အပိုင်း၂၀
Viewers 30k

Chapter 20

Chapter 20


ကျိယွီရှောင်  ထိုတစ်ခဏတွင် လင်းဖေးကို နားမလည်နိုင်ခဲ့ပေ။ သူ လင်းလော့ချင်းတွင် ကလေးရှိကြောင်း သိထားသော်လည်း သူ ယင်းကို အာရုံမထားခဲ့ပေ။ သူ ကျိလဲ့ယွီ၏ကြီးထွားမှုကို မွေးဖွားချိန်မှစ၍ ယခုလက်ရှိအချိန်ထိ ဘေးမှ တောက်လျှောက် စောင့်ကြည့်နေခဲ့သည့် အတွက် ကလေးများနှင့် ဆက်ဆံရခြင်းက အခြားယောကျာ်းများအတွက် ခက်ခဲလောက်သော်ငြားလည်း သူ့အတွက်မူ အလွန် ရိုးရှင်းလွယ်ကူလေသည်။


သို့သော် လင်းဖေးက သူ ယခင်က တွေ့ဆုံခဲ့သည့် ကလေးများနှင့် သိသိသာသာ ကွာခြားလေသည်။ လင်းဖေး၌ သူ့၏ကိုယ်ပိုင်အကာအကွယ်အလွှာရှိပြီး သူ့ကိုယ်သူ တိတ်တဆိတ် ကာကွယ်ထားလေသည်။


သူက အရွယ်နှင့်မလိုက်အောင် ထက်မြက်ပြီး ဉာဏ်ကောင်းသည့်ကလေးဖြစ်လေသည်။


ကျိယွီရှောင် ပြုံးလိုက်ပြီး လင်းလော့ချင်းဘက် အာရုံပြန်စိုက်လိုက်သည်။


“သွားရအောင်...ငါမင်းကို ငါ့အိပ်ခန်းဆီ ခေါ်သွားပေးမယ်..."


လင်းလော့ချင်း : "!!!"


ဖာ့ခ်....တကယ်ကြီး သူ့အိပ်ခန်းလား...


သူ အိမ်ပြောင်းလိုက်လျှင် ကျိယွီရှောင်နှင့် တစ်ခန်းထဲ နေရမည်ဟု ကြိုတွေးခဲ့သော်လည်း ယခု ယင်းက တကယ်ကြီးဖြစ်လာလေသည်။


လင်းလော့ချင်း ထူးထူးခြားခြား အနည်းငယ် ရှက်ရွံ့သွားမိသည်။


သူ အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။


“အွန်း...”


ကျိယွီရှောင် တစ်ဖက်လူ ခေါင်းငုံ့ထားသည်ကို သတိထားမိပြီး ကျီစယ်ကာ မေးလိုက်သည်။


“ဘာလို့လဲ...နှစ်‌တွေအများကြီး ကြာပြီး နောက်ဆုံးမှာ မင်းနတ်ဘုရားရဲ့အခန်းကို ခြေချနိုင်ခဲ့ပြီလေ...မင်းမပျော်ဘူးလား...”


လင်းလော့ချင်း :"..."


အရမ်းကောင်းတယ်...သူ ဆက်မရှက်နိုင်တော့ဘူး...ကျိယွီရှောင်ရဲ့အရှက်မရှိတာတွေကိုပဲ ဆက်ကြည့်နေတော့မယ်...


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်ပြီး အထုပ်အပိုးများကို ဆွဲကာ စာဖတ်ခန်းထဲမှ ထွက်လာလိုက်သည်။


ကျိယွီရှောင်၏အခန်းက အလွန်ကြီးပြီးအိပ်ခန်းအပြင် အ၀တ်လဲခန်းနှင့် ၀ရန်တာပါ ပါလေသည်။ အခန်းအရွယ်အစားက မူလပိုင်ရှင်၏အိမ်လောက်ပင် ရှိလေသည်။


“မင်းရဲ့ အထုပ်အပိုး‌တွေကို အရင်ချလိုက်လေ...ထမင်းစားပြီးမှ အသေးစိတ်အချက်အလက်တွေ

ကို ပြောပြမယ်...”


“‌အိုကေ..."


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်ပြီး အထုပ်အပိုးများကို အိပ်ရာဘေးရှိစားပွဲ၏‌ဘေး၌ ချထားလိုက်သည်။


“ဒါဆို ဖေးဖေးရဲ့အခန်းကိုသွားကြည့်ရအောင်...”


သူ ကျိယွီရှောင်‌ နောက်မှ လမ်း‌လျှောက်သည့်အခါ သဘာ၀ကျစွာ ဝှီးချဲလ်ကိုတွန်းရန် ကူညီပေးခဲ့လေသည်။


ကျိယွီရှောင်လည်း ထိုအလေ့အထကို ကျင့်သုံးခဲ့ပြီး လင်းလော့ချင်း ဝှီးချဲလ်ကို တွန်းပေးသည့်အခါ သူ့လက်များကို ရုတ်လိုက်သည်။


ကျိလဲ့ယွီက ယင်းမြင်ကွင်းကို သူ့မျက်လုံးထဲမှတောက်ပနေသည့် အလင်းရောင်အချို့နှင့်  တိတ်တဆိတ် လျှို့ဝှက်စွာ ကြည့်ရှုနေခဲ့သည်။


လင်းဖေး၏အခန်းက စင်္ကြံလမ်း၏အဆုံးတွင်ရှိပြီး အခန်းက လင်းလော့ချင်း၏အခန်းနှင့် သိပ်မနီးသလို ဝေးလည်းမဝေးပေ။


“ဉီးလေးက သားကြိုက်တတ်တဲ့ပုံစံကို မသိလို့ ရိုးရိုးရှင်းရှင်းပဲ ပြင်ဆင်ပေးထားတယ်...ဒါ့ကြောင့် နံရံတွေကိုလည်း ဆေးမသုတ်ရ‌သေးဘူး...သားကြိုက်တဲ့အရောင်ကို ပြော...ဉီးလေးမနက်ဖြန် တစ်ယောက်ယောက်ကို လာပြင်ပေးဖို့ ခေါ်လိုက်မယ်...”


လင်းဖေးအပေါ် ကျိယွီရှောင်၏အသံက နူးညံ့နေလေသည်။


လင်းဖေး သူ့ယခင်အခန်းထက် အဆပေါင်းများစွာ ကျယ်သည့် သူ့ရှေ့ကအခန်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြန်ဖြေလိုက်သည်။


“မလိုပါဘူးဗျ...‌‌ ကျေးဇူးတင်ပါတယ်...”


ကျိယွီရှောင် လင်းဖေးက သူ့ကို‌ပြောရန် ရှက်နေသည်ဟု ထင်လိုက်ပြီး ပြောလိုက်သည်။


“ဒီလိုဆို သား နည်းနည်း‌လောက် ထပ်စဉ်းစားကြည့်ပြီး သားရှုရှုနဲ့ ဉီးလေးကို ပြောပြပေါ့...”


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။


“ဒီအခန်းက‌ ကောင်းနေပြီးသားပါ...”


ကျိယွီရှောင်က သူ့အတွက် အိပ်ရာအသစ်အပြင် စာရေးစားပွဲ၊ ထိုင်ခုံနှင့် ဗီရို‌များကိုပါတစ်ဆက်တည်း ပြင်ဆင်ပေးခဲ့ပြီး အမွေးပွအရုပ်အချို့နှင့် ကစားစရာကားများကိုပင် ၀ယ်ထည့်ပေးထားခဲ့လေသည်။ လင်းဖေး ဤအခန်းက လုံလောက်နေပြီဟု ခံစားရပြီး ဘာမှ ထပ်ဖြည့်စရာမလိုတော့ဘူးဟု ထင်လေသည်။


ကျိယွီရှောင် ယင်းကိုမြင်‌သောအခါ ပြောရန် ထပ်တွန်းအားမပေးတော့ချေ။


လင်းလော့ချင်း လင်းဖေးကို သတိပေးလိုက်၏။


“မင်းအထုပ်အပိုးတွေကို အရင်ချလိုက်...ထမင်းစားဖို့ အောက်ဆင်းကြရအောင်...ကျန်တာတွေကို ညနေကျမှ ဆက်လုပ်‌‌လေ...”


လင်းဖေး အထုပ်အပိုးများကို အိပ်ရာဘေးရှိ စားပွဲ၏ဘေး၌ ချလိုက်ပြီး သူတို့နှင့်အတူ လိုက်သွားလိုက်သည်။


ဧည့်သည်များအတွက် အသားဟင်း ချက်ထားလေသည်။


စားပြီးနောက် ကျိယွီရှောင်က ကျိလဲ့ယွီ၏ အိမ်စာများ စစ်ဆေးရန် လင်းလော့ချင်းနှင့်လင်းဖေး အကျိုးအကြောင်းပြောပြခဲ့ပြီး သူတို့ကို ထားခဲ့လိုက်သည်။


လင်းလော့ချင်း ကျိလဲ့ယွီ၏အခန်းကို တစ်ချက်ကြည့်လိုက်သည်။ ထိုအခန်းက လင်းဖေး၏အခန်းနှင့် တူနေသော်ငြားလည်း သူက ပိုပြီးကိုယ်ပိုင်အခန်းပုံစံရှိ‌လေသည်။ သူ သူ့တူလေးကို ငုံ့ကြည့်လိုက်ပြီး မေးလိုက်သည်။


“မင်း တကယ် နံရံတွေကို ဆေးမသုတ်ချင်ဘူးလား...ဒါမှမဟုတ် တစ်ခုခု ထပ်ထည့်ပေးရမလား...”


လင်းဖေး ခေါင်းခါလိုက်သည်။


“ရပါတယ်...”


လင်းလော့ချင်း အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။


“ဒီလိုဆို အခန်းက အဆင်ပြေတယ်မလား...”


လင်းဖေး ခေါင်းငြိမ့်လိုက်ပြီး မေးလိုက်သည်။


“မပြေရင်ရော...”


လင်းလော့ချင်း :"..."


လင်းလော့ချင်းက လင်းဖေးတွင် လိုအင်ဆန္ဒများ မရှိကြောင်း ခံစားလိုက်ရသည်။


'သူက အနာဂတ်မှာ စီးပွားရေးလုပ်ငန်းကို အောင်အောင်မြင်မြင် စတင်နိုင်ပြီး ဒုတိယမျိုးဆက်မှာ ချမ်းသာတဲ့သူ ဖြစ်လာတာ အံ့ဩစရာမရှိတော့ဘူး...သာမာန်လူတွေရဲ့ လိုအင်ဆန္ဒမရှိတဲ့အခြေအနေနဲ့တောင် နှိုင်းလို့မရဘူး..."


“ အိုကေ....ဒါဆို ငါတို့ အခု မင်းအခန်းထဲကို ထပ်မထည့်‌ပေးတော့ဘူး...ရှုရှု နောက်ကြမှ မင်းကြိုက်တာ‌တွေ ၀ယ်ထည့်‌ပေးမယ်...”


“ဟုတ်ကဲ့...”


လင်းဖေး ပြန်ဖြေလိုက်ပြီး သူသိချင်နေသည့်ကိစ္စကို ပြောလိုက်၏။


“ဒီနေရာမှာ ဘတ်စ်ကားမရှိဘူး...”


သူ လင်းလော့ချင်းကိုကြည့်လိုက်ပြီး မေးလိုက်သည်။


“ကျွန်တော် ကျောင်းကို နောက်ကြရင် ဘယ်လိုသွားရမှာလဲ..."


လင်းလော့ချင်း ထိုပြဿနာနှင့်ပတ်သတ်၍ တွေးဖူးသည်။ သူ ဤကမ္ဘာကို မရောက်မီ မူလပိုင်ရှင်က လင်းဖေးနှင့် ပတ်သတ်ပြီး ဂရုစိုက်မှု နည်းပါးလေသည်။ လင်းဖေးက သူ့ဖာသာ နာရီalarmပေးသည်၊ မျက်နှာသစ်သည်၊ သွားတိုက်သည် ထို့နောက် တစ်ယောက်တည်း ကျောင်းသွားလေသည်။ လင်းဖေးအတွက် မနက်စာကမူ စတိုးဆိုင်မှ ပေါင်မုန့်နှင့်ကျောင်းရေသန့်စက်မှ ရေသာဖြစ်သည်။


လင်းလော့ချင်း ဤကမ္ဘာကိုကူးပြောင်းလာပြီးနောက် သူက လင်းဖေးကို အိပ်ရာနိုးပေးပြီး သူကိုယ်တိုင် မနက်စာလုပ်ပေးကာ ကျောင်းကိုလည်း တက္ကစီနှင့် သွားကြိုပေးခဲ့လေသည်။ ယခု သူတို့ ကျိယွီရှောင်၏နေရာတွင် နေ နေသည့်အခါ လက်ရှိရောက်နေသည့်နေရာက တက္ကစီငှားရန် မလွယ်ကူချေ။ ဘတ်စ်ကားလိုင်းလည်း မရှိသောကြောင့် သူ ကျိယွီရှောင်၏ကားကို ငှားရန်သာ တတ်နိုင်လေသည်။


“ငါ ဒီကိစ္စကို ဦးလေးကျိနဲ့ ဆွေးနွေးလိုက်ဦးမယ်...ဦးလေးကျိကားနဲ့ မင်းကို ကျောင်းလိုက်ပို့ပေးဖို့တော့ များတယ်..."


လင်းဖေး အခြားလူများကို အလုပ်မရှုပ်စေချင်သော်ငြားလည်း အခြားနည်းလမ်းများလည်း မရှိသောကြောင့် သဘောတူရန်သာ တတ်နိုင်လေသည်။


“ဟုတ်ကဲ့...”


လင်းဖေး သူ စိုးရိမ်နေသည့်ကိစ္စနှင့်ပတ်သတ်ပြီး မေးပြီးသည်နှင့် အထုပ်အပိုးများကိုဖြည်ပြီး အိမ်စာလုပ်ရန် ပြင်ဆင်လိုက်သည်။


လင်းလော့ချင်း လင်းဖေး၏အထုပ်အပိုးများကို ဖြည်ရာတွင် ကူညီလိုက်ပြီး နောက်ပြောင်လိုက်သည်။


“မင်းရဲ့အ၀တ်အစား‌တွေကို ခေါက်ထားတာအရမ်းကောင်းတယ်...သပ်ရပ်ပြီး စနစ်ကျနေတာပဲ...မင်းက အိမ်မှုကိစ္စကျွမ်းကျင်သူလေးလိုပဲ..."


လင်းဖေး အနည်းငယ် ဂုဏ်ယူမိသွားလေသည်။


“အ‌မေက ကျွန်တော့်ကို သင်ပေးထားတာ..."


“ဒီလိုဆို မင်းအမေက တော်တော် အံ့‌ဩစရာကောင်းတာပဲ..."


လင်းလော့ချင်း ရယ်မောလိုက်သည်။


လင်းဖေး ထိုစကားများကို ကြားသောအခါ လင်းလော့ချင်းကို ကြည့်လိုက်သည်။


လင်းလော့ချင်းက သူ့အမေနှင့် အလွန်တူလေသည်။ သူ လင်းလော့ချင်း၏မျက်နှာမှ သူ့အမေမျက်နှာကို ပြန်မြင်ယောင်နိုင်ခဲ့သည်။ သို့သော် သူ လင်းလော့ချင်းကို သိပ်မကြိုက်ပေ။


သူ့အမေက သူ့မောင်လေးကို ကြိုက်သည်ကို သိသော်ငြားလည်း ယင်းကပဲ လင်းလော့ချင်းကို ပို မကြိုက်အောင် လုပ်နေခြင်းဖြစ်သည်။


သူ့အမေက လင်းလော့ချင်းကို ချစ်သော်ငြားလည်း လင်းလော့ချင်းက သူ့အမေကို သိပ်မချစ်ခဲ့ပေ။ လင်းလော့ချင်းက သူ့အမေ၏နှစ်သက်ချစ်ခင်သဘောာကျမှုများနှင့်မထိုက်တန်ချေ။


သို့သော် လင်းလော့ချင်းက လွန်ခဲ့သည့် နှစ်ရက်မှစ၍ ထူးထူးခြားခြား များစွာ ပြောင်းလဲသွားခဲ့လေသည်။ သူက သူ့အမေနှင့် တဖြည်းဖြည်းတူလာခဲ့သည်။


လင်းဖေး ခေါင်းငုံ့လိုက်ပြီး မျက်တောင်ခတ်လိုက်သည်။ ထို့နောက် သူ အထုပ်အပိုးထဲမှအချို့ပစ္စည်းများကို ထုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်ကာ စားပွဲပေါ် တင်လိုက်သည်။


လင်းလော့ချင်း လင်းဖေးကို ကူညီခဲ့ပြီး လင်းဖေး အိမ်စာလုပ်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ စိတ်အနှောင့်အယှက်မပေးတော့ချေ။


“အိမ်စာလုပ်...ငါ ဦးလေးကျိကို ကားနဲ့ပတ်သက်ပြီး သွားပြောလိုက်ဦးမယ်..."


“ဟုတ်ကဲ့...”


လင်းဖေး သူ့ကို ဖျတ်ခနဲ ကြည့်လိုက်ပြီး ပြောလိုက်သည်။


လင်းလော့ချင်း အခန်းတံခါးကိုပိတ်လိုက်ပြီး ကျိယွီရှောင်၏အခန်းဆီ လျှောက်သွားလိုက်သည်။


ကျိယွီရှောင်က သူ့အခန်းသို့ ပြန်ရောက်နေနှင့်ပြီးဖြစ်သည်။ သူက ခေါင်းကို ငုံ့ထားပြီး  တစ်စုံ‌တစ်ယောက်နှင့် စာပို့နေပုံ ပေါ်လေသည်။


ကျိယွီရှောင်က လင်းလော့ချင်း အခန်းထဲသို့ ဝင်လာသည်ကို မြင်သောအခါ မေးလိုက်သည်။


“ဘယ်လိုလဲ...ဖေးဖေး အဆင်ပြေရဲ့လား..."


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


“အဆင်ပြေတယ်...သူ သူ့အထုပ်အပိုးတွေဖြည်ပြီး အိမ်စာ စလုပ်နေပြီ..."


ကျိယွီရှောင် စိတ်သက်သာရာ ရသွားသည်။


“အခန်းထဲကို တခြား ဘာတွေ ထပ်ဖြည့်ဖို့ လိုသေးလဲ..."


“အခုတော့ မရှိသေးဘူး..."


လင်းလော့ချင်း ကျိယွီရှောင်နား ချဉ်းကပ်လာပြီး ပြောလိုက်သည်။


“ငါ သူ့ကို မေးကြည့်တော့ သူ တော်တော်လေးကျေနပ်နေတယ်...အခု‌တော့ ဘာမှ ထပ်၀ယ်စရာ မလိုလောက်ဘူး...,နောက်မှ သူ တစ်ခုခု လိုချင်တာရှိရင် ငါ သူ့ကို ၀ယ်ပေးလိုက်မယ်..."


“ကောင်းပြီ...”


ကျိယွီရှောင် ကူရာမဲ့စွာ‌ ပြောလိုက်သည်။


လင်းလော့ချင်း ကျိယွီရှောင်၏အမူအရာကိုမြင်သောအခါ ပြုံးလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။


“လင်းဖေးက တခြားကလေးတွေနဲ့ကွာခြားတယ်...သူ့မှာ မွေးလာကတည်းက အဖေမရှိဘဲ သူ့အမေလည်း သေသွားခဲ့တယ်...သူ့အ‌မေ သေပြီးနောက် သူက သူ့အသက်အရွယ် တခြားကလေးတွေထက် ရင့်ကျက်လာခဲ့တယ်....သူက အရမ်းချင့်ချိန် စဉ်းစားတတ်ပြီး ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေလည်း ရှိတယ်...စကားအများကြီးမပြောဘဲ ပေါင်းသင်းဆက်ဆံရမလွယ်တဲ့ပုံပေါ်ပေမဲ့ သဘောကောင်းပါတယ်...လူတွေနဲ့ပေါင်းသင်းဆက်ဆံဖို့ တကယ်ဆန္ဒရှိတဲ့ကလေးမို့လို့ အများကြီးမတွေးပါနဲ့..."


“လင်းဖေးက မင်းပြင်ဆင်ထားတဲ့အခန်းကို တကယ် ကျေနပ်လို့  တခြားဟာတွေ ထပ်ထည့်ဖို့ မတွေးတာ...လိုရင် သူက ယဉ်ကျေးမှာမဟုတ်ဘူး...သူက အဲ့အခန်းကို တကယ် နှလုံးသားအောက်ခြေကနေ သဘောကျလို့ မပြောတာပေါ့..."


ကျိယွီရှောင် ယခင်ကတည်းက လင်းဖေး၏အခြေအနေများနှင့် ပတ်သတ်၍ စုံစမ်းခဲ့သ်ောလည်း လင်းလော့ချင်း၏စကားများကို ကြားသောအခါ ကူရာမဲ့စွာ သက်ပြင်းချလိုက်သည်။


“သူက ရှောင်ယွီနဲ့ တော်တော်တူတာပဲ...”


သူ တိုးညှင်းစွာ ငြီးတွားလိုက်သည်။


"ရှောင်ယွီရဲ့မိဘတွေကလည်း မရှိကြတော့ဘူး...,”


“ဒါက ပုံမှန်ပဲ...မိဘနှစ်‌ယောက်လုံးသာ ရှိနေရင် တစ်ယောက်ပဲရှိနေရင်တောင်မှ မင်းနဲ့ငါ့လို ဦးလေးတွေနဲ့ ဘယ်လိုလုပ် ကြီးပြင်းမှာလား...'


လင်းလော့ချင်း အထုပ်အပိုးများဆီ လျှောက်သွားလိုက်ပြီး ပြောလိုက်သည်။


“အိုကေ ရှောင်ယွီနဲ့ ဖေးဖေးအကြောင်း တော်ကြရအောင်...င့ါအ၀တ်အစားတွေကို ဘယ်မှာထည့်ရမှာလဲ..."


ကျိယွီရှောင် ဝှီးချဲလ်ကို အ၀တ်လဲခန်းဆီ တွန်းလိုက်ပြီး ညာဘက်မှ ဗီရိုကို ဖွင့်လိုက်သည်။


“ဒီဘက်ခြမ်း အကုန်လုံး မင်းဟာပဲ...


ဖာ့ခ်...အရင်းရှင်ဝါဒက နတ်ဆိုးပဲ...သူ့မှာ ဒီလူရဲ့  ဗီရိုကိုဖြည့်ဖို့ အ၀တ်အစားတွေ အများကြီး မရှိဘူး...


“ဒါက မလုံလောက်ဘူးလား..."


ကျိယွီရှောင် တစ်ဖက်လူက ဘာစကားမှ မပြောသည်ကို မြင်သောအခါ တစ်ဖက်လူက အနှပညာရှင်ဖြစ်ကြောင်းကို တွေးမိသွားပြီး ထပ်ဖြည့်ပြောလိုက်သည်။


“ ဒါက မလုံလောက်သေးဘူးဆိုရင် တစ်ဖက်ခန်းက ဧည့်သည်ခန်းကို မင်းအတွက် အ၀တ်လဲခန်းအဖြစ် ပြောင်းပေးမယ်...”


လင်းလော့ချင်း :"..."


'ဒီလူက တကယ်ကြီး ဆင်းရဲနွမ်းပါးမှု လျှော့ချ နေတာလား...'


မင်း ဝောာ်တော်အလုပ်ကြိုးစားနေတာပဲ...


ဒါက အရမ်းခက်ခဲတယ်...


“လုံလောက်တယ်...များတောင်များနေပြီ...”


လင်းလော့ချင်း သူ့၏ပုံမှန်ဆိုဒ် အထုပ်အပိုးအိတ်ကို ကြည့်လိုက်ပြီး သူ့ရှေ့မှ အ၀တ်ဗီရိုကိုပြန်ကြည့်လိုက်သည်။


သူက တကယ်စုတ်ပြတ်နေတာပဲ...


စုတ်ပြတ်နေသည့် လင်းလော့ချင်းက အမြန် သူ့အ၀တ်အစားများကို ဗီရိုထဲ ထည့်လိုက်သည်။ အ၀တ်အစားများက အ၀တ်ဗီရို၏လေးပုံတစ်ပုံကိုပင် မဖြည့်နိုင်ခဲ့ချေ။


“ကြည့်ရတာ ငါ မင်းကို အ၀တ်အစားတွေ ၀ယ်ပေးဖို့လိုမယ်ထင်တယ်...”


ဝှီးချဲလ်ကိုမှီထားသည့် ကျိယွီရှောင်က ပျင်းရိစွာ ပြောလိုက်သည်။


လင်းလော့ချင်း :"..."


လင်းလော့ချင်း အ၀တ်ဗီရိုကို တိတ်တဆိတ် ပိတ်လိုက်သည်။


“ငါ မင်းနဲ့ဆွေးနွေးစရာ ရှိတယ်...”


သူ အထုပ်အပိုးထဲမှ ပစ္စည်းများ တူရာစုနေစဉ် ကျိယွီရှောင်ကို ပြောလိုက်သည်။


“မင်း ရှောင်လီကို ရက်နည်းနည်းလောက် ငါ့ဆီ ငှားပေးလို့ရလား...ဒီနေရာမှာ တက္ကစီငှားဖို့မလွယ်တော့  ငါ ရှောင်လီကို ဖေးဖေးကိုကျောင်းလိုက်ပို့ပေးစေချင်တယ်...ငါယာဉ်မောင်းလိုင်စင်ရပြီး ကား၀ယ်ပြီးမှ ဖေးဖေးကို ကိုယ့်ဖာသာ ကျောင်းလိုက်ပို့ပေးလိုက်မယ်...အခုတော့ ရှောင်လီကိုပဲ အလုပ်ရှုပ်စေရဦးမှာပဲ..."


သူ စာအုပ်ထဲ မကူးပြောင်းမီက ယာဉ်မောင်းလိုင်စင်ရှိခဲ့သော်လည်း မုလပိုင်ရှင်တွင်ယာဉ်မောင်းလိုင်စင်မရှိပေ။ ထို့ကြောင့် သူယာဉ်မောင်းလိုင်စင်ရရန် စာမေးပွဲထပ်ဖြေရမည်ဖြစ်သည်။


ကျိယွီရှောင် ထိစကားများကိုကြားသောအခါ သဘောထားကြီးစွာ ပြောလိုက်သည်။


“မင်း ကား၀ယ်စရာမလိုပါဘူး...ငါ့မှာ ကားတွေ ရှိတယ်...မင်းလွတ်လွတ်လပ်လပ် ယူမောင်းလို့ ရတယ်...ဖေးဖေးကို ကျောင်းပို့ပေးဖို့အတွက်ကျတော့ ငါ ရှောင်လီကိုပို့ခိုင်းဖို့ စီစဉ်ပြီးသား...ငါ မင်းကို ဒီနေရာ ပြောင်းလာခိုင်းကတည်းက ဒီအရေးမကြီးတဲ့ပြဿနာတွေကို မင်းအတွက် ဖြေရှင်းပေးပြီးသား..."


“‌‌ ကျေးဇူးပဲ...ဒါပေမဲ့ ကားက‌တော့ မလိုသေးဘူး...ငါ့မှာ ယာဉ်မောင်းလိုင်စင် မရှိသေးဘူးလေ..."


“ဒီလိုဆို မင်း တစ်နေရာရာသွားချင်ရင် ရှောင်လီ ကို တိုက်ရိုက်ပြောပြီး ပို့ပေးခိုင်းလိုက်...”


“မင်း အပြင်သွားရမဲ့ကိစ္စတွေနဲ့ တိုက်ဆိုင်နေရင်ရော..."


လင်းလော့ချင်း သူ့ကိုကြည့်ပြီး မေးလိုက်သည်။


“အဲ့လို မဖြစ်လောက်ဘူး...”


ကျိယွီရှောင် ပြတ်ပြတ်သားသား ပြောလိုက်သည်။


“ငါ အခု အပြင်ကို ခဏခဏမသွားဘူး..."


လင်းလော့ချင်း၏နှလုံးသားထဲ၌ သံသယ ထပ်၀င်လာလေသည်။


' ဒီလူက ဘာလို့ အပြင်မထွက်တာလဲ...ကျိယွီရှောင်က ခြေထောက်ဒဏ်ရာ‌ကြောင့်ကိုယ့်ကိုကိုယ် အားငယ်ပြီး ၀မ်းနည်းနေတဲ့သူနဲ့ မတူဘူး...ဒါဆို ဘာလို့ သူ့ကိုယ်သူ ဒီအိမ်မှာ ချုပ်နှောင်ထားရတာလဲ...'


လင်းလော့ချင်း၏နှလုံးသားထဲ၌ သံသယစိတ်များ ပြည့်နှက်နေလေသည်။


သို့သော် လင်းလော့ချင်း ထိုအကြောင်းကို ထပ်မေးရန် အစီအစဉ် မရှိပေ။ သူ ပူးပေါင်းကာ ခေါင်းငြိမ့်လိုက်ပြီး သူ့ပစ္စည်းများကို ဆက်ထုတ်နေလိုက်သည်။


ကျိယွီရှောင် တစ်ဖက်လူက အထုပ်အပိုးဆက်ဖြည်‌နေသည်ကို မြင်သောအခါ လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး ရေချိုးရန် ပြင်ဆင်လိုက်သည်။


လင်းလော့ချင်း ကျိယွီရှောင်က ရေချိုးခန်းသို့ သွားနေသည့်အသံကို ကြားသောအခါ အမြန်မတ်တပ်ရပ်လိုက်ပြီး ဝှီးချဲလ်ကို ရေချိုးခန်းဆီ တွန်းပေးလိုက်သည်။


ကျိယွီရှောင်က ဝှီးချဲလ်ကို ကိုင်ထားသည့်လက်ကို လွှတ်လိုက်ပြီး မေးလိုက်သည်။


“မင်းဘာလုပ်‌နေတာလဲ...”


“ရေချိုးဖို့ သွားနေတာ မဟုတ်ဘူးလား...”


“ဟုတ်တယ်လေ...ဘာလဲ...မင်းလည်း ရေချိုးတော့မလို့လား...”


လင်းလော့ချင်း : ''မင်းငါနဲ့ အတူတူချိုးချင်လို့လား...”


ကျိယွီရှောင် :"..."


“ငါ အဲ့လိုမပြောမိဘူး..."


“ ဒါက မင်းတွေးနေတာ မဟုတ်ဘူးလား...”


“ဘယ်သူက အဲ့လိုတွေးနေတာလဲ...မင်းက မင်းရဲ့နတ်ဘုရားကို တပ်မက်နေတာကြာပြီ...အခု မင်းရဲ့နတ်ဘုရားနဲ့ ရေချိုးဖို့မစောင့်နိုင်တော့ဘူးလား...”


“အဲ့လိုမဟုတ်ဘူး...”


လင်းလော့ချင်း ယင်းကို ငြင်းဆန်လိုက်သည်။


“ငါ မင်းကို မတပ်မက်ဘူး...ဒါက စိတ်ပိုင်းဆိုင်ရာအချစ်ပဲ...”


ကျိယွီရှောင် သရော်လိုက်သည်။


"ဒီကောင်းကင်ထောက်တိုင်လို နဂါးကြီး ချောက်ထဲသွားလာနေသလို အချစ်က စိတ်ပိုင်းဆိုင်ရာအချစ်ဆိုတာ ဖြစ်နိုင်တယ်ထင်လား..."


ကျိယွီရှောင် သူ့ကို ကြည့်လိုက်သည်။


“ငါ နားလည်တယ်...ငါ တကယ် နားလည်တယ်...”


မင်း ဘာမှ နားမလည်ဘူး...


ငါ ဒါတွေကို ဘယ်သူအတွက်လုပ်နေတာလဲ...မင်းအတွက်မဟုတ်ဘူးလား...


အကျင့်မကောင်းတဲ့သူ...


“ငါ မင်းကို‌ ရေချိုးခန်းထဲ တွန်းပေးပြီး ကူညီချင်ရုံပဲ...” 


လင်းလော့ချင်း လှောင်ပြောင်လိုက်သည်။


“ဒါ‌ပေမဲ့ တစ်စုံတစ်ယောက်က အိပ်ခန်းနဲ့အိပ်ရာ မျှဝေဖို့ကို လက်ထပ်စာချုပ်ရတဲ့အထိတောင် မစောင့်နိုင်တော့ဘူး...မင်းမှာ ငါမသိတဲ့ ငါ့အပေါ် လျှို့ဝှက်အချစ်တွေ ရှိနေတယ်မလား...ငါတို့နှစ်‌ယောက်က ဒဏ္ဍာရီဆန်တဲ့ အပြန်အလှန် လျှို့ဝှက်ချစ်မြတ်နိုးသူတွေ‌မဟုတ်လား...ဟုတ်တယ်မလား...”


ကျိယွီရှောင် :"..."


 ဒီလူက သူ့အပေါ် ပြန်လွှဲချတာ တော်တော် တော်တာပဲ...


သူ ငြိမ်းငြိမ်းချမ်းချမ်းအိပ်ချင်သည့်အတွက်ကြောင့် လင်းလော့ချင်းနှင့် အိပ်ရာကိုမျှဝေရန် ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်သည်။


မဟုတ်လျှင် သူ ညဘက်အိပ်သည့်အခါ လင်းလော့ချင်းကို သူ့အခန်းထဲ လာခိုင်းရန် သို့မဟုတ် သူက လင်းလော့ချင်း၏အခန်းဆီ သွားရန် လိုမည်ဖြစ်သည်။


ဒုတိယတစ်ခုကိုသာ လုပ်ရင် သူအိပ်ပျော်သွားရင် လင်းလော့ချင်းက သူ့ကိုနိုးပြီး သူ့အခန်းထဲ


ပြန်ခိုင်းမှာပေါ့...အဲ့လိုဖြစ်ရင် သူ ဘယ်လိုလုပ်ဆက်အိပ်နိုင်မှာလဲ...


သူက ခဏလောက်အိပ်ချင်ရုံပဲ...အိပ်တာက စိတ်ရှိတဲ့အရာပဲ...ဒါ အကုန်ပဲ...


“ငါက ကလေးတွေအတွက် တွေးပေးရုံပဲ...တကယ်လို့ ငါတို့ အခန်းခွဲအိပ်နေကျရင် ရှောင်ယွီနဲ့ ဖေးဖေးက သေချာပေါက် ထူးဆန်းနေတာကိုတွေးမိပြီး ငါတို့ကြားမှာ တစ်ခုခု ဖြစ်နေလာလို့ တွေးမိမှာပဲ..."


လင်းလော့ချင်း ပြုံးလိုက်သည်။


“ဟုတ်ပါပြီ...ဒါက ကလေးတွေအတွက်ပဲ...အားလုံးက ကလေးတွေအတွက်ပဲ...ငါ နားလည်တယ်...မင်းက သေချာပေါက် ငါ့အပေါ်လျှို့ဝှက်အချစ်မရှိဘူး...ငါ့ကို မကြိုက်ဘူး...ငါ အားလုံးနားလည်ပါတယ်...မင်းစိတ်ချလက်ချသာနေ..."


ကျိယွီရှောင် :"..."


ဒီအသံက... အထူးသဖြင့် အကြောင်းအရာက တကယ့်ကို စိတ်ချစရာ မကောင်းဘူး...


သူ ဘာမှ နားမလည်ဘူး...


ကျိယွီရှောင် ကူရာမဲ့စွာ ပြောလိုက်သည်။


“မင်း လုပ်စရာရှိတာ ဆက်လုပ်နေ...ငါ့ဖာသာ ရေချိုးလိုက်မယ်..."


“အဲ့လို မရဘူး...”


လင်းလော့ချင်း တစ်ဖက်လူကို ဖြောင်းဖြလိုက်သည်။


“ငါတို့က လက်ထပ်တော့မှာလေ...ဒါ့ကြောင့် ငါမင်းကိုကူညီပေးတာ ပုံမှန်ပဲလေ...”


“ငါ ကိုယ့်ဖာသာ လုပ်နိုင်တယ်...”


“ငါ မင်းကို ကူညီတာက အချိန်ကုန်သက်သာပြီး အားလည်းမကုန်ဘူးလေ..."


“မင်း မင်းလုပ်စရာရှိတာတွေပဲ သွားလုပ်‌နေလို့ မရဘူးလား...”


“မင်းက ငါ့ရဲ့ အထူးဉီးစားပေးပဲ..."


လင်းလော့ချင်း ပြောလိုက်သည်။


ကျိယွီရှောင် :"..."


ကျိယွီရှောင် လက်လျှော့လိုက်သည်။


“ငါ့ကို အမှန်အတိုင်းပြော...မင်း ပစ္စည်းကို စစ်ဆေးချင်တာမလား..."


လင်းလော့ချင်း ပြုံးလိုက်၏။


 “ကော ငါက အဲ့လိုလူမျိုးလား...ဒါ‌ပေမဲ့ မင်းက အဲ့လိုပြောလာပြီဆိုမှတော့ ငါ မင်းရဲ့စကားတွေကို လေးစားသင့်တာပေါ့..."


လင်းလော့ချင်း တည်ငြိမ်စွာ ပြောလိုက်သည်။


ကျိယွီရှောင် :"???"


မင်းက အဲ့လိုလူမျိုးမဟုတ်ဘူးလို့ ပြောတယ်လေ...


အခုတော့ စောင့်တောင် မစောင့်နိုင်တော့ဘူးလား...