Chapter 18
ကျိလဲ့ယွီက သူ့ရှုရှုက ယခု ပျော်ရွှင်နေလား မသိသော်လည်း သူ့ရှုရှု ပျော်ရွှင်နေသည်ကို လိုချင်သည်။ ထို့ကြောင့် လက်ထပ်ပွဲကို မကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
လက်ထပ်ခြင်းက ကောင်းတဲ့ကိစ္စဖြစ်သည်။
သူ့အဖေက သူ့အမေနှင့် လက်ထပ်ခဲ့ရသည်က သူ့ဘ၀၏အပျော်ရွှင်ရဆုံးကိစ္စပါဟု သူ့ကို ပြောခဲ့ဖူးသည်။ ထို့ကြောင့် သူ့ရှုရှုက ယခုလက်ထပ်ရတော့မည်ဖြစ်သည့်အတွက် ပျော်ရွှင်နေသင့်၏။
“ ပျော်လား..."
သူ ကျိယွီရှောင်ကို သူ့၏ဖြူစင်ပြီးလှပသည့်မျက်နှာလေးဖြင့် မေးလိုက်သည်။
“ရှုရှုလင်းက ပြောင်းလာပြီ...ပါးပါး လက်ထပ်ရတော့မယ်...သူ့ကိုကြိုက်လား...ပျော်နေလား..."
ကျိယွီရှောင် ပြုံးလိုက်သည်။
“သားက ငယ်ပါသေးတယ်...ဘာလို့ အဲ့ဒါကို ဂရုစိုက်နေတာလဲ...''
“သား သိချင်လို့ပါ..."
ကျိလဲ့ယွီ သူ့ကို ပြုံးကာ ကြည့်လိုက်သည်။
“ ပျော်နေလား...,”
“ ပျော်ပါတယ်...”
ကျိယွီရှောင် ကျိလဲ့ယွီ၏မျက်နှာကို ညစ်လိုက်သည်။
“မြန်မြန်စား...ရှောင်လီက စားပြီးရင်ကျောင်းသွားဖို့ လာခေါ်လိမ့်မယ်...”
“ဟုတ်...”
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်သည်။
သူ့ရှုရှုက ပျော်တယ်လို့ပြောတယ်...ဒါဆို သူလည်း ပျော်တယ်...
သူ့ရှုရှု ပျော်နေတယ်ဆိုတော့ သူ ရှုရှုလင်းက သူတို့အိမ်ကို ရောက်လာတာကို လိမ်လိမ်မာမာနဲ့ ကျေကျေနပ်နပ်ကြီး ကြိုဆိုနေမှာပါ...
ကျိလဲ့ယွီ၌ ဆွေမျိုးတစ်ယောက်သာ ရှိတော့သည်။
ကျိလဲ့ယွီ သူမျက်လုံးဖွင့်ခဲ့သည့်နေ့ကို အမြဲတမ်း မှတ်မိနေခဲ့သည်။ ဆေးရုံခန်းက ဆူညံနေပြီး သူ့အဖိုးက သူ့မိဘ မရှိတော့ကြောင်း ပြောသည်ကို ကြားခဲ့ရသည်။
“မရှိတော့ဘူးဆိုတာက ဘာလဲ..."
သူ စိတ်ရှုပ်ထွေးစွာ မေးခဲ့သည်။
ထိုအခါ သူ့အဖိုးက သက်ပြင်းချပြီး ဖြည်းညှင်းစွာ ပြန်ဖြေခဲ့သည်။
“လဲ့လဲ့ သားမိဘတွေ မရှိကြတော့ဘူး...ဆရာ၀န်က သူတို့ကို မကယ်နိုင်ခဲ့လို့ သူတို့တွေ မရှိကြတော့ဘူး...''
ယင်းက ကျိလဲ့ယွီကို သူ့မိဘများ ဆုံးသွားသည့်အကြောင်းကို နားလည်စေခဲ့သည်။
သူက အိပ်ရာပေါ်တွင် တိတ်ဆိတ်စွာ လှဲနေခဲ့ပြီး ငိုနေခဲ့သည်။ သူ့အဖိုး သူ့ကို မျက်ရည်များသုတ်ပေးသည့်အထိ ငိုနေခဲ့၏။
“အဆင်ပြေပါတယ် လဲ့လဲ့...သားမှာ အဖိုးရှိသေးတယ်...အဖိုးက ဒီမှာရှိနေသေးတယ်...မကြောက်နဲ့နော်...”
“ရှုရှုရော..."
ကျိလဲ့ယွီ ရုတ်တရက်သတိမမေ့မီ နောက်ဆုံးပုံရိပ်ကို ပြန်မှတ်မိသွားခဲ့သည်။ သူသတိမမေ့မီအချိန်ခဏလေးတွင် ကျိယွီရှောင်က သူ့ကို ဖက်ပြီး ကာကွယ်ပေးခဲ့သည်ကို ပြန်သတိရသွားခဲ့သည်။
“ရှုရှုက ဒဏ်ရာရနေလို့ အခုထိမနိုးသေးဘူး...သူ နိုးလာတဲ့အခါကျရင် သူ့ကို တွေ့ဖို့ ခေါ်သွားပေးမယ်နော်..."
ကျိလဲ့ယွီ အိပ်ရာပေါ်မှ ထထိုင်နေခဲ့သည်။ အဖိုးကျိနှင့် အခြားဆွေမျိုးများက သူ့ကို အချိန်အကြာကြီး နားချခဲ့ကြသော်လည်း အသုံးမ၀င်ခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် သူ့ကို ကျိယွီရှောင်၏အခန်းဆီ ခေါ်သွားပေးခဲ့သည်။
ကျိယွီရှောင်က ဆေးရုံအ၀တ်အစားကို ၀တ်ထားပြီး အိပ်ရာပေါ်တွင် ဖြူဖတ်ဖြူရော်နှင့် လှဲလျောင်းနေခဲ့သည်။
ကျိလဲ့ယွီက ယင်းမြင်ကွင်းကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ပြီး အိပ်ရာခင်းကိုမကာ သူ့ရှုရှု၏ဘေးတွင် လှဲအိပ်ခဲ့သည်။ သူ သူ့ရှုရှု၏လက်ကို ကိုင်လျက် တိတ်တိတ်လေး လှဲနေခဲ့လေသည်။
အဖိုးကျိက သက်ပြင်းချခဲ့ပြီး သူ့ကို ပြန်သွားရန် တွန်းအားမပေးခဲ့ပေ။ ကျိလဲ့ယွီ တစ်ရက်ခန့် စောင့်ပြီးနောက် ကျိယွီရှောင် နိုးလာခဲ့လေသည်။
နိုးနိုးလာချင်းတွင် ကျိယွီရှောင်က သူ့ကိုအလောတကြီးမေးလာခဲ့သည်။
“မင်း အဆင်ပြေရဲ့လား..."
ကျိလဲ့ယွီ ခေါင်းညိတ်ခဲ့သည်။
“အဆင်ပြေပါတယ်..."
“ ကောင်းပါတယ်..."
ကျိယွီရှောင် စိတ်သက်သာရာရစွာ သက်ပြင်းချပြီးနောက် ထပ်မေးလိုက်သည်။
“မင်းမိဘတွေရော ဘယ်လိုလဲ...သူတို့ရော...,”
ကျိလဲ့ယွီ၏မျက်လုံးများက ချက်ချင်းအနီရောင်
ပြောင်းသွားခဲ့သည်။ ထို့နောက် သူ ကျိယွီရှောင်ကို ကြည့်ပြီး အထိန်းအကွပ်မဲ့စွာ ငိုကြွေးခဲ့သည်။ သူ ငိုလေလေ ပို၀မ်းနည်းလာလေလေဖြစ်၏။ နောက်ဆုံးတွင် သူ့ရှုရှုကိုသာ တင်းကြပ်စွာ ဖက်ထားခဲ့လေသည်။
သူ ဘာမှမပြောနိုင်ခဲ့ပေ။ သူ့အတွက် ထိုစကားလုံးများကို အလွန် ခက်ခဲလေသည်။ သူ ငိုနေရုံသာတတ်နိုင်ခဲ့၏။
ကျိယွီရှောင် ယင်းအဓိပ္ပာယ်ကို နားလည်ခဲ့သော်လည်း လက်မခံချင်ခဲ့ပေ။ သူ အိပ်ရာပေါ်ရန် ဆေးထိုးအပ်ကို ဆွဲဖြုတ်ခဲ့သော်လည်း သူ့ခြေထောက်များ မလှုပ်ရှားနိုင်သည်ကို တွေ့ရှိလိုက်ရသည်။
ကျိယွီရှောင် ခြေထောက်များကို အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူ ကျိလဲ့ယွီ၏
ကလေးဆန်သည့်အသံကို ကြားလိုက််ရသည်။
“ရှုရှု ဒဏ်ရာရနေတယ်...”
ကျိလဲ့ယွီ ပြောခဲ့သည်။
“သား ကြီးလာတဲ့အခါ သားသမီး၀တ္တရား ကျေပေးမှာပါ...ရှုရှု အခု အဆင်ပြေတယ်မလား...,”
ကျိယွီရှောင် ပြန်လှည့်ကြည့်လိုက်သောအခါ ကျိလဲ့ယွီ၏ မျက်ရည်ဝိုင်းနေသည့် မျက်လုံးများကို မြင်လိုက်ရလေသည်။ သူ ကျိလဲ့ယွီ၏ခေါင်းကို ထိလိုက်ပြီး နှစ်သိမ့်ပေးလိုက်၏။
“အဆင်ပြေပါတယ်...ဒါက ပြဿနာကြီးမဟုတ်ပါဘူး..."
သူ ဤရုတ်တရက်ဖြစ်လာသည့် မတော်တဆကို ဒေါသထွက်နေရန်၊ အံ့ဩနေရန် အချိန်မရှိပေ။ ကျိလဲ့ယွီက သူ့ဘေးတွင် ရှိနေပြီး ငယ်သေးသည်။ ကျိယွီရှောင်က သဘာ၀အားဖြင့် ကလေး၏စိတ်ခံစားချက်ကို ဂရုစိုက်ရမည်ဖြစ်သည်။ထို့ကြောင့် ကျိလဲ့ယွီ၏မျက်လုံးများကိုမြင်လိုက်ရသည့်အချိန်တွင် သူ့ခံစားချက်များကို ဖိနှိပ်လိုက်ရသည်။
သူတို့ စကားပြောနေစဉ် ဆရာ၀န်နှင့် ကျိယွမ်က အခန်းထဲ ၀င်လာခဲ့လေသည်။
ကျိယွမ် အံ့အားသင့်သွားခဲ့သည်။
“အစ်ကို မင်း သတိရနေပြီလား...”
ဆရာ၀န်လည်း အံ့ဩသွားပြီး သူ့ကို စစ်ဆေးလိုက်လေသည်။
ကျိယွီရှောင် ကျိယွမ်ကို မေးလိုက်သည်။
“အစ်ကိုနဲ့မရီးရော ဘယ်လိုလဲ...”
ကျိယွမ်၏အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး အံ့အားသင့်နေသည့်မျက်နှာနေရာတွင် ၀မ်းနည်းနေသည့်မျက်နှာက အစားထိုး ၀င်ရောက်လာခဲ့သည်။ သူ ခေါင်းကိုခါလိုက်ပြီး သူ့အသံက ခြောက်သွေ့အက်ကွဲနေလေသည်။
“ တောင်းပန်ပါတယ်...”
ကျိယွီရှောင် တိတ်ဆိတ်သွားခဲ့သည်။
ဆရာ၀န်က စိတ်ရှည်လက်ရှည်နှင့် စစ်ဆေးမှုများ ပြီးသွားသည့်အခါ သူ့ခြေထောက်ဒဏ်ရာမှလွဲ၍ သူ့၌ ဒဏ်ရာအသေးအဖွဲများသာ ရှိတော့ကြောင်းနှင့် အနားယူရန်လိုအပ်ကြောင်း ပြောပြခဲ့သည်။
ကျိယွီရှောင် ခြေထောက်များနှင့် ပတ်သတ်၍မေးချင်သော်လည်း ကျိလဲ့ယွီက ဤနေရာ၌ ရှိနေသေးသည့်အတွက် မေးချင်စိတ်များကို ဖိနှိပ်လိုက်သည်။ သူ နောက်မှ မေးရန်သာ တတ်နိုင်လေသည်။
မကြာမီ အဖေကျိ ရောက်လာခဲ့သည်။ သူက သေမင်းနှင့် ပြိုင်ပွဲပြီးသွားသည့် ကျိယွီရှောင်ကိုကြည့်ပြီး စိတ်သက်သာရာရခဲ့သည်။ သူ သူ့ကိုယ်သူ နှစ်သိမ့်နေစဉ်တွင် ကျိယွီရှောင်ကိုလည်း နှစ်သိမ့်ပေးခဲ့လေသည်။
“ကံကောင်းထောက်မစွာနဲ့ ရှောင်ယွီနဲ့ မင်း အဆင်ပြေပါတယ်..."
“ကားမတော်တဆကို ဖြစ်စေခဲ့တဲ့ ယာဉ်မောင်း အဖမ်းခံထားရတယ် အစ်ကို..."
ကျိယွမ် ၀င်ပြောလိုက်သည်။
“အစ်ကို စိတ်မပူနဲ့တော့..."
“ငါ သူ့ကို တွေ့ချင်တယ်...”
ကျိယွီရှောင် တည်ငြိမ်စွာ ပြောလိုက်သည်။
“ သူက အပြစ်၀န်ခံပြီးလို့ ပြစ်ဒဏ်ချမှတ်ပြီးပြီ...သူ့ရဲ့ကျန်ရှိနေတဲ့ဘ၀က ထောင်ထဲမှာပဲ နေရလိမ့်မယ်...သူ့ဘ၀က သေတာထက် ဆိုးနေလိမ့်မယ်..."
အဖေကျိ ပြောလိုက်သည်။
“ကျွန်တော် သူ့ကို တွေ့ချင်တယ်”
ကျိယွီရှောင် ထပ်ပြောလိုက်၏။
“ဒါပေမဲ့ မင်းခန္ဓာကိုယ်က...”
“ကျွန်တော် မသေသေးဘူး..."
ကျိယွီရှောင် ယင်းကို ဂရုမစိုက်ပေ။
အဖေကျိတွင် ရွေးချယ်စရာမရှိတော့သည့်အတွက် သဘောတူရန်သာ တတ်နိုင်တော့သည်။
“ကောင်းပြီ..."
ကျိယွီရှောင်က အဖေကျိကို အေးစက်စွာ ဆက်ကြည့်နေသော်လည်း ဘာမှထပ်မပြောခဲ့ပေ။
သူ ဆေးရုံတွင် နေခဲ့ပြီး သန်ဘက်ခါ ရောက်သောအခါ သူ အိမ်ပြန်ရန် အသင့်ဖြစ်နေပြီဖြစ်၏။
အဖေကျိက သူ့ခြေထောက်များ အဆင်မပြေသည်ကို မြင်သောအခါ ကျိလဲ့ယွီအကြောင်း သူနှင့် စတင်ဆွေးနွေးလိုက်သည်။
“မင်းက ပြန်လည်ထူထောင်နေတုန်းပဲရှိသေးတယ်...လဲ့လဲ့ကို ငါ ခဏစောင့်ရှောက်ထားလိုက်မယ်..."
“ ကျွန်တော် သူ့ကိုစောင့်ရှောက်နိုင်တယ်..."
ကျိယွီရှောင် စကားဖြတ်ပြောလိုက်သည်။
“သူက ကျွန်တော်နဲ့နေပြီး ကျွန်တော်က အခု သူ့အဖေဖြစ်ပေးမှာ..."
“တကယ်တော့ ငါက မင်း လဲ့လဲ့ကိုစောင့်ရှောက်တာကို သဘောတူချင်ပါတယ်...ဒါပေမဲ့ မင်းကအခု ကျန်းမာနေတာမဟုတ်ဘူးလေ...မင်းက…”
“ကျွန်တော် သူ့ကို စောင့်ရှောက်လိုက်မယ်...အစ်ကိုကဆုံးသွားပြီမို့လို့ အခု သူက ကျွန်တော့်သားပဲ...,”
အဖေကျိ အချိန်အကြာကြီး ဖြောင်းဖြရန် ကြိုးစားခဲ့သော်လည်း အသုံးမ၀င်ခဲ့ပေ။ထို့ကြောင့် သူက ကျိလဲ့ယွီကိုသာလျှင် တတ်နိုင်သမျှ ဖြောင်းဖြရတော့သည်။
သူ သူ့၏မြေးကို ကြည့်လိုက်ပြီး သူ့ကိုအကြောင်းပြချက် ပေးလိုက်သည်။
“သားရဲ့ရှုရှုက အခု ကျန်းမာရေးမကောင်းဘူး...သား အဖိုးနဲ့အရင်နေပြီး အဖိုးကို စောင့်ရှောက်ခွင့်ပေးလေ...ပြီးရင် သားရဲ့ရှုရှု ပြန်ကောင်းလာတာကိုစောင့်ပြီး သူနဲ့နေလေ...အဆင်ပြေတယ်မလား..."
ကျိလဲ့ယွီ ခေါင်းခါလိုက်သည်။
"ရှုရှုနဲ့ပဲ အတူတူနေချင်တယ်..."
“ဒါပေမဲ့ သားကို ဂရုစိုက်ပေးနေရရင် သားရဲ့ရှုရှုက စိတ်တွေထွေပြားပြီး ကုသတဲ့နေရာမှာ နှေးနေလိမ့်မယ်...သားရှုရှု မြန်မြန် ပြန်ကျန်းမာလာတာကို လိုချင်တယ်မလား..."
ကျိလဲ့ယွီ ယင်းကို လိုချင်သော်လည်း ကျိယွီရှောင်ကို အတူနေခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း သိသည်။
“ရှုရှု သားကို စောင့်ရှောက်တာပဲ လိုချင်တယ်..."
သူ့အဖေ သူ့ကို မေးခဲ့ဖူးသည်။
(“သားရှုရှုကို ကြိုက်လား..."
“ကြိုက်တယ်...”
ကျိလဲ့ယွီ ပြုံးလိုက်ပြီး ရုပ်ပုံအစိတ်အပိုင်းတစ်ခုကိုယူကာ သူ့ရှေ့မှ ရုပ်ပုံကားချပ်ဆီ ထားလိုက်သည်။
သူ့အဖေက သူ့ကို ကူညီပေးနေစဉ် ဆက်ပြောခဲ့သည်။
“ယွီရှောင်ကလည်း သားကို အကြိုက်ဆုံးပဲ...ဒါ့ကြောင့် သား ကြီးလာတဲ့အခါ သားမိဘတွေအပြင် ရှုရှုအပေါ်ကိုလည်း သားသမီး၀တ္တရားကျေပွန်ရမယ်ဆိုတာ သိတယ်မလား...'
“သား သိပါတယ်..."
သူ ဂုဏ်ယူစွာဖြင့် သူ့အဖေကို ကြည့်လိုက်သည်။
“အရမ်းတော်တယ်...”
သူ့အဖေက သူ့ခေါင်းကို ပွတ်သပ်ခဲ့ပြီး သူ့ကို ချစ်မြတ်နိုးစွာ ကြည့်နေခဲ့၏။))
“သား ကိုယ့်ဖာသာ စောင့်ရှောက်နိုင်ပါတယ်...ရှုရှုကို စိတ်မထွေပြားစေရပါဘူး...ဖိုးဖိုး စိတ်ချလက်ချ နေလို့ရပါတယ်..."
ကျိလဲ့ယွီ ပြောပြီး မတ်တပ်ရပ်လိုက်သည်။
အဖေကျိက သူ့ကို မသွားစေချင်သော်လည်း မတားနိုင်ခဲ့ပေ။ ကျိလဲ့ယွီ ကျိယွီရှောင်၏ဆေးရုံခန်းဆီကိုသာ ပြန်သွားခဲ့သည်။
ကျိယွီရှောင်က သူ့ကို လက်ယပ်ခေါ်နေသည်ကို မြင်သောအခါ စိုးရိမ်တကြီးပြေးသွားခဲ့သည်။
ကျိယွီရှောင်က သူ့ကို ကြင်နာမှုများနှင့်ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ သူ့အဖေကလည်း ထိုကဲ့သို့သောမျက်လုံးမျိုးဖြင့် သူ့ကို ကြည့်ခဲ့ဖူးသည်။
“ ရှောင်ယွီ အခုကစပြီး ရှုရှုက သားအဖေဖြစ်လာမှာ...အဆင်ပြေတယ်မလား..."
ကျိလဲ့ယွီ ခေါင်းငြိမ့်ခဲ့သည်။
ထိုအချိန်တွင် သူ ကျိယွီရှောင်၏မျက်လုံးအကြည့်က ပြောင်းလဲသွားသည်ကို မြင်ရပြီး သူ့အဖေ၏အကြည့်နှင့် တူသည်ကို ခံစားမိခဲ့သည်။
နောက်ပိုင်းတွင် ကျိယွီရှောင်က ဖြည်းဖြည်းချင်း သူ့အဖေကဲ့သို့ ဖြစ်လာသည်ကို တွေ့ရှိခဲ့ရသည်။သို့သော် ယင်းကို သူ သိကြောင်း ဖုံးကွယ်ထားခဲ့သည်။
သို့သော် သူ မပျော်ရွှင်တော့ပေ။ သူ့ရှုရှုကလည်း မပျော်ရွှင်တော့ပေ။
ထို့ကြောင့် သူက ကျိယွီရှောင်ကို ယခင်ကလို ပျော်ရွှင်စေချင်ခဲ့သည်။
သူ ပျော်ရွှင်နေလျှင် ကျိလဲ့ယွီလည်း ပျော်ရွှင်နေမည်ဖြစ်သည်။
ကျိယွီရှောင် သူ့ကိုကြိုရန် လွှတ်လိုက်သည့်ကားပေါ်တွင် လင်းလော့ချင်း ထိုင်နေခဲ့ပြီး လင်းဖေး ကျောင်းတံခါးမှ ထွက်လာသည်ကိုမြင်သောအခါ ချက်ချင်းဆိုသလို ကားထဲမှထွက်လိုက်ပြီး လင်းဖေးကို လက်ဝှေ့ယမ်းပြလိုက်ကာ လှမ်းခေါ်လိုက်သည်။
“ဖေးဖေး..."
လင်းဖေးက လင်းလော့ချင်း ကျောင်းလာကြိုသည်ကို အလေ့အကျင့်ရနေပြီဖြစ်သော်လည်း ကျိယွီရှောင်က သူတို့ကို ကြိုရန် ကားလွှတ်လိုက်သည်ကိုတော့ မသိခဲ့ပေ။
သူ လင်းလော့ချင်းထံ လျှောက်သွားလိုက်ပြီး နီးလာသည်နှင့်အမျှ လင်းလော့ချင်းနောက်မှ ကားက တက္ကစီမဟုတ်ကြောင်း၊ သူ့အတန်းဖော်များ နေ့တိုင်းစီးနေသည့်ကိုယ်ပိုင်ကားနှင့် တူကြောင်း သတိပြုမိလိုက်သည်။
“ဒါက ဦးလေးကျိရဲ့ကားလေ..."
လင်းလော့ချင်း သူ့ကို ရှင်းပြလိုက်သည်။
“သူက ဒရိုင်ဘာကို ငါတို့ကိုလာကြိုဖို့ မှာထားတာ...ဒါ့ကြောင့် ငါတို့ အခုTaxiနဲ့သွားစရာမလိုဘူး...”
ကျိယွီရှောင်က သူတို့အထုပ်အပိုးများနေမည်ကို စိုးရိမ်နေခဲ့သောကြောင့် ရှောင်လီကို SUVကားနှင့် သွားကြိုရန် ပြောခဲ့ခြင်းဖြစ်သည်။ လင်းလော့ချင်း လင်းဖေးကို ကားထဲ ထိုင်ခိုင်းလိုက်ပြီး သူ့ကျောပိုးအိတ်ကို ချွတ်ရန် ကူညီပေးလိုက်သည်။
“ငါက မင်းထုပ်ပိုးထားတဲ့အထုပ်အပိုးသေးသေးလေးတွေ ယူလာခဲ့တယ်...ဒါ့ကြောင့် စိတ်ပူမနေနဲ့..."
လင်းဖေး ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်...”
လင်းလော့ချင်းက လင်းဖေး၏မျက်နှာကို ညစ်လိုက်ပြီး ပြောလိုက်သည်။
“မင်းက အရမ်းယဥ်ကျေးတာပဲ...”
ရှောင်လီက သူတို့သေချာထိုင်ပြီးသည်ကို မြင်သောအခါ ကားစထွက်လိုက်သည်။
ကားထဲမှ လင်းဖေးက သူအရင်အိမ်မှ အခြားအိမ်ကို သွားရသည့် လမ်းကြောင်းကို ကြည့်နေခဲ့ပြီး စိတ်ထဲတွင် သူပြောင်းရစီးရမည့်ဘတ်စ်ကားမှတ်တိုင်ကို စဉ်းစားနေခဲ့သည်။ သူ ဦးလေးကျိ၏အိမ်ရှေ့တွင် ကျောင်းကို သွားသည့် ဘတ်စ်ကားမှတ်တိုင်ရှိမရှိ မသိပေ။
အမှန်တွင် ကျိယွီရှောင်၏အိမ်ရှေ့၌ ဘတ်စ်ကားမှတ်တိုင် မရှိချေ။သူက ဗီလာဧရိယာတွင် နေပြီး ထိုနေရာ၌ တက္ကစီအချို့ ရပ်ရန် နေရာသာရှိလေသည်။ ဘတ်စ်ကားများကို ၀င်ခွင့်မပြုချေ။
လင်းဖေး အနည်းငယ် စိုးရိမ်လာခဲ့သည်။
'တကယ်လို့ ဘတ်စ်ကားတွေ မရှိရင် သူ ကျောင်းကို နောက်ကြရင် ဘယ်လိုသွားရမှာလဲ...'
သူ လင်းလော့ချင်းကို ကြည့်လိုက်ပြီး ညရောက်လျှင် ထိုကိစ္စအကြောင်း ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။
ရှောင်လီက သူတို့ကို အိမ်တံခါးရှေ့ထိ ပို့ပေးပြီးနောက် ကားကို ကားရပ်နားနေရာသို့ မောင်းသွားလိုက်သည်။
လင်းလော့ချင်းက ကျိယွီရှောင်၏ဗီလာရှေ့တွင် ရပ်နေကာ အသက်ပြင်းပြင်းရှူလိုက်ပြီး လင်းဖေးကို ကြည့်လိုက်သည်။
“အဆင်သင့်ဖြစ်ပြီလား...”
လင်းဖေးလည်း အသက်ပြင်းပြင်းရှူလိုက်ပြီး ထောက်ခံလိုက်သည်။
“ဟုတ်ကဲ့...”
လင်းလော့ချင်းက လင်းဖေး၏ပုံစံကို ကြည့်ပြီး စိုးရိမ်စိတ်ကို မရပ်တန့်နိုင်ခဲ့ပေ။
“ငါ မင်းကို အရင်က ပြောခဲ့တာကို မှတ်မိတယ်မလား..."
သူ ခါးကိုင်းလိုက်ပြီး လင်းဖေး၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
“တကယ်လို့ ဦိးလေးကျိရဲ့ကလေးက မင်းကိုအနိုင်ကျင့်ရင် ငါ့ကိုပြောပြရမယ်နော်... မင်းကိုယ့်ဖာသာ သည်းခံပြီး ဘာမှမပြောဘဲ နေလို့မရဘူး..."
လင်းဖေး မျက်တောင်ခတ်လိုက်ပြီး သံသယစိတ်ဖြင့် မေးလိုက်သည်။
“သူက ကျွန်တော့်ထက် ငယ်တယ်မလား..."
“ငယ်သေးလည်း တခြားလူတွေကို အနိုင်ကျင့်နိုင်တယ်..."
လင်းလော့ချင်းက ယင်းကို အလေးအနက် ထားလေသည်။
သူက ကျိလဲ့ယွီ...
စာအုပ်ထဲက အကြင်နာကင်းမဲ့ဆုံးနဲ့ အရက်စက်ဆုံးသူ...
ပြောပြီးသည်နှင့် သုံးနှစ်အရွယ်ကလေး၏အနာဂတ်ကို မြင်ယောင်လာလေသည်။ သူကကြီးလာသည့်အခါ ပုံမှန်မဟုတ်ပေ။ ထို့ကြောင့် သူ့၏ကလေးဘ၀က ကောင်းနိုင်ချေ မရှိချေ။
“သူက ငယ်သေးတယ်ဆိုပြီး မတွေးနဲ့...သူကမင်းထက်သာငယ်တာ...အရမ်းရက်စက်ပြီး မနာခံတတ်ဘူး...သူနဲ့ပတ်သတ်ပြီး သဘောထားကွဲလွဲလာတာတွင် ရှိရင် ငါ့ကို လာပြောပြရမယ်နော်...”
“သဘောထားကွဲလွဲတာက ဘာလဲ...”
လင်းဖေး သိချင်သွားသည်။
ဤအသက်အရွယ်ကလေးများက စာအများကြီးရေးနေရသော်လည်း စကားလုံးများကို မသင်ယူနိုင်ခဲ့သေးပေ။ ကလေးအများစုက ကပျက်ကချော် ကတိများပေးပြီး စာကို ပေါ့ပေါ့ဆဆလေ့လာကြလေသည်။ ယခု လင်းဖေးက စကားလုံးတစ်လုံးချင်း၏အဓိပ္ပာယ်ကိုနားလည်ရန် သူ့ကို အတည်လာမေးနေခြင်းဖြစ်သည်။
“ဒါက စကားများတာ ဒါမှမဟုတ် ရန်ဖြစ်တာပဲ...”
လင်းလော့ချင်း ရှင်းပြလိုက်သည်။
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။ သူ ယင်းကိုဘယ်သောအခါမှ မတွေးမိခဲ့ပေ။ သူက အခြားလူများနှင့် စကားများရသည်ကို မကြိုက်ပေ။
အကယ်၍ ကျိလဲ့ယွီသာ သူနှင့်ငြင်းခုံစကားများချင်လျှင် သူ ၎င်းကို လျစ်လျူရှုထားမည်ဖြစ်၏။ ကျိလဲ့ယွီက တစ်ယောက်တည်း ငြင်းခုံစကားများနိုင်မည်မဟုတ်ချေ။
ရန်ဖြစ်တာလား...
သူဂရုမစိုက်ပေ။
အရွယ်ရောက်သူများတွင် အရွယ်ရောက်သူများ၏စကားများရှိသကဲ့သို့ ကလေးများတွင်လည်း ကလေးစကားရှိလေသည်။
ကလေးများ၏စကားဝိုင်းတွင် ရန်ဖြစ်ခြင်းက အများဆုံးဖြစ်ပွားသည့်ဖြစ်ရပ်ဖြစ်သည်။ သူ့ကလေးဘ၀ကတည်းက သူ့တွင် အဖေမရှိသလို အစ်ကိုလည်းမရှိပေ။ ထို့ကြောင့် အခြားကလေးများ ရန်ဖြစ်သည့်အချိန်ပြောလေ့ရှိသည့် ‘ငါ့အဖေ/အစ်ကိုက မင်းကို လာရိုက်မှာ စောင့်နေ...'ဆိုသည့်စကားကို လင်းဖေး ကိုယ့်ကိုကိုယ်ပြန်ပြောရန်သာ တတ်နိုင်လေသည်။
သူ ရန်ဖြစ်ရသည်ကို မကြိုက်သော်လည်း ရန်ပွဲကို မကြောက်ပေ။ ရန်ပွဲကို သူအနိုင်ရခဲ့လျှင် တစ်ဖက်ကလေးက သူ့ကို ရန်မစရဲတော့ပေ။
ထို့ကြောင့် ကျိလဲ့ယွီက သူနှင့်ရန်ဖြစ်ချင်လျှင်လည်း ယင်းကို ဂရုမစိုက်ပေ။
သူက ကျိလဲ့ယွီကို ပြဿနာစရှာမှာ မဟုတ်သော်လည်း သူ့ကို အနိုင်ကျင့်ခွင့်ပေးမည်ဟု မဆိုလိုပေ။
လင်းဖေး ကျိလဲ့ယွီကို သိပ်အာရုံမထားပေ။
'သူ့ထက်ငယ်တဲ့ကလေးက ဘယ်လိုလုပ် ရက်စက်ပြီး သူ့ကို အနိုင်ကျင့်မှာလဲ...'
လင်းလော့ချင်းက လင်းဖေးမျက်လုံးထဲမှ မယုံကြည်နိုင်မှုများ လျှံထွက်နေသည်ကို မြင်သောအခါ ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။