင်းကို ထိလိုက်ပြီး နှစ်သိမ့်ပေးရန် ခါးကိုင်းလိုက်သည်။
“မင်း တွန့်ဆုတ်နေတာမလား...ရှုရှု နောက်ကြရင် မင်းနဲ့အတူ ထပ်လာမယ်လေ...အဆင်ပြေလား...”
သူ ဆက်ပြောလိုက်သည်။
“ဦးလေးကျိဆီ အရင်သွားပြီး အဲ့မှာခဏလောက်နေကြည့်ရအောင်...အဲ့မှာနေကြည့်လို့ မင်းမကြိုက်ဘူးဆိုရင် ငါ ဦးလေးကျိနဲ့ ငါတို့အိမ်ကို ပြောင်းလာဖို့ ဆွေးနွေးလိုက်မယ်...အခုတော့ ဦးလေးကျိက ကျန်းမာရေးသိပ်မကောင်းလို့ အရင် အလိုက်အထိုက်နေကြည့်ရအောင်...အိုကေလား...”
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။
အမှန်တွင် သူ မတွန့်ဆုတ်ပေ။ သူ အနည်းငယ် ၀မ်းနည်းနေရုံသာဖြစ်၏။
သူ သူ့အမေအိမ်မှ ဤနေရာကို ပြောင်းလာခဲ့ပြီး ယခု နေရာအသစ်ကို ထပ်ပြောင်းရတော့မည်ဖြစ်သည်။ သူ ဘယ်လိုခံစားနေရလဲ မပြောပြတတ်ပေ။ သို့သော် သူ ၀မ်းနည်းနေလေသည်။
ယင်းက သူ နေရာတစ်နေရာတွင် အကြာကြီးမနေနိုင်သည့်ပုံ ပေါ်လေသည်။ သူ ပိုင်ဆိုင်သည့်နေရာ မရှိပေ။
သူက ငယ်သေးသည့်အတွက် သူ့၏လက်ရှိ ခံစားချက်များကို ဖော်ပြရန် နည်းလမ်းမရှိပေ။ သူက မြေပြင်ပေါ်သို့ ခဏလေးနှင့် ကြွေကျလာပြီး လေတိုက်တိုင်း လွင့်မျောသွားသည့် Dandelionပန်းလို ခံစားရလေသည်။ သူ့တွင် အမြစ်တွယ်နေရန် ပန်းအိုးမရှိပေ။ သူက လေတိုက်တိုင်း လွင့်မျောနေရုံသာ တတ်နိုင်လေသည်။
သူ့ကို လေတိုက်တိုင်း မလွင့်မျောစေဘဲ သူ့ကိုမြဲမြံစွာ ဆုပ်ကိုင်ထားမည့် ပန်းအိုးတစ်လုံးလိုချင်သည်။
လင်းဖေး မျက်တောင်ခတ်လိုက်ပြီး ခေါင်းငုံ့ကာ သူ့၏ဖိနပ်အသစ်ကို ကြည့်လိုက်ပြီး လင်းလော့ချင်းဆီ လျှောက်သွားလိုက်သည်။
.........
အပြင်ဘက်မှ နေသာနေသော ကောင်းကင်ကြီးကို မြင်နေရသောကြောင့် ကျိလဲ့ယွီက ကောင်းမွန်သည့်ခံစားချက်များနှင့် ပန်းကန်လုံးထဲ ကြက်ဉနို့ပေါင်းကို စားနေလေသည်။
“ဦးလေးလင်းက ဒီနေ့ပြောင်းလာမှာလား..."
သူ ကျိယွီရှောင်ကို မေးလိုက်သည်။
“ ပြောင်းလာလောက်တယ်...သူ မိုးမရွာရင် ပြောင်းလာမယ်လို့ ပြောခဲ့တယ်...မိုးထပ်မရွာတော့ဘူးဆိုရင် ဒီနေ့ညနေ လင်းဖေးကို ကျောင်းကြိုပြီးရင် အတူတူ ပြောင်းလာလိမ့်မယ်..."
ကျိယွီရှောင် ပြောလိုက်သည်။
“လင်းဖေးကို သားသိတယ်မလား...သူက ရှုရှုလင်းအိမ်က ကလေးလေ...သူက သားထက် အသက်တစ်နှစ်ပိုကြီးတဲ့ကောင်လေးပဲ..."
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်ပြီး ရယ်လိုက်သည်။
“သား သိပါတယ်...”
ကျိယွီရှောင်လည်း ရယ်လိုက်၏။ ထို့နောက် သူ လက်မြှောက်လိုက်ပြီး ကျိလဲ့ယွီ၏ခေါင်းကိုပွတ်သပ်လိုက်ကာ နွေးထွေးစွာပြောလိုက်သည်။
“ရှုရှုလင်းနဲ့ တွေ့တဲ့အခါ လိမ်လိမ်မာမာ နေရမယ်နော်...”
“ဟုတ်ကဲ့~~~”
ကျိလဲ့ယွီ အသံကိုဆွဲကာ ပြောလိုက်သည်။
“သားက အမြဲတမ်း လိမ္မာပါတယ်နော်..."
“ဟုတ်ပါပြီ..."
ကျိယွီရှောင် ပြောနေစဉ် တစ်ခုခုကို ထပ်တွေးမိပြီး ပြောလိုက်သည်။
“တကယ်လို့ သားမပျော်တဲ့ကိစ္စတွေရှိရင် ပါးပါးကို ပြောပြရမယ်နော်...ညနေ ရှုရှုလင်းနဲ့တွေ့တဲ့အခါ မပျော်ရင်လည်း ပါးပါးကို ပြောပြရမယ်...နားလည်လား..."
ကျိယွီရှောင်၏အသံက အလွန်နွေးထွေးပြီး မျက်လုံးထဲ၌ လူကြီးတစ်ယောက်၏ဂရုစိုက်မှုများ ရှိနေသည်ကို ကျိလဲ့ယွီ မြင်နေရသော်လည်း တစ်ခုခုအဆင်မပြေသလို ခံစားလိုက်ရသည်။
‘သူ အရင်က အဲ့လိုမဟုတ်ဘူး...’
‘အရင်တုန်းက ငါ့ရှုရှုက ဒီလိုပုံစံမဟုတ်ဘူး...'
ဒါက သူ့အဖေရဲ့ပုံစံပဲ...သူ့ရှုရှုက အရင်တုန်းက ဘယ်လိုပုံစံလဲ...
ကျိလဲ့ယွီ၏ဉီးနှောက်က သင့်လျော်သည့် ဖော်ပြချက်ကို မတွေးမိမီ အချိန်အကြာကြီး စဉ်းစားလိုက်ရသည်။
သူ့ရှုရှု အရင်တုန်းက သူ့ကို ကစားဖို့ အပြင်ခေါ်သွားတယ်...သူ့အဖေရဲ့ဆူပူတာတွေကို ရှောင်ဖို့ကူညီပေးတယ်...သူနဲ့အတူ ဘောလုံးကန်တယ်၊မြားပစ်တယ်၊ မြင်း အတူစီးကြတယ်...
ထိုအခါ အချိန်တိုင်း သူ့အဖေက ကူရာမဲ့စွာ ပြောခဲ့သည်။
“သူ့ကိုအလိုမလိုက်နဲ့...သူ အခုထိ အိမ်စာမပြီးသေးဘူး...”
ထိုအခါ သူ့ရှုရှုက ရယ်ကာ ပြန်ပြောလေ့ရှိသည်။
“ ရှောင်ယွီက ဘယ်လောက်ဉာဏ်ကောင်းလိုက်လဲ...,နောက်မှ ပြီးအောင်လုပ်လည်း ရပါတယ်...
ကိစ္စကြီးမှမဟုတ်တာ...”
ထို့နောက် သူတို့နှစ်ယောက်က သူ့အဖေ မမြင်သည့်နေရာမှာ လက်ဝါးရိုက်ကြပြီး သူ့အဖေ သူ့ကို မစားခိုင်းသည့် ရေခဲမုန့်ကို တိတ်တိတ်လေး ၀ယ်ကျွေးလိမ့်မည်။
သူက ကျိလဲ့ယွီနှင့်အတူကစားပြီး အတူ ပြဿနာများ ရှာသည့် အစ်ကိုတစ်ယောက်လိုပင်ဖြစ်သည်။ သူ့အဖေ၏အကူအညီမဲ့ပြီးအလိုလိုက်သည့် အပြုံးကို တွေ့လျှင် အလွန်ပျော်ရွှင်ကြသူများဖြစ်သည်။
သို့သော် သူ့ရှုရှုက မတော်တဆဖြစ်ပြီးနောက်ပြောင်းလဲသွားခဲ့သည်။
သူက ကျိလဲ့ယွီ၏အဖေနှင့် တူလာခဲ့သည်။ သူ့ကို အဖေတစ်ယောက်လို ဂရုစိုက်ပေးပြီးအလိုလိုက်ပေးသော်လည်း ကျိလဲ့ယွီ သူက သူ့အဖေ မဟုတ်ကြောင်း သိပြီး ယင်းက သူ့ပုံစံ မဟုတ်ကြောင်းလည်း သိလေသည်။
သူ့ရှုရှုက သူ့အဖေ၏တာ၀န်ကို ယူခဲ့ပြီး သူ့အဖေ ဖြစ်လာခဲ့လေသည်။