Chapter 21
ရေငွေ့များနှင့် မှုန်ဝါးနေသည့် ရေချိုးခန်းအတွင်း၌..
ကျိယွီရှောင် ရေချိုးကန်ထဲတွင် ထိုင်နေပြီး နတ်ဆိုးအပြုံး ပြုံးနေလေသည်။
“မင်း မြင်ရတာကို ကျေနပ်ရဲ့လား...''
လင်းလော့ချင်း :"..."
လင်းလော့ချင်း ကုတင်ပေါ်တွင် ထိုင်နေကာ သူ့စိတ်ထဲတွင် ပေါ်လာသောပုံရိပ်များကြောင့် ကူရာမဲ့စွာ ရယ်မောလိုက်သည်။
ပထမတွင် သူ ကျိယွီရှောင် ရေချိုးရန်အတွက် တကယ် ကူညီပေးချင်ခဲ့ခြင်းဖြစ်သော်လည်း ဤရက်များအတွက် ကျိယွီရှောင်နှင့်နောက်ပြောင်ကျီစယ်လေ့ရှိသည့်အတွက်ကြောင့် သူ ကျိယွီရှောင်ကို တမင်တကာ နောက်ပြောင်ခဲ့သည်။
ဘယ်သူက ကျိယွီရှောင်ကို သူ့ကို နေ့တိုင်း နောက်ဖို့ ပြောခဲ့တာလဲ...
သူလည်း ပြန်နောက်လို့ မရဘူးလား...
လင်းလော့ချင်း ကျိယွီရှောင်၏အိပ်ခန်းကို ကြည့်လိုက်သည်။ သူပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ပြီး သူ့မျက်လုံးများက နောက်ဆုံးတွင် ရေချိုးခန်းတံခါးပေါ် ရောက်သွားလေသည်။
သူ တိတ်ဆိတ်စွာ နားထောင်နေလေသည်။ သူ ရေချိုးခန်းအတွင်းမှ လှုပ်ရှားမှု ကြီးကြီးမားမားအသံကို မကြားရသည့်အတွက်စိတ်သက်သာရာ ရသွားပြီး အိပ်ခန်းထဲမှ ထွက်သွားလိုက်သည်။
လင်းလော့ချင်း အောက်ထပ်သို့ ဆင်းသွားလိုက်ပြီး စပျစ်သီးများကို ဆေးကြောလိုက်သည်။ ထို့နောက် စပျစ်သီးများကို ပန်းကန်လုံးသေး နှစ်လုံးထဲ ခွဲထည့်လိုက်ပြီး ပန်းကန်လုံးသေးတစ်လုံးကို ကျိလဲ့ယွီ၏အခန်းထဲသို့ ဦးစွာ သွားပို့လိုက်သည်။
သူ တံခါးကိုခေါက်လိုက်သောအခါ ကျိလဲ့ယွီ၏ နူးညံ့သည့် ပြန်ဖြေသံကို ကြားလိုက်ရသည်။
“၀င်ခဲ့ပါ…”
သူ တံခါးကို ဆွဲဖွင့်လိုက်ပြီး အခန်းထဲသို့ ၀င်သွားလိုက်သည်။
ကျိယွီရှောင် လာရှာသည်ဟု ကျိလဲ့ယွီ ထင်ခဲ့သော်လည်း လင်းလော့ချင်းလာရှာသည်ကို တွေ့လိုက်ရသောအခါ သံသယဖြစ်လာလေသည်။
လင်းလော့ချင်းက ဘာလာလုပ်တာလဲ…
“သား အသီးစားချင်လား…”
လင်းလော့ချင်းက သိမ်မွေ့စွာ မေးလိုက်သည်။
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်ပြီး ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ရှုရှုလင်း…”
“ရပါတယ်…”
သူ စပျစ်သီးပန်းကန်လုံးသေးကို စားပွဲပေါ်သို့ တင်လိုက်ပြီး ကျိလဲ့ယွီကို အကြိမ်အနည်းငယ်ခန့် စူးစမ်းစွာ ကြည့်လိုက်သည်။
ကျိလဲ့ယွီက တစ်ဖက်လူ၏အကြည့်ကို သတိထားမိသောကြောင့် မော့ကြည့်လိုက်သည်။ ထို့နောက် ဖြူစင်သောကလေးအသံဖြင့် မေးလိုက်၏။
“ရှုရှုလင်း ဘာလို့ သားကို ကြည့်နေတာလဲ…”
လင်းလော့ချင်း သဘောကျသွားပြီး ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်လေသည်။ ထို့နောက် ကျိလဲ့ယွီကို စိတ်၀င်တစား ပြန်ကြည့်လိုက်သည်။
“သားက အရမ်းချစ်ဖို့ ကောင်းလို့လေ…”
သူ ပြောလိုက်၏။
“သားက အရမ်းချစ်ဖို့ကောင်းတော့ ရှုရှုလင်းသားကို မကြည့်ဘဲ မနေနိုင်ဘူး…”
လင်းလော့ချင်း၏အသံက အလွန် နူးညံ့နေပြီး သူ့မျက်လုံးထဲတွင် ဖုံးကွယ်၍မရသည့် အပြုံးများ ရှိနေလေသည်။
ကျိလဲ့ယွီ ထိုစကားကို ယုံကြည်သွားပြီး ရှက်ပြုံး ပြုံးပြလိုက်သည်။
လင်းလော့ချင်း ချက်ချင်းဆိုသလို ရင်ထဲ ထိသွားလေသည်။
ကျိလဲ့ယွီက အရမ်းချစ်ဖို့ကောင်းတာပဲ...
ချစ်ဖို့ကောင်းတယ်…နူးညံ့တယ်…
ကြည့်လို့လည်း ကောင်းသေးတယ်…
ဒီကလေးက ဘယ်လိုလုပ်ပြီး စာအုပ်ထဲက ဥပဒေချိုးဖောက်တဲ့ ဗီလိန်ကြီးဖြစ်မှာလဲ…
လင်းလော့ချင်း ယင်းကို မယုံကြည်နိုင်ပေ။
“ရှောင်ယွီ အသီးကို စားလိုက်ဦး...ရှုရှုလင်း ကိုကိုလင်းဖေးရဲ့အိမ်စာတွေကို သွားကြည့်ပေးလိုက်ဦးမယ်..."
“ဟုတ်ကဲ့…”
ကျိလဲ့ယွီ ချိုသာစွာ ပြန်ဖြေလိုက်သည်။
လင်းလော့ချင်း ယင်းကို ကြားသောအခါ ဘယ်လိုသတ္တိများ ရှိသွားသည်ကို မသိသော်လည်း လက်မြှောက်လိုက်ပြီး ကျိလဲ့ယွီ၏ ခေါင်းကို ထိလိုက်လေသည်။
“သားက အရမ်းကောင်းတာပဲ…”
ကျိလဲ့ယွီက ရိုးသား၊ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်နေဆဲပင်ဖြစ်သည်။
လင်းလော့ချင်း ကူရာမဲ့စွာ ကျိလဲ့ယွီ၏ခေါင်းကိုပွတ်သပ်လိုက်သည်။
'ဒီကလေးရဲ့ ဆံပင်တွေက နူးညံ့ပြီး တကယ် ပွတ်လို့ ကောင်းတာပဲ...'
ထို့နောက် လက်ကို တုံ့ဆိုင်းစွာ ရုတ်လိုက်ပြီး ကျိလဲ့ယွီကို နှုတ်ဆက်လိုက်ကာ အခန်းထဲမှ ပြန်ထွက် လာလိုက်သည်။
ကျိလဲ့ယွီ လင်းလော့ချင်းထွက်သွားသည်ကို မြင်သောအခါ မျက်နှာမှ အပြုံးများပျောက်ကွယ်သွားလေသည်။ သူ သူ့ရှေ့က ဆေးကြောထားစပျစ်သီးတွေကို ကြည့်လိုက်ပြီး တစ်လုံး ကောက်စားလိုက်ကာ လင်းလော့ချင်း၏အမူအရာအကြောင်း တွေးလိုက်သည်။
‘သူ ငါ့ကို ကြိုက်သင့်တယ်…’
ကျိလဲ့ယွီ တွေးလိုက်သည်။
‘သူက ငါ့ရှုရှုကို ကြိုက်ရုံတင်သာမကဘူး...ငါ့ကိုလည်းကြိုက်တယ်...ဒီနေ့လို စိတ်အားထက်သန်နေတာက ငါ့အတွက် မဆိုးပါဘူး…’
ကျိလဲ့ယွီ ခေါင်းငုံ့လိုက်ပြီး Tabletထဲမှ ကာတွန်းကား ဆက်ကြည့်နေလိုက်သည်။
လင်းလော့ချင်း ကျိလဲ့ယွီကို စပျစ်သီး ပေးပြီးသွားသောအခါ မီးဖိုချောင်ထဲပြန်သွားလိုက်ပြီး လင်းဖေးအတွက် ပြင်ဆင်ထားသည့် စပျစ်သီးပန်းကန်ကို ယူလိုက်ကာ လင်းဖေးအခန်းထဲ သွားလိုက်လေသည်။
လင်းဖေးက စာအုပ်ဖတ်နေပြီး လင်းလော့ချင်း အခန်းထဲ ၀င်လာသည်ကို မြင်သောအခါ မအံ့ဩသွားချေ။
“ငါ ရှုရှုကျိ ကို ပြောပြီးသွားပြီ...ရှုရှုလီက မင်းကို ကျောင်းလိုက်ပို့ပေးလိမ့်မယ်...”
သူ လင်းဖေး နားလည်မှု လွဲသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ထပ်ဖြည့်ပြောလိုက်သည်။
“ဒါပေမဲ့ ငါက မင်းကို ကျောင်းဆက်ပို့ပေးဦးမှာပဲ...”
လင်းဖေး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ ကျေးဇူးတင်ပါတယ်...”
လင်းလော့ချင်း လက်မြှောက်လိုက်ပြီး လင်းဖေးကို စပျစ်သီး ခွံကျွေးလိုက်သည်။
“ငါ့ကို ယဉ်ယဉ်ကျေးကျေးပြောဖို့ ဘယ်သူပြောထားလဲ...”
လင်းဖေး :"..."
လင်းဖေး ကူရာမဲ့စွာဖြင့် ပါးစပ်ထဲမှ စပျစ်သီးကို ကိုက်လိုက်ပြီး လင်းလော့ချင်းက အလွန်ကလေးဆန်သည်ဟု တွေးလိုက်လေသည်။
လင်းလော့ချင်း လင်းဖေး၏ မျက်လုံးထဲမှ အကြည့်ကြောင့် ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။ ထို့ကြောင့် သူ လက်ဆန့်ထုတ်လိုက်ပြီး လင်းဖေး၏ မျက်နှာကို ညှစ်လိုက်၏။
ထို့နောက် သူ လင်းဖေးနားကပ်လိုက်ပြီး တိုးတိုးပြောလိုက်သည််။
“ငါ မင်းကို ရှုရှုကျိရဲ့ ခြေထောက်က ဘာလို့ ဒဏ်ရာရသွားလဲဆိုတဲ့အကြောင်း ပြောဖူးလား...”
လင်းဖေး ခေါင်းခါလိုက်သည်။
“ရှုရှုကျိက လွန်ခဲ့တဲ့ တစ်လကျော်လောက်က ကားမတော်တဆဖြစ်ခဲ့တာလေ...”(သူက အဲ့လိုပြောထားတာပဲ🙄)
လင်းလော့ချင်း နူးညံ့စွာ ပြောလိုက်သည်။
“အဲ့မှာ သူ့ခြေထောက်က ဒဏ်ရာရသွားပြီး လမ်းမလျှောက်နိုင်တော့ဘူး...”
လင်းဖေး အံ့ဩသွားပြီး လင်းလော့ချင်းကို ကြည့်လိုက်ကာ မေးလိုက်သည်။
“ပြန်မကောင်းနိုင်တော့ဘူးလား..."
“ငါ မသိဘူး...ဒါပေမဲ့ အဲ့လို မဖြစ်နိုင်ဘူး…အခု ဆေးပညာတွေက တိုးတက်နေပြီး သူကလည်း ချမ်းသာတယ်လေ...”
မဖြစ်နိုင်သည့် အဓိကအကြောင်းရင်းက ကျိယွီရှောင်၏လက်ရှိအခြေအနေက အလွန်ကောင်းနေသောကြောင့်ဖြစ်သည်။ သူက ဤအခြေအနေကို လက်မခံနိုင်လျှင် သူ့ဘ၀က ကောင်းမလာနိုင်သော်လည်း သူက ဤအခြေအနေနှင့် လိုက်လျောညီထွေနေနိုင်လျှင် သူ့အတွက် ခြေချင်း၀တ် အဆစ်လွဲသွားသကဲ့သို့ပင် ဖြစ်နေမည်ဖြစ်သည်။
၎င်းက သိပ္ပံနည်းမကျသော်လည်း လင်းလော့ချင်း ကျိယွီရှောင်က မကြာမီ ပြန်ကောင်းလာ မည်ဟု ယုံကြည်လေသည်။
“အဲ့ကားမတော်တဆမှာ ရှုရှုကျိပဲ ဒဏ်ရာရခဲ့တာ မဟုတ်ဘူး... ရှောင်ယွီရဲ့မိဘတွေလည်း အဲ့မတော်တဆမှာ ပါခဲ့ပြီး သူတို့က ရှုရှုကျိလောက် ကံမကောင်းခဲ့တဲ့အတွက် လောကကြီးထဲက ထွက်ခွာသွားရတယ်...”
လင်းဖေး ထိုကဲ့သို့ ဖြစ်ပျက်ခဲ့မည်ဟု မတွေးမိခဲ့ပေ။ သူ ကူရာမဲ့စွာ မေးလိုက်သည်။
“ဒီလိုဆို ကျိလဲ့ယွီ…”
“သူ အဆင်ပြေပါတယ်...မင်းရဲ့ ရှုရှုကျိက သူ့ကို ကာကွယ်ပေးခဲ့တယ်...ဒါပေမဲ့ သူ့မိဘတွေကတော့ မရှိကြတော့ဘူး...သူ့ရဲ့ရှုရှုကလည်း ဒဏ်ရာရသွားတယ်လေ...အခု ငါတို့က အတူတူနေနေကြပြီဆိုတော့ မင်းလိုချင်ရင် သူနဲ့ စကားပြောတာပဲဖြစ်ဖြစ် ကစားတာပဲဖြစ်ဖြစ် လုပ်နိုင်တယ်…”
လင်းလော့ချင်း စကားပြောပြီးသည်နှင့် ထပ်ဖြည့်ပြောလိုက်သည်။
“ ဟုတ်ပါတယ် အဲ့ဒါကို မဖြစ်မနေ လုပ်စရာတော့ မလိုဘူး… မင်းမှာ ကိုယ်ပိုင်နှစ်သက်မှုတွေနဲ့ အကြံဉာဏ် တွေရှိတာ ငါသိတယ်...ငါ မင်းကိုပြောပြရုံပဲ... မင်းရဲ့ ကိုယ်ပိုင်အတွေးတွေ အတိုင်း လုပ်လို့ရတယ်...”
လင်းဖေး တိတ်ဆိတ်နေလေသည်။ အချိန်အတော်ကြာမှ တစ်ခုခုကို သတိရသွားပြီး လင်းလော့ချင်းကို ကြည့်ကာ ရွှတ်နောက်နောက်မေးလိုက်သည်။
“ရှုရှု အရင်က ဘာပြောခဲ့လဲ…ရှုရှု ရက်စက်တယ်လို့ ပြောတဲ့သူက သူလား...”
လင်းလော့ချင်း :"..."
စာအုပ်ထဲက ရက်စက်တဲ့ ဗီလိန်ကြီးက ချစ်ဖို့ကောင်းပြီး နူးညံ့တဲ့ ကလေးဆိုတာ သူက ဘယ်လိုလုပ် သိမှာလဲ...
သုံးနှစ်အရွယ်ကလေးကို ကြည့်ပြီး သူ့ရဲ့အနာဂတ်ကို မြင်ရလို့လို့ ပြောရမှာလား...
ဒါက လုံး၀ မတိကျဘူးလေ...
“ငါက တခြားလူတွေ ပြောတာ နားထောင်ခဲ့မိလို့ပဲ..."
လင်းလော့ချင်း ကူရာမဲ့သလို ခံစားလိုက်ရသည်။
“ဒါဆို ဒီအဖြစ်အပျက်က ငါတို့ကို ဘာပြောလဲ...တခြားလူတွေပြောတာက သေချာပေါက် မှန်တာ မဟုတ်ဘူးလို့ ပြောတယ်...ကိုယ်တွေ့က အမှန်တရားကို စစ်ဆေးဖို့ စံနှုန်းဖြစ်တယ်...ငါတို့ တခြားလူတွေပြောတာကိုပဲ နားမထောင်နိုင်ဘူး...သူတို့နဲ့ ပတ်သတ်ပြီး ငါတို့ကိုယ်တိုင် မြင်ရမယ်၊ ခံစားရမယ်၊ တွေးရမယ်...နားလည်လား...”
လင်းဖေး :".. "
လင်းဖေးသည် တစ်စုံတစ်ယောက်က သူ့ကို ဤအဖြစ်အပျက်ကို သုံးပြီး ဤကဲ့သို့ သင်ပေးမည်ဟု မတွေးခဲ့မိပေ။
သူ နှုတ်ဆိတ်၍သာ နေလိုက်ပြီး ခေါင်းငုံ့ကာ စာအုပ်ဆက်ဖတ်နေလိုက်သည်။
လင်းလော့ချင်း ပြုံးလိုက်ပြီး လင်းဖေး၏ခေါင်းကို ထိလိုက်သည်။
“လိမ္မာလိုက်တဲ့ ကလေး...”
“ဟုတ်သားပဲ...”
သူ တစ်စုံတစ်ခုကို မှတ်မိသွားပြီး လင်းဖေးကို မေးလိုက်သည်။
“ရှုရှုကျိ မင်းကို ပေးခဲ့တဲ့ လက်ဆောင်ရော...ရှုရှုကို ပြဦး...”
လင်းဖေး လက်ဆောင်ကို ဖွင့်ကြည့်ပြီးဖြစ်သည်။
သူ အံဆွဲကို ဖွင့်လိုက်ကာ ကျိယွီရှောင် သူ့ကို ပေးခဲ့သည့် သေတ္တာလေးကို ထုတ်လိုက်ပြီး လင်းလော့ချင်းထံ ပေးလိုက်သည်။
လင်းလော့ချင်း လှမ်းယူလိုက်ပြီး သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ ကွမ်ယင်ကျောက်စိမ်းဆွဲပြားကို တွေ့လိုက်ရလေသည်။
ကျောက်စိမ်း၏အနေအထားက အလွန်ကောင်း၏။ သူက သန့်ရှင်းကြည်လင်တောက်ပြောင်ပြီး အညစ်အကြေးကင်းစင်လေသည်။ ၎င်းက ကြည့်ရုံနှင့်ပင် တန်ဖိုးကြီးကြောင်း သိသာလေသည်။
“ဒါက တော်တော်ကောင်းတယ်...မင်းကြိုက်လား...”
သူ လင်းဖေးကို မေးလိုက်သည်။
အမှန်တွင် လင်းဖေးက ကျောက်စိမ်းဆွဲပြားကို မကြိုက်ခဲ့ချေ။ သူ့၏လိုအင်ဆန္ဒများက နည်းပါးပြီး ထိုကဲ့သို့သော ပစ္စည်းများကို လိုချင်စိတ်မရှိပေ။ ထို့ကြောင့် ကျောက်စိမ်းဆွဲပြားက အခြားလူများအတွက် လှပပြီး တန်ဖိုးကြီးသော်လည်း သူ့ကို မဆွဲဆောင်နိုင်ခဲ့ပေ။ သို့သော် ကျိယွီရှောင် သူ့ကိုပြခဲ့သည့် ကြင်နာမှုကို ခံစားနိုင်သည့်အတွက် ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။
“ကြိုက်တယ်...”
“ ကောင်းတယ်...”
လင်းလော့ချင်း ကျောက်စိမ်းဆွဲပြားကို ပြန်ပေးလိုက်သည်။
လင်းဖေး ပြန်ယူလိုက်ပြီး ၀တ်ရန် မရည်ရွယ်ထားသည့်အတွက်ကြောင့် သေတ္တာကို ပြန်ပိတ်လိုက်ပြီး အံဆွဲထဲ ပြန်ထည့်လိုက်သည်။
“မင်း မ၀တ်ဘူးလား...”
လင်းလော့ချင်း အံ့အားသင့်သွားလေသည်။
လင်းဖေး ယင်းကို တွေးလိုက်ပြီး မေးလိုက်၏။
“ကျွန်တော့်ကို ၀တ်စေချင်လို့လား...”
''၀တ်မလား မ၀တ်ဘူးလားဆိုတာက မင်းအပေါ်ပဲ မူတည်တယ်...”
ထိုအခါ လင်းဖေး သူ့ရှေ့မှ သေတ္တာလေးကို ကြည့်လိုက်ပြီး အံဆွဲကို ပိတ်လိုက်သည်။
သူ ၎င်းကို ဆုံးရှုံးရမည်ကို ကြောက်မိသည်။ ယင်းက ကျိယွီရှောင်က သူ့ကိုပေးသည့် ပထမဆုံး လက်ဆောင်ဖြစ်၏။ သူ နေရာအသစ်ကို ပြောင်းလာသည့်အခါ တစ်စုံတစ်ယောက်က သူ့ကို ကြိုဆိုလက်ဆောင်ပေးခြင်းက ပထမဆုံးဖြစ်သည့်အတွက် သူ ယင်းကို မဆုံးရှုံးချင်ခဲ့ပေ။
လင်းလော့ချင်းက တစ်ဖက်လူ၏ဆုံးဖြတ်ချက်ကို ၀င်မစွက်ဖက်ခဲ့ပေ။ သူ လင်းဖေး အံဆွဲပိတ်လိုက်သည်ကို မြင်သောအခါ လက်ဆောင်အကြောင်း ဆက်မပြောတော့ချေ။ သူ အခြားအကြံသာ ပေးလိုက်သည်။
“ ရေချိုးဖို့ အချိန်ရောက်ပြီ... မြန်မြန်လုပ်... ရှုရှု မင်းကို ရေချိုးပေးမယ်...”
လင်းဖေး၏မျက်လုံးထဲတွင် ချက်ချင်းဆိုသလို ရွံ့ရှာမှု သုံးမှတ်၊ ကူရာမဲ့မှု လေးမှတ်နှင့် ကြိတ်မှိတ်သည်းခံထားမှု လေးမှတ် ပါ၀င်သော ကိန်းဂဏန်းဇယားပေါ်လာလေသည်။
လင်းလော့ချင်း လင်းဖေးကို ကြည့်လိုက်ပြီး လင်းဖေးက ယခု အလွန်ကလေးဆန်ပြီး ချစ်စရာကောင်းသည်ဟု တွေးလိုက်သည်။
သူ လင်းဖေးကို ချီလိုက်ပြီး ပြောလိုက်သည်။
“ ဖေးဖေးကို ရေချိုးပေးဖို့ သွားကြမယ်ဟေ့...”
.......
ကျိယွီရှောင် ရေချိုးခန်းထဲမှ ထွက်လာသောအခါ လင်းလော့ချင်းက အိပ်ရာပေါ်တွင် လှဲလျက် ဂိမ်းဆော့နေသည်ကို မြင်လိုက်ရ၏။
“မင်း ရေချိူးလို့ ပြီးပြီလား…"
လင်းလော့ချင်း ကျိယွီရှောင်ကို စောင်းငဲ့ကြည့်လိုက်၏။
“ပြီးရင် ငါ ရေချိုးတော့မယ်…”
“သွားတော့…”
ကျိယွီရှောင် တည်ငြိမ်စွာ အဖြေပြန်ပေးလိုက်သည်။
ထိုအခါ လင်းလော့ချင်း ထထိုင်လိုက်ပြီး ရေချိုးခန်းထဲသို့ ၀င်သွားလိုက်လေသည်။
ကျိယွီရှောင် အိပ်ရာဆီသို့ သွားနေစဉ် လင်းလော့ချင်းအား ဘယ်လိုသရုပ်ဆောင်ခိုင်းရမည်ကို စဉ်းစားနေလေသည်။
သူက လင်းလော့ချင်းရဲ့သရုပ်ဆောင်စွမ်းရည်တွေကို မြင်ချင်လို့ဆိုပြီး ထပ်ပြောလို့မရတော့ဘူးလေ...
ဒါပေမဲ့ အဲ့လို မပြောရင် ဘယ်လိုပြောရမှာလဲ...
ရေချိုးခန်းထဲမှ ထွက်လာသည့် လင်းလော့ချင်းကို စာအုပ်တစ်အုပ် လှမ်းမပေးမီအချိန်ထိ သူအကြာကြီး စဉ်းစားနေခဲ့၏။
“ဒါက ဘာလဲ…”
လင်းလော့ချင်း ခေါင်းကို တဘတ်နှင့် သုတ်နေရင်း တမင်တကာ နောက်ပြောင်လိုက်သည်။
“မင်း ကို ပုံပြင်ပြောပြရမှာလား…”
ကျိယွီရှောင် : "..."
“ငါ မင်းကို ဒီအပိုင်း သရုပ်ဆောင်စေချင်တယ်...''
လင်းလော့ချင်း :"..."
လင်းလော့ချင်း နားမလည်နိုင်ပေ။
'ဘာဖြစ်လို့ ဒီလူက သူ သရုပ်ဆောင်တာကြည့်ရတာကို အရမ်းကြိုက်နေတာလဲ...'
သူ့ဖန်လား...
သရုပ်ဆောင်ဝါသနာအိုးလား..
လင်းလော့ချင်း တစ်ဖက်လူကို ကြည့်နေသောကြောင့် ဆံပင်သုတ်နေသည့် အရှိန်က ပုံမှန်ထက် နှေးကွေးသွားလေသည်။
ကျိယွီရှောင် စိတ်မလုံသလို ခံစားလိုက်ရသည်။
“ဘာလဲ...မင်းမလုပ်နိုင်ဘူးလား..."
လင်းလော့ချင်း : “မင်းက…”
သူ ကျိယွီရှောင်နား ချဉ်းကပ်သွားလိုက်သည်။
ကျိယွီရှောင် စိတ်မလုံသလို ခံစားနေရတဲ့အတွက် ခေါင်းအုံ့ကို မှီထားတာကို ခွာလိုက်ပြီး ခါးကို တည့်မတ်စွာ မတ်ကာ ထိုင်နေလိုက်သည်။
“ငါ့ဖန်လား...”
လင်းလော့ချင်း တစ်ဖက်လူနားနားကပ်ပြီး မေးလိုက်သည်။
ကျိယွီရှောင် :"???"
"ဘာ...”
“မင်းက ငါ့ကို သရုပ်ဆောင်ပြဖို့ပဲ နေ့တိုင်းပြောနေတာလေ...မင်းက ငါ့ရဲ့ဖန်လား...မင်း ငါ့သရုပ်ဆောင်တာကို တစ်ရက်မကြည့်ရရင် အဆင်မပြေဘူးလား…”
ကျိယွီရှောင်: "..."
“ငါ့မှာ အဲ့လို ထူးခြားတဲ့အကျင့်မရှိဘူး...”
“ဒါဆို ဘာလို့ ငါ့ကို နေ့တိုင်း သရုပ်ဆောင်ခိုင်း နေရတာလဲ...”
“ငါက မင်းရဲ့အနာဂတ်သူဌေးလေ...မင်းရဲ့စွမ်းရည်ကို စစ်ဆေးတာက ပုံမှန်ပဲမလား…”
“ဒါက ပုံမှန်လား…”
လင်းလော့ချင်း တစ်ဖက်လူကို သံသယဖြစ်စွာ ကြည့်လိုက်သည်။
“မင်း အဲ့ဒါကို လေးခါလောက် စစ်ဆေးပြီးပြီလေ...ပထမဆုံး မိတ်ဆက်စစ်ဆေးတာလဲပြီးပြီ... အင်တာဗျူးရော၊ ပြန်စစ်ဆေးတာရော လုပ်ပြီးပြီ...အခုထိစစ်ဆေးလို့ မပြီးနိုင်သေးဘူးလား…”
ကျိယွီရှောင် :"..."
ကျိယွီရှောင်၏ မျက်နှာအမူအရာက ပြောင်းလဲ မသွားပေ။
“ငါက အလုပ်နဲ့ပတ်သတ်လာရင် လေးနက်ပြီး တင်းကြပ်လို့ပဲ…”
လင်းလော့ချင်း :"..."
“မင်းဟာက အရမ်းတင်းကြပ်လွန်းတယ်... မင်း နေ့တိုင်းသာ ဒီလိုစစ်ဆေးနေရင် မင်းရဲ့အလုပ်သမားတွေက အလုပ်ထွက်သွားကြတော့မှာပဲ…”
ကျိယွီရှောင် ပြုံးလိုက်သည်။
“ငါ တခြားလူတွေကို မစ်ဆေးပါဘူး…ပြီးတော့ မင်းအလုပ်ထွက်လိုက်ရင်တောင် အိမ်ပြန်ရောက်ရင် စစ်ဆေးတာခံရဦးမှာပဲ…”
လင်းလော့ချင်း :"..."
“အခု ငါ့အထုပ်အပိုးတွေကို ပြန်သယ်သွားဖို့ နောက်ကျနေပြီလား...”
သူ ရိုးရိုးသားသား မေးလိုက်သည်။
ကျိယွီရှောင် ခေါင်းခါလိုက်ပြီး တစ်ဖက်လူ မျက်နှာကို ညှစ်လိုက်ကာ ပြောလိုက်သည်။
“တောင်းပန်ပါတယ် အချစ်လေး...အရမ်းနောက်ကျသွားပြီ...”
သူ လင်းလော့ချင်း၏ပါးဖောင်းထားသည့် မျက်နှာကိုမြင်သောအခါ လက်မြှောက်လိုက်ပြီး လင်းလော့ချင်း၏ခေါင်းပေါ်မှ တဘတ်ကို ကိုင်လိုက်သည်။ ထို့နောက် လင်းလော့ချင်း၏စိုစွတ်နေသေးသည့် ဆံပင်များကို ပျော်ရွှင်စွာ သုတ်ပေးလိုက်လေသည်။
“ဘာလို့ Hairdryer မသုံးတာလဲ...ရေချိုးခန်းထဲမှာ Hairdryer မရှိဘူးလား…"
“ငါ့မှာ သုံးတတ်တဲ့ အကျင့် မရှိလို့…”
လင်းလော့ချင်း ပြောပြီးသောအခါ ကုတင်ပေါ်ထိုင်လိုက်ပြီး တစ်ဖက်လူ သုတ်ပေးခြင်းကို ခံလိုက်သည်။
ကျိယွီရှောင် သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ပျင်းစရာကြီး…”
“ဒါက ကရိကထိများတာတော့ ဟုတ်တယ်…”
လင်းလော့ချင်း ပြန်ပြောလိုက်သည်။
ထို့နောက် သူ စားပွဲပေါ်မှ ရေကို အနည်းငယ်သောက်လိုက်ကာ ကျိယွီရှောင်က သူ့ဆံပင်ကိုသုတ်ပေးပြီးမည့် အချိန်ကို စောင့်လိုက်ပြီး စာအုပ်ကို ဖွင့်ကာ လှမ်းမေးလိုက်သည်။
“ဘယ်အပိုင်းလဲ…”
ကျိယွီရှောင်က တဘတ်ကို ဖယ်လိုက်ပြီး လင်းလော့ချင်း၏ဆံပင်ကို ထိလိုက်ကာ ဆံပင် သိပ်မစိုတော့သည်ကို မြင်သောအခါ ခေါင်းငုံ့လိုက်ပြီး စာအုပ်ကို လှမ်းဖတ်လိုက်သည်။
ထို့နောက် သူ စာပိုဒ်တစ်ပိုဒ်ကို ထောက်ပြလိုက်၏။
“ဒီအပိုင်း... ငါ ဒီရုပ်ရှင်ကို လွန်ခဲ့တဲ့ ရက်တွေမှာ ကြည့်ထားခဲ့ပေမဲ့ မင်းသားရဲ့သရုပ်ဆောင်ချက်က သိပ်မကောင်းဘူးလို့ ခံစားနေရတယ်...မင်း ကြိုးစားကြည့်...မင်းသူ့ထက် ပိုကောင်းအောင် သရုပ်ဆောင်တာကို မြင်ချင်တယ်…”
“ကောင်းပြီ…”
လင်းလော့ချင်း ကူရာမဲ့စွာ ပြောလိုက်သည်။