Chapter 70
ကျောက်ချိုင်
မော့ကျောက်ချိုင်က ထိုစကားတွေပြောပြီးနောက် လင်းရုဖေးကြောင့် ကျိုးသွားသည့် ဓားမြှောင်ကိုသတိရသွားတာကြောင့် ရုတ်တရက်စိတ်ရှုပ်ထွေးစွာဖြင့်ပြောလေသည်။
"ဒါကအတုပါပဲဟုတ်တယ်မလား...သေစမ်း...အဲ့ဒီလူအိုကြီး၀မ်က ငါ့ကိုအရူးလုပ်ဖို့ တကယ်ကြီးအစစ်ကိုသုံးခဲ့တာလား"
လင်းရုဖေး၏မျက်လုံးထဲပြုံးရိပ်သန်းသွားပေမယ့် ချက်ချင်းဖိနှိပ်လိုက်လေသည်။
"အတုဖြစ်ဖြစ်အစစ်ဖြစ်ဖြစ် ကျွန်တော်ဂရုမစိုက်ဘူး အဲ့ဒီအရာကအလုပ်ဖြစ်နေသ၍ပေါ့"
သူကဓားကိုအခုထိကောင်းကောင်းမကိုင်တတ်သေးဘဲ ဒိုင်းကိုကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်တာကို ကုရွှမ်းတုသာသိလျှင် သူ့ကိုဘယ်လိုထင်မလဲမသိချေ။
မော့ကျောက်ချိုင်က အကူညီမဲ့နေသည့်ဟန်ဖြင့် "ဟုတ်ပြီလေ ဒီအတိုင်းမင်းကိုသတိပေးလိုက်မယ် အခက်အခဲကြီးကြီးမားမားနဲ့မကြုံရပါစေနဲ့လို့"
သူကအိတ်အား အောက်သို့ချလိုက်ပြီးတည်ကြည်လေးနက်စွာပြောလာသည်။
"လင်းကုန်းဇိ ကျွန်တော်သေသွားခဲ့ရင် ကျေးဇူးပြုပြီးတစ်ခုလောက်ကူညီပေးနိုင်မလား"
လင်းရုဖေးက ချက်ချင်းပြန်ဖြေသည်။ "မရဘူး"
မော့ကျောက်ချိုင်က သူကိုစိုက်ကြည့်ပြီးမေး၏။ "ဘာလို့လဲ"
လင်းရုဖေး : "ငါကလူသေတွေကိုဘယ်တော့မှမကူညီဘူး...ကံမကောင်းမှာစိုးလို့လေ...မင်းတစ်ခုခုလုပ်စရာရှိရင် ကိုယ့်ဘာသာရအောင်လုပ်"
မော့ကျောက်ချိုင်ကသက်ပြင်းချလိုက်ပြီး "မင်းကို ကျွန်တော်နဲ့သခင်လေးတို့ကိုအတူတူမြှပ်ပေးဖို့ဒုက္ခပေးရုံလေးတင်ပါ"
လင်းရုဖေးကပြန်ချေပလေသည်။
"အဲ့မျက်လုံးကလူတွေကိုအရိုးတောင်မချန်ဘဲစားတာလေ ငါကဘာကိုသွားပြီးမြုပ်ပေးရမှာလဲ"
မော့ကျောက်ချိုင်က တွေးကြည့်လိုက်သည့်အခါ သူရဲ့စကားတွေက အဓိပ္ပာယ်ရှိသည်ဟု ထင်တာကြောင့်သူ၏ဓားအားထုတ်ကာသူဆံပင်အားဖြတ်လိုက်ပြီးနောက် မော့ချန်းရှန်းရဲ့ခေါင်းနားတွင်ချကာရယ်မောလိုက်ပြီး "ဒီလိုဆိုရင်ကောအဆင်ပြေပြီမလား"
လင်းရုဖေးက သူ့ဘာလို့သေဖို့ရွေးရလည်းဆိုတာကို နားမလည်နိုင်ပေ။
"မင်းဘာလို့ဒီလောက်အထိခေါင်းမာရတာလဲ"
မော့ကျောက်ချိုင်ကရယ်မောလျက်ဖြင့်ဆို၏။
"လင်းကုန်းဇီ မင်းနားလည်နိုင်မှာမဟုတ်ဘူး ကျွန်တော်ကမော့မိသားစုရဲ့အစောင့်ခွေးသာသာလောက်ပဲ ကျွန်တော်ဘ၀ကနှိမ့်ကျလွန်းတယ် ကျွန်တော်အခုထိအသက်ရှင်နေနိုင်သေးတာကအကြီးဆုံးသခင်လေးကြောင့်ပဲ ဒါကြောင့်...အကြီးဆုံးသခင်လေးသာအသက်ပြန်ရှင်နိုင်တယ်ဆိုရင် ဘယ်လိုနည်းလမ်းကိုပဲသုံးရသုံးရကျွန်တော်လုပ်နိုင်တယ်"
မော့ကျောက်ချိုင်ကပြောပြီးသည်နှင့် ဒူးထောက်ကာ လင်းရုဖေးအား အရိုအသေပေးလိုက်ပြီး "ကြိုတင်ပြီးတော့ကျေးဇူးတင်ပါရစေ လင်းကုန်းဇီ"
ထိုစကားကိုပြောပြီးနောက် သူ့လက်ကသွေးရောင်လွှမ်းနေသည့်မျက်စိကြီးထဲရောက်သွားတော့၏။
မော့ကျောက်ချိုင်ရဲ့လက်ကမျက်စိကြီးထဲကိုရောက်သွားချိန်တွင်သူ၏မျက်နှာပေါ်တွင်ခအံ့ဩနေသည့်အရိပ်အယောင်အချို့ပြသလာသည်။ သို့သော်အံ့ဩမှုကကြာရှည်မခံဘဲ ချက်ချင်းကိုထိတ်လန့်ကြောက်ရွှံ့မှုအဖြစ်သို့ကူးပြောင်းသွားသည်။ နားကွဲမတတ်ဝါးစားသံကြီးနောက်တစ်ကြိမ်ထွက်လာပြီးနောက် တောင်ပေါ် ဓားပြများကဲ့သို့ မော့ကျောက်ချိုင်ကိုလည်း ကြီးမားသည့်အားဖြင့်သွေးမျက်စိကြီးထဲ တိုက်ရိုက်စုပ်ယူသွား၏။
အံဖွယ်ဖြစ်ရပ်ဆိုတာမျိုးလုံး၀ မရှိချေ။ မော့ချန်းလန်ကလည်းအံဩခြင်းအလျဉ်းမရှိသည့်အပြင် အဖတ်မလုပ်သည်ပုံနှင့် နှာခေါင်းတောင်မှရှူံ့လိုက်သေးသည်။
မျက်စိကြီးကမော့ကျောက်ချိုင်ကိုစားသောက်ပြီးနောက် သူ့မျက်၀န်းကိုအနည်းငယ်လှည့်လိုက်သည်။ ၎င်း၏အကြည့်က လင်းရုဖေးနှင့်မော့ချန်းလန်ရဲ့ခန္တာကိုယ်ပေါ်သို့ရောက်လာသည်။လင်းရုဖေးတစ်ယောက် ဤသည်ကသူ၏အထင်အမြင်သက်သက်လားဆိုတာကို မသေချာချေ။ မျက်စိကြီးကသူနှင့်မော့ချန်းလန်ကိုတစ်ကိုယ်လုံးမျိုချရင်ကောင်းမလား...မကောင်းဘူးလားဆိုတာတွေးနေသည်ဟု သူ အမှန်တကယ်ခံစားလိုက်ရသည်။
မော့ချန်းလန်သည်လည်း ခြိမ်းခြောက်ခံလိုက်ရသလိုခံစားရပြီးနောက် သူ၏မျက်နှာအမူအယာမှာအနည်းငယ်တုန်လှုပ်သွားပုံရသည်။ သို့ပေမဲ့ ယင်းလိုကြီးမားသည့်အရာရှေ့မှာမူ သေမျိုးတွေရဲ့ခုခံခြင်းကအသုံးမ၀င်ချေ။
လင်းရုဖေးက ဤဒဏ္ဏာရီလို့ခေါ်တွင်သည့် ဟာကြီးကိုလည်းစိတ်မ၀င်စားသလို သူ့မှာပြည့်စေချင်တဲ့ဆုတောင်းတစ်စုံတစ်ရာလည်းရှိမနေပေ။ သို့ပေမဲ့ ကုရွှမ်းတုလိုချင်သည့် ပစ္စည်းက သူအရှေ့ကပစ္စည်းဖြစ်ကြောင်းကိုသာသူသိပေ၏။
လေထုက အချိန်အတော်ကြာရပ်တန့်နေသည်။
မော့ချန်းလန်သည် နောက်ဆုံးတွင် စိတ်ပိုင်းဖြတ်လိုက်သည့်ပုံဖြင့်အံကိုတိတ်တဆိတ်ကြိတ်ကာ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် မော့ကျောက်ချိုင်ကဲ့သို့ပင် မျက်စိကြီးအနားကိုတဖြည်းဖြည်းတိုးသွားသည်။
သေမယ်ဆိုတာကိုသိပေမယ့်လည်း ထို့အဖြစ်အပျက်နောက်ကိုလိုက်ချင်ကြသည့်လူများရှိနေသေးပေသည်။ ယင်းက'လိုအင်ဆန္ဒ'ဆိုတဲ့ကုသလို့မရသည့်ရောဂါတစ်မျိုးဖြစ်သည်။
လင်းရုဖေးက ထိုသူ့ကိုလျစ်လျူရူကာ သူ့၏လက်စွပ်ထဲမှအဆောင်စက္ကူတွေကိုထုတ်လိုက်ပြီး ဖူဟွားနှင်ယွီရွေ့အပေါ်ကိုကပ်လိုက်သည်။ အစေခံနှစ်ယောက်စလုံးသူမတို့၏မျက်လုံးများမှိတ်နေကြပြီး ကြည့်ရတာသတိလစ်သွားပုံရသည်။ သူမတို့၏မျက်နှာတွင် သွေးများပေကျံ့လျက်ရှိပြီး ယင်းကကြည့်ရန်မသင့်တော်လှပေ။ အဆောင်စက္ကူမှအလင်းရေးတေးတေးထွက်လာကာသူမတို့၏ခန္တာကိုယ်များကိုမြေပြင်မှ မလျက်အဝေးကိုပျံ့သန်းသွားသည်။ သူအနေဖြင့် နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာမသိတာကြောင့်သူမတို့နှစ်ယောက်ကိုကြိုတင်ပြီးစိတ်ချရသည့်နေရာသို့ပို့ဆောင်လိုက်၏။
လင်းရုဖေးက အားလုံးကိုလုပ်ပြီးသည့်နောက် ထပ်မံ၍ကြည့်လိုက်ချိန်တွင် မော့ချန်းလန်သည် သွေးမျက်စိကြီး၏အရှေ့ကိုရောက်နေပြီဖြစ်သည်။ သူ့ရဲ့ခြေထောက်နားတွင်သူ့အစ်ကိုမော့ချန်းရှန်းရဲ့ဦးခေါင်းကိုမြေပြင်ပေါ်၌ချထားသည်။
"ဘယ်သူထင်ထားမှာလဲ အရင်တုန်းကအင်အားကြီးခဲ့တဲ့မော့မိသားစုက ဒီနေ့ ဒီအခြေအနေထိရောက်သွားလိမ့်မယ်လို့"
မော့ချန်းလန်က လေးနက်တည်ကြည်သည့် အသံဖြင့်ရေရွတ်လေသည်။
"ငါတို့မိသားစုရဲ့အရည်အချင်းရှိတဲ့လူတွေအကုန်လုံးက သေတဲ့သူတွေကသေကုန်ကြ ဒဏ်ရာရတဲ့သူတွေကဒဏ်ရာရနဲ့ နောက်ဆုံးကျန်ခဲ့တဲ့တစ်ယောက်ကကြတော့ ဓားပြဖြစ်သွားတယ်တဲ့လား"
မျက်စိကြီးက မော့ချန်းလန်ကိုဂရုမစိုက်မှုအပြည့်ဖြင့်စိုက်ကြည့်နေပြီး သူပြောနေသည့်စကားတွေကိုလည်းလျစ်လျူရူထား၏။
"ဒါပေမဲ့ ငါဆိုတဲ့မော့ချန်းလန်က ကံကြမ္မာဆိုတာကိုမယုံဘူး"
မော့ချန်းလန်ကရှူးရှူးရှဲရှဲဖြင့် "ငါ မင်းကိုလိုက်ရှာနေတာလွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကတည်းက မင်းကအခုမှပေါ်လာပေမယ့် ဒီနေ့ ငါသေရင်တောင်မှမင်းရဲ့လက်ထဲမှာပဲသေမယ်"
သူ ဤဧရာမမျက်စိကြီးကိုလိုက်ရှာနေခဲ့တာဆယ်နှစ်ကျော်လောက်ရှိနေပြီဖြစ်သည်။ သို့ပေမဲ့သူက ဒီဟာကြီးပေါ်လာအောင်မလုပ်နိုင်ခဲ့ပေ။ တစ်ယောက်ယောက်ကသူ့ကိုလမ်းပြမပေးခင်အထိမလုပ်နိုင်ခဲ့ချေ။
"လူတစ်ယောက်သေသွားပြီးဆိုရင် ဝိညာဉ်ကမျက်လုံးထဲ၀င်သွားတယ်...သူတို့ရဲ့နောက်ဆုံးထွက်သက်ကိုအခွင့်ကောင်းယူပြီးသူတို့ရဲ့မျက်လုံးတွေကိုယစ်ပူဇော်တဲ့အနေနဲ့ ထုတ်ယူလိုက်ရင် အဲ့အရာကြီးလည်းထွက်လာလိမ့်မယ်"
လက်မှာအနက်ရောင်မြွေရှိတဲ့မှော်ဆရာကပြောလေသည်။
"အဲ့ဒါကြီးထွက်လာတဲ့အချိန်မှာ အဲ့အထဲကအရာကိုယူလိုက်ရင်မင်းရဲ့ဆုတောင်းကိုဖြည့်ပေးလိမ့်မယ် မှတ်ထား ကျင့်ကြံရေးအားကောင်းတဲ့လူရဲ့မျက်လုံးဖြစ်လေလေ အဲ့အရာကြီးကိုပိုပြီးဆွဲဆောင်နိုင်လေလေပဲ အဲ့အရာကြီးအကြိုက်ဆုံးက မသေမျိုးတွေရဲ့မျက်လုံးကိုပဲ"
မော့ချန်းလန်က သူကိုယုံကြည်ခဲ့သည်။ သူမှာတခြားနည်းလမ်းမရှိတော့တာကြောင့် သူယုံကိုယုံရပေမည်။
ကံကောင်းထောက်မစွာဖြင့် မှော်ဆရာကသူကိုမလှည့်စားခဲ့ပေ။သူ ဒီနေရာကို မသေမျိုးကျင့်ကြံရေးအဆင့်၅နှစ်ယောက်ကိုမြှားခေါ်လာပြီးနောက် သွေးမျက်စိကြီးကိုမြှားထုတ်နိုင်ခဲ့သည်။ ယခုနောက်ဆုံးလုပ်ရမှာက သူ့လက်ကိုသွေးမျက်စိကြီးထဲထည့်ရန်သာကျန်တော့၏။
သွေးမျက်စိကြီးအရှေ့မှာရပ်နေရင်း မော့ချန်းလန်တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် ပြောမပြနိုင်တဲ့ကြောက်ရွံ့မှုကိုခံစားနေရသည်။ သို့သော် သူ့ဆုတောင်းကိုအကောင်ထည်ပေါ်နိုင်မည့်လိုချင်တပ်မက်မှုက နောက်ဆုံးမှာအနိုင်ရသွားသည်။
လင်းရုဖေးက မလှမ်းမကမ်းကနေ မော့ကျောက်ချိုင်ကဲ့သို့မော့ချန်းလန်တစ်ယောက်သူ့လက်ကို သွေးမျက်စိကြီးရဲ့အနက်ရောင်အက်ကွဲကြောင်းထဲ ထည့်နေတာကို ကြည့်နေသည်။ သူ မထည့်ခင်မှာ သူ့လက်ထဲတစ်ခုခုကိုင်ထားပုံရပြီးပြောရမယ်ဆို သူကတခြားသူတွေနှင့်မတူတာကြောင့် သွေးမျက်စိကြီးထဲသို့တိုက်ရိုက်မြိုချခြင်းမခံရပေ။
မော့ချန်းလန်က ယင်းအခြေအနေကိုမြင်သည့်အခါ သူ့မျက်နှာမှာ အနည်းငယ်ရွှင်လန်းသွားသည်။
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားပြီးနောက် မော့ချန်းလန်၏မျက်နှာပေါ်ကအပြုံးမှာစတင်မှေးမှိန်လာသည်။ သူ့မျက်နှာဖြူကဖျော့လာပြီနဖူးမှချွေးအေးများထွက်လာသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူ ရူးသွားတော့မည့်ပုံစံဖြင့်ရေရွတ်လိုက်သည်။
"ဒါဘယ်လို လုပ်ဖြစ်နိုင်မှာလဲ"
သူစိတ်ပျက်လက်ပျက်ဖြင့်ခေါင်းငုံ့ကာသူလက်ကိုကြည့်လိုက်ပြီး "ဘယ်လိုဖြစ်လို့ဘာမှမရှိရတာလဲ"
ခြောက်ခြားစရာကောင်းတဲ့သွေးအရောင်ကသူ့လက်ပေါ်ကနေသူခန္တာကိုယ်အထိပျံ့နှံသွားပြီး နောက်ဆုံးမှာသွေးမျက်စိကြီးကသူရဲ့အသွေးအသားကိုစားသုံးတော့သည်။ သို့ပေမဲ့အရိုးများကျန်ခဲ့လေသည်။ သူ့ရဲ့မျက်လုံးတွေက လင်းရုဖေးအရှေ့မှာပြူးကျယ်စွာပွင့်နေလျက်ဖြင့် အလျင်အမြန်ပင်အရိုးခြောက်ဘ၀သို့ရောက်သွားတော့၏။
လင်းရုဖေးက ဤအဖြစ်အပျက်တွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသည်။ အသွေးအသားမရှိတော့သည့် မော့ချန်းလန်က မိုးဒဏ်လေဒဏ်ကြောင့် လွင့်ထွက်သွားပြီးနောက် ပြိုကျသွားတဲ့ကျောက်တုံးနှင့်တူလှသည်။ သူ၏ဦးခေါင်းခွံကဘေးသို့တဖြည်းဖြည်း လှိမ့်သွားပြီး မော့ချန်းရှန်ရဲ့ခေါင်းရှိသည့်သစ်သားသေတ္တာကိုသွားထိမလေသည်။
ယင်းက တူညီသည့်ပန်းတိုင်ကိုမတူညီတဲ့လမ်းကနေသွားသကဲ့သို့ပင်။
ရှိသမျှလူအားလုံးနီးပါး မရှိတော့တာကြောင့် ယခုအချိန်တွင်ချောက်ကမ်းပါးပေါ်၌ ဘာဆိုဘာမှမရှိတော့ချေ။ လင်းရုဖေးကနေရာတွင်သာရပ်လျက်ရှိပြီး လေချွန်သံအလားတိုက်ခတ်နေသည့်တောင်ပေါ်လေကြောင့် သူ့အင်္ကျီအနားစမှာတလွင့်လွင့်ဖြစ်နေသည်။
သွေးမျက်စိကြီး၏အကြည့်ကလင်းရုဖေးထံရောက်လာသည်။
လင်းရုဖေးတစ်ယောက်ကြောက်သင့်ပေမယ့်လည်း အကြောက်တရားကိုဖိနှိပ်ပြီးနောက် သူ့နှလုံးသားကအမှန်တကယ်ကိုတည်ငြိမ်သွားသည်။ ဧရာမမျက်စိကြီးကလည်း သူ့ကိုစိုက်ကြည့်နေပြီး သူကလည်းသွေးမျက်စိကြီးကိုကြည့်နေသည်။ သူတို့နှစ်ဦးမည်သည့်စကားမှဖလှယ်ခြင်းမရှိပေ။
"ငါမှာ ဘာဆုတောင်းမှမရှိဘူး"
လင်းရုဖေး မဝံ့မရဲဖြင့်ပြောလိုက်သည်။
"မင်းသွားတော့လေ"
မျက်စိကြီးကတုပ်တုက်ပင်မလှုပ်ချေ။
"မင်းလူတွေအများကြီးကိုစားပြီးပြီလေ လုံလောက်ပြီထင်တယ်"
လင်းရုဖေးသည် ထိုအရာကြီးက သူ့ကိုထိခိုက်အောင်မလုပ်နိုင်ဘူးယု ကုရွှမ်းတုတစ်ခါကပြောဖူးတာကိုသတိရသွားသည်။ ယင်းကမှန်လား...မှားလားဆိုတာကိုမူ သူလည်းသေချာမသိချေ။
ဧရာမမျက်စိကြီး၏ အလယ်ရှိအနက်ရောက်အက်ကွဲကြောင်းက ပိုပိုကျယ်လာပြီး နောက်ပြန်ဆုတ်မည့်အစားလင်းရုဖေးဆီသို့တဖြည်းဖြည်းတိုးလာသည်။ လင်းရုဖေးအနားသို့ အမှန်တကယ်တိုးလာပေမယ့် အရှိန်ကနှေးလေ၏။
လင်းရုဖေးက လှည့်ပြီးပြေးပေမယ့်လည်း သူ့ခြေလှမ်းအနည်းငယ်လောက်ပင် မလှမ်းရသေးခင်မှာဘဲ သူသည် မမြင်နိုင်သည့်နံရံ့ဖြင့်၀င့်ဆောင်ကာရပ်တန်ခံလိုက်ရသည်။ သူ့အစေခံနှစ်ယောက်ကိုကျတော့ အောင်အောင်မြင်မြင်အပြင်ကိုပို့နိုင်ခဲ့ပေမယ့်သူ့ အလှည့်ကျဘာလို့အလုပ်မဖြစ်ရတာလဲ။
လင်းရုဖေး အနည်းငယ်စိတ်တိုသွားသည်။
ဧရာမမျက်စိကြီးက ကောင်းကင်တစ်ခုလုံးကိုအပြည့်အ၀နေရာယူထားပြီးပြင်းပြင်းထန်ထန်ဖိနှိပ်ထားတဲ့ခံစားချက်ကလူကိုမှဲ့သေးလေးတစ်ခုလိုခံစားရစေသည်။
လင်းရုဖေးက သူထွက်မပြေးနိုင်မှန်းသိသွားတာကြောင့် ထွက်မပြေးတော့ချေ။
သူက တစ်ဖက်သို့လှည့်ကာဧရာမမျက်လုံးကြီးကို၀မ်းနည်းနေသည့်မျက်နှာဖြင့်ကြည့်လိုက်ပြီး"ငါ့မှာ လိုချင်တာတကယ့်ကို ဘာမှမရှိဘူး"
သူရဲ့လိုချင်ဆန္ဒကနည်းလွန်းသည်။ သူအကြိုက်နှစ်သက်ဆုံးအရာက ကမ္ဘာပေါ်ကတောင်တွေမြစ်တွေကိုပိုပြီးမြင်နိုင်ရန်နှင့်ဈေးထဲကအသေးစားကိရိယာလေးတွေကိုကလိဖို့အချိန်ပိုရှိရန်သာဖြစ်သည်။ ဓားကိုင်နိုင်မည့်အရည်အချင်းမျိုးကိုမူ သူမြင့်မြင့်မားမားမျှော်မှန်းထားခြင်းမျိုးမရှိချေ။
ဧရာမမျက်စိကြီးက နည်းနည်းလေးပင်နားမထောင်ဘဲ အခုချက်ချင်း လင်းရုဖေးအရှေ့ကို ဖိလုနီးပါးဖြစ်သည်အထိတိုးကပ်လာ၏။
လင်းရုဖေးသည် ကူကယ်ရာမဲ့နေမိသည်။
"ဒါက ဖလှယ်ဖို့ကိုအတင်းအကျပ်ကိုင်နေတာမဟုတ်ဘူးလား"
ဤဧရာမမျက်စိကြီးက တခြားသူတွေအပေါ်ကျအေးတိအေးစက်ဆက်ဆံပြီး သူ့ကျမှ ဘာလို့သူကိုယ်ကြီးနဲ့အတင်းကပ်ချင်နေရတာလဲ။
လင်းရုဖေးက ထောင့်မှာပိတ်ရပ်ခံလိုက်ရပြီးနောက် တကယ်ကိုအနောက်ဆုတ်လို့မရတော့ပေ။ သူ့လက်ကိုအရှေ့သို့ဆန့်ထုတ်လိုက်ရင်လည်း အနက်ရောင်အက်ကွဲကြောင်းထဲရောက်သွားမှာဖြစ်သည်။
လင်းရုဖေးက ဆွံ့အံသွားရသည်။ နောက်ဆုံးမှာ သူကမျက်မှောင်ကြုတ်ကာ သက်ပြင်းသာချလိုက်မိပြိး "ကောင်းပြီ ကောင်းပြီ"
သူ ကုရွမ်းတုကိုနောက်တစ်ကြိမ်ယုံကြည်သင့်သည်။ သို့ပေမဲ့ သူမယုံလျှင်ပင် သူ့မှာတစ်ခြားလမ်းလည်းမရှိတော့ပုံရသည်။
ကူရာကယ်ရာမဲ့စွာနှင့် လင်းရုဖေးတစ်ယောက်သူ့လက်အားဧရာမလက်ကြီးထဲသို့ဖြေးညှင်းစွာထည့်လိုက်၏။
သူအရှေ့မှာအဖြစ်ဆိုးတဲ့သာဓကအမြောက်အမြားရှိတာကြောင့် လင်းရုဖေး သူ့လက်အားထည့်လိုက်သည့်အချိန်တွင် သူ့စိတ်ထဲ အနည်းငယ်စိုးရိမ်နေသေးသည်။ သို့သော် စိုးရိမ်စိတ်တွေကမကြာခင်သံသယအဖြစ်သို့ပြောင်းလဲသွားသည်။
လင်းရုဖေးက မည်သည့်အရာကိုမှမထိတွေ့မိချေ။ သူ့ရဲ့လက်ကဟင်းလင်းပြင်ကိုသာစူးစမ်းရှာဖွေနေပုံရပြီးအထိအတွေ့တစ်ခုလေးကိုမှမခံစားရပေ။ သူ့လက်ကိုအတွင်းထဲသို့အနည်းငယ်မဝံမရဲဆန့်လိုက်ပြီးနောက် နောက်ဆုံးမှာတွင် မတူကွဲပြားသည့်အရာတစ်ခုအားထိမိသွားသည်။
စေးကပ်ပြီး စိုစွတ်သည်၊ မခြောက်သေးသည့်သွေးတွေအလားပင်။
လင်းရုဖေး၏လှုပ်ရှားမှုက ခေတ္တရပ်ဆိုင်းသွားပြီး သူ့မျက်ခုံးများကတွန့်ချိုးသွားသည်။ သူ့ရဲ့လက်ကကျောက်တုံးစင်မြင့်တစ်ခုအားထိမိလိုက်ပြီး ထိုကျောက်တုံးစင်မြင့်ပေါ်တွင်စိုစွတ်နေသည့် အလွှာတစ်ခုရှိနေ၏။ ပြောစရာမလိုအောင်ပင် ဘာမှကိုမမြင်ရတာကြောင့် မင်းရဲ့လက်ဖြင့် ထိုအတိုင်းထိတွေ့နေရတဲ့ခံစားချက်ကဆိုးရွားလွန်းလှသည်။ မင်းဘာကိုထိမိနေလဲဆိုတာကိုလည်းအတိအကျမပြောနိုင်တာကြောင့် ထိုဘာမှန်းမသိရသည့်အရောအပေါ်ကြောက်စိတ်ကလူကိုဆံပင်မွှေးပါထောင်သွားစေသည်။
ကံကောင်းသည်မှာ ကျောက်တုံးစင်မြင့်က အရမ်းမကြီးတာကြောင့် လင်းရုဖေး ပစ္စည်းတစ်ခုအားခပ်မြန်မြန်ပင်စမ်းမိသွားသည်။ အထိအတွေ့ကအရမ်းကိုကြောက်ဖို့ကောင်းတာကြောင့် သူ့လက်ထဲက အထိအတွေ့ကိုသေသေချာချာမဖော်ပြနိုင်ပေ။
၎င်းကသေးငယ်လုံးဝိုင်းသည့်ဘောလုံးလိုပင် ပျော့ပျောင်း၊စေးကပ်ပြီး ညှစ်လိုက်ရင်လည်း ဆန့်နိုင်ကျူံနိုင်သည့်ပုံရသည့်ပြီးမျက်လုံးတစ်လုံးအလားပင်။
ဟုတ်ယ် ဒါကတကယ်ကြီးကိုမျက်လုံးတစ်လုံးပဲ.....
လင်းရုဖေး၏မျက်နှာအမူအရာမှာအေးခဲသွားသည်။ သို့သော် သူအံကြိတ်ထားလျက်ဖြင့် သေးငယ်တဲ့အလုံးလေးကိုသူလက်ထဲညင်သာစွာကိုင်ထားလိုက်သည်။ သူအကြောက်အဆုံးအရာမှာမူ ဖြစ်မလာချေ။ သူကမော့ကျောက်ချိုင်လိုမျိုး ဧရာမမျက်လုံးကြီးထဲတိုက်ရိုက်စုပ်ယူမခံရသလို မော့ချန်းလန်လိုလည်းအရိုးခြောက်ဖြစ်တဲ့အထိတစစီကိုက်စားခြင်းမခံရပေ။ ဧရာမမျက်စိကြီးထဲကအရာကိုရယူခြင်းက လေညင်းလေးဆော်သွေးသွားသလိုပင် အလွန်ညှင်သာ လွယ်ကူနေ၏။