Chapter 68
ဆုတောင်း
သူတို့သွားတာဝေးလာလေလေ လမ်းတစ်လျှောက် ရူခင်းတွေက ပိုပိုပြီးထူးဆန်းလာလေဖြစ်၏။
မူလက စိမ်းလန်းစိုပြေနေသည့် သစ်ပင်တွေ၏ကိုင်းခက်တွေကခြောက်သွေ့လာပြီးလမ်းဘေးမှာပေါက်နေသည့် ထူထပ်များပြားတဲ့ပေါင်းပင်တွေမရှိတော့ဘဲ မညီမညာဖြစ်နေသည့် ကျောက်တုံးများနှင့်အနီရောင်ရွှံ့များကိုသာတွေ့ရတော့သည်။ ရွှံ့ထဲ၌ခြေရာအများအပြားနှင့်သွေးအနည်းငယ်ကိုတွေ့ရသည်။ သွေးတွေကအညိုရောင်တောင်ပြောင်းနေပြီဖြစ်တာကြောင့် အရင်တုန်းကဤနေရာတွင်တိုက်ခိုက်မှုတချို့ရှိခဲ့ပုံရသည်။
မော့ကျောက်ချိုင်က သူအိတ်အားလွယ်လျက်ဂရုတစိုက်လမ်းလျှောက်နေရင်း မကြာခဏ ဘေးဘီဝှဲယာကိုကြည့်နေသည်။လင်းရုဖေးက သူလက်စွပ်ထဲမှစက္ကူကြိုးကြာလေးအား နောက်တစ်ခေါက်ထုတ်လိုက်ပြီး ဖူဟွားနှင့်ယွီရွေ့ထံစာပို့နေပေမယ့် စက္ကူကြိုးကြာကမပျံနိုင်တော့ပေ။ ဤသည်မှာသူမတို့နှစ်ယောက်တစ်ခုခုဖြစ်နေတာ မဟုတ်ရင် အပြင်လောကနှင့်ဆက်သွယ်လို့မရသည့် နေရာကိုရောက်နေသောကြောင့်သာဖြစ်ပေမည်။
သူ့အရှေ့မှာလျှောက်နေသည့် မော့ကျောက်ချိုင်က လမ်းလျှာက်နေရာမှရပ်သွားပြိးတိုးတိုးလေးပြောလာသည်။
"ကုန်းဇီ အဲ့ဒီလူတွေကအရှေ့မှာ"
မော့ကျောက်ချိုင်ကလှည့်ပတ်ကြည့်လိုက်ပြီးနောက် မနီးမဝေးရှိအနီရောင်ကျောက်တုံးအား လက်ညိုးထိုးပြလာသည်။ ထိုကျောက်တုံးကလမ်းဘေးကနေကြည့်လျင် နည်းနည်းလေးမလုံခြုံပေမယ့် ထိုနေရာကလွဲတခြားပုန်းစရာနေရာလည်းရှာမတွေ့ချေ။
လင်းရုဖေးနှင့်မော့ကျောက်ချိုင်တို့ ကျောက်တုံးဘေးသို့သွားပြီး ဓားပြများရှိရာသို့ချောင်းကြည့်လိုက်ကြသည်။
တောင်ပေါ်ဓားပြတွေ၏အရေအတွက်မှာအယောက်၂၀လောက်ရှိပြီးနေရာတစ်ခုတည်းတွင်စုရုံးနေကြသည်။
လရောင်၏အလင်းရောင်ဖြင့်လင်းရုဖေးက ထိုသူတို့သည် ရှုပ်ရှက်ခက်နေသည့်မှော်အစီီရင်တစ်ခုရေးဆွဲနေသည်ကိုမြင်လိုက်ရ၏။ အစီီအရင်ဆွဲပြီးသည့်နောက် အိတ်ကြီးတစ်ခုကိုယူဆောင်လာကြပြီးနောက် သွန်ချပစ်လိုက်သည်။ ထိုအရာတွေကိုသွန်ချလိုက်သည်နှင့် တဟုန်ထိုးလိမ့်ကျလာသည်ကိုတွေ့လိုက်ရသည်။သေချာကြည့်မှ ယင်းမှာ လူတွေရဲ့မျက်လုံးများဖြစ်နေလေသည်။မျက်လုံးတွေမှာ သွေးများဖြင့်စိုစွတ်နေသေးသောကြောင့် ယခုမှလောလောလတ်လတ်ထုတ်လာခြင်းဖြစ်ပေမည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အတော်လေးကြောက်မက်ဖွယ်ကောင်းလှသည်။
ယင်းမျက်လုံးများကဖြတ်သွားဖြတ်လာခရီးသွားများဆီမှနှိုက်ထုတ်ထားပုံပင်။ အိတ်တစ်ခုလုံးအပြည့်ရရန် လူဘယ်နှစ်ယောက်လောက်၏မျက်လုံးတွေကိုထုတ်ယူခဲ့ရလဲ မသိချေ။
မောကျောက်ချိုင်တစ်ယောက်ကြောက်လန့်လွန်းတာကြောင့် သူ့ခန္တာကိုယ်တစ်ခုလုံးတုန်ယင်နေသည်။
လင်းရုဖေးကမျက်မှောင်ကြုတ်လျက်မေးလိုက်၏။
"သူတို့ ဘာလုပ်နေကြတာလဲ"
မော့ကျောက်ချိုင် : "ရှီးလျန် တောင်မှာရှိတဲ့အရာနဲ့တစ်ခုခုပတ်သက်လိမ့်မယ်"
လင်းရုဖေး : "အဲ့ဒါက ဘာပစ္စည်းမို့လို့လဲ"
မော့ကျောက်ချိုင် : "အရင်တုန်းက ကောင်းကင်မင်းကြီးက ရှီးလျန်တောင်မှာ အဖိုးတန်ရတနာတစ်ခုထားထားခဲ့တယ်လို့သတင်းစကား တွေရှိခဲ့ဖူးတယ် အဲ့ဒီ မှော်ရတနာကိုရရင်ဆုတစ်ဆုတောင်းလို့ရတယ်တဲ့"
လင်းရုဖေးက မော့ကျောက်ချိုင်ကိုကြည့်လိုက်ပြီး"မင်း ယုံလားအဲ့ဒါကို"
မော့ကျောက်ချိုင်က သူ့အနောက်မှာလွယ်ထားသည့် အိတ်ကိုလက်ဖြင့်တင်းတင်းကျပ်ကျပ်ကိုင်လိုက်ပြီး "ကျွန်တော် ယုံတယ်"
နှစ်ယောက်သား စကားတွေပြောနကြစဉ်မှာပင်။
မနီးမဝေး ကောင်းကင်ယံထက်မှာ သွေးအဝိုင်းလေး တစ်စွန်းတစ်စ ဖြည်းညှင်းစွာ ထွက်ပေါ်လာတော့သည်။ ပထမအကြည့်တစ်ချက်တွင်၊ ယင်းက သွေးလရောင်သဏ္ဍာန်နှင့်တူသော်လည်း သေချာကြည့်ရှုလိုက်သောအခါ ၎င်းသည် အလွန်တရာမှကြီးမားသည့်မျက်စိသူငယ်အိမ်ကြီးဖြစ်ပြီး ဒါဇင်ပေါင်းများစွာသော တောင်ဓားပြများဆီသို့ အေးစက်စွာကြည့်လိုက်သည်။
ဓားပြများသည် ထိုကဲ့သို့ ကြောက်ရွံ့ဖွယ်ကောင်းသည့် အခြေအနေကို မြင်တွေ့နေရတောင်ပင် ကြောက်ရွံ့မှု မပြကြပေ။ ယင်းအစား သူတို့အားလုံးက တညီတညွတ်တည်း စိတ်လှုပ်ရှားနေခဲ့ကြပြီး ထိုလူဒါဇင်ပေါင်းများစွာက ဂါထာတစ်မျိုးမျိုးရွတ်ဆိုနေကြသကဲ့သို့ မျက်စိသူငယ်အိမ်ကြီးကို တီးတိုးတီးတိုးပြောနေကြ၏။
သွေးအရောင်ရှိသော မျက်စိသူငယ်အိမ်ကြီးသည် ဝမ်းနည်းခြင်း သို့မဟုတ် ရွှင်လန်းမှုကင်းသော နတ်ဘုရား၏ တပည့်ကဲ့သို့ လေထုအလယ်တွင် တိတ်တဆိတ် ပျံဝဲနေပြီး ညဥ့်ယံအောက်တွင် သေခြင်းတရားအတွက်ရူးသွပ်နေကြသောသူများကို လျစ်လျူရှုဟန်ဖြင့် ကြည့်နေလေသည်။
ကြီးမားတဲ့မျက်စိကြီးကလူအုပ်ကိုအေးစက်တဲ့အကြည့်ဖြင့်ကြည့်လိုက်သည်။ သူ့ ကြည့်ရတာသူလိုချင်သည့်ပစ်မှတ်ကိုမတွေ့သေးသည့်ပုံပင်။ သူ့ရဲ့အရောင်ဟာလည်းတဖြည်းဖြည်းမှိန်ဖျော့သွားပြီးအမှောင်ထုထဲပြန်လည်းပုန်းကွယ်သွားတော့မည့်နှယ်။
ထိုအချိန်မှာပင် လူအရိပ်နှစ်ခုက ကောင်းကင်ယံထက် ပျံ့သန်းလာတာကိုတွေ့လိုက်ရသည်။ လင်းရုဖေးက သူရဲ့မျက်လုံးများဖြင့်မော့ကြည့်လိုက်သည့်အခါ ဖူဟွားနှင့်ယွီရွေ့တို့ကိုမမျှော်လင့်ဘဲတွေ့လိုက်ရသည်။ အစေခံမလေးနှစ်ယောက်က အလွန်ပြင်းထန်သည့် တိုက်ပွဲကိုဆင်နွှဲခဲ့ပုံရပြီး သူတို့၏ အဖြူရောင်၀တ်စုံများက ယခုဆိုလျှင် နီနီရဲရဲသွေးများစွန်းထင်ဖုံးလွှမ်းနေပေသည်။ လူသတ်ချင်နေသည့်အရှိန်အဝါဖြင့်သူမတို့၏ဓားများကိုကိုင်ဆောင်ထားပြီးမနီးမဝေးကဓားပြတွေကိုတွေ့တော့ဓားများကိုင်မြှောက်လျက်ခုတ်ပိုင်းချလိုက်သည်။ ပြီးနောက် ဓားပြတွေ၏ခေါင်းတွေက မြေပြင်ပေါ်သို့သက်ဆင်းသွား၏။
သူတို့ရဲ့အပေါင်းအဖော်များရုတ်တရက် အသတ်ခံလိုက်ရပေမယ့်လည်း ဓားပြတွေကနည်းနည်းလေးပင်ဒေါသထွက်သည့် ပုံမရဘဲ အလွန်အမင်းတတ်ကြွသည့်ပုံနှင့်ရယ်မောနေတော့သည်။
"အဲ့ဒီလူတွေအကုန်ရူးသွားပြီလား"
ယွီရွေ့ကစိတ်ရှုပ်နေသည့်ပုံဖြင့်မေးလိုက်သည်။
"တစ်ယောက်ယောက်သေသွားတာကိုသူတို့ကရီနေနိုင်သေးတယ်"
ဖူဟွာကအေးတိအေးစက်ပြောလိုက်သည်။
"ဒါဆိုလည်းအားလုံးကိုသတ်ကြတာပေါ့"
သေသွားတဲ့လူတွေက ဘယ်တော့မရီနိုင်တော့ဘူး။
နှစ်ယောက်သားစကားပြောနေကြပြီး သူမတို့ကိုကြည့်ရတာ လေထဲ၌ပျံ့ဝဲနေသည့် ကြီးမားတဲ့မျက်စိကြီးကိုသတိမထားမိပုံပင်။လင်းရုဖေးသည် စိတ်ထဲတစ်ချက်လေးသွားပြီး သူမတို့နှစ်ယောက်ကိုအော်ပြောရန်မတ်တပ်ရပ်ချင်ပေမဲ့လည်း သူ၏နောက်ကိုချွန်ထက်သည့်အရာဖြင့် ထောက်ထားကြားခံစားမိသွားသဖြင့်နောက်လှည့်ကြည့်သည့်အခါ လက်ထဲမှာဓားကိုင်ထားသည့်မော့ကျောက်ချိုင်ကိုမြင်လိုက်ရသည်။ သူရဲ့မျက်နှာ၌မူ အံ့ဩချင်းအလျဉ်းမရှိဘဲ သက်ပြင်းတစ်ခုသာချလိုက်နိုင်၏။
"လင်းကုန်းဇီ တောင်းပန်ပါတယ်"ဟု မော့ကျောက်ချိုင်ကပြောလာသည်။
"မင်း အခုချိန်မှဘာလို့လှုပ်ရှားရတာလဲ"
လင်းရုဖေးကဖြည်းဖြည်းချင်းပြောလေသည်။
"ငါက မင်းကိုနောက်ထပ်စောင့်နေဦးမယ်ထင်တာ"
မော့ကျောက်ချိုင်ကစိတ်ရူပ်သွားပုံရပြီး"မင်း မြင်တယ်ပေါ့"
လင်းရုဖေးပြန်ဖြေလေသည်။ "မင်းရဲ့ကံကနည်းနည်းကောင်းလွန်းနေတယ်"
ထိုစကားကိုကြားလိုက်ရသည့်အခါ မော့ကျောက်ချိုင်ကပြုံးလိုက်ပေမယ့် ထိုအပြုံးထဲတွင်စစ်မှန်မှုအနည်းငယ်ပင်ရှိမနေချေ။
"လင်းကုန်းဇီ ကျွန်တော်ကိုအပြစ်မတင်ပါနဲ့ ကျွန်တော်မှာရွှေးချယ်စရာမရှိဘူး"
လင်းရုဖေးက အကူအညီမဲ့နေသည့်ပုံဖြင့်သူရဲ့လက်တွေဖြန့်ကားလိုက်၏၊ ဤသည်ကိုမော့ကျောက်ချိုင်ကမြင်သည့်အခါ သူအရှုံးပေးလိုက်သည် ဟုထင်သွားသည်။ သို့ပေမယ့်အချိန်ခဏလေးအတွင်းမှာပင် လင်းရုဖေး၏ကိုယ်မှစူးရှသည့်အသံထွက်လာလိမ့်မည်ဟုမည်သူမှမထင်မှတ်ထားချေ။ ထိုအသံက မော့ကျောက်ချိုင်ကိုချက်ချင်းပင်မူးဝေသွားစေပြီး တစ်ချိန်တည်းမှာပဲ လေထဲမှာရှိနေသည့်ဖူဟွားနှင့်ယွိရွေ့ရဲ့အာရုံစိုက်ခြင်းခံလိုက်ရ၏။
"သခင်လေး" ယွီရွေ့ကြည့်ရတာအံဩနေပုံရသည်။
မော့ကျောက်ချိုင်က ခဏလေးအတွင်းပြန်လည်သက်သာလာပြီးသူလက်ထဲကဓားကိုဆွဲကိုင်ပြီးလင်းရုဖေးထဲပြေး၀င်လာသည်။လင်းရုဖေးကလည်းအမြန်ရှောင်လိုက်နိုင်ပြီး သူ၏လက်စွပ်ထဲမှသစ်သားဒိုင်းကိုဆွဲထုတ်ကာလက်မြှောက်၍ကာလိုက်သည်။သစ်သားဒိုင်းကိုမြင်လိုက်ချိန်တွင် မော့ကျောက်ချိုင်၏မျက်နှာမှာချက်ချင်းပင်ပြုံးသွားကာ သူ သေချာပေါက်နိုင်ပြီဟုတွေးလိုက်သည်။ သို့ပေမဲ့ သူလက်ထဲရှိဓားကဒိုင်းကိုထိုးလိုက်သည့်အချိန်မှာပဲ ရွှေမြည်သံနှင့်ကျောက်စိမ်းကွဲအက်သံကဲ့သို့သောအသံကိုကြားလိုက်ရပြီး သူလက်ထဲကအထူးဓားမှာအစိပ်စိပ်အမွှာမွှာကြိုးသွားလေသည်။
"ဘယ်လိုမှမဖြစ်နိုင်ဘူး"
မော့ကျောက်ချိုင်၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားကာ လင်ရုဖေး၏လက်ထဲမှဒိုင်းအားတစ္ဆေသရဲမြင်လိုက်ရသကဲ့သို့ စူးစူးဝါးဝါးစိုက်ကြည့်နေပြီးအတော်လေးအံ့ဩနေပုံလည်းရသည်။
"ဒီသစ်သားဒိုင်းက......"
"ဒါကတကယ်ကိုအလုပ်ဖြစ်သားပဲ" လင်းရုဖေးကချီးကျူးလိုက်သည်။
"စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး မင်းတကယ်ကြီးပေါပေါပဲပဲနဲ့ရောင်းလိုက်တာပဲ"
မော့ကျောက်ချိုင်၏မျက်နှာမှာချက်ချင်းဆိုသလိုနီးမြန်းသွားပြီးဒေါသတကြီးဖြင့် အံကြိတ်လိုက်မိသည်။
"သခင်လေး"
ထိုအချိန်မှာပဲ ဖူဟွားနှင့်ယွီရွေ့ကလင်းရုဖေးဘယ်နေရာမှာရှိနေလည်းဆိုတာသိသွားပုံရပြီးသူရှိရာနေရာသို့၀မ်းသာအားရလာနေကြသည်။ သို့ပေမဲ့သူမတို့ဓားတွေကလမ်းတစ်၀က်ပဲရောက်သေးသည့်အချိန်မှာ ကြီးမားသည့်မျက်စိကြီး၏အကြည့်ကသူမတို့ရဲ့ခန္တာကိုယ်ပေါ်သို့ရောက်လာသည်။
"အား"
လေထဲမှာပင်ယွီရွေ့ရဲ့နာနာကျင်ကျင်အော်ဟစ်သံကိုကြားလိုက်ရသည်။ သူမက ကောင်းကင်ယံမှနေ၍အတောင်ပံကျိုး၍ကျလာသည့်ငှက်တစ်ကောင်ကဲ့သို့ပင်၊ ဖူဟွားကသူမကိုဖမ်းချင်သော်လည်း ရုတ်တရတ်နာကျင်မှုကြောင့်အော်လိုက်ပြီးနောက် ယွီရွေ့နည်းတူကောင်းကင်ယံမှပြုတ်ကျတော့သည်။
လင်းရုဖေးက သူ၏သိုလှောင်လက်စွပ်ထဲမှရောင်စုံသက်တန့်ဖဲကြိုးကိုထုတ်ယူလိုက်ပြီး ဖူဟွားနှင့်ယွီရွေ့ရှိရာသို့လှမ်းပစ်လိုက်သည်။ သက်တံ့ဖဲကြိုးကပျံ့ထွက်သွားပြီးဖူဟွားနှင့်ယွီရွေ့တို့၏ခန္တာကိုယ်တွေကိုရစ်ပတ်လိုက်ပြီးနောက် ကြီးမားတဲ့ပိုးပန်းတစ်ပွင့်အဖြစ်ပွင့်လန်းသွားကာ သူမတို့နှစ်ဦး၏ခန္တာကိုယ်များကိုမြေပြင်ပေါ်သိုဖြေးညင်းစွာချပေး၏။
နှစ်ယောက်စလုံးက သူမတို့၏မျက်နှာအားလက်ဖြင့်အုပ်လျက်မရပ်မနားညည်းညူနေကြသည်။ သူမတို့၏မှိတ်ထားသောမျက်လုံးများမှသွေးများမှာ သူတို့၏ပါးမှတဆင့်မေးစေ့သို့စီးကျလာသည်ကိုသူမြင်လိုက်ရသည်။
လင်းရုဖေးက သူမတို့နှစ်ယောက်ဆီပြေးသွားလိုက်သည်။
တချိန်တည်းမှာပဲ လေထဲမှာရပ်တန့်နေသည့် ကြီးမားတဲ့မျက်စိကြီးကတဖြည်းဖြည်းလှုပ်ရှားကာမြေပြင်မှာသတိလစ်ကာလှဲကျနေသည့် ဖူဟွားနှင့်ယွီရွေ့အားကြည့်လိုက်လေသည်။ လင်းရုဖေးသည်လည်း ထိုမျက်စိကြီးရဲ့အကြည့်ကိုခံစားမိသည်။ ထိုအကြည့်ကိုမည့်သည့်စကားလုံးများဖြင့်ဖော်ပြရမလဲသူမသိချေ။သူ၏ပုံစံကအသက်မဲ့နေသည့်အရာတွေကိုကြည့်နေသကဲ့သို့ပင်၊သူရဲ့အရေပြားပေါ်က မွှေးညင်းနုလေးတွေပင်ဇောက်ထိုးဖြစ်သွားသလိုခံစားလိုက်ရသည်။
"သခင်လေး......သခင်လေး.......ပြေးတော့"
ဖူဟွားက လင်းရုဖေးချဉ်းကပ်လာသည်ကိုခံစားမိသဖြင့် အားနည်းနေသည့်အသံလေးဖြင့်"ပြေးတော့....ဒီဟာကြီးကို.....သွားပြီးရှုပ်လို့မရဘူး"
လင်းရုဖေးက အံတင်းတင်းကြိတ်လိုက်ပြီး စကားမပြောတော့ချေ။ သူက ကြီးမားသည့်သွေးရောင်လွှမ်းနေတဲ့မျက်စိကြီးအားစိုက်ကြည့်လိုက်သည်။
သူက စိုးရိမ်နေရပေမယ့် ဓားပြတွေကမူ သာမာန်ထက်ပိုပြီးစိတ်လှုပ်ရှားနေကြသည်။ သူတို့က နောက်ဆုံးမှာတုံ့ပြန်လာပြီဖြစ်သည့် မျက်စိကြီးကိုကြည့်ပြီး စိတ်လှုပ်ရှားစွာအားပေးနေကြသည်။မော့ကျောက်ချိုင်ကမူ သူရဲ့တစ်ခုတည်းသောလွယ်အိတ်ကိုလွယ်လျက်ကျောက်တုံးကြီးဘေးတွင်ရပ်နေသည်။ သူ့ရဲ့ပိန်ပိန်ပါးပါးခန္တာကိုယ်ကမျက်လုံးကြီးနှင့်ယှဉ်ပါကသေးငယ်လှသည်။
"နောက်ဆုံးတော့ပွင့်သွားပြီ နောက်ဆုံးပွင့်သွားပြိကွ"
တစ်ယောက်ယောက်ကအော်ဟစ်တော့သည်။
"တကယ့်ကို မသေမျိုးရဲ့မျက်လုံးကိုလိုတာပဲ"
တစ်ယောက်ယောက်က ထပ်မံ၍အော်ပြောပြန်သည်။ "မြန်မြန်လေး၀င်ပြီးဘာတွေရှိလဲကြည့်ရအောင်"
"သွားကြ...သွားကြ" ထိုသူတွေက သူတို့ရဲ့နောက်ကဓားများကိုဆွဲထုတ်ပြီးပြီဖြစ်သည်။
ယင်းက သေရည်ရစ်မူးနေသည့်ပျော်ပွဲရွှင်ပွဲတစ်ခုလိုပင်။
အားလုံး၏အသိစိတ်ကပျောက်ကွယ်သွားသည့်ပုံပင်၊ ကြီးမားတဲ့မျက်စိကြီးကနေထွက်နေသည့် အနီရောင့်အလင်းကြောင့်အားလုံးရဲ့မျက်နှာတွေဟာနီရဲနေကြပြီးသူတို့၏ မျက်နှာထက်တွင် သာမာန်လူတယောက်ရှိသင့်သည့် အသိစိတ်များတစ်စက်မှမရှိတော့ပေ။ ကြီးမားသည့် မျက်စိကြီး၏အကြည့်ကသူတို့အားလုံးရဲ့တွေးခေါ်နိုင်စွမ်းကိုဆွဲယူသွားပုံရ၏။
ကြီးမားတဲ့မျက်စိကြီးရဲ့အလည်ကကွဲသွားပြီးအနက်ရောင်အက်ကွဲရာလေးတစ်ခုပေါ်လာကာ ယင်းထဲမှ အနက်ရောင်အငွေ့များထွက်လာသည်။ ဤမြင်ကွင်းကအရမ်းကိုကြောက်ဖို့ကောင်းပေမယ့် ရူးသွပ်နေသည့်ဓားပြတွေကမူသတိမထားမိပေ။
မော့ကျောက်ချိုင် ရှိရင်းစွဲအတိုင်းရပ်နေခဲ့ပြီး သူ့ရဲ့မျက်နှာပေါ်တွင်တုံ့ဆိုင်းနေသည့်အရိပ်အယောင်နှင့်စိတ်ရူပ်ထွေးနေသည့်အရိပ်အယောင်မျာရောထွေးလျက်ရှိသည်။ သူ့ကြည့်ရတာ ဒီနေရာမှာပဲဆက်ပြီးမတ်တပ်ရပ်နေရမလား၊ ဒါမှမဟုတ် တောင်ပေါ်ဓားပြတွေနှင့်အတူတူမျက်စိကြီးဆီကိုပဲပြေးသွားလိုက်ရမလားတွေးနေပုံရသည်။
နောက်ဆုံးမှာ တစ်ယောက်ယောက်ကသွေးရောင်လွှမ်းနေသည့် မျက်စိကြီးထံပြေး၀င်သွားပြီးသူရဲ့လက်ကိုမဆိုင်းမတွပင် အနက်ရောက်အက်ကွဲရာထဲထည့်လိုက်ပြီးနောက်ရီမောကာ "တွေ့ပြီ အဲ့ဒါကိုတွေ့ပြီ"
သူရဲ့ရယ်မောသံက ရုတ်ချည်းရပ်တန့်သွားပြီး သွားကျိန်းလောက်စေသည့်ဝါးနေသည့်အသံကြီးသာထွက်လာသည်။
ဂျလွတ် ဂျလွတ်!
မျက်စိကြီးမှာသွားရှိနေပုံရပြီး သူ၏အက်ကွဲကြောင်းထဲရောက်နေသည့်လက်ကချက်ချင်းပင်ဝါးစားခံလိုက်ရ၏။
"အားးးးး"
ထိုလူကနာနာကျင်ကျင်အော်ဟစ်လိုက်ပြီးနောက် ထွက်ပြေးဖို့ကြိုးစားပေမယ့် မျက်စိကြီး၏အပေါက်ကပိုကျယ်လာပြီးသူရဲ့ခန္တာကိုယ်တစ်ခုလုံးအားဝါးမြိုချလိုက်လေသည်။
ဝါးနေသည့်အသံက ပိုပိုကျယ်ကျယ်လာပြီးကြားနေရသည့်လူများ၏ဦးရေပြားအားပေါက်ထွက်လုမတတ်ပင်ဖြစ်စေသည်။
သို့ပေမယ့် ထိုကြောက်စရာကောင်းသည့် အသံကိုကြားနေရတဲ့ဓားပြတွေကအခုထိသတိမရှိသေးသည့်ပုံပင်။ သူတို့ကကြောက်နေတာလည်းမရှိသလို တွန့်ဆုတ်ခြင်းလည်းအလျဥ်းမရှိဘဲ မီးကိုတိုးတဲ့ပိုးဖလံတွေကဲ့သို့ပင် မျက်စိကြီးဆီကိုသာဆက်လက်ပြီးသွားနေကြသည်။
ပိုးဖလံရဲ့နုနယ်သည့်အတောင်ပံလေးတွေကို မီးကမြန်မြန်ဆန်ဆန်ပဲလောင်ကျွမ်းသွားပြီးနောက် တောက်ပတဲ့မီးတောက်အဖြစ်သို့ပြောင်းလဲကာ နောက်ဆုံးမှာ မီးခိုးအဖြစ်ပြောင်းလဲသွားလေသည်။
လင်းရုဖေးက ဤမြင်ကွင်းအား တိတ်တိတ်လေးသာရပ်ကြည့်နေမိ၏။
ဆယ်ယောက်၊ အယောက်နှစ်ဆယ်မကရှိသည့် တောင်ပေါ်ဓားပြအားလုံးကိုမျက်စိကြီးကဖြည်းဖြည်းချင်းမျိုချနေသည်။
ကျောက်တုံးနောက်မှာရပ်နေတဲ့မော့ကျောက်ချိုင်ဆီက ရုတ်တရတ်အော်သံထွက်လာသည်။ သူ့မှာအသိစိတ်အနည်းငယ်ရှိသေးပုံရသော်လည်း သူကချီတုံ့ချီတုံဖြင့်ခြေထောက်များကိုရွေ့ကာမျက်စိကြီးဆီကိုဖြည်းဖြည်းချင်းလျှောက်လှမ်းနေသည်။
လင်းရုဖေးကသူ၏အသံကိုဆက်မထိန်းထားတော့ဘဲ "အဲ့နေရာကိုမသွားနဲ့မင်းသေလိမ့်မယ်"
မော့ကျောက်ချိုင်ကအနောက်ကိုပြန်လှည့်ကြည့်ပြီး အပြုံးမမည်သောအပြုံးဖြင့် ခေါင်းကိုခါပြလိုက်ပြီးနောက် နောက်တစ်ခါခေါင်းပြန်ငြိမ့်လိုက်ပြီး "လင်းကုန်းဇီ ကျွန်တော် တကယ်ကိုတောင်းပန်ပါတယ်"
လင်းရုဖေး : "မင်းဘာတွေလျှောက်လုပ်မလို့လဲ အဲ့ဒီအရာကြီးက မင်းကိုသတ်မှာလေ"
သူတို့၏ရှေ့မှာတင်ကို လူတွေအများကြီးအသက်ပေးပြီးပြီဖြစ်သည်။ ဤသည်ကိုမော့ကျောက်ချိုင်က အသိစိတ်လည်းရှိနေသေးတာကိုဘာကြောင့် ဓားပြတွေနောက်လိုက်ချင်နေရတာလဲ။
မော့ကျောက်ချိုင်ပြောသည်။
"ကျွန်တော် မတတ်နိုင်ဘူးလေ"
သူက လေးလေးလံလံသက်ပြင်းချလိုက်ပြီး "ကျွန်တော် တကယ်ကိုမတတ်နိုင်တော့လို့ပါ"
"ဒါပေါ့ မင်းမတတ်နိုင်ဘူးလေ...ဘယ်သူကမင်းကိုမော့မိသားစုရဲ့ခွေးဖြစ်ပေးဖို့ပြောထားလို့လဲ"
လင်းရုဖေး၏အနောက်မှနေ၍ မနှစ်မြို့ဖွယ်ကောင်းသည့်ရီသံတစ်ခုထွက်လာသည်။
"ခွေးဆိုတာက ခြံကိုစောင့်ပေးဖို့လေ ဒီထက်ပိုပြီးမင်းကဘာလုပ်ချင်သေးလို့လဲ"
လင်းရုဖေး လှည့်ကြည့်လိုက်သည့်အခါ မော့ကျောက်ချိုင်ရဲ့ဓားဖြင့် အသတ်ခံလိုက်ရပြီဖြစ်သည့်ဓားပြခေါင်းဆောင်ကိုသူ့အနောက်ကကျောက်တုံးပေါ်မှာအကောင်းပကတိထိုင်နေတာကိုတွေ့လိုက်ရသည်။ သူကသူ့အရှေ့၌ဖြစ်ပျက်နေသည့်ကိစ္စတွေကိုအတော်လေးစိတ်၀င်စားကောင်းသည့်ပွဲကိုကြည့်နေသည့်ပုံဖြင့်ကြည့်နေလေ၏။
"မင်း ဘယ်လိုထင်လဲ ကျောက်ချိုင်"
မော့ကျောက်ချိုင်၏နှုတ်ခမ်းများကတုန်ယင်သွားပြီးအချိန်အတော်ကြာသည်အထိစကားတစ်ခွန်းမဆိုနိုင်ပေ။
"မင်းဘာလုပ်ချင်နေတာလဲ ငါသိတယ် မင်းအဲ့ဒီ မော့ချန်ရှန်းဆိုတဲအကောင်ကိုပြန်ပြိးအသက်သွင်းမလို့မလား"
ဓားပြခေါင်းဆောင်ကခေါင်းကိုတစ်ချက်စောင်းလိုက်ပြီးနောက် လှောင်ပြောင်ရယ်မောလိုက်သည်။
"ဒါပေမယ့်သူက သနားစရာကောင်းလောက်အောင် ခေါင်းကိုတောင်ပြန်မရနိုင်လောက်တော့တဲ့အထိအသေဆိုးမျိုးနဲ့သေသွားတာလေ အဲ့ဒါကိုမင်းကအခုထိအသက်ပြန်သွင်းချင်နေတုန်းလား"
မော့ကျောက်ချိုင် : "မော့ချန်လန် မင်းရဲ့ပါးစပ်ကိုပိတ်ထားစမ်း"
ထိုနာမည်ထွက်လာသည်နှင့် ဓားပြခေါင်းဆောင်ရဲ့သရုပ်မှန်အစစ်ကပေါ်လာပြီဖြစ်သည်။ သူက မော့မိသားစုမှလူတစ်ဦးဖြစ်သည့်အပြင် သေသွားသည့်မော့ချန်းရှန်းနှင့်လည်း နက်ရှိုင်းသည့်ဆက်ဆံရေးလည်းရှိ၏။
မော့ချန်းလန်က ရယ်မောလိုက်သည်။
မော့ကျောက်ချိုင့်က သူအားမုန်းတီးစွာကြည့်နေသည်ကို မော့ချန်းလန်က ဂရုမစိုက်သည့်ပုံဖြင့်လက်ကိုခါယမ်းပြလိုက်ပြီး "ငါကိုဒီလိုအကြည့်မျိုးနဲ့ လာမကြည့်နဲ့ ငါမင်းကိုဘာမှမလုပ်ထားဘူး ပြီးတော့ မင်းသာအဲ့ဒီအရာကိုရသ၍ မင်းကအရင်ဆုတောင်းခွင့်ရမယ့်သူလို့ ငါသတိပေးထားပြီးသားပဲကို"
မော့ကျောက်ချိုင်ကရေရွတ်လိုက်သည်။
"တကယ်လား"
"ငါကဓားပြတစ်ယောက်ဆိုပေမယ့်ကတိတည်ပါတယ်"
မော့ချန်းလန်ပြောလေသည်။
"ဒါပေမယ့် အရင်ကဘာတွေဖြစ်ထားလဲ မင်းလဲမြင်ဖူးတာပဲ ဒါကိုမှ မင်းက သေလမ်းကိုသွားချင်သေးတယ်ရင်တော့ ငါလည်းတားမှာမဟုတ်ဘူး"
___ _____
Translated By IQ-Team.