Chapter 26
Viewers 9k

 


အပိုင်း(၂၆)



နှင်းတွေဖုံးလွှမ်းနေတဲ့ တောင်တန်းတွေက လူနေထိုင်နေတဲ့ အရိပ်အယောင်လေး အနည်းငယ်ရှိနေခဲ့တယ်။ ကျီရှောင်အုံး တစ်ယောက် နှစ်နာရီကြာ လမ်းလျှောက်လိုက်ခဲ့တယ်၊ ဒါပေမဲ့ တစ်ခုခုက မမှန်တော့သလိုမျိုး ပိုလို့ ပိုလို့ ခံစားလာရတယ်။


မနေ့က နေရာလွတ်အပြင်ဘက်ကို သူမ အထုတ်ခံလိုက်ရချိန်မှာ အနီးနားတွင် တိရစ္ဆာန်ငယ်လေးတွေ အများကြီးရှိနေခဲ့တယ်။ မြွေပါကတိုးဖြူတွေ၊ စာကလေးတွေ၊ အမြီးရှည် ကြွက်တွေ . . သူတို့အားလုံး အစာလိုက်ရှာကြပြီး နှင်းတောထဲမှာ ခြေရာပေါင်းများစွာ ချန်ထားလိုက်ကြတယ်။


ဒါပေမဲ့ အခုတော့ သူမ တိရိစ္ဆာန်တစ်ကောင်တစ်မြီးမှ မမြင်ရရုံသာမကဘူး ဘာခြေရာမှကို မတွေ့ရတော့ပေ။


ပတ်ပတ်လည်ကို ကြည့်လိုက်တော့လည်း သူမ တစ်ယောက်တည်းပဲရှိနေတာကို တွေ့လိုက်ရတယ်။


သူတို့ အပြင်ထွက်ဖို့ ရာသီဥတုက အရမ်းအေးနေလို့များလား။


ကျီရှောင်အုံး ဒါကလည်း ဖြစ်နိုင်ချေမရှိတာတော့ မဟုတ်ဘူးပဲလို့ တွေးတောလိုက်တယ် ။ ရာသီဥတုအေးအေးနဲ့ သူမတစ်ယောက်တည်းကပဲ အိုးမဲ့အိမ်မဲ့နဲ့ လှည့်လည်သွားလာနေတာပဲလေ။


ကျီရှောင်အုံး အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ သူမအဝတ်အစားတွေကို ပိုတင်းကျပ်အောင်လုပ်လိုက်ပြီးတော့ ရှေ့ကို ဆက်သွားလိုက်ခဲ့တယ်။


နွေးနွေးထွေးထွေးရှိအောင်လို့ သူမဆီမှာ ရှိသမျှ အနွေးထည်အားလုံးကို ထုတ်၀တ်ထားခဲ့ပေမဲ့ သူမမှာ တော်တော်လေး အေးစက် ထုံထိုင်းနေဆဲဖြစ်ပြီး သူမနှုတ်ခမ်းသားတွေတောင် ပြာနှမ်းနေခဲ့ပါတယ်။။


သူမမျက်တောင်တွေပေါ်တွင် နှင်းအလွှာ တစ်လွှာအေးခဲနေခဲ့ပြီး သူမ ရှေ့ကလမ်းကိုတောင် သူမ မမြင်နိုင်တော့ပေ။ ကျီရှောင်အုံး နှင်းတွေအခြေကနေ ပြုတ်ကျလာမှာစိုးတာကြောင့် သူမ သူတို့ကို ပွတ်လဲမပွတ်မချရဲဘဲ ရမ်၏လည်ပင်းတွင်သာ သူမခေါင်းကို မြှုပ်နှံဖို့ ငုံ့ထားလိုက်ခဲ့တယ်။


ရမ် ၏ ခန္ဓာကိုယ် အပူချိန်က သူမထက် ပိုမြင့်တာမို့ ခဏလေးအတွင်းမှာပဲ မျက်တောင်ပေါ်က နှင်းတွေက အရည်ပျော်လာခဲ့တယ်။


သူမ မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ပြီး အရည်ပျော်သွားတဲ့နှင်းတွေကို မျက်တောင်ကနေ ညင်သာစွာ ပွတ်ထုတ်လိုက်ခဲ့ပြီး မေးလိုက်တယ်။ "ထောင်ထောင် နင် အေးနေလား"


ကောင်မလေးရဲ့အေးစက်စက် ပါးပြင်က သူ့အရေပြားပေါ်သို့ ဖိလိုက်ခဲ့တယ်၊ ရမ် က အသံတစ်သံပင် မထွက်လိုက်ခဲ့ပေ။


တိရိစ္ဆာန်တွေမှာက ထူထည်းတဲ့ အမွေးလွှာ တစ်လွှာပါရှိပြီး သူမထက် ပိုထူတာပဲ။


သူမက သူ့ကို နွေးနွေးထွေးထွေးထားဖို့ သူမအ၀တ်အစားထဲမှာတောင် ထည့်ထားတယ်ဆိုတာ ပြောဖို့တောင်မလိုပေ။ သူမက သူ့အတွက် အအေးဒဏ်ကိုအများစုကို ကာကွယ်ပေးထားတာပဲဖြစ်သည်။


. . .


သူမ လုပ်ပေးခဲ့တာက လိုအပ်တာထက်တောင် ပိုနေခဲ့တယ်။ 


ရမ် တိတ်ဆိတ်စွာဖြင့်ပင် ဒီလိုမျိုး နီးကပ်စွာနဲ့ ကောင်မလေးကို ကြည့်ရှုနေခဲ့တယ်။ ကြွေထည်လေးလို ဖြူဖွေးတဲ့ သူမအသားအရေက အခုဆို ပိုလို့တောင် ဖြူဆွတ်လာခဲ့ကာ ဖောက်ထွင်းလို့ မြင်လုနီးပါးပင်။


သူ တွေးတောလိုက်တယ် ... 'သူမက အခြားသူတွေအားလုံးကိုလည်း ဒီလိုမျိုးပဲ သံသယတစ်စွန်းတစ်စလေးတောင် မရှိတာများလား။'


အချိန်အတော်ကြာပြီးနောက် ရမ် သူ့မျက်လုံးတွေကို သူမ မျက်နှာဆီမှ ရုတ်သိမ်းလိုက်ပြီး သူ့မျက်လုံးတွေကို မှိတ်ကာ သူမအား သူ့ကို နွေးထွေးစေဖို့ ဆက်ပွေ့ထားခွင့် ပြုလိုက်ခဲ့သည်။


လမ်းလျှောက်လာရင်းနဲ့ ကျီရှောင်အုံး နောက်ဆုံးတော့ နှင်းရှဉ့်တစ်ကောင်ကို မြင်လိုက်ရတော့တယ်။


ရှဉ့်ကလေးက အရမ်းမဝေးတဲ့နေရာတွင် ခြေသည်းတိုတိုလေးတွေနဲ့ ထင်းရှူးသီးတစ်လုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း မတ်တပ်ရပ်ကာ သူမတို့နှစ်ယောက်စလုံးအား ငေးကြောင်ကြောင်နဲ့ ကြည့်ရှုနေခဲ့တယ်။


ကျီရှောင်အုံး စိတ်က အနည်းငယ်လေး စိတ်သက်သာရာ ရသွားလိုက်တယ်။


လတ်စသတ်တော့ ဒီနေရာမှာ အခြားသက်ရှိသတ္တဝါတွေလဲ ရှိသေးတာပဲ။ သူမ တစ်ယောက်တည်း မဟုတ်တော့ဘူးပဲ!


သူမ အကောင်ငယ်လေးအား ဟေးလို့ နှုတ်ဆတ်ရန် ကြံလိုက်ပြီး ခြေလှမ်းလေး တစ်လှမ်း လှမ်းလိုက်ချိန်မှာတော့ အကောင်ငယ်လေးက ထင်းရှူးသီးကို ရုတ်တရက် ပစ်ချလိုက်ပြီး သူ့ဗိုက်ထဲက တဂွီးဂွီးအော်မြည်သံနဲ့အတူ အဝေးကို သုတ်ခြေတင် ထွက်ပြေးသွားခဲ့တော့၏။


ကျီရှောင်အုံး သူ ရောက်နေသောနေရာကို အာရုံထွေပြားစွာနဲ့ စိုက်ကြည့်ရင်း "???"


'သူမက ရန်ပြုတတ်တဲ့ သားရဲတစ်ကောင်နဲ့မှ မတူတာပဲ၊ အဲဒါဆို ဘာလို့များ ရှဉ့်က သူမကို မြင်တာနဲ့ ပြေးသွားလိုက်ရတာလဲ။'


ကျီရှောင်အုံး အရင်က သူမ ဖတ်ဖူးခဲ့တဲ့ စာအုပ်တစ်အုပ်ကို သွားအမှတ်ရသွားလိုက်တယ်၊ အဲဒီစာအုပ်ထဲမှာက တိရိစ္ဆာန်တွေမှာ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေရှိလာရင် မကြာခင်မှာ ဖြစ်လာတော့မဲ့ ဘေးအန္တရာယ်ကို နိမိတ်ပြတာ ဆိုလားပဲ။


'တောင်ပေါ်မှာ ဘေးအန္တရာယ်တစ်ခုဆိုတော့. . နှင်းတောင်ပြိုကျတော့မှာလားပဲ။'


ကျီရှောင်အုံးရဲ့ နှလုံးသားထဲတွင် ထိတ်လန့်ခြောက်ခြားမှုတွေနှင့် ပြည့်နှက်လို့သွားလိုက်တယ်၊ သူမ တောင်ပေါ်ကို မော့ကြည့်လိုက်ခဲ့တယ်။ နေရောင်က တောက်ပနေပြီး နှင်းတွေဖုံးနေတဲ့ တောင်တန်းတွေက တိတ်ဆိတ်နေခဲ့တာက နှင်းတောင်ပြိုကျမှာနဲ့မှ မတူတာဘဲ ။


ဒါပေမဲ့ . . ထိတ်လန့်စွာနဲ့ ကျီရှောင်အုံး သူမ သံလိုက်အိမ်မြှောင်ကို လိုလိုမယ်မယ် ထုတ်လိုက်ပြီး ဖြစ်နိုင်သမျှမြန်မြန်လေး ထွက်သွားလို့ရမဲ့ လမ်းကြောင်းကိုရွေးဖို့ ဆုံးဖြတ်လိုက်ခဲ့တယ်။


သံလိုက်အိမ်မြှောင်တွင် ကြေးနီမှန်တစ်ချပ်ပါရှိပြီး ကျီရှောင်အုံးရဲ့လက်မက အစွန်းဘက်ကို လှန်လိုက်ခဲ့တယ်။ သူမ အမှတ်တမဲ့နဲ့ မှန်ထဲကို ကြည့်မိလိုက်တော့ မှန်ထဲက ပုံရိပ်ကို သူမ မြင်လိုက်ရချိန်မှာတော့ သူမ တောင့်တင်းသွားတော့တယ်။


မှန်ထဲတွင် ထင်ထင်ရှားရှား ထင်ဟပ်နေတာကတော့ နက်မှောင်တဲ့အမွေးတွေရှိပြီး စွမ်းအားကြီးတဲ့ ခြေတွေလက်တွေနှင့်အတူ သားရဲတစ်ကောင်၏ ခန္တာကိုယ်ကောက်ကြောင်းပင်ဖြစ်တယ်၊ ပြီးတော့ အဲဒီသားရဲက အလွန်ကို မဝေးလွန်းနေခဲ့ပေ။


အဝါရောင်ဖျော့ဖျော့မျက်လုံးများက ရန်လိုမှုအပြည့်ဖြင့် သူမကို စူးစူးစိုက်စိုက်စိုက်ကြည့်နေခဲ့တယ်။


ထိုသားရဲက လူသားပုံစံမဟုတ်ခဲ့ပေ၊ ဒါပေမဲ့ တကယ်တမ်းက ကျားသစ်နက်တစ်ကောင်ဖြစ်နေခဲ့လေတယ်။


ကျီရှောင်အုံးတစ်ယောက် အံ့အားသင့်စွာဖြင့် သံလိုက်အိမ်မြှောင်ကို မြေကြီးပေါ်ကို ပစ်ကျသွားခဲ့တယ်။


ထိုအခိုက်အတန့်တွင်တော့ သူမစိတ်ထဲတွင် ဗလာကျင်းသွားပြီး မယုံနိုင်လောက်အောင် ရှင်းလင်းသွားခဲ့တယ်။


လမ်းတစ်လျှောက်လုံးလုံး တိရိစ္ဆာန်ငယ်လေးတွေမရှိတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ ရှဉ့်လေးက သူမကို မြင်ပြီး ပြေးသွားတာ အံ့သြစရာမရှိတော့ဘူးပဲ....... .


နှင်းတောင် ပြိုကျတာတော့ မဟုတ်ဘူး ဒါပေမဲ့........


ကျီရှောင်အုံး သူမကိုယ်သူမ စိတ်တည်ငြိမ်အောင်ထားဖို့ ဖိအားပေးလိုက်ပြီး သံလိုက်အိမ်မြှောင်ကို ကုန်းကောက်လိုက်ခဲ့ပေမဲ့ သူမ ထိန်းလို့မရအောင် တုန်တုန်ယင်ယင်ဖြစ်နေခဲ့တယ်။


'—— ဘယ်လိုလုပ် လောရန့် ခြေရာခံမိသွားတာလဲ။'


'သူမနောက်ကနေ လိုက်နေတာ ဘယ်လောက်တောင်ကြာသွားပြီလဲ။ ဘယ်တုန်းကထဲကလဲ။'


မေးခွန်းတွေ တစ်သီတစ်တန်းကြီးက သူမစိတ်ထဲ ပြည့်နှက်နေခဲ့ပြီး ကျီရှောင်အုံး ပုံမှန်အခြေအနေလိုတောင် မစဉ်းစားတတ်တော့ပေ။


သူမ လက်နှစ်ဘက်စလုံး ချွေးစေးတွေ ထွက်ရှိနေပြီး သူမ သံလိုက်အိမ်မြှောင်ကို တင်းတင်း ဆုပ်ကိုင်ထားရင်း နည်းနည်း ပူပန်သောကရောက်နေခဲ့တယ်။


'ဘယ်လိုလုပ်ရပါ့မလိမ့်။'


ကျီရှောင်အုံး သူမရဲ့ကောက်ယူတဲ့အရှိန်ကို မြှင့်လိုက်ပြီး စိတ်ကယောက် ကယက်ဖြစ်စွာနဲ့ ချောက်ကမ်းပါးတစ်ခုကို ကျောထောက်နောက်ခံထားတဲ့ ကျောက်ဆောင်ကြီးတစ်ခု၏ အကွယ်နောက်သို့ လှမ်းလိုက်ခဲ့တယ်။


ပြီးခဲ့တဲ့တစ်ကြိမ်တုန်းက သူမနဲ့ထောင်ထောင်တို့ ကပ်ဘေးကနေ လွတ်မြောက်ဖို့ သူမရဲ့နေရာလွတ်ထဲမှာ ပုန်းလိုက်နိုင်ခဲ့တာပဲ၊ အခုရော သူမတို့ ဝင်နိုင်မှာလားပဲ။


ကျီရှောင်အုံးက သူမကိုယ်သူမ အတင်းတည်ငြိမ်အောင်လုပ်လိုက်ပြီးတော့ သူမ မျက်လုံးတွေကိုမှိတ်ပြီး သူမနေရာလွတ်ထဲကို သူမကိုယ်သူမ"သွတ်သွင်း"ဖို့ ကြိုးစားလိုက်ခဲ့တယ်။ သူမ နှစ်ကြိမ်တိတိ ကြိုးစားလိုက်ပေမဲ့ ဘာရလဒ်မှ ထွက်မလာခဲ့လိုက်ပေ။


*******


သူမ နေရာတွင်ပင် ရှိနေဆဲဖြစ်ကာ၊ ဘာမှ ပြောင်းလဲသွားခြင်းမရှိခဲ့။


ပြီးခဲ့တဲ့အကြိမ်က မတော်တဆ သူ့ဘာသာသူ ဖြစ်သွားလိုက်ပေမဲ့ သူမ ဘယ်လောက်ပဲ ထပ်ကြိုးစားပါစေ အဲဒါက အသုံးမဝင်ဘူးပဲ။


**********


ကျီရှောင်အုံး နောက်ဆုံးတွင်တော့ အရှုံးပေးလိုက်ခဲ့ပြီး ထွက်ပြေးရန် ကြံရွယ်လိုက်တယ်၊ သူမ အချိန်မဖြုန်းတော့ပေ။


သို့ပေမဲ့လည်း သူမ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ အဝါရောင်မျက်လုံးတစ်စုံက သူမခေါင်းနဲ့ မျက်နှာလာမူထားလေတယ်။


ကျီရှောင်အုံး အံ့သြသွားပြီး ထပ်ခါတလဲလဲ နောက်ကို ပြန်ဆုတ်သွားလိုက်တယ်။


လောရန့် က ဘယ်အချိန်က ဘယ်လိုရောက်လာပြီးတော့ ကျောက်တုံးတစ်ဖက်တွင် လာရပ်နေလိုက်မှန်း သူမ မသိပေ၊ သူ့ရဲ့သားရဲပုံစံကိုတော့ ထိန်းသိမ်းထားနေတုန်းပင်။


"မင်း ဘယ်သွားမလို့လဲ" ကျားသစ်နက်က သူ့ပါးစပ်က ပိတ်လျက် သူမကို စိုက်ကြည့်နေခဲ့တယ်။


ကျီရှောင်အုံး ခြေထောက်တွေက ပျော့ခွေကျသွားကာ မြေပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားလိုက်တယ်။ ဒါက ကျားသစ်နက်တစ်ကောင် စကားပြောတာကို သူမ ပထမဆုံးအကြိမ် တွေ့လိုက်ရတာပဲဖြစ်တယ်၊ အတွေ့အကြုံကတော့ လုံးလုံး စိတ်ချမ်းမြေ့ဖွယ်ကောင်းမနေခဲ့ပေ။


ကျားသစ်နက်က တစ်လှမ်းပြီး တစ်လှမ်း ရှေ့သို့ တိုးလာလိုက်ပြီး ကျီရှောင်အုံးကတော့ တစ်လှမ်းပြီး တစ်လှမ်း နောက်ပြန်ဆုတ်လို့သွားခဲ့တယ်။


လောရန့်ရဲ့ ခြေသည်းတွေက မြေကြီးထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ ခြေလှမ်းတစ်လှမ်းတိုင်းတွင် နှင်းထုက တစ်လက်မလောက် ကျဆင်းသွားခဲ့တယ်။


သူ့မျက်လုံးအကြည့်တွေက တိကျပြီး ရမ် အပေါ်မှာ မျက်ချေမပြတ်ခဲ့ ။


မနေ့က သူတို့ တွေ သဲလွန်စတစ်စမှ မရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီး သူတို့ဘယ်မှာရှိတယ်ဆိုတာကို ရှာဖွေဖော်ထုတ်ဖို့ သူ ခြေကုန်လက်ပန်းကျအောင် အပြင်းအထန် အားထုတ်ထားခဲ့လိုက်ရတယ်။ ဒီတစ်ခါတော့ သူ သူတို့ကို အလွတ်မပေးနိုင်တော့ပေ။


လောရန့်၏ခြေလက်တွေက ကျုံ့ဝင်သွားပြီးနောက် သူ ဆတ်ခနဲ ရှေ့တိုးလိုက်ကာ ကျီရှောင်အုံးဆီသို့ ရုတ်ခြည်း ခုန်အုပ်လိုက်ခဲ့တော့တယ်!


ကျီရှောင်အုံးရဲ့ ခန္ဓာကိုယ်က ထိတ်လန့်တကြားနဲ့ နောက်သို့ တအားဆုတ်သွားလိုက်တယ်။


သူမနောက်တွင်တော့ ကုန်းလျှောတစ်ခုသာရှိတော့ ခြေထောက်တစ်ဖက်က ဘာမှမရှိတဲ့ လေပေါ်ကို ရောက်သွားတော့တယ်။ သူမခန္ဓာကိုယ်က အချိန်ခဏလေးအတွင်း ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး သူမ မြန်မြန်လုံလောက်အောင် မတုံ့ပြန်နိုင်တော့ဘဲ သူမတစ်ကိုယ်လုံး ဒလိမ့်ကောက်ကွေး လိမ့်ဆင်းကျသွားတော့တယ်။


သူမ မသိစိတ်အရ သူမလက်မောင်းထဲက ကျားသစ်လေးကို ကာကွယ်ဖို့ သူမ ခန္ဓာကိုယ်ကို ခွေခေါက်လိုက်ခဲ့တယ်။


တောင်စောင်းကနေ တလိမ့်လိမ့် လိမ့်ကျနေစဉ် ထောင်ထောင်က ထိခိုက်မှု မရှိခဲ့ပေမဲ့ သူမရဲ့ကျောကုန်း နှင့်ခြေလက်တွေကတော့ ကျောက်တုံးတွေနဲ့ ရိုက်မိသွားလိုက်တယ်။


အထူးသဖြင့် သူမရဲ့ ခြေကျင်းဝတ်က အပြင်းအထန်နာကျင်သွားလိုက်ပြီး ခြေကျင်းဝတ် အဆစ်လွဲသွားတဲ့ပုံပင်။ 


ကျီရှောင်အုံး ကမောက်ကမနဲ့ မတ်တပ်ရပ်လိုက်ပြီး သူမလက်တွေကို ရုတ်တရက် ဖြေလျော့လိုက်တော့ သူမပွေ့ဖက်မှုထဲကနေ ရမ်က လိမ့်ကျသွားခဲ့တယ်။


သူ့ရဲ့မျက်လုံးပြာပြာတွေက ဂရုမစိုက်ဟန်ဖြင့် လောရန့်ကို တည့်တည့်ပင် စိုက်ကြည့်နေခဲ့၏။


လောရန့်ကလည်း တောင်ကုန်းပေါ်မှ သူ့ကို ငုံ့ကြည့်နေခဲ့တယ်။


ကျားသစ်ငယ်တစ်ကောင်နှင့် အရွယ်ရောက်ပြီးသား ကျားသစ်တစ်ကောင်သည် ကိုယ်ခန္တာအရွယ်အစား ကွဲပြားရုံသာမကဘဲ ခွန်အားအရာတွင်ပါ ကွဲပြားလေတယ် . . စကားကျယ်ကျယ် ထုတ်ဖော်ပြောဖို့ မလိုအပ်ခဲ့ပေ။


လောရန့် အား တစ်ကိုယ်တော် တိုက်ခိုက်တော့မဲ့ အတိုင်း တိုက်ဖို့အသင့်ဖြစ်နေလေတဲ့ ရမ်ရဲ့ ကွေးနေတဲ့ ကျောကုန်းကို မြင်လိုက်ရတော့ ကျီရှောင်အုံးက ရမ်ရဲ့ကိုယ်လေးကို အမြန်ဆွဲယူလိုက်ခဲ့တယ်၊ "ထောင်ထောင် မဟုတ်ဘူး... နင်က သူ့ပြိုင်ဘက် မဟုတ်ဘူး၊ နင်ကပဲ သူသတ်တာ ခံရလိမ့်မယ်!"


ရမ်က သူမလက်ထဲတွင် ရုန်းကန်နေခဲ့တယ်။ ကျားသစ်တစ်ကောင်ဖြစ်တဲ့ သူ့ဂုဏ်သိက္ခာက သူ့အား ငကြောက်တစ်ကောင်လို မိန်းမပျိုလေးရဲ့ရင်ခွင်ထဲမှာ ပုန်းနေဖို့ ခွင့်မပြုလိုက်ခဲ့ပေ။


သူ ဒေါသတကြီး မာန်ဖီလိုက်ခဲ့တယ်။


ကျီရှောင်အုံးက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး လောရန့် ချဉ်းကပ်လာတာကို ကြည့်နေရင်း သူ့ကို လွှတ်ပေးဖို့ ငြင်းဆန်လိုက်ခဲ့တယ်။ သူမ နှလုံးခုန်သံကို သူမပြန်ကြားလိုက်ရပြီး သူမမျက်လုံးတွေကို မှိတ်ထားလိုက်ကာ ရမ်အား သူမနေရာလွတ်ထဲကို အမြန်ထည့်သွင်းလိုက်ခဲ့တယ်။


သူမ အဲဒီမှာ ပုန်းအောင်းဖို့ နည်းလမ်းမရှိပေမယ့် ထောင်ထောင်ကတော့ ပုန်းနိုင်လေတယ်။


သူမ သူ့ကို ကျိန်းသေပေါက် လုံခြုံအောင် ထားရမယ်။


******


နောက်ထပ်တစ်ဖန်ပင် လောရန့် တစ်ယောက် သူ့နှာခေါင်းအောက်မှာတင်ပဲ ရမ် ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်ရပြန်တယ်။


.... အဲဒီ မိန်းမပျိုကြောင့်ပဲ။


လောရန့်၏ မျက်လုံးများ အတွေးနက်သွားလိုက်ကာ ကျီရှောင်အုံးအား ဒေါသအပြည့်ဖြင့် ကြည့်နေလိုက်ခဲ့တယ်။ ဒေါသတကြီးဖြင့် သူ ခုန်ချလိုက်တော့သည်။


ကျီရှောင်အုံး နာကျင်မှုကို ကြံ့ကြံခံကာ မတ်တပ်ရပ်လိုက်ပြီး ဒယိမ်းဒယိုင်နဲ့ လှည့်ထွက်ပြေးသွားခဲ့တယ်။


ကူကယ်ရာမဲ့နေတဲ့ လူသားတစ်ယောက်ရဲ့ခြေထောက်များသည် ကျားသစ်တစ်ကောင်ရဲ့ခြေလက်တွေနဲ့ နှိုင်းယှဉ်လို့ မရနိုင်ပေ။ သူမဘယ်ဘက်ခြေကျင်းဝတ်က အဆစ်လွဲနေတာကိုတော့ ထည့်ပြောဖို့တောင် မလိုပေ။


သူမ ဝေးဝေးလံလံ မရောက်လိုက်ခဲ့ပေ။ လောရန့် ဖမ်းမိသွားခဲ့ပြီး ကျီရှောင်အုံးအား အောက်သို့ တွန်းချကာ သူ့ကိုယ်အလေးချိန်ဖြင့် သူမကို ဖိလိုက်ခဲ့တယ်။


ကျီရှောင်အုံးရဲ့နဖူးပြင်က ကျောက်တုံးနဲ့ ပြင်းထန်စွာ တိုက်မိသွားလိုက်ပြီး သူမဦးနှောက်ပင် ဝီခနဲအသံနှင့်အတူ အူသွားခဲ့တယ်။


တစ်ချိန်တည်းမှာပင် လောရန့်က သူမကို မှောက်လှန်လိုက်ပြီး "မိန်းမပျို ...ရမ့်ကို လွှဲပေးစမ်း။"


ခုလေးတင်ခံလိုက်ရတဲ့ ထိရိုက်မှုက ပြင်းထန်လွန်းတော့ သူ့စကားပြောတာတောင် သူမ မကြားရနိုင်တော့ဘဲ ခက်ခက်ခဲခဲ မေးလိုက်ရတယ်။".......ဘယ်သူလဲ" 


လောရန့်အမြီးက သူမလည်ပင်းတွင် ရစ်ပတ်ထားကာ သူ အေးစက်စွာ ပြောလိုက်ခဲ့၏။ "ရမ်... သူ့ကို လွှဲပေး" 


". . ."


"ရမ်" ထိုစကားလုံးက ရှင်းလင်း ပြတ်သားစွာ ထွက်ပေါ်လာပြီး သူမနားစည်တွေထိ ဆောင့်ဝင်သွားခဲ့တယ်။


"... "


ကျီရှောင်အုံး မှင်တက်စွာနဲ့ ဝမ်းလျားမှောက် လဲလျောင်းနေရာမှ သူမရဲ့အသိစိတ်က နောက်ဆုံးတွင် ပြန်လည်နိုးကြားသွားခဲ့တယ်။


'သူ ဘာလို့ "ရမ်" ဆိုတာကို ဆက်ပြီး ပြောနေရတာလဲ။'


'သူ့ပါးစပ်က အဲဒီ "ရမ်"ဆိုတဲ့စကားက . . သူမ ထောင်ထောင်ကို ဆိုလိုတာလား။'


အဲဒီလိုတွေးရင်းနဲ့ ကျီရှောင်အုံး သူမခေါင်းကို ခါရမ်းပြီး "ငါ သူ့ကိုမသိဘူး... ငါ သူနဲ့ဘာမှမပတ်သတ်ဘူး"


ထိုဟာက မှန်ချင်မှန် မမှန်ချင်နေ သူမ အကောင်ပေါက်လေးကိုတော့ သူ့ကို မပေးနိုင်ဘူးပဲ။


ကံမကောင်းစွာပဲ ဒီလိုထိတ်လန့်တုန်လှုပ်နေတဲ့ လေသံနှင့် ဂနာမငြိမ်တဲ့အကြည့်တွေကြောင့် လောရန့်က ထိုစကားက လိမ်ပြောတယ်ဆိုတာကို လွယ်လွယ်နားလည်လိုက်တယ်။


ပြောစရာမလိုအောင်ပဲ အခုလေးတင် ရမ့် အား "ဝှက်လိုက်တာ" သူကြည့်လိုက်ခဲ့ရတာပဲလေ။


လောရန့်၏ ဒေါသတွေက တရှိန်ထိုးတက်လာခဲ့ကာ သူ့မျက်လုံးတွေက အေးခဲမှတ်အထိ ရောက်ရှိသွားလိုက်ပြီး သူ့အမြီးက သူမလည်ပင်းပတ်လည်တွင် ရုတ်ခြည်းပင် တင်းကျပ်သွားလိုက်တယ်။


သူ ဟိန်းဟောက်လိုက်တော့၏။ "တုံးအလိုက်တဲ့--မိန်းမပျို!" 


ကျားသစ်နက်၏ စိတ်ရှည်မှုက ခမ်းခြောက်သွားလိုက်ပြီး ကောင်မလေးနဲ့ ရှည်ရှည်ဝေးဝေး ထပ်မပြောချင်တော့ပေ။


လက်သည်းများက ဘလိတ်ဓားတွေလို ရှည်ထွက်လာခဲ့ကာ လောရန့် သူ့လက်သည်းကို မြှောက်ပြီး သူမဝမ်းဗိုက်ဆီသို့ ပြင်းထန်စွာ ထိုးသွင်းလိုက်တော့တယ်—


ကျီရှောင်အုံးရဲ့ကိုယ်က တောင့်တင်းသွားပြီး သူမ ဗိုက်တွင် လက်တစ်ဖက် တင်လိုက်ကာ ဂရုတစိုက် ဆုပ်ကိုင်လိုက်တယ်။


သူမ ခေါင်းကို မြှောက်လိုက်ချင်ပေမဲ့ သူမလည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် သူမ မလှုပ်နိုင်ခဲ့ပေ။


နီရဲသောသွေးတွေက ကောင်မလေး၏ဝမ်းဗိုက်မှ စိမ့်ထွက်လာခဲ့ကာ သူမ ခန္တာကိုယ်အောက်သို့ စီးဆင်းသွားပြီး ဆီးနှင်းများအောက်တွင် လျင်မြန်စွာ အဆုံးသတ်သွားခဲ့တယ်။


လောရန့် သူ့ ခွန်အားကို တိုးမြင့်လိုက်ကာ သူမခန္ဓာကိုယ်ထဲသို့ ပိုနက်တဲ့အထိ ကုတ်ဆွဲလိုက်ခဲ့ပြီး တုံ့ခနဲ ပြန်ဆွဲထုတ်လိုက်ရာ ပန်းပွင့်တစ်ပွင့်လို သွေးတွေက ဖျန်းပက်သွားခဲ့တယ်။


ကျီရှောင်အုံး အော်ဟစ်ရန်ပင် ခွန်အားမရှိတော့ပဲ အကြောဆွဲကာ လှုပ်ယမ်းသွားခဲ့တယ်။


သူမလည်ချောင်းထဲတွင် ချိုမြိန်လာပြီး သူမ ချောင်းဆိုးချင်ပေမဲ့ သူမ မဆိုးနိုင်ခဲ့ဘဲ သူမ မျက်လုံးထဲမှ မျက်ရည်များ စီးကျလာတဲ့အတိုင်း ပါးစပ်အပြည့်သွေးတွေက သူမလည်ချောင်းထဲတွင် တစ်ဆို့သွားတော့တယ်။


. . .


'အရမ်းနာလိုက်တာ . .'


ကျီရှောင်အုံးဆီက သွေးများက စမ်းရေလို အပြင်သို့ ပန်းထွက်ကျလာတာကနေ ဒဏ်ရာကို သူမလက်တွေနဲ့ ဖုံးအုပ်ထားလိုက်ပေမဲ့ ဖုံးအုပ်ထားဖို့က အလွန်ကြီးမားလွန်းနေခဲ့တယ်။


သွေးတွေက လျင်မြန်စွာ ပွဖောင်းလာနေတဲ့ လက်ဖက်ခြောက်ဖတ်လိုပဲ သူမ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အကွာအဝေးကျယ်ပြန့်စွာ စီးဆင်းသွားခဲ့တယ်။


ပန်းပွင့်အလယ်တွင် အတွင်းနက်နက်မှ ကောင်မလေး၏အသက်က ဖြည်းညင်းစွာဖြင့် စတင် ကုန်လွန်လာခဲ့တော့တယ်။


ကျီရှောင်အုံးတစ်ယောက် ဒီသွေးအမိုးခုံးကို ကြည့်လိုက်ပြီး မတွေးဘဲမနေနိုင်ဘဲ ရူးကြောင်ကြောင် တွေးမိလိုက်တယ်။


'ဒီတစ်ခါတော့ သူမ တကယ်သေသွားတော့မှာပဲ. .'


'သူမ သေသွားတာနဲ့ သူမကမ္ဘာကို သူမ ပြန်နိုင်တော့မှာလား။'


ကျီရှောင်အုံး ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများကို မှိတ်ချထားလိုက်တယ်။ ဒါပေမဲ့ သူမအိပ်ငိုက်နေချိန်တွင် ရုတ်ခြည်းပင် ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရခဲ့တယ်။


အဲဒီအသံက အဝေးကလာနေသလိုပဲ။


ဒါပေမယ့်လည်း သူမနားနဲ့ အရမ်းနီး‌နေတာပဲ။


သိပ်မကြာခင်မှာပဲ ကျစ်လျစ်ပေမယ့် လျင်မြန်တဲ့ သားရဲတစ်ကောင်က သူမခေါင်းပေါ် ခုန်တက်လာခဲ့တယ်။


မီးခိုးရောင်-အနက်ရောင်အစက်အပြောက်‌တွေရှိပြီး အလွန်ကြီးမားတဲ့ခန္တာကိုယ်တစ်ခုရှိကာ သူ့နောက်တွင် ထူထဲသောအမြီးတစ်ချောင်း တန်းလန်းကျလျက် ကပ်ပါလာခဲ့တယ်။


—— သားရဲက အဝေးမှာရှိတဲ့ လောရန့် ဆီသို့ တစ်ဟုန်ထိုး ပြေးလွှားသွားလိုက်ခဲ့တယ်၊ လက်သည်းနှစ်ဖက်က ကျားသစ်နက်ပခုံးကို တင်းတင်းဆုပ်ကိုင်ထားပြီး မျက်လုံးပြာများက သူ့ကို ဂရုမစိုက်ဟန်ဖြင့် စိုက်ကြည့်‌နေခဲ့တယ်။ သူ့သွားတွေကို ကြိတ်လိုက်ကာ သူ့မျက်နှာအမူအရာထဲတွင်တော့ ရက်စက်ကြမ်းကြုတ်တဲ့ ဒေါသမီးတစ်ခုအား ဖွင့်ထုတ်နေခဲ့တော့၏။


The End....