Chapter 19
သူက လင်းဖေး၏တည်ငြိမ်ပြီး မပြောင်းလဲသည့် အမူအရာကိုမြင်ဖူးသော်လည်း အေးစက် ချောမောပြီး မာနကြီးသည့်အမူအရာက ရှားပါးလေသည်။
ထို့နောက် သူ ခါးပြန်မတ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
“ အိုကေ...မင်း အမြဲတမ်း ဒီလိုဖြစ်နေဖို့ မျှော်လင့်တယ်..."
ဗီလိန်က ဘယ်လို လူဖြစ်ရမလဲလို့ သင်ပေးတာကို မခံနဲ့...
သူ ပြောပြီးသည်နဲ့ တံခါးဘဲလ်ကို နှိပ်လိုက်သည်။
အန်တီကျန်းက တံခါးဘဲလ်မြည်သံကိုကြားသော အခါ လက်ကိုသုတ်လိုက်ပြီး တံခါးသွားဖွင့်ရန် လုပ်လိုက်သော်လည်း သူ မီးဖိုချောင်ထဲမှ မထွက်မီ ကျိလဲ့ယွီက သူ့ကို တားလိုက်လေသည်။
“သား သွားဖွင့်လိုက်မယ်...ရှုရှုလင်းလာတာဖြစ်မယ်...”
ကျိလဲ့ယွီက စိတ်လှုပ်ရှားစွာပြောလိုက်သည်။
အန်တီကျန်းက အဘယ်ကြောင့် ကျိလဲ့ယွီက ယခုလို ပျော်ရွှင်နေမှန်း နားမလည်နိုင်သော်လည်း ကျိလဲ့ယွီကို မတားခဲ့ပေ။
“ကောင်းပြီ...ရှောင်ယွီပဲ သွားဖွင့်လိုက်နော်..."
ထိုအခါ ကျိလဲ့ယွီက လျင်မြန်စွာ ပြေးထွက်သွားပြီး အိမ်တံခါးကို ဖွင့်လိုက်ကာ ခြံဝိုင်းကိုဖြတ်ပြီး ဂိတ်ဆီ ပြေးသွားလိုက်သည်။
သူ ဂိတ်တံခါးကို ဖွင့်လိုက်ပြီး လင်းလော့ချင်း ကို သူ့၏ငယ်ရွယ်လှပသည့်မျက်နှာလေးဖြင့် ချိုသာစွာ မေးလိုက်သည်။
“ရှုရှုလင်းလားဟင်..."
လင်းလော့ချင်း : "..."
နူးညံ့ပြီးကြည့်ကောင်းသည့်ကလေးတစ်ယောက်က သူ့ရှေ့တွင် ပျော်ရွှင်ပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေသည့် အမူအရာနှင့် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
“သားက…"
ဒါက သေချာပေါက် ကျိလဲ့ယွီ မဖြစ်နိုင်ဘူး...
“သားက ကျိလဲ့ယွီပါ...”
ပယင်းသဖွယ် ကြည်လင်သည့် မျက်လုံးများနှင့် ကျိလဲ့ယွီက ကျယ်လောင်စွာ အဖြေပြန်ပေးလိုက်သည်။
“ရှုရှု သားကို လဲ့လဲ့ ဒါမှမဟုတ် ရှောင်ယွီလို့ ခေါ်လို့ရပါတယ်..."
လင်းလော့ချင်း :"..."
ထို့နောက် ကျိလဲ့ယွီက သူ့ဘေးသို့ လျှောက်လာပြီး ယဉ်ကျေးစွာ ဖိတ်ခေါ်လာလေသည်။
"ရှုရှု မြန်မြန်လာပါ...သားပါးပါးနဲ့ တွေ့ဖို့ခေါ်သွားပေးမယ်...”
လင်းလော့ချင်း :"..."
“ ဟုတ်ပြီ...”
လင်းလော့ချင်းက ကိုးရိုးကားယားနိုင်စွာ အဖြေပြန်ပေးလိုက်သည်။
ကျိလဲ့ယွီ စကားပြောပြီး၍ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သောအခါ လင်းဖေးကို တွေ့လိုက်ရလေသည်။
အစောပိုင်းက ကျိလဲ့ယွီ လင်းဖေးအားသတိမထားမိခဲ့ပေ။ ထို့ကြောင့် သူက လင်းလော့ချင်းနှင့်သာ ဆက်သွယ်စကားပြောခဲ့ခြင်းဖြစ်သည်။
သူက ကျိယွီရှောင်၏ပျော်ရွှင်မှုကို မျှော်လင့်ပြီး လင်းလော့ချင်းက ကျိယွီရှောင်ကို ပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်လိမ့်မည်ဟု ခံစားမိသည့်အတွက် တမင်တကာ နွေးထွေးကောင်းမွန်သည့်အပြုအမူများဖြင့် လင်းလော့ချင်းကိုကြိုဆိုခဲ့ခြင်းဖြစ်သည်။
လင်းလော့ချင်းက ဘယ်သူလဲ...
သူ့ပုံစံက ဘယ်လိုလဲ...
သူ့မှာ ကလေးရှိလား...
ကျိလဲ့ယွီက ယင်းတို့ကို အာရုံမထားခဲ့ပေ။ ထို့ကြောင့် သူက ကျိယွီရှောင်အတွက် အသုံးမ၀င်သည့် လင်းဖေးကို သတိမထားမိခဲ့ခြင်းဖြစ်သည်။
ယခု သူ လင်းဖေးကို မြင်သောအခါ လင်းလော့ချင်းကို ပြုံးပြခဲ့သည့် ချိုမြိန်သည့်အပြုံးလေးကို လင်းဖေးအား သဘာ၀ကျကျ ပြုံးပြလိုက်သည်။
“ နီဟောင် ကောကော... ”
ကျိလဲ့ယွီ၏ ကောင်းမွန်သည့်အပြုအမူနှင့် ကလေးဆန်ဆန် နူးညံ့သောအသံက ကလေးများကြားတွင် ပြိုင်ဘက်ကင်းဖြစ်၏။
လင်းလော့ချင်း၏ ပြောစကားအတိုင်း လင်းဖေး ပုံဖော်ထားသည့် ကျိလဲ့ယွီက စိတ်တိုလွယ်၊ ရိုင်းစိုင်းပြီး စိတ်ကြီး၀င်မှုအပြည့်နှင့်ကလေးဖြစ်သည်။ သို့သော် ယခု သူ မြင်နေရသည့် ကျိလဲ့ယွီက အရုပ်သဖွယ် အသွင်အပြင်နှင့် သူ့ကို ကောကောဟု ယဉ်ကျေးစွာ ခေါ်နေသည့် ကလေးဖြစ်နေသည်။ လင်းဖေး အလွန် အံ့အားသင့်နေလေသည်။
သူက ရှားရှားပါးပါး ပြုံးပြလိုက်ပြီး လင်းလော့ချင်း ပြောခဲ့သည့်စကားများကို အာရုံမစိုက်တော့ပေ။
ဒါက ရက်စက်တာလား...
လုံး၀ကို ချစ်ဖို့ကောင်းတာ...
“နီဟောင်..."
လင်းဖေး ပြန်နှုတ်ဆက်လိုက်၏။
ကျိလဲ့ယွီက တစ်ဖက်လူနှင့်ပတ်သတ်၍ အာရုံမထားသည့်အတွက် ရှက်ရွံ့သည့်အပြုံးလေးကို ထုတ်ဖော်ပြလိုက်ပြီး သူ့၏အဓိကပစ်မှတ်ကို အာရုံပြန်စိုက်လိုက်သည်။
“၀င်ကြရအောင် ရှုရှုလင်း..."
“ အိုကေ..."
လင်းလော့ချင်း ပြန်ဖြေလိုက်သည်။
လင်းလော့ချင်းက လျင်လျင်မြန်မြန် လမ်းပြလိုက်ပြီး အိမ်ထဲသို့ ၀င်လိုက်ကာ အိမ်ထဲရှိ ဓာတ်လှေကားဆီ ဉီးတည်လိုက်သည်။
“ဓာတ်လှေကားစီးတာက ပိုမြန်ပါတယ်...”
ကျိလဲ့ယွီ၏အသံက တက်ကြွနေပြီး ပြောနေစဉ်အတွင်းတွင် ခေါင်းကို အနည်းငယ်ယမ်းခါနေလေသည်။ ထို့ကြောင့် သူ့ကြည့်ရသည်မှာသွက်လက်ပြီး နှစ်လိုဖွယ်ကောင်းသည့် ကြောင်လေးတစ်ကောင်နှင့် တူလေသည်။
လင်းဖေးက အိမ်ထဲတွင် ပထမဆုံးအကြိမ် ဓာတ်လှေကားစီးရခြင်းဖြစ်သည့်အတွက် အနည်းငယ် အံ့အားသင့်နေလေသည်။ သို့သော်သူ အံ့အားသင့်နေလျှင်ပင် သူ့မျက်နှာကတည်ငြိမ်နေဆဲဖြစ်သည်။
တစ်ဖက်တွင် လင်းလော့ချင်းက အိမ်ထဲတွင် ဓာတ်လှေကားဆင်ထားရသည့် အကြောင်းရင်းကို ချက်ချင်းနားလည်ခဲ့သည်။
ကျိယွီရှောင်က လမ်းမလျှောက်နိုင်သည့်အတွက် လှေကားအတက်အဆင်း မလုပ်နိုင်ပေ။ သူ့အတွက် ဓာတ်လှေကားကို အသုံးပြု၍ အတက်အဆင်းလုပ်ရသည်က အဆင်ပြေဆုံးဖြစ်သည်။
သူ တွေးနေရင်း ကျိမိသားစု၏ဗီလာကို တွေးမိသွားလေသည်။ ကျိယွီရှောင်၏ခြေထောက်ကဒဏ်ရာရနေသော်လည်း ကျိယွီရှောင်၏အဖေက ဗီလာတွင် ဓာတ်လှေကားမတပ်ဆင်ခဲ့ပေ။ သူက ဓာတ်လှေကား မတပ်ဆင်ရုံသာမက စာဖတ်ခန်းကိုလည်း ပထမထပ်သို့ မပြောင်းရွှေ့ခဲ့ပေ။
သူက ကျိယွီရှောင်နှင့် ပတ်သတ်၍ ဂရုစိုက်ပုံပေါ်သော်လည်း ကျိယွီရှောင်အတွက် ရိုးစင်းသည့်ပြဿနာလေးကိုပင် အာရုံမစိုက်ခဲ့ချေ။
လင်းလော့ချင်း မျက်မှောင်ကြုတ်လိုက်သည်။
'ဒီသားအဖက တကယ် ထူးဆန်းတာပဲ...'
သူ တွေးနေစဉ် ဓာတ်လှေကား ရောက်လာပြီး ကျိလဲ့ယွီက တာ၀န်ကျေပွန်စွာ သူတို့ကို ဦးဆောင်ခေါ်သွားကာ ခလုတ်ကို နှိပ်လိုက်ပြီး တံခါးပိတ်လိုက်သည်။
“သား ဓာတ်လှေကားကို တစ်ခါတစ်လေမှ သုံးဖြစ်တယ်..."
သူ လင်းလော့ချင်းကို ကြည့်လိုက်ပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။
“သားပါးပါးက ဒါသုံးတယ်လေ...ဒါ့ကြောင့် သားက ဒါကို ပါးပါး သုံးဖို့ ထား ထားပေးတာ...ဒါပေမဲ့ အခု ရှုရှုနဲ့ကောကောက အထုပ်အပိုးတွေနဲ့ဆိုတော့ လှေကားနဲ့ဆိုရင် ပင်ပန်းတယ်လေ...ဓာတ်လှေကားနဲ့ဆို ပိုအဆင်ပြေတာပေါ့..."
လင်းလော့ချင်း ယခုလို ချိုမြိန်သည့်နှလုံးသားနှင့်ကလေးကို စာအုပ်ထဲတွင် မူလပိုင်ရှင်ကို ခွေးနှင့်လက်ထပ်ခိုင်းခဲ့သည့် သူနှင့် ဘယ်လိုမှမချိတ်ဆက်နိုင်ပေ။
ဒီလို ချစ်ဖို့ကောင်း နူးညံ့ချိုမြိန်တဲ့ကလေးကို ဘယ်လို၀က်စာတွေကျွေးခဲ့လို့ နှစ်တွေကြာတဲ့အခါ လမ်းမှားရောက်သွားရတာလဲ...
ဒါက အရမ်းထိတ်လန့်စရာကောင်းတယ်...
“အဲ့လိုလား...ရှောင်ယွီက အရမ်းတော်တာပဲ..."
လင်းလော့ချင်း ပြုံးပြီးပြောလိုက်သည်။
ထိုစဉ် ဓာတ်လှေကားတံခါးပွင့်သွားပြီး သူတို့သွားလိုရာအထပ်သို့ ရောက်သွားပြီဖြစ်၏။
ကျိလဲ့ယွီက လင်းလော့ချင်းကိုကြည့်လိုက်ပြီးအသံချိုချိုလေးဖြင့် ပြောလိုက်သည်။
“ပါးပါးက ရှုရှုကိုတွေ့ရင် အရမ်းပျော်နေမှာ...”
လင်းလော့ချင်း ယင်းက ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။
ကျိယွီရှောင် ပျော်ပျော် မပျော်ပျော် ပြဿာနာ မရှိဘူး..သူက အခု ကျိယွီရှောင်ကို ပျော်အောင် လုပ်ပေးဖို့ ရောက်လာပြီ...
“တကယ်လား..."
လင်းလော့ချင်း မေးလိုက်သည်။
“တကယ်ပေါ့...ပါးပါးက ရှုရှုလာမဲ့ရက်ကို မျှော်နေတာ...ပါးပါးက ပြောတယ်...သူက ရှုရှုကို ကြိုက်လို့ ရှုရှုလာရင် သူ ပျော်နေမှာတဲ့..."
လင်းလော့ချင်း ထိုစကားများကို ကြားသောအခါ လှောင်ရယ်လိုက်သည်။
ကျိယွီရှောင်လား သူ့ကို ကြိုက်မှာ...
ကျိယွီရှောင်က သူ့ကို နောက်ရတာကို ကြိုက်တာကမှ ဖြစ်နိုင်သေးတယ်...
“ပြီးတော့ ပါးပါးက ကောကောအတွက် အခန်းကိုလည်း သေချာပြင်ဆင်ခဲ့ပေးထားတယ်..."
ကျိလဲ့ယွီ ဆက်ပြောလိုက်သည်။
“ဘေးအခန်းက သားအခန်းလေ...ပါးပါးက သားတို့အတူ စာလေ့လာပြီး အတူကစားနိုင်အောင်လို့တဲ့..."
“သူက အတော့်ကို စဉ်းစားပေးထားတာပဲ..."
“ဒါက ရှုရှုကို ကြိုက်လို့ပါ..."
ကျိလဲ့ယွီက ချိုသာစွာ ပြောလိုက်သည်။
ထိုစကားများကိုကြားသောအခါ လင်းလော့ချင်း၏မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ဖြစ်တည်လာလေသည်။
သူက အတုအယောင်စကားဆိုသည်ကို သိနေသော်လည်း ထိုစကားများအား နားထောင်ရသည်ကို ကြိုက်ဆဲဖြစ်သည်။ ထိုစကားများကို ချစ်စရာကောင်းသည့်ကလေးက ချိုမြိန်သည့် အသံဖြင့် ပြောနေသောအခါ လင်းလော့ချင်း၏ ကြိုက်နှစ်သက်မှုက ပိုတိုးလာလေသည်။
ဒါက ကျိယွီရှောင်က သူ့ကို တကယ်ကြိုက်လို့ သူ့ဆီ ပြောင်းလာဖို့ ခေါ်လိုက်သလိုပဲ...
“သားက ဒီလိုတွေ ပြောနေတယ်ဆိုတာ သားက သားပါးပါးအတွက် မဲဆွယ်ပေးတဲ့သူလား..."
လင်းလော့ချင်း နောက်ပြောင်လိုက်သည်။
ကျိလဲ့ယွီ အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ခေါင်းမော့ကာ မေးလိုက်သည်။
“မဲဆွယ်ပေးတဲ့သူဆိုတာက ဘာလဲ...”
လင်းလော့ချင်း တစ်ခဏလောက် အေးခဲသွားပြီး ရယ်မောလိုက်လေသည်။
သူက လင်းဖေးကို ကြည့်လိုက်ပြီး မေးလိုက်သည်။
“ ဖေးဖေး သား အဲ့ဒါကို သိလား..."
“သိပါတယ်...”
လင်းဖေး သိမ်မွေ့စွာပြန်ဖြေလိုက်သည်။
“အဲ့လိုဆို ရှောင်ယွီကို ရှင်းပြလိုက်လေ...”
ကျိလဲ့ယွီက ချက်ချင်း ပူးပေါင်းလိုက်ပြီး လင်းဖေးကို ကြည့်လိုက်သည်။ သူ့၏ရှည်လျားကောက်ကွေးနေသည့် မျက်တောင်ကို ခတ်ကာလင်းဖေးကို စိုက်ကြည့်နေလေသည်။
“မဲဆွယ်ပေးတဲ့သူဆိုတာ တစ်စုံတစ်ယောက်အတွက် အခြားသူတွေကိုဖြားယောင်းသိမ်းသွင်းပေးနေတဲ့သူကို ပြောတာ..."
လင်းလော့ချင်း ပြုံးလိုက်ပြီး လင်းဖေး၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
“ ဖေးဖေးက အရမ်းတော်တာပဲ..."
ထို့နောက် သူက သဘာ၀ကျကျ လင်းဖေး၏လက်ကို ဆွဲကိုင်လိုက်လေသည်။
လင်းဖေးက တစ်ဖက်လူကို ကြောင်တောင်တောင် ပြန်ကြည့်လိုက်လေသည်။
လင်းလော့ချင်း ကလေး၏မျက်လုံးထဲမှ မသိနားမလည်မှုများကိုမြင်လိုက်ရသောအခါ တွေးလိုက်သည်။
‘အိုကေ...ငါ အတွေးလွန်တာပဲ...'
သူက လင်းဖေး ကျိလဲ့ယွီနှင့် စကားပြောရအဆင်မပြေမည်ကို စိုးရိမ်နေသော်လည်း ယခု သူ့တူလေးက သူတွေးနေသလို ဖြစ်နေသည့်ပုံ မပေါ်ချေ။
ထိုအစား ကျိလဲ့ယွီက နှုတ်ခမ်းစူလာပြီး မကျေမနပ် ပြောလာလေသည်။
“သားက မဲဆွယ်ပေးတဲ့သူမဟုတ်ပါဘူး...သားက အမှန်တွေပြောနေတာ...”
“ ဟုတ်ပါပြီ...”
လင်းလော့ချင်းက တစ်ဖက်လူ၏ပူပင်သောကများကို ဖျောက်ပေးလိုက်သည်။
“ ရှောင်ယွီက အမှန်တွေ ပြောနေတာ..."
စကားပြောနေရင်း သူတို့ ကျိယွီရှောင်၏စာဖတ်ခန်းဆီ ရောက်လာကြလေသည်။
ကျိလဲ့ယွီက တံခါးကို နှစ်ချက်ခေါက်လိုက်၍ အချက်ပေးလိုက်ကာ အထဲကို၀င်လိုက်ပြီး ၀မ်းသာအားရ ပြောလိုက်သည်။
“ပါးပါး ဒီမှာ ဘယ်သူလဲ ကြည့်..."
ကျိယွီရှောင် ခေါင်းမော့ကြည့်လိုက်သောအခါ ဘယ်ဘက်တွင် လင်းဖေး၏လက်ကို ဆွဲထားပြီး ညာဘက်တွင် အထုပ်အပိုးများကို ဆွဲထားသည့် လင်းလော့ချင်းကို တွေ့လိုက်ရသည်။
ကျိလဲ့ယွီ ကျိယွီရှောင်က လက်ထဲမှ စာရွက်စာတမ်းများကို ချလိုက်ပြီး ပြုံးလိုက်သည်ကို သတိထားမိသွားပြီး တွေးလိုက်သည်။
'ပါးပါးက ရှုရှုလင်းကို တကယ်ကြိုက်တာပဲ...'
“မင်း ဘာလို့ ငါဆီ ဖုန်းမဆက်တာလဲ..."
ကျိယွီရှောင်က ဝှီးချဲလ်ကို လင်းလော့ချင်းဆီသို့တွန်းသွားလိုက်သည်။
“မင်း ငါ့ကို မင်းရောက်လာရင် ဖုန်းဆက်မယ်လို့ ပြောထားတယ်လေ..."
“ငါ မင်းကို ဖုန်းဆက်ဖို့ စဉ်းစားထားပေမဲ့ တံခါးဘဲလ်နှိပ်လိုက်တာနဲ့ ရှောင်ယွီက ထွက်လာလို့ ငါတို့ ရှောင်ယွီနဲ့ လိုက်လာခဲ့တာ...”
ထို့နောက် လင်းလော့ချင်း ပြုံးကာ ပြောလိုက်သည်။
“မင်း ငါ့ကို အရမ်းလွမ်းနေပြီး ငါ လာမဲ့ရက်ကို မျှော်နေတယ်လို့ ရှောင်ယွီက ပြောတယ်...မင်း ငါ့ကို အရမ်းကြိုက်တာပဲလား...
ကျိယွီရှောင် :"..."
ကျိယွီရှောင် ကျိလဲ့ယွီကိုလှည့်ကြည့်လိုက်သည်။
ကျိလဲ့ယွီက အပြစ်ကင်းစင်သလို မျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည်။
“အာ...ဒါက မှားတာတော့ မဟုတ်ဘူးလေ...”
ကျိယွီရှောင် ကျိလဲ့ယွီ၏အမူအရာကိုမြင်သောအခါ ရယ်ရမည်လား ငိုရမည်လား မသိတော့ချေ။
“မင်းက နတ်ဆိုးလေးပဲ...”
“အဲ့ဒါက ပါးပါးပဲ ပြောခဲ့တာလေ...ပါးပါးက ရှုရှုလင်းကို ကြိုက်ပြီး အရမ်းပျော်နေတယ်လို့လေ..."
လင်းလော့ချင်း အံ့ဩသွားသည့်အသံ ပြုလုပ်လိုက်၏။
“တကယ်ပဲလား...မင်း ငါ့ကိုချစ်တယ်ဆိုတာ ငါမမြင်ခဲ့ဘူးပဲ...”
ကျိယွီရှောင် :"..."
“ဘယ်တုန်းက ပါးပါးက ရှုရှုလင်းကို ကြိုက်တယ်လို့ ပြောမိလို့လဲ..."
ကျိယွီရှောင် ကျိလဲ့ယွီကိုမေးလိုက်သည်။
ကျိလဲ့ယွီ ထိုစကားကိုကြားသောအခါ လေးနက်စွာ မေးလိုက်သည်။
“ဒါဆို ရှုရှုလင်းကို မကြိုက်ဘူးပေါ့..."
ထို့နောက် ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ပါးပါး လက်ထပ်မယ်လို့ ပြောတုန်းက သားပါးပါးကိုမေးတော့ အဖေက'ကြိုက်တယ်’လို့ ပြောခဲ့တယ်လေ...”
ကျိယွီရှောင် :"..."
ကျိယွီရှောင် ကူရာမဲ့စွာဖြင့် နဖူးကို ဖိလိုက်သည်။ လူကြီးများ၏ကမ္ဘာက ကလေးများ၏ကမ္ဘာနှင့် ကွာခြားလေသည်။ လူကြီးများ၏ကမ္ဘာတွင် လက်ထပ်ပွဲက ချစ်ကြိုက်၍ မဟုတ်၊ အကြောင်းရင်း မျိုးစုံကြောင့် ဖြစ်နိုင်လေသည်။ သို့သော် ကလေးများအတွက်မူ ချစ်၍ လက်ထပ်ကြခြင်းဖြစ်၏။
ကျိလဲ့ယွီ အဖြေကိုဖော်ထုတ်ရန် စိတ်အားထက်သန်နေလေသည်။
“ဒီလိုဆို ပါးပါးက ရှုရှုလင်းကို မကြိုက်ဘူးလား...”
ကျိယွီရှောင် ကျိလဲ့ယွီ၏ရှေ့တွင် လင်းလော့ချင်းကို မကြိုက်ကြောင်း မပြောနိုင်ပေ။ သူသက်ပြင်းချလိုက်ပြီး သူ့တူလေးကို မေးလိုက်သည်။
“မင်း ငါ့ကို ရှုရှုလင်းရှေ့မှာ ၀န်ခံစေချင်နေတာလား..."
“ဒါက မရတာတော့မဟုတ်ဘူးလေ..."
လင်းလော့ချင်း ထိုမြင်ကွင်းက အလွန်ရယ်စရာကောင်းမည်ဟု တွေးလိုက်သည်။
ကျိယွီရှောင် :"..."
ကျိယွီရှောင် တစ်ဖက်လူကို တည်ကြည်သည့်အပြုံးလေးနှင့် ကြည့်လိုက်သည်။
လင်းလော့ချင်းတွင် လွတ်မြောက်လိုသည့်ဆန္ဒက ချက်ချင်းအစားထိုး၀င်ရောက်လာလေသည်။
“တကယ်တော့ မင်း နောက်မှ သေချာပြင်ဆင်ပြီး ၀န်ခံရင်ပိုကောင်းမယ်..."
‘အများကြီးလိုချင်နေတုန်းပဲ...’
ကျိယွီရှောင် တွေးလိုက်သည်။
“စောင့်နေ..."
ကျိယွီရှောင် ပြောလိုက်သည်။
ကျိလဲ့ယွီ ထိုစကားများကို ကြားသောအခါ နားလည်လိုက်သည်။ သူတို့က သူတို့၏အချစ်စကားကို သူနှင့်လင်းဖေး၏ရှေ့တွင် မပြောချင်ပုံ ပေါ်လေသည်။ နောက်ဆုံးတွင် သူတို့က ကလေးများသာဖြစ်ပြီး အရွယ်ရောက်သူနှစ်ယောက်က ယင်းကို သီးသန့်ပြောချင်ကြပုံရ၏။
မည်သို့ပင်ဖြစ်စေကာမူ သူ့ဦးလေးက လင်းလော့ချင်းကို ကြိုက်နေဆဲဖြစ်သည်။
ဒါက အရမ်းကောင်းတယ်...
ကျိယွီရှောင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ဝှီးချဲလ်ကို စားပွဲဘက် ပြန်လှည့်ကာ လှပစွာ ထုပ်ပိုးထားတဲ့သေတ္တာလေးကို ယူလာလိုက်သည်။
“ဒါ ဉီးလေးဆီက လက်ဆောင်ပဲ...”
ကျိယွီရှောင် လင်းဖေးကို ကြည့်ကာ ပြောလိုက်သည်။
“သား ကြိုက်မယ်လို့မျှော်လင့်ပါတယ်...”
လင်းဖေး သူ့အတွက် လက်ဆောင်ပြင်ထားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ ၎င်းကို လက်ခံရမည်လား ငြင်းရမည်လား မသိသောကြောင့် လင်းလော့ချင်းကို ကြည့်လိုက်သည်။
လင်းလော့ချင်း ချက်ချင်းဆိုသလို အနည်းငယ်ရှက်ရွံ့သွားလေသည်။
ကျိယွီရှောင်က လင်းဖေးအတွက် လက်ဆောင်ပြင်ဆင်ထားတာလား....
ဒါပေမဲ့ သူ ကျိလဲ့ယွီအတွက် ဘာမှမပြင်ဆင်ထားမိဘူး...
သို့သော် ထိုပြဿနာကို ဖြေရှင်းရန် လွယ်ကူလေသည်။ ထို့ကြောင့် လင်းလော့ချင်း ထိတ်ထိတ်ပြာပြာမဖြစ်တော့ပေ။ လင်းဖေးကို ငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဉီးလေးကျိက ဒါကို မင်းအတွက် ပြင်ဆင်ပေးထားတာ... မင်းလက်ခံသင့်တယ်...”
ထို့နောက် သူ ကျိလဲ့ယွီဘက် လှည့်လိုက်ပြီး ပြောလိုက်သည်။
“ရှုရှုလည်း သားအတွက် လက်ဆောင် ပြင်ထားတယ်...ဒါပေမဲ့ ဒီနေ့ မရလောက်ဘူး...မနက်ဖြန်လောက်မှ ရမှာ...အဆင်ပြေတယ်မလား...”
ကျိလဲ့ယွီ လက်ဆောင်နှင့်ပတ်သတ်၍ ဂရုမစိုက်ပေ။ သူ ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်ကာ ယဉ်ကျေးစွာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ရှုရှုလင်း..."
လင်းဖေး ကျိယွီရှောင်၏ဆန့်တန်းထားသည့်လက်က ပြန်မရုတ်သိမ်းရသေးသည်ကို မြင်လိုက်သည်။ လင်းလော့ချင်းက သူ့ကို လက်ဆောင်ကို လက်ခံသင့်ကြောင်း ပြောထားသည့်အတွက် လက်ဆောင်ကိုယူလိုက်ပြီး တစ်ဖက်လူကို ယဉ်ကျေးစွာ ပြောလိုက်သည်။
“ ကျေးဇူးတင်ပါတယ်...”
“ ကျေးဇူးတင်ဖို့ မလိုပါဘူး...”
ကျိယွီရှောင်က လူကြီးလူကောင်းဆန်စွာ ပြန်ဖြေလိုက်သည်။
သူ လင်းဖေးကို စစ်ဆေးကြည့်လိုက်သောအခါ လင်းဖေး၏မျက်နှာက တည်ငြိမ်နေပြီး အမူအရာများကလည်း ပြောင်းလဲမသွားပေ။ ယုတ်စွအဆုံး မျက်လုံးများကပင် ပြောင်းလဲမှု မရှိချေ။
သာမာန်ကလေးသာဆိုလျှင် လက်ဆောင်ရလျှင် ပျော်ရွှင်ကြမှာဖြစ်သော်လည်း လင်းဖေး၏ မျက်လုံးများက အစမှအဆုံးထိ ရေပြင်လိုပင်ဖြစ်သည်။ ဘာမှမပြောင်းလဲပေ။ သူ ပျော်လည်း မပျော်သလို မကြိုက်သလိုလည်းမလုပ်ပေ။
သူ့နေရာတွင်သာ တည်ငြိမ်ယဉ်ကျေးသိမ်မွေ့စွာရပ်နေခဲ့လေသည်။