အခန်း(၅၉)
Viewers 12k

အခန်း(၅၉)《 စွမ်းရည်အဆင့်တက်ခြင်း 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


လီမင်းသည် နျိုသလီအား ကျန့်ယွင်နှင့်တခြားလူများကို အထပ်မြင့် အဆောက်အအုံဆီသို့ ကားဖြင့် ပြန်မောင်းပို့ခိုင်းခဲ့ပြီး သူတို့ပတ်ဝန်းကျင်ရှိ လူတော်တော်များများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော်လည်း သူတို့သည် အခြေစိုက်စခန်းရှိ ယာဉ်များနှင့် စစ်သားများ၏ ခေါ်ဆောင်သွားသည်ကို တွေ့လိုက်သောအခါ တက်ကြွထက်မြက်သော စိတ်ရှိသူများသည် သူတို့သည် ဆန္ဒရှိသလို နှိုး‌ဆော်နိုင်သည့်သူများမဟုတ်သည့်စာရင်းတွင် တိတ်တဆိတ် ထည့်ထားခဲ့ကြသည်။


အပေါ်ထပ်သို့တက်သွားပြီးနောက် သူတို့သည် ဧည့်ခန်းတွင်ထိုင်ကာ စတင်ဆွေးနွေးကြသည်။ မစ်ရှင်တွင်ပါဝင်သင့်သည်ဟု လူတိုင်း တွေးနေကြသည်။ မစ်ရှင်ဆိုက်တွင် ဆင့်ကဲပြောင်းလဲလာသောဖုတ်ကောင်များရှိနေသော်လည်း ဆင့်ကဲပြောင်းလဲလာသည့် ဖုတ်ကောင်များနှင့် ဖြေရှင်းရာတွင် သူတို့၌ အတွေ့အကြုံအချို့ရှိသည်။ သူတို့ပူးပေါင်းပါ၀င်မှုနှင့် မစ်ရှင်၏ အန္တရာယ်ကို အလွန်လျှော့ချ ပေးနိုင်လိမ့်မည်။ ထိုဆိုလာပြားများသည် အခြေစိုက်စခန်းအတွက် အလွန်အရေးကြီးသည်။ ဆိုလာမီးစက်များဖြင့် သူတို့သည် အခြေစိုက်စခန်း ၏ဓာတ်အားထောက်ပံ့မှုပြဿနာကို ဖြေရှင်းနိုင်ပြီး ၎င်းသည် လူတိုင်းအတွက်ကောင်းမွန်၏။ 


ဆိုရိုးစကားအတိုင်းပင် တိုက်ပွဲများမှနေတဆင့် သူတို့၏ စွမ်းအားများကို အဆက်မပြတ် အသုံးချပြီး သူတို့၏ ခွန်အားကို မြှင့်တင်ဖို့ လိုသည်။ သူတို့အနေဖြင့် စုရွေ့ကျယ်၏ နေရာလွတ်ကို မျက်စိစုံမှိတ်အားကိုးပြီး လုံခြုံသောနေရာတစ်ခုတွင် ပုန်း‌နေပါက သူတို့သည် မကြာမီမှာပင် ရက်စက်ကြမ်းကြုတ်သောကမ္ဘာကြီးမှ ဖယ်ထုတ်ခံရလိမ့်မည်ဖြစ်သည်။


မစ်ရှင်တွင် လူတိုင်းပါ၀င်ပါက သုန်သုန်နှင့်ရှောင်ဟေးကိုခေါ်ဆောင်သွားဖို့ရာ အနည်းငယ်ဒုက္ခရှိလိမ့်မည် ဆိုသည့် ကျန်သည့်ကိစ္စများကို သူတို့‌မည်သို့ဖြေရှင်းရမည်ဆိုသည်ပင်။ အခုအချိန်တွင် ရှောင်ဟေး၏ စွမ်းရည်ကို မည်သို့အသုံးချရမှန်း သူတို့မသိ ဖြစ်နေပြီး ကလေးကလည်း အရမ်းငယ်သေးပြီး အန္တရာယ်ရှိလိမ့်မည်။ သို့သော် မစ်ရှင်ရှိတိုင်း ကလေးကို ထားခဲ့၍ မရ‌ချေ။ မဟုတ်ဘူးလား။


ကျောက်ပင်း နှင့် အခြားသူများမှာလည်း ကိုယ်ပိုင်အလုပ်များ ရှိသည်။ တစ်ကြိမ် တစ်ခါ သို့မဟုတ် နှစ်ကြိမ်လောက် အကူအညီတောင်းရန် အဆင်ပြေသော်လည်း ကလေးအား ကူညီစောင့်ရှောက်ပေးရန် အမြဲအကူအညီတောင်းရန် မသင့်လျော်ပါချေ။ ကလေးကို ပြုစုစောင့်ရှောက်ဖို့ အခြေစိုက်စခန်းရှိ တစ်စုံတစ်ယောက်ထံ ပို့လိုက်ရ၍ သူတို့လည်း စိတ်မသက်မသာဖြစ်နေကြသည်။ အကောင်းဆုံးနည်းလမ်းမှာ ကလေးကို စွမ်းရည်နိုးထလာအောင် နှိုးဆော်ပေးခြင်းဖြစ်ပြီး အနည်းဆုံးတော့ မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်းရှိစေရန် ဖြစ်သည်။


ဒါပေမယ့် သူတို့ ကလေးကို နိုးထစေချင်သလား။ 


တကယ်တော့ အမြုတေကို ဝါးမျိုလိုက်ခြင်းဖြင့် စွမ်းရည်ကို နိုးထရန် အခွင့်အလမ်းသည် 50% သာ ဖြစ်သည်။ ကလေး၏ခန္ဓာကိုယ်တွင် ဖုတ်ကောင်ဗိုင်းရပ်စ်ပိုးတိုက်စားမှုကို တွန်းလှန်နိုင်သည့် ပဋိပစ္စည်းရှိသည် သို့မဟုတ် ကလေးသည် နိုးထလာခြင်း၏အဖျားကြီးခြင်းမှ သေချာပေါက် အသက်ရှင်နိုင်သည်ဟု မည်သူမျှ အာမမခံနိုင်ပေ။ အဆုံးမှာတော့ ကလေးသည် အလွန်ငယ်လွန်းနေသေသည်။


ထို့အပြင် ကျန့်ယွင်သည် လွန်ခဲ့သောရက်အနည်းငယ်က သူ့ ဆွဲငင်အားကိုအသုံးပြုသောအခါတွင် အဆင့်တက်သည့်အဆင့်ကို ထိလိုက် သကဲ့သို့ လျှို့ဝှက်ဆန်းကြယ်စွာ ချိုးဖောက်ဝင်ရောက်လုနီးပါး ခံစားခဲ့ရသော်လည်း သူမဝင်ရောက်နိုင်ခဲ့ပေ။ သူ ဘယ်လို အဆင့်တိုးတက်အောင်လုပ်ရမလဲဆိုသည်ကို စုရွေ့ကျယ်အားမေးထားပြီးဖြစ်၏။ စုရွေ့ကျယ်ပြောခဲ့သည်မှာ စွမ်းအားရှင်သည် အဆင့်တိုးတက်မည့်အခြေအနေကို ရရှိဖို့အတွက် အမြုတေကိုစားခြင်းကို အားကိုး၍မရပါချေ။


စွမ်းရည်နိုးထမှုတစ်ခုအတွက် အများအားဖြင့် ဖောက်ထွင်းမြင်ရသော အမြုတေခဲအား စွမ်းရည်ကို ဖြည့်စွက်အားဖြစ်စေရန်အတွက်သာ အသုံးပြုနိုင်သည်။ စွမ်းရည်ကို နောက်ထပ်ပိုမြှင့်တင်လိုပါက ဆင့်ကဲပြောင်းလဲနေသော ဖုတ်ကောင်များ၏ အမြုတေနှင့် တွဲဖက်အသုံးပြုရမည်ဖြစ်သည်။ သင်သည် တစ်ကြိမ်တွင် အောင်မြင်နိုင်သော်လည်း အလျင်စလို မလုပ်နိုင်ချေ။


အမြုတေသည် ဖုတ်ကောင်များ၏ ခန္ဓာကိုယ်ရှိ စွမ်းအင်ပုံဆောင်ခဲတစ်မျိုးဖြစ်ပြီး ဖုတ်ကောင်‌ ရောဂါပိုး အများအပြားပါရှိသည်။ ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်များ၏အမြုတေသည် ပြောင်းလဲသွားပြီး ၎င်းတွင်ပါရှိသော ရောဂါပိုးသည်လည်း ပိုမိုပြင်းထန်လာသည်။ ဆင့်ကဲဖြစ်စဉ်အခြေအနေများနှင့် မကိုက်ညီဘဲ ဆင့်ကဲပြောင်းလဲနေသော ဖုတ်ကောင်များ၏ အမြုတေကို ယူသုံးလိုက်ပါက ၎င်းသည် ရောဂါပိုး၏ တိုက်ရိုက်တိုက်စားခံရပြီး ဖုတ်ကောင်ဖြစ်လာနိုင်ဖွယ်ရှိသည်။


ထို့ကြောင့် စွမ်းအားရှင်များသည် ပိုမိုပြင်းထန်သောဖုတ်ကောင်ဗိုင်းရပ်စ်ပိုး၏ တိုက်စားမှုကို တွန်းလှန်နိုင်ရန်အတွက် သူတို့၏ စွမ်းရည်နှင့် အဆက်မပြတ်တိုက်ပွဲများကို အဆက်မပြတ်အသုံးပြုခြင်းဖြင့် သူတို့၏ခွန်အားနှင့် ကိုယ်ခန္ဓာကို မြှင့်တင်ရမည်ဖြစ်သည်။


အဆင့်တက်ခြင်းဖြစ်စဉ်သည် နိုးထခြင်းထက် ပိုမိုရှည်လျားပြီး ပိုပြီးအန္တရာယ်များသောကြောင့် ကျန့်ကျားဟယ်သည် အဖွဲ့တစ်ခုလုံးတွင် အဆင့်တက်ခြင်းအဆင့်ကို ပထမဆုံးထိ‌တွေ့သူဖြစ်သော်လည်း သူ၏စွမ်းရည်ကို အဆင့်မြှင့်တင်ရန် မှန်ကန်သည့်အခြေအနေကို ရှာမတွေ့သေးချေ။


ကျန့်ယွင်သည် လီမင်းအား သဘောမတူခဲ့ရသည့် တကယ့် အကြောင်းအရင်းသည် ဤပြဿနာကို ဖြေရှင်းဖို့ အချိန်နည်းနည်းလိုသောကြောင့်ဖြစ်သည်။


ပထမဆုံးအနေနှင့် ယွီသုန်သုန်ကို နိုးထစေမှာလားဆိုသည့်ပြဿနာကို ဖြေရှင်းဖို့ရန် လိုအပ်သည်။ ရလဒ်အနေနှင့် အဖွဲ့ထဲတွင် ထောက်ခံချက်နှင့် အတိုက်အခံမဲအရေအတွက်သည် လေးခု လေးခု အထိဖြစ်ပြီး သရေသာဖြစ်နေသည်။ 


ကလေးသည် ချစ်ဖို့ကောင်းပြီး နာခံမှုရှိသည်။ အဖွဲ့တစ်ဖွဲ့လုံးက သုန်သုန်ကို အလွန်သဘောကျကြပြီး အထူးသဖြင့် သုန်သုန်ကို သူ့ညီ‌လေးဟုသတ်မှတ်ပြီးသား စုရွေ့ကျယ်ဖြစ်၏။ စုရွေ့ကျယ်သည် သူ့ကို စွန့်စားခွင့်မပေးချင်သောကြောင့် ကန့်ကွက်ရန် မဲပေးခဲ့သည်။ ဝူကျင်း၊ ကျန်းရှို့လျန်နှင့် စုန့်ချန်ရှုတို့အားလုံးသည် နိုးထခြင်းဝေဒနာကို ခံစားခဲ့ရသည့် အတွေ့အကြုံရှိပြီး ကလေး၏အသက်ကို စွန့်စားဖို့ ရန် ဝန်လေးနေကြသောကြောင့် ကန့်ကွက်မဲပေးခဲ့ကြသည်။


ကျန့်ယွင်၊ ကျန့်ကျားဟယ်၊ ချန်းချီနှင့် ချန်းကျောင်းတို့သည် ကလေးကို ပိုသန်မာဖို့ အခွင့်အရေးတစ်ခုပေးသင့်သည်ဟု ခံစားကြရသည်။ ဤသည်မှာ သုန်သုန်ကို မချစ်ဘူးဟုပြောသည်မဟုတ်ပေ။ သို့သော် လူတိုင်း၌ မတူညီသည့် အမြင်ရှုထောင့်များ ရှိကြသည်။


လူတိုင်း ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေချိန်၌ ကျန့်ကျားဟယ်က “တကယ်တော့ ဒီလိုမဲမျိုးကို မရေတွက်ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သုန်သုန်ကို သူ့ကိုယ်ပိုင်ထင်မြင်ချက်ကို မေးဖို့ မသွားတာလဲ ”


သူတို့ကြားသောအခါ ကျိုးကြောင်းဆီလျော်သည်ဟု ထင်ကြပြီး ယွီသုန်သုန်ကို ခေါ်ရန် ဆုံးဖြတ်လိုက်ကြသည်။


ရလဒ်အနေဖြင့် သူတို့မသွားခင်မှာပင် ကလေး၏ အခန်းတံခါးသည့် ပွင့်နေပြီးဖြစ်၏။ ကလေးသည်တံခါးဝတွင်ရပ်နေပြီး ကြည်လင်သော မျက်လုံးနက်ကြီးများနှင့် ကြည်လင်သောအသံဖြင့် ပြောလာသည်။


“သားကြိုးစားချင်ပါတယ်။ သား သားကိုကိုလိုမျိုး တော်ချင်ပါတယ် ”


ယွီသုန်သုန်လေး၏ အကြံသည် အလွန်ရိုးရှင်းသည်။ သူသည် တစ်ချိန်လုံး အထီးကျန်မနေချင်ပေ။ သူ့အစ်ကိုတွေနှင့်လည်း ယှဉ်ပြီး တိုက်ခိုက်ချင်သည်။ ဒီရက်များတွင် သူသည် စွမ်းရည်တစ်ခုဆိုတာ ဘာဆိုသည်ကို သိလာရပြီး ၎င်းသည် အလွန်ခွန်အားကြီးသော စွမ်းအားတစ်ခုဖြစ်သည်။ တီဗီထဲရှိ စူပါမင်းလိုပင် သူလည်း အလွန်အစွမ်းထက်လာချင်ပြီး သူ့အစ်ကိုများကို ကူညီပြီး ဘီလူးများကို အတူတူတိုက်ခိုက်ချင်ခဲ့သည်။


လူတိုင်းသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြ၏။ ခဏအကြာ စုရွေ့ကျယ်သည် ယွီသုန်သုန်ထံသို့ရောက်လာပြီး သူ့ကိုကြည့်ရန် ငုံ့ကိုင်းလိုက်သည်။


“သုန်သုန် အဲ့အကြောင်း‌ကို ‌‌တွေးပြီးပြီလား။ နိုးထခြင်းဖြစ်စဉ်က နာကျင်ရလိမ့်မယ်။ ပြီးတော့ ကျရှုံးသွားပြီး မင်းက ကြောက်စရာဘီလူးကြီးဖြစ်လာလိမ့်မယ်။ မင်းမကြောက်ဘူးလား ”


သုန်သုန်သည် နူးညံ့ပြီး ချစ်စရာအသံလေးနှင့်ပြောလာ၏။ “သုန်သုန်က မကြောက်ဘူး။ သုန်သုန် ပိုပြီး စွမ်းအားကြီးချင်တယ် ”


“ဒါဆို ကောင်းပြီ ”


စုရွေ့ကျယ်သည် သက်ပြင်းချလိုက်ပြီး သုန်သုန်ကို ဆိုဖာပေါ်သို့တင်ကာ နေရာလွတ်ထဲမှ ဖောက်ထွင်းမြင်ရသော အမြုတေကိုထုတ်ပြီး သူ့ပါးစပ်ဆီသို့ ကမ်းပေးလိုက်သည်။


သုန်သုန်သည် သူ့ပါးစပ်ကိုဖွင့်ပြီး အာ ဟုဆိုကာ အမြုတေကို မျိုချလိုက်ပြီး မျက်လုံးကြီးတွေကိုခတ်ပြီး ပြောလာ၏။ “ကောကော အဲ့ဒါက ပူတယ်.....”


သူ့စကားမဆုံးခင်မှာပင် ကလေးသည် မူးမေ့လဲသွားလေသည်။ သူ့တစ်ကိုယ်လုံး ပူပြီး မျက်နှာသည်နီရဲနေခဲ့၏။ အဖျားကြီးခြင်းကို ခံစားနေရပြီး တကယ်ကိုပင် ကြမ်းတမ်းလှသည်။ ကလေး၏ချစ်စဖွယ်မျက်နှာသွင်ပြင်များသည် ရှံ့မဲ့နေပြီး နဖူးတွင် ချွေးအေးစက်စက်များနှင့် ဖုံးလွှမ်းနေကာ သူ့ခန္ဒာကိုယ်သည် တုန်ယင်နေတာ မရပ်နိုင်အောင်ပင်ဖြစ်‌နေကာ စုရွေ့ကျယ်အား အလွန်ဝမ်းနည်းစေလေသည်။


သူသည် သစ်တော်သီးနှင့် သခွားသီးအမြောက်အမြားကို အမြန်ထုတ်ယူပြီး ကျန့်ကျားဟယ်အား ဟင်းသီးဟင်းရွက်ဖျော်ရည်များစွာကို ညှစ်ထုတ်ခိုင်းလိုက်သည်။ သူသည် အလွန်စိုးရိမ်နေသဖြင့် ကလေးအား ဟင်းရွက်ဖျော်ရည်သုံးခွက်တိုက်ကျွေးကာ ကလေးကို အခန်းထဲမပြန်မီ သူ့အတွက် ပိုးသတ်ဆေးပင်တိုက်ခဲ့‌လေသည်။ ဒီဇယ်ကို လုံးဝဂရုမစိုက်ဘဲ ကလေး၏အခန်းထဲတွင်လေအေးပေးစက်ကို ဖွင့်ထားခဲ့သည်။


သူလုပ်နိုင်သည်များကို ပြီးသွားပြီးနောက် ကလေးဘာလုပ်နိုင်သည်ကိုသာ ကြည့်နိုင်သည်။ ဝူကျင်းသည် ကလေးကို ပြုစုစောင့်ရှောက်ရန် စေတနာ့ဝန်ထမ်းလုပ်ပေးခဲ့သည်။ စုရွေ့ကျယ် ဖြေရှင်းရမည့် တခြားအရာတွေရှိသည်ဆိုသည်ကို သူမသိသည်။


စုရွေ့ကျယ်သည် ဝူကျင်း၏ကြင်နာမှုကိုလက်ခံပြီး ဧည့်ခန်းထဲသို့ပြန်သွားလေသည်။


“အမြုတေကိုစားပြီးရင် စွမ်းအားနိုးထလာနိုင်တာလား ”


ချန်းချီသည် မေးရန် မစောင့်နိုင်တော့ချေ။ အဖွဲ့ထဲတွင် စွမ်းအားမရှိသည့် သာမာန်လူဆိုလို့ ယွီသုန်သုန်မှ လွဲ၍ ချန်းချီသာဖြစ်ပြီး သူလည်း စွမ်းရည်ကို တောင့်တနေခဲ့သည်။


ကျန့်ယွင်သည် အမြုတေကို မည်သို့အသုံးပြုရကြောင်းနှင့် ၎င်း၏အန္တရာယ်များကို ရိုးရိုးရှင်းရှင်းရှင်းပြပြီးနောက် မျက်ခုံးပင့်ကာ မေးလိုက်၏။


 “မင်းကော စမ်းကြည့်ချင်လား”


တကယ်တော့ ချန်းချီ၏အရည်အချင်းနှင့် သူဟာ စွမ်းရည်မရှိလျှင်တောင် တခြားသူများထက် ပိုမဆိုးနေပေ။ သို့သော် သူ ချန်းချီကိုနားလည်သဘောပေါက်‌သောကြောင့် ဒီလူသည် တခြားသူများနောက်တွင်နေဖို့ ဆန္ဒရှိမည် မဟုတ်ပါချေ။


“ဒါပေါ့၊ ဒီအစ်ကိုကြီးက ကျောင်းကျောင်းကိုတောင် မယှဉ်နိုင်ဘူး ”


အသေအချာပင် ချန်းချီသည် စဉ်းစားတွေးတောခြင်းမရှိဘဲ ချက်ချင်းပြန်‌ဖြေလာ၏။ 


စုရွေ့ကျယ်သည် ချန်းချီကိုလည်း အမြုတေတစ်ခုပေးလိုက်၏။ သူမေ့လဲသွားပြီးနောက် သူသည် ဟင်းသီး ဟင်းရွက်ဖျော်ရည် နှစ်ခွက် တိုက်လိုက်ပြီး သူ့ကို ပြုစုစောင့်ရှောက်နိုင်ရန် ချန်းကျောင်းကိုပြောကာ သူ့အခန်းသို့ ပြန်ပို့ခဲ့သည်။


ထို့နောက် အဆင့်မြှင့်တင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သော ကျန့်ယွင်နှင့် ကျန့်ကျားဟယ်တို့ဖြစ်သည်။ စုရွေ့ကျယ်သည် အနီ‌ဖျော့ရောင်ဆင့်ကဲပြောင်းလဲပြီးအမြုတေကို နေရာလွတ်ထဲမှ ထုတ်ယူပြီး သူတို့၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ အမြုတေအစားမီ သူသည် သူတို့အားပန်းသီးတစ်လုံးနှင့် ကြက်ဟင်းခါးသီးတစ်လုံး ဝါးစားခိုင်းကာ ဟင်းရွက်ဖျော်ရည် ခွက်ကြီးနှစ်ခွက်ခန့် သောက်စေ၏။ ထို့နောက် အမြုတေကို မျိုချခိုင်းလိုက်သည်။


မကြာခင်မှာပင် သူတို့သည် အဖျားတက်လာပြီး ကျန်းရှို့လျန်သည် စုရွေ့ကျယ်နှင့် စုန့်ချန်ရှုကိုကူညီကာ သူတို့အား သူတို့အခန်းထဲပြန်ပို့ပေးခဲ့သည်။


စုန့်ချန်ရှုသည် ရေခဲရေများစွာကို ထုတ်လိုက်ကာ အဖျားရှိသူများကို အေးမြစေရန် မျက်နှာသုတ်ပဝါများကို အသုံးပြုခဲ့သည်။ ၎င်းသည် သူတို့အား တိုက်ခိုက်ရာတွင် အောင်မြင်စွာမကူညီနိုင်သော်လည်း ၎င်းသည် သူတို့အား သေချာပေါက် သက်သာရာရစေမည်ဖြစ်သည်။


ထိုအချိန်တွင် လူလေးဦးသည် အဖျားတက်နေပြီး ကျန်သည့်လူများမှာ အနားယူလို စိတ်မရှိကြဘဲ သူတို့အား အလှည့်ကျ ပြုစုနေကြလေသည်။


ပထမဆုံး နိုးလာသူမှာ ချန်းချီဖြစ်ပြီး သူကို သူ့ညီမဖြစ်သူမှ ထူထားပြီး ဖြေးညှင်းစွာ မျက်လုံးများပွင့်လာလေ၏။ 


“ကော၊ နင်နိုးလာပြီ ”


ချန်းချီသည် တစ်နေ့လုံး အိပ်ပျော်နေခဲ့၏။ အစ်ကိုဖြစ်သူ၏ အဆင်မပြေသည့်အသွင်အပြင်ကို ကြည့်ရင်း ချန်းကျောင်းသည် သူ့အတွက် စိတ်ပူနေခဲ့သည်။ အစ်ကိုနှင့် ညီမသည် အမြဲတမ်းရန်ဖြစ်ကြပြီး ဒုက္ခပေးတတ်ကြသည်ဟု ပြောကြသော်လည်း တကယ်တော့ သူတို့၏ခံစားချက်များသည် အလွန်ကောင်းမွန်ပါ၏။


“ကောင်းပြီ၊ ငါအဆင်ပြေပါတယ် ”


“ကော နင်ရဲ့စွမ်းအားက ဘာလဲ ”


ချန်းကျောင်းသည် စိတ်လှုပ်ရှားစွာမေးလာ၏။ 


ချန်းချီသည် အသက်ပြင်းပြင်းရှူပြီး သူ့ခန္ဓာကိုယ်မှ ထူးဆန်းသော စွမ်းအားများကို ခံစားမိခဲ့သည်။ ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခုသည် သူ့လက်ဖဝါးတွင် ထွက်ပေါ်လာလေသည်။


ချန်းကျောင်းသည် အံ့ဩသွားလေ၏။ 


“အာ၊ အဲ့ဒါက မိုးကြိုးစွမ်းရည်လား။ ကော နင်အရမ်းမိုက်တာပဲ ”


“ဟားဟားဟား ”


ချန်းချီသည်လည်း အလွန်စိတ်လှုပ်ရှားနေခဲ့၏။ သူ့စွမ်းရည်သည် သူ့ညီမ၏စွမ်းရည်ထက် ပိုသန်မာပုံရ၏။ 


နိုးထလာသည့် နောက်တစ်ယောက်မှာတော့ ယွီသုန်သုန်ဖြစ်သည်။ ကောင်ငယ်လေးနိုးလာသောအခါ ဗိုက်ဆာနေပြီလို့ အော်ဟစ်လာခဲ့‌လေ၏။ စုရွေ့ကျယ်သည် သူစားဖို့ တစ်ခုခုလုပ်ဖို့ရန် အရင်သွားလေ၏။ ခေါက်ဆွဲခြောက်ကို ပြုတ်တာက အလျင်မြန်ဆုံး ပူပူနွေးနွေး စားစရာဖြစ်သည်။ ထို့ကြောင့် စုရွေ့ကျယ်သည် မီးဖိုခန်းထဲ၌ လျှပ်စစ်သံလိုက်မီးဖိုနှင့် ခေါက်ဆွဲခြောက်ကိုချက်ပြုတ်ခဲ့သည်။ သို့သော် သူအထုပ်ကို မဖောက်ရသေးခင်မှာပင် အခန်းထဲမှ ကလေးအော်သံကြားလိုက်ရ၏။


“ကော‌ကော၊ သား အသီးအရွက်ချဉ်တွေ မစားချင်ဘူး၊ သား အမဲသားကင်အရသာစားချင်တာ”


စုရွေ့ကျယ်သည် အံ့အားသင့်သွားပြီး သူ့လက်ထဲရှိ ခေါက်ဆွဲထုပ်အဟောင်းကိုကြည့်လိုက်၏။ ဒီကောင်လေးက အခန်းထဲကနေ ဘယ်လိုခေါက်ဆွဲမျိုးလဲဆိုတာ ဘယ်လိုမြင်နိုင်တာလဲ။ မဟုတ်မှ...


“ကော၊ သားအဝေးကြီးကို မြင်နိုင်တဲ့ပုံရတယ်”


ကလေး၏အသံသည် အလွန်ခွန်အားပြည့်နေလေ၏။ 


၎င်းသည် စိတ်စွမ်းရည်တစ်မျိုး ဖြစ်ပုံရသည်။ အကယ်၍ ၎င်းသည် အမြင်အာရုံတိုးလာမှုသာဆိုပါက နံရံကိုဖြတ်မသွားနိုင်ချေ။ ကောင်လေး၏ စူးစမ်းလေ့လာရေး နယ်ပယ်သည် အလှမ်းဝေးနေသေးပုံရသည်။ စိတ်အမျိုးအစားများသည် အဆင့်မြင့်မားလာသောအခါတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်စွမ်းလည်းရှိကြောင်း သူသတိရမိသည်။ ဤကောင်လေး၏ ကံတရားသည် တကယ်ကို ကောင်းနေပုံရသည်။