Chapter 35
Viewers 9k

 


အပိုင်း (၃၅)



ထူထပ်သိပ်သည်းတဲ့ တောအုပ်က စိမ်းစို၊ ရှည်လျား၊ ဖြောင့်တန်းစွာဖြင့် သူမအား ပတ်ချာလည်ဝိုင်းရံထားခဲ့၏။


ချောမွေ့ပြီး လုံးဝန်းနေတဲ့ ငှက်တစ်ကောင်က တောင်ပံ တဖျပ်ဖျပ် ခတ်ကာ သစ်ကိုင်းတစ်ခုပေါ်မှာ လာရပ်နားလိုက်ပြီး နှင်းများအား အပေါ်ကနေ ရိုက်ခတ်ကာ ကျစေလိုက်တယ်။


သစ်ကိုင်းကနေ နှင်း‌တွေ ပြုတ်ကျလာပြီး ကျီရှောင်အုံး မြေပုံကိုကိုင်ဖို့ သုံးနေတဲ့လက်ထဲသို့ တန်းခနဲကျသွားခဲ့တယ်။ သူမလက်ထဲက နှင်းတွေကို ဖယ်လိုက်ပြီး အပေါ်ကိုမော့ကြည့်လိုက်တော့ မာနကြီးတဲ့ စာက‌လေးငှက်က သူ့အတောင်ပံတွေကို ထပ်ခတ်လိုက်ပြီး ပျံသွားလိုက်ခဲ့တယ်။


ကျီရှောင်အုံး လေး ငါးနာရီခန့်ကြာ လမ်းလျှောက်သွားလိုက်ခဲ့တယ်။ သူမမှာ သံလိုက်အိမ်မြှောင် မရှိ‌ပေမဲ့လည်း ဒီတောပိုင်းက လမ်း‌တွေကို ကျွမ်းကျင်နေခဲ့ပြီး သူမ၏စိတ်အတွင်းထဲထိ မှတ်မိနေတုန်းပင်။ သူမ မြေပုံကိုလည်း ကြိုတင်ဆွဲထားပြီးသားမို့ ချောချောမောမော ဆက်လျှောက်သွားနိုင်ခဲ့တယ်။


အဲဒီနေ့ညတွင်တော့ ကျီရှောင်အုံး သဘာဝအလျောက် အ‌ခေါင်းပေါက်ဖြစ်နေတဲ့ သစ်ပင်တစ်ပင်ကို ရှာတွေ့လိုက်ခဲ့တယ်။


သူမ သူမနေရာလွတ်ထဲမှ ခြုံစောင်အသစ်ကို ထုတ်ကာ လေဝင်ပေါက်ကို ပိတ်ကာဖို့ အထဲကနေ ချိတ်ဆွဲလိုက်ပြီး သူမအား အလုံပိတ်ထားစေလိုက်တယ်။


သူမ ညစာအတွက် အသင့်စားခေါက်ဆွဲခြောက်တစ်ထုပ်ကို ပြုတ်စားပြီးနောက် အနားယူလိုက်ခဲ့တယ်။ ဒီနေ့တစ်နေ့လုံးလုံး သူမ လမ်း‌တွေအများကြီးလျှောက်ခဲ့ရတာ ဖြစ်နိုင်တယ်၊ ကျီရှောင်အုံး ချက်ချင်းပဲ အိပ်ပျော်သွား‌တော့တယ်။


နောက်တစ်နေ့တွင် ကျီရှောင်အုံး အိပ်ရာနိုးလာပြီး မျက်နှာသစ်ဖို့ အနီးနားရှိ စမ်းချောင်းသို့ သွားလိုက်ခဲ့တယ်။ သူမပါးပြင်ပေါ်ကို ရေ‌အေးတွေကျသွားလိုက်တာက သူမအား နှိုးကြားသွားစေလိုက်ပြီး တခဏချင်းပင် လန်းဆန်းလာစေခဲ့တယ်။


မနက်စာအတွက် သူမ ပေါင်မုန့်တစ်ချပ်နှင့် နို့ဘူးတစ်ဘူးကို ယူလိုက်ပြီးတော့ ခရီးဆက်သွားလိုက်ခဲ့ပါတယ်။


သူမ အပြန်ခရီးစတင်ပြီး သိပ်မကြာခင်မှာပဲ ရှုမြင်ကွင်းတွေက ပိုပိုပြီး ရင်းနှီးလို့လာခဲ့ပါတယ်။


ကျီရှောင်အုံး သူမ တောထဲမှာ လမ်းပျောက်ပြီး မထွက်နိုင်ဘဲ လေးခါနီးပါး ပြန်သွားလိုက်ရတာနဲ့ အဆုံးသတ်ရတာကို သတိရသွားလိုက်တယ်။


ဒီနေရာမှာ သူမ ထောင်ထောင်နဲ့ တွေ့ခဲ့တော့တာပဲ။


အဲဒီနောက် ဝံပုလွေတစ်ကောင်က ချိုင့်ဝှမ်းထဲမှာ အူသံပေးလိုက်ခဲ့ပြီး သူမက စမ်းချောင်းတစ်လျှောက် သုတ်‌ခြေတင် ပြေးသွားခဲ့ပြီး‌တော့ ဆတ်ခနဲ ထိုအခွင့်ကောင်းယူပြီးတော့ တောထဲမှ ထွက်သွားနိုင်ခဲ့တယ်။


ဆူဇန်နာ က ဒီနေရာက ဝံပုလွေ နယ်ပိုင်နက် ဖြစ်တယ်လို့ ပြောတာကြောင့် ကျီရှောင်အုံး မူလကတော့ ဒီနေရာကို ရှောင်ကွင်းသွားချင်ခဲ့ပေမယ့် ချိုင့်ဝှမ်းထဲကနေ ထွက်သွားဖို့ သူမဟာ ဒီလမ်းကို မဖြစ်မနေ ဖြတ်လာခဲ့ရပါတယ်။


သို့မဟုတ်ပါလည်း သူမ သိတာက ဒီလမ်းကြောင်းတစ်ခုတည်းပဲမလား။


ကျီရှောင်အုံး သူမရဲ့ စစ်တပ်သုံးဓားကို လက်တစ်ဖက်တွင် ကိုင်ထားပြီး သူမ လည်ပင်းတွင် အဝေးကြည့်မှန်ပြောင်းကို ချိတ်လိုက်ကာ ရှေ့ကို လမ်းလျှောက်သွား‌နေရင်းနဲ့ ဘေးပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်ကာ သွားလိုက်ခဲ့ပါတယ်။


သူမ ဘာဝံပုလွေနဲ့မှ မဆုံလိုက်ရချိန်တွင်မှ သူမနှလုံးသားထဲက တင်းမာမှုတွေ ပြေလျော့သွားလိုက်တော့တယ်။


နေ့လယ် အရောက်တွင်တော့ သူမ နေ့လယ်စာစားဖို့ လုံခြုံတဲ့နေရာရှာဖို့ အဆင်သင့်ပြင်လိုက်ခဲ့ပေမဲ့ ရုတ်တရက် ခပ်ဝေးဝေးကနေ တိရစ္ဆာန်တစ်ကောင်၏ ငိုကြွေးသံကို ကြားလိုက်ရတယ်။


အသံက ဆက်လက်ထွက်‌ပေါ်နေခဲ့ပါတယ်။


သူမ ပြာယာခတ်သွားလိုက်ပြီး သုန်မှုန်သွားတော့တယ်။


ကျီရှောင်အုံး သူမ လက်ထဲကဘီစကွတ်‌တွေကို ကျစ်ကျစ်ပါအောင် ညှစ်မိလိုက်ပြီး သူမနေရာလွတ်ထဲသို့ ပြန်ထည့်ထားလိုက်တယ်။ သူမ အဝေးကြည့် မှန်ပြောင်းကို မြှောက်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်ခဲ့တယ်။


သူမရဲ့ မြင်ကွင်းထဲတွင်တော့ အဝါရောင်နဲ့ တောဆိတ်တစ်ကောင်က လျင်မြန်စွာ ပြေးလွှားနေပြီး သူ့နောက်ကနေ ရက်စက်ကြမ်းကြုတ်တဲ့ ဝံပုလွေတော်တော်များများ လိုက်နေကြတယ်။


အခုန‌လေးက သူမ ကြားလိုက်ရတဲ့အသံက တောင်ဆိတ်ပါးစပ်ကနေ လာတဲ့အသံဖြစ်နေခဲ့တာပေါ့။


ကျီရှောင်အုံး၏ နှလုံးသားလေးက တင်းကြပ်လို့သွားတော့တယ်။ သူမ စားမဝင်နိုင်ဖြစ်သွားလိုက်ပြီး အခြားတစ်နေရာကို ထွက်ပြေးဖို့ကလည်း နောက်ကျသွားပြီဖြစ်တယ်။ သူမ သူမ၏ တောင်တက်ကြိုးကို ထုတ်ယူကာ သူမခါးတွင် ချည်လိုက်ပြီး ကျန်တစ်ဖက်ကို သစ်ပင်က သစ်ကိုင်းတစ်ခုပေါ် သို့ လွှဲပစ်လိုက်ခဲ့တယ်။ သူမ ကြိုးကို ခိုင် မခိုင် စမ်းသပ်ပြီး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ သူမ တက်နိုင်သမျှ မြန်မြန်တက်ခဲ့ လိုက်‌‌တော့တယ်။


သစ်ပင်ထိပ်ကို ရောက်ပြီးချင်းပင် ကျီရှောင်အုံး က ကြိုးကို ဖယ်ထုတ်လိုက်စဉ်တွင်တော့ တောဆိတ်နဲ့ ဝံပုလွေအုပ်စုတို့ က သစ်ပင်ရှေ့မှာ ရောက်‌တောင်ရောက်နေကြပြီဖြစ်၏။


ကျီရှောင်အုံး သူမခန္ဓာကိုယ်ကို ငြိမ်ငြိမ်ထိန်းထားပြီး သစ်ပင် ပင်စည်လုံးကို ကိုင်ကာ သူတို့ကို ငုံ့ကြည့်လိုက်ခဲ့တယ်။


သူမကြည့်နေစဉ်မှာပဲ တောဆိတ်က တောင့်ခဲသွားလိုက်ခဲ့တယ်။


တောဆိတ်က ဘယ်အချိန်တည်းက လူသားအသွင်ပုံ ဖြစ်လာလိုက်မှန်း သူမ မသိပေမယ့် ဝံပုလွေလေးကောင်က မြေပြင်ပေါ်တွင် တစ်ရှိန်ထိုးဖြင့်လည်ပင်းအား ကိုက်ခဲကာ ချွန်ထက်တဲ့ လက်သည်းတွေက သူ့ရင်ဘတ်ထဲကို ထိုးဖောက်ဝင်‌နေကြတယ်။ သူ့ ဘယ်လိုပဲ ရုန်းကန်နေပါစေ သူ့ရင်ဘတ်က မကြာမီမှာပဲ ပေါက်ထွက်သွားခဲ့တယ်။


တောဆိတ်သားရဲလူက အကျောက်အကန် ရုန်းကန်‌နေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏နောက်ဆုံးထွက်သက်ကို ရှိုက်လိုက်ခဲ့၏။


အခြား ဝံပုလွေတွေက ရှေ့ကို ဝိုင်းအုံတက်လာကာ လတ်လတ်ဆတ်ဆတ်အသွေးအသား‌တွေကို အမဲဖျက်လိုက်ကြရာ မကြာမီမှာပဲ တောဆိတ်က လုံးလုံးလျားလျား အစားခံလိုက်ရတော့တယ်။


သွေးများ ထူထပ်စွာ စီးဆင်းပြီး လေထုထဲတွင် သွေးနံ့များ လှိုင်လှိုင်ထသွားလိုက်တော့၏။


ကျီရှောင်အုံးက သစ်ပင်ပေါ်တွင် ငုတ်တုပ်ထိုင်ကာ ဒီမြင်ကွင်းကို ကြည့်လိုက်မိရင်း ရုတ်တရက် ပျို့အန်ချင်သွားတော့တယ်။


သူမ သူမပါးစပ်ကို အုပ်ထားကာ အသံတစ်သံပင် မထွက်ဝံ့ဘဲ ဗိုက်ကနေ ပျို့တက်လာခြင်းကို အသည်းအသန် တောင့်ခံနေလိုက်ရတယ် ။


ကျီရှောင်အုံး တစ်ယောက် လောရန့် အဖမ်းခံရတုန်းကအဖြစ်ကို သတိရသွားလိုက်တယ်၊ အဲဒီတုန်းကလည်း ဒီလိုပုံစံမျိုးပင်။ သူ့လက်သည်းတွေက သူမဗိုက်ထဲမှာ ရှိနေပြီး ခွန်အားချင်းကွာဟမှုက သူမကို ရုန်းကန်ဖို့ မတတ်နိုင်ရှာတော့ပေ။


ဝံပုလွေများကြားတွင် ခွဲခြားခံနေရတဲ့ မြေပြင်ပေါ်ရှိ ဒီတောဆိတ်လိုပင်။


ဒါက ဒီတိုက်ကြီးပေါ်က "အသီးအရွက်စား မျိုးစိတ်များ" အားလုံး၏ ကံကြမ္မာပင်ဖြစ်ပေမည်။


ကျီရှောင်အုံး သူမရဲ့ပျို့တက်လာခြင်းကို ဝန်လေးစွာဖြင့် ဖိသိပ်ချလိုက်ပြီး ဝံပုလွေအုပ်စုကို စိုက်ကြည့်လိုက်ခဲ့တယ်။


သူမလက်ကို ဓားလက်ကိုင်တွင် တင်းတင်းကြပ်ကြပ် တင်းတင်းဆုပ်ထားလိုက်ခဲ့တယ်။ သူတို့တတွေ သူတို့သားကောင်ကို စားပြီး သွားလိုက်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ သူတို့တတွေက သစ်ပင်မှာ ပုန်းနေတဲ့ သူမကို တွေ့သွားခဲ့ရင်.... . .


"အဲဒါ ကြည့်ကောင်းလို့လား"


ရုတ်​တရက်​ သူမ အ​နောက်​မှ စိတ်အေးလက်အေး အသံတစ်​ခုက ​ပြောလာ၏။


ကျီရှောင်အုံး တုန်ယင်သွားပြီး သစ်ပင်ပင်စည်ကို ဖက်ထားတဲ့ သူမလက်က ဖြည်လျော့သွားလိုက်ကာ သူမ ထိတ်ထိတ်ပျာပျာနဲ့ နောက်ကို လှည့်ကြည့်လိုက်ခဲ့တယ်။


ရှည်လျားတဲ့ ပုံရိပ်တစ်ခုက သစ်ပင်ကို မှီ၍ သူ့လက်နှစ်ဖက်ကို ပိုက်လျက် သစ်ကိုင်းပေါ်တွင် သားရေဖိနပ်က တောင်တင်းစွာရှိနေလိုက်တယ်။ သူမနောက်ကို သူ ဘယ်အချိန်ကဘယ်လို ရောက်လာလိုက်မှန်း သူမ မသိလိုက်ပါလား။


သူ့မျက်နှာသွင်ပြင်က သန့်ရှင်းကျော့မော့နေပြီး သူ့ပါးစပ်ထောင့်စွန်းက ကွေးညွတ်နေခဲ့ကာ သူ့ရဲ့နက်ရှိုင်းလင်းလက်တဲ့ မျက်လုံးစိမ်းများက သူမအား စိုက်ကြည့်နေခဲ့တယ်။


ကျီရှောင်အုံး မျက်လုံးအပြုးသားဖြင့် ပြန်စိုက်ကြည့်ကာ လန့်ဖျန့်သွားတော့တယ်။


'—— ဟိုလ်ဒန်လား!'


'သူ ဒီမှာဘာလုပ်နေတာလဲ။'


ကျီရှောင်အုံး သူမကိုယ်သူမ လျင်မြန်စွာ စိတ်ထိန်းလိုက်ပြီး သူမနှုတ်ခမ်းသားများအား ဖိကိုက်လိုက်ခဲ့ကာ ဓားသွားအား အလင်းရောင် ဖျာလက်စွာဖြင့် ထုတ်လိုက်ခဲ့တယ်။


"သနားစရာချာတိတ်မလေး ငါတို့ ထပ်တွေ့ကြပြန်ပြီ" ကျီရှောင်အုံးရဲ့ကြောက်ရွံ့တုန်လှုပ်နေမှုနဲ့ မတူစွာ ဟိုလ်ဒန်က သူ့နှုတ်ခမ်းသားများကို လျာဖြင့် သပ်လိုက်ပြီး သူ့အသံမှာ ပျင်းရိပျင်းတွဲနိုင်နေပြီး သူ့မျက်လုံးတွေက ဓါးသွားပေါ်မှာ ကျရောက်သွားခဲ့တယ်။ သူ့မျက်နှာအမူအရာက မပြောင်းလဲသွားခဲ့ပေ။ သူ ရှေ့သို့ လှမ်းလိုက်ခဲ့ပြီး သစ်ပင်က သူလှုပ်ရှားလိုက်တာကြောင့် လှုပ်ယိမ်း သွားလိုက်တယ် ။ သူက ကျီရှောင်အုံး ရှေ့မှာ သွားရပ်လိုက်ပြီး သူမကိုယ်ကိုအုပ်မိုးလိုက်ကာ "ဒါမှမဟုတ် 'အဲဒါ'ကို သိပြီး မင်း ကိုယ့်ဆီ ပြန်လာတာလား"


ကျီရှောင်အုံးက နောက်လှည့်လိုက်ပြီး သူ့ကို ပြန်စိုက်ကြည့်လိုက်ကာ "ဘာကို သိရမှာလဲ"


သူမက သင်္ဘောပေါ်မှာ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို မေ့သွားသည့်အတိုင်းပင်။


"သေချာတာပေါ့ ကိုယ့်မျိုးနွယ်စုကို အတူလိုက်ပြီး ကိုယ့်အပိုင် ဖြစ်လာဖို့ပေါ့။"


အဲဒီအချိန်တုန်းက ကျီရှောင်းအုံးမှာက ဝံပုလွေတွေကို သန္တာကျောက်ဆောင်တန်းကနေ လွတ်အောင်ရေကြောင်းပြတဲ့နေရာမှာ ကူညီဖို့ သူမရဲ့ သံလိုက်အိမ်မြှောင် ရှိတာပဲ။ ဟိုလ်ဒန်က သူမအား အလွန်စိတ်ဝင်စားခဲ့ပြီး သူမအား ပြန်လိုက်ဖို့ ဖိတ်ခေါ်လိုက်ခဲ့တာပင်။


ကံမကောင်းတာကတော့ ကျီရှောင်အုံးက ယတိပြတ် ငြင်းဆန်ပစ်လိုက်ခဲ့တာပင်။


ဟိုလ်ဒန် က သူ့ခြေသည်းများကို အနည်းငယ်ပိုအားစိုက်၍ ကုတ်တွယ်ထားလိုက်ပြီး ကျီရှောင်အုံး လက်ထဲမှ ဓားကို လှမ်းဆွဲယူလိုက်ခဲ့တယ်။


"အဲဒီကျားသစ်တွေက မင်းအပေါ်မှာ မကောင်းဘူးမလား အဲ့တော့မှ မင်းငါ့ကို တွေးမိလိုက်တာမလား။ ငါ အစောကြီးကတည်းက ပြောခဲ့သားပဲ ကျားသစ်တွေက အိပ်ရာထဲမှာ ဘယ်လိုကောင်းကောင်းကစားရမလဲဆိုတာ မသိပါဘူးလို့။ သူတို့တွေက ကြမ်းတမ်းပြီး ရိုင်းစိုင်းတယ်၊ မင်းရဲ့ ခန္ဓာကိုယ်သေးသေးလေးက အဲဒါကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။" ဟိုလ်ဒန် က သူမ၏ ဓားဖြင့် လှည့်ပတ်ကစားလိုက်ရင်းနဲ့ ပြောလိုက်ခဲ့တယ်။


ဆွဇ်စလန်စစ်တပ်သုံးဓား အမျိုးအစားများစွာရှိလေတယ်၊ "ဆွဇ် ချန်ပီယံ" လို့ ကျီရှောင်အုံး ခေါ်တဲ့တစ်မျိုးကတော့ အခြေခံသုံးပစ္စည်းတွေ အများဆုံး ပါရှိတာပဲဖြစ်တယ်။


'ဆွဇ်ချန်ပီယံ'မှာတော့ ဓားတစ်ချောင်း၊ ကတ်ကြေးတစ်ချောင်း၊ ဇာဂနာ၊ သွားကြားထိုးတံ၊ လက်သည်းတိုက်တံစဉ်း၊ မှန်ဘီလူတစ်ခုနဲ့ သစ်သားလွှဇင်းလေး တစ်ခုတောင် ပါနေခဲ့တယ်။


"ဒါက ဘာလဲ" ဟိုလ်ဒန်က ကျီရှောင်အုံး၏ပစ္စည်းတွေအားလုံးကို စိတ်ဝင်စားနေခဲ့တယ်။


"အဲဒါ ပြန်ပေး!" ကျီရှောင်အုံး ပြန်ဆွဲယူလိုက်ရင်း သူမမျက်နှာ နီမြန်းသွားခဲ့တယ်။ သူမ စိုးရိမ်စိတ်လွန်ကဲနေတာကြောင့်လား ဒါမှမဟုတ် ဟိုလ်ဒန် ပြောလိုက်တဲ့ စကားကြောင့်လားဆိုတာတော့ သူမ မသိပေ။


ဟိုလ်ဒန် က သူ့မျက်ခုံးကို အနည်းငယ်ပင့်ကာ သူ့ လက် ကို မြှောက်လိုက်ခဲ့တယ်။


ကျီရှောင်အုံး အသက်ရှူမှားသွားခဲ့ပေမဲ့ အရှုံးမပေးဘဲ သူမ လက်ကို မြင့်မြင့် ဆန့်မြှောက်တင်လိုက်ပေမဲ့ မမှီခဲ့လိုက်ပေ။


"ကိုယ်နဲ့အတူတူ မျိုးနွယ်စုကို လိုက်ခဲ့ မင်းကို ဒါ ပြန်ပေးမယ်လေ" ဟိုလ်ဒန် က ကောင်မလေးရဲ့ မျက်နှာသေးသေးလေးကို ကြည့်ရင်း ပြောလိုက်တယ်။


"... " ကျီရှောင်အုံး က သူမပါးစပ်ကို ညင်သာစွာ စေ့ပိတ်လိုက်တယ်။ သူမမှာ ကျားသစ်မျိုးနွယ်စုကနေ ထွက်လာရုံပဲရှိသေးတာ၊ မျက်စိတစ်မှိတ်အတွင်း ဝံပုလွေတွေနဲ့ လာရှုပ်နေရပြန်တယ်။


"ရှင် ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ" ကျီရှောင်အုံးက ခဏလောက် တိတ်ကျသွားလိုက်ပြီး ရုတ်တရက် ထပြောလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူမလက်ကို နောက်တွင် သွားထားလိုက်ခဲ့တယ်။


ဟိုလ်ဒန် က ပြောလိုက်တယ်။ "မင်းလည်းမြင်သားပဲ ငါတို့မျိုးနွယ်စုက အမဲလိုက်ဖို့လိုတယ်လေ"


ကောင်မလေးကိုကြည့်ရတာ အာရုံစူးစိုက်စွာနဲ့ သူ့ကို ယုံကြည်လက်ခံလာသည့်ပုံပင်။ "ရှင်တို့ မျိုးနွယ်စုကို ကျွန်မ လိုက်နေရင် ဘာကောင်းမှာမို့လို့လဲ။ ရှင်တို့ မိန်းမပျိုတွေကရော မျှဝေရတာလား"


"ဘယ်ဟုတ်ပါ့မလဲ"ဟိုလ်ဒန် က ပြုံးဖြဲဖြဲလုပ်လိုက်တယ်။ "ငါတို့ ဝံပုလွေတွေက တစ်သက်လုံးစာအတွက် မိတ်လိုက်ဖော် တစ်ယောက်ပဲ ယူကြတာ။ သွေးအေးရက်စက်တဲ့ ကျားသစ်ကောင်မျိုးနွယ်စုက ကောင်တွေကပဲ သူတို့ရဲ့ မိန်းမပျိုတွေကို မျှဝေပေးချင်စိတ်ရှိကြတာ။ မင်းသာ အလိုရှိရင် ကိုယ်က မင်းရဲ့ တစ်သက်စာ ..."


သူ စကားပြောလို့ မဆုံးသေးခင်မှာပဲ ရုတ်တရက်လေးအတွင်း လျှပ်စစ်ဓာတ်လှိုင်းက သူ့ခန္ဓာကိုယ်ပေါ် ခုန်ပျံရောက်ရှိလာလိုက်တယ်။


အောက်ကိုငုံ့ကြည့်လိုက်တော့ ကောင်မလေးက ထိုလျှပ်စစ်သံချောင်းတံအား သူ့ခါးတွင် မညှာမတာ ဖိနှိပ်ထားလိုက်တာကို သူတွေ့လိုက်ရတယ်။


ဟိုလ်ဒန် သူ့မျက်လုံးများ ကျဉ်းမြောင်းသွားလိုက်ပြီး အသက်တစ်ရှိုက် ရှူရှိုက်လိုက်ရတယ်။


ကျီရှောင်အုံးက ဟိုလ်ဒန်၏ ခန္ဓာကိုယ် ထုံကျင်သွားတာကို အခွင့်ကောင်းယူပြီး သူမ ဓားကို အမြန် ပြန်ယူသိမ်းလိုက်ခဲ့တယ်။ လျှပ်စစ်လျှပ်စီးကြောင်းအား ဗို့အားအမြင့်ဆုံး တင်လိုက်ပြီးနောက် သူမ သူ့အား ပြင်းထန်စွာ ဓာတ်လိုက်စေလိုက်ကာ ကျင်စက်ကို သူမနေရာလွတ်ထဲသို့ အမြန်ပြန်ထည့်လိုက်တယ်။ သူမ ကြိုးကို ဆွဲထုတ်ပြီး နောက်သို့ မှီချလိုက်ကာ အရှိန်ဖြင့် မြေပြင်ပေါ်သို့ သူမရဲ့ကျွမ်းကျင်မှုဖြင့် လျှောချစေလိုက်ပြီး ကြိုးကို ပြန်ဆွဲယူလိုက်ခဲ့တယ်။ နောက်လှည့်လိုက်ကာ သူမ တစ်ချိုးတည်း ပြေးတော့တယ်။


ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ဝံပုလွေသားရဲလူအချို့က လျှောချလိုက်တဲ့ လှုပ်ရှားမှု အသံကိုကြားလိုက်ရတော့ သူတို့ခေါင်းကို လှည့်ကြည့်လိုက်တော့ ကျီရှောင်အုံးအား မြင်သွားပြီး သူမတို့ ဘက်သို့ လာလိုက်ခဲ့တယ်။


" သူ့ကို ပြန်ခေါ်ခဲ့" ဟိုလ်ဒန်က သစ်ပင်ပေါ်မှ ခုန်ဆင်းကာ သူ့အသံကို နှိမ့်ကာ အမိန့်ပေးလိုက်ခဲ့တယ်။


သူ ပြောပြီးသည်နှင့် ကောင်မလေး ထွက်ပြေးသွားတဲ့ လမ်းကြောင်းကို သူ ကြည့်လိုက်ပြီး သူ့အကြည့်အား သူမအပေါ်ကို စူးစိုက်လိုက်ပြီး သူမနောက်သို့ သူ ခုန်ပျံ လိုက်သွားခဲ့တယ်။


*


ကျီရှောင်အုံး ဝေးဝေးမရောက်သွားလိုက်နိုင်ပဲ ဟိုလ်ဒန် ဆီမှာ အမိခံလိုက်ရတယ်။


"ကြည့်ရတာ မင်းက နူးနူးညံ့ညံ့ဆက်ဆံခံရတာကို မကြိုက်တဲ့ပုံပဲ " ဟိုလ်ဒန် က သူမရှေ့တွင် ပျော့ပြောင်းစွာ ကျလာပြီး သူ့ပါးစပ်အား အစွယ်ထုတ် မာန်ဖီပြစေလိုက်ကာ အစိမ်းရောင်မျက်လုံး‌များက မရှင်းလင်းတဲ့ ရည်ရွယ်ချက်များနဲ့ လင်းလက်သွားခဲ့လိုက်တယ်။


သူ သူ့ခြေထောက်ကို မြှောက်ပြီး ကျီရှောင်အုံး ဆီသို့ လျှောက်လာလိုက်တယ်။


ကျီရှောင်အုံး ချက်ချင်းပင် ရပ်တန့်လိုက်ပြီး နောက်ပြန်ဆုတ်သွားခဲ့တယ်။


ကျီရှောင်အုံး သူမလုပ်ရပ်က ဟိုလ်ဒန်၏ ဒေါသကို သွားဆွမိလိမ့်မ‌ယ်ဆိုတာကို သူမ သိ‌ပေမဲ့လည်း သူမမှာလည်း တကယ်ကို အခြားနည်းလမ်းမှ မရှိတာပဲ။ သူမ ဓားကို မယူနိုင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တစ်ခုတည်းသော လက်နက်ကို ဆုံးရှုံးရမှာပဲမလား။


သူမ နောက်ပြန်လှည့်ပြေးလိုက်ပေမဲ့ သူမနဲ့ မဝေးတဲ့နေရာမှာ ဝံပုလွေ‌ တော်များများ ရှိနေခဲ့တယ်။ သူတို့မျက်လုံးတွေက ရက်စက်ယုတ်မာတဲ့ ပုံပေါက်နေခဲ့ပါတယ်။


ရှေ့မှာရော နောက်မှာပါ ရန်သူတွေ ကြားထဲ ညှပ်ကာ သူမ ရပ်တန့်သွားလိုက်ခဲ့ကာ တုန်ယင်‌နေခဲ့တော့တယ်။


ဟိုလ်ဒန်က ရှေ့ကို ခြေတစ်လှမ်းချင်း တစ်လှမ်း လှမ်းလာလိုက်ပြီး ကျီရှောင်အုံးက နောက်‌ကို ပြန်ဆုတ်သွားလိုက်ခဲ့တယ်။


လူတစ်​​ယောက်​နဲ့ ဝံပုလွေတစ်​​ကောင်​ဟာ မူလကတည်းက အရပ်အမြင့်​မှာ ကွာဟချက်​​တွေရှိ​ပေမယ့်​ သူမရဲ့​ခြေ​ထောက်​က ​ကျောက်​တုံး​ပေါ်​ တက်နင်းမိလိုက်ပြီး သူမ ချော်​လဲသွားကာ သူမတစ်​ကိုယ်​လုံး​က နောက်​ပြန်​ လဲကျသွားခဲ့တယ်​။ "ဗုတ်" ဆိုတဲ့ အသံတစ်ခုနဲ့ အတူ သူမ မြေပြင်ပေါ် ထိုင်လျက်ကျသွားလိုက်‌တော့တယ်။


အခြေနေ မကောင်း‌တော့တာမို့ ကျီရှောင်အုံး သူမခေါင်းကို အသည်းအသန် မော့ကြည့်လိုက်ပေမဲ့ ဟိုလ်ဒန်ရဲ့ မျက်နှာကို မမြင်လိုက်ရခဲ့ပေ။


ဟိုလ်ဒန် ၏ ရှည်လျားသော အရိပ်က သူမအပေါ်ကို ဖျာမိုးကျလာပြီး သူမ နောက်သို့ တရွေ့ရွေ့ ရွေ့သွားလိုက်ခဲ့‌တော့တယ်။


ကျီရှောင်အုံး မတ်တပ်ထရပ်ဖို့ ကြိုးစား လိုက်ပေမယ့် သူမ လဲကျသွားတဲ့အချိန် သူမခြေကျင်းဝတ် အဆစ်လည်သွားတဲ့ အသံကို ကြားလိုက်ရတယ်။ သူမ နည်းနည်း လှုပ်ရှားလိုက်တာနဲ့ သူမ၏ ခြေကျင်းဝတ်မှ အသည်းခိုက်မတတ် နာကျင်လာတော့တယ်။


ကျီရှောင်အုံး မော့ကြည့်လိုက်ပြီး အနည်းငယ် စိတ်ရှုပ်သွားလိုက်တယ်။ "ရှင့်ရဲ့မျိုးနွယ်က မိန်းမပျို‌တွေ မရှိ‌နေတာမှ မဟုတ်တာ ၊ ကျွန်မက ဘာလို့ရှင်နဲ့ မဖြစ်မနေ ပြန်လိုက်ခဲ့ရမှာလဲ"


" ဒါ‌ပေါ့ ဘာလို့လဲဆိုတော့ မင်းက တခြားသူတွေနဲ့ မတူလို့လေ" ဟိုလ်ဒန် က စဉ်းလဲစွာနဲ့ ရိုးရိုးသားသားပဲ ပြောလိုက်ခဲ့တယ်။


*


သူ သူ့ကိုယ်ကို ငုံ့ကိုင်းပြီး ကျီရှောင်အုံး ရဲ့ ခြေထောက်ပေါ် သူ့လက်အား တင်လိုက်ပြီး သူမကို မြေကြီးပေါ်ကနေ ပွေ့ယူမလို့ လုပ်လိုက်ခဲ့တယ်။


ဟိုလ်ဒန်ရဲ့လက်က သူမခန္တာကိုယ်ကို ထိတော့မဲ့အချိန်လေးမှာပဲ အသံမကြားရပါဘဲ သန်မာတဲ့လက်တစ်ဖက်က ထွက်ရှိလာပြီး ဟိုလ်ဒန်ရဲ့လက်ကောက်ဝတ်ပေါ်တွင် ဖိချေမွ ချလိုက်တယ်—


လက်သည်းက ချွန်ထက်နေပြီး လက်သည်း‌တွေကလည်း ဟိုလ်ဒန်ရဲ့ ထောင်ထွက်နေတဲ့ သွေးပြန်ကြောများကို ဖိထားထားခဲ့တယ်။


"ဟိုလ်ဒန် ငါ့အမျိုးသမီးကို ကြမ်းတမ်းဖို့ မင်းကို ဘယ်သူက သတ္တိတွေ ပေးထားတာလဲ။"


အသံက တိုးနိမ့်ပြီး လေးလံကာ ပြတ်ပြတ်သားသားနဲ့ ကြမ်းရှစွာ နားထဲကို ဖြည်းဖြည်းချင်း ဝင်‌ရောက်လာခဲ့တယ်။


ရမ် က သူ့မျက်လုံးကို ပင့်လိုက်ပြီး အန္တရာယ်များစွာ မေးလိုက်ခဲ့တယ်။


End Chapter