အပိုင်း ၇၁
Viewers 15k

Chapter 71
ကျောက်ချိုင်


လင်းရုဖေးက အသက်ပင်မရှုဝံပေ။ နောက်ဆုံးတွင် ဧရာမမျက်စိကြီးထဲကနေသူ့လက်ကို ဆွဲထုတ်သွားနိုင်ချေပြီ။ သူ ထိုအရာကို မျက်စိကြီးထဲမှ ထုတ်ယူလိုက်တဲ့အချိန်မှာပဲ ဧရာမမျက်စိကြီးထံမှ ကွဲအက်သံတခုထွက်လာသည်။

အနက်ရောင်အက်ကွဲရာကစတင်ပုံပျက်လာပြီးဧရာမမျက်စိကြီးအလျင်အမြန် နောက်ပြန်မဆုတ်ခင်ရသေးမှာဘဲ လေထဲမှာရပ်တန့်သွားပြီးကျယ်လောင်သည့်ပေါက်ကွဲသံကြီးထွက်လာ၏။

ထိုမျက်လုံးကြီးက တစ်နေရာရာသို့ဆုတ်ခွာသွားပြီးနောက် အက်ကွဲကြောင်းမှတဆင့် မြစ်တစင်းအလားသွေးများစီးကျလာသည်။ မရေမတွက်နိုင်သည့် စက်ဝိုင်းပုံသဏ္ဍာန်အရာများကသွေးထဲရောနှောပါလာပြီးလင်းရုဖေးဆီသို့ပြေး၀င်လာသည်။

လင်းရုဖေးက အထိတ်တလန့်ဖြင့် အနောက်လှည့်ပြေးတော့သည်။ သို့ပေမဲ့ ထိုအချိန်တွင် အကြာကြီးပျောက်နေသည့် ကုရွမ်းတုကရုတ်တရတ်ပြန်ပေါ်လာပြီးသူ့ရဲ့ရှည်လျားသည့် ၀တ်ရုံအင်္ကျီလက်ကို ယမ်းလိုက်ပြီး သူတို့နှင့်ခြေတစ်လှမ်းသာလိုတော့သည့် သွေးမြစ်ကြီးအားပိတ်ဆို့လိုက်သည်။

"အကြီးအကဲ" လင်းရုဖေးကသူ့ကိုမြင်လိုက်ရသည်နှင့် အားရ၀မ်းသာစွာလှမ်းခေါ်လိုက်သည်။

ကုရွမ်းတုကပြုံးလိုက်ပြီး "မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးပဲနော်"

ကောင်းကင်ပေါ်ကသွေးမျက်စိကြီးထဲမှ သွေးတွေစီးကျကာတဖြည်းဖြည်းပြိုကျပျက်စီးလာသည်။ နောက်ဆုံးတွင် ယင်း၏ပုံသဏ္ဍာန်က တဖြည်းဖြည်းမှိန်ဖျော့လာပြီးနောက် သွေးရောင်အခိုးအငွေ့အဖြစ်ပြောင်းလဲကာ လုံး၀ပျောက်ကွယ်သွားတော့သည်။

ထိုအခါမှသာ လင်းရုဖေးကသူလက်ထဲမှာကိုင်ထားသည့် အရာကိုသေချာကြည့်နိုင်လေသည်။ ဤသည်မှာ အမှန်တကယ်ကိုမျက်လုံးတစ်လုံးဖြစ်ပြီး ယင်းက သူ့လက်ထဲမှာငြိမ်သက်စွာလှဲလျောင်းနေသည်။ အနက်ရောက်မျက်လုံးလေးကအသက်ရှိနေပုံရပြီး သူ့ကိုနူးနူးညံညံစိုက်ကြည့်နေသည်။

'နူးနူးညံညံလေး' ထိုစကားလုံး လင်းရုဖေးခေါင်းထဲပေါ်လာချိန်တွင် သူ့ကိုယ်သူ မယုံကြည်နိုင်သလိုခံစားလိုက်ရ၏။

လင်းရုဖေး သူ့ကိုယ်သူ အရူးတစ်ယောက်လို လှောင်ရယ်မောပစ်လိုက်သည်။

"လန့်သွားသေးလား"

ကုရွမ်းတုက လင်းရုဖေး၏ဘေးကိုလျှောက်လာသည်။

လင်းရုဖေး ကခေါင်းခါပြလိုက်သည်။ သူ့လက်နှစ်ခုလုံးကသွေးတွေပေပြီး ညစ်ပတ်နေသည်။ သို့ပေမယ့် ကုရွမ်းတု လိုချင်တာကိုရသွားသည့်အတွက် အဆိုးထဲကအကောင်းဟုဆိုရပေမည်။

"ဒါက အကြီးအကဲရဲ့နတ်ဝိညာဉ်ကိုဖိနှိပ်ထားတဲ့အရာလား"

ကုရွမ်းတုကခေါင်းငြိမ့်ပြလိုက်၏။ "ဟုတ်တယ်"

လင်းရုဖေးက မေးလိုက်သည်။ "ဒါက ဆုတောင်းတကယ်ပြည့်တာလား"

ကုရွမ်းတုကလည်းသိချင်သွားသည့်ပုံဖြင့် "ဘယ်သူပြောတာလဲ"

လင်းရုဖေးက သူ့လက်နှစ်ဖက်အားဖြန့်ကာ၊ "သူတို့တွေပြောတာလေ ကျွန်တော်တို့နဲ့တွေ့တဲ့မော့ကျောက်ချိုင်က ဒီအရာကိုသုံးပြီးသူ့သခင်ကိုအသက်ပြန်သွင်းချင်နေတာ"

ကုရွမ်းတုကအသာရယ်မောလိုက်ပြီး "အဲ့ဒါမျက်လုံးလေးတစ်လုံးပဲဟာ လူကိုအသက်ပြန်သွင်းလို့သာရရင် ဘာလို့ ကိုယ့်ကိုလိုအပ်မှာလဲ..."

သူကစကားကိုတစ်၀က်သာပြောကာ စကားလမ်းကြောင်းလွှဲလိုက်သည်။

"မင်း ဒဏ်ရာရသွားသေးလား"

"မရပါဘူး" လင်းရုဖေးက ခေါင်းခါပြလိုက်ပြီး "အဲ့ဒါက တကယ်ကြီးကို ကျွန်တော်ကိုထိခိုက်အောင်မလုပ်ဘူး"ဟု ဆိုကာမျက်လုံးကိုကုရွမ်းတုအားပေးလိုက်သည်။

ကုရွမ်းတုကလည်း ယဉ်ကျေးမနေတော့ဘဲ ပစ္စည်းအားချက်ချင်းယူလိုက်သည်။ သို့သော် ထူးဆန်းသည်မှာ မျက်လုံးက ကုရွမ်းတုလက်ထဲရောက်သွားသည်နှင့် ဒယ်အိုးထဲထည့်လိုက်သည့်ရေအေးကဲ့သို့ဖြစ်နေသည်။

ကုရွမ်းတု၏ဝိညာဉ်ကိုတိုက်ရိုက်အလွှာလိုက် ဝေ့ပတ်နေပြီး ကုရွမ်းတု၏ခန္တာကိုယ်ပုံသဏ္ဍာန်မှာလည်းပြောင်းလဲလာသည်။

လင်းရုဖေးစိတ်ပူနေသည့်ပုံကိုမြင်သဖြင့် ကုရွမ်းတုက သူအဆင်ပြေကြောင်းပြသည့်အနေနှင့် ခေါင်းသာအနည်းငယ်ခါပြလိုက်၏။

ထိုသို့သော ပြောင်းလဲမှုတွေကအချိန်အကြာကြီးဆက်ဖြစ်နေပြီးမိုးကောင်းကင်ကြီးလင်းထင်းသွားမှသာလျှင် ကုရွမ်းတု၏ပုံရိပ်မှာတည်ငြိမ်သွားရသည်။ ယခင်ကသူနှင့်ယှဉ်ကြည့်ပါက အခုချိန်တွင် သူ့ရဲ့ခန္တာကိုယ်ကအနည်းငယ်ပြောင်းလဲသွားသည်။ ယင်းက မိုးရေကြောင့်မျောပါသွားခဲ့သည့် မှင်ပန်းချီကားကို စုတ်တံနှင့်မှင် ကျွမ်းကျင်သည့်ပန်းချီဆရာတစ်ဦးမှတစ်ဖန်ပြန်လည်ရေးဆွဲလိုက်ပုံနှင်တူသည်။ ပိုပြီးတော့အသက်၀င်လာ၏။

ထို့နောက် ပတ်၀န်းကျင်ရူခင်းကိုကြည့်လိုက်သည့်အခါ မူလကရှိနေသည့်ကျောက်ဆောင်ချောက်ကမ်းပါးကြီးကနေ စိမ်းလန်းစိုပြေသည့် သစ်ပင်၊ ပန်းပင်များအဖြစ်သို့ပြန်လည်ပြောင်းလဲသွားသည်။ တောင်ပေါ်ဓားပြများ၏အလောင်းတွေကနေရာအနှံအပြားပြန့်ကျဲနေပြီး ထိုအထဲတွင်အဖြူရောင်အရိုးတွေအဖြစ်ပြောင်းလဲသွားသည့်မော့ချန်းလန်နှင့်သူဘေးက‌သစ်သားသေတ္တာတို့လည်းရှိပေသည်။


လင်းရုဖေးသည် မော့ကျောက်ချိုင်မသေခင်က သူနှင့်လုပ်ထားခဲ့သည့်သဘောတူညီချက်ကိုသတိရသွားသဖြင့် သစ်သားသေတ္တာကိုကောက်ယူရန် ရှေ့ကိုခြေလှမ်းအနည်းငယ်တိုးလိုက်သည်။

သစ်‌သားသေတ္တာထဲတွင် မော့ချန်းရှန်း၏မျက်လုံးကနှစ်ခြိုက်စွာအိပ်‌မောကျနေသည့်အတိုင်းပိတ်လျက်ရှိသည်။ ယင်း၏ဘေးတွင်မူ မော့ကျောက်ချိုင်ချန်ထားရစ်သည့်ဆံချည်ခွေတစ်ခွေရှိသည်။မနီးမဝေးတွင် ခွေးကြီးတစ်ကောင်လှဲလှောင်နေသည်ကိုမြင်ပြီးနောက် လင်းရုဖေးသက်ပြင်းတစ်ခုသာချလိုက်မိသည်။ သူ သစ်သားသေတ္တာအားကိုင်လျက် ခွေး၏အသွင်အပြင်ကိုမြင်ရရန်ခြေလှမ်းအနည်းငယ်လျှောက်လိုက်၏။

ဤသည်ကား လှပသည့်ခွေးတစ်ကောင်မဟုတ်ချေ။

အလွန့်အလွန်ကိုသာမာန်ဆန်သည့်ပုံစံ၊ ဖရိုဖရဲအမွှေးများနှင့် ခပ်ပိန်ပိန်အရိုးသာရှိသည့်ခွေးတစ်ကောင်သာဖြစ်သည်။ ယင်းက ကျေးလက်ဒေသတွေမှာသာ‌ တွေ့ရတတ်သည့်ခွေးအမျိုးအစားဖြစ်သည်။ မြက်ခင်းပြင်ပေါ်တွင် လှဲလျောင်းနေသည့် ခပ်ကွေးကွေးခန္တာကိုယ်လေးဟာအသက်မရှိတော့ချေ။ လင်းရုဖေးက ယင်း၏လည်ပင်းမှာချိတ်ဆွဲထားသည့် သစ်သားပြားလေးအားသတိပြုမိလိုက်သည်။ သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သစ်သားပြားအားညင်သာစွာလှန်လိုက်သည်။

"ကျောက်ချိုင်" ဆိုသည့်စာလုံးနှစ်လုံးကို ထွင်းထားထုသည်ကိုတွေ့လိုက်ရ၏။

'လတ်စသတ်တော့ ဒီခွေးရဲ့နာမည်က ကျောက်ချိုင်ပဲ
အာ...ဒါကတကယ့်ကို သာမာန်နာမည်လေးတစ်ခုပဲ...'

လင်းရုဖေးက လက်လှမ်းကာသူ့ရဲ့မနူးမညံအမွှေးလေးတွေအားပွတ်သတ်ထိတွေ့လိုက်ပြီးနောက် သက်ပြင်းသာချလိုက်မိသည်။

အရာအားလုံးမှာ စိတ်ဝိဉာဏ်ရှိကြပြီးခွေးတွင်လည်းအတူတူပင်ဖြစ်သည်။ မော့ချန်းရှန်း ကိုယ်တိုင်တောင်မှ သူကြည့်ရှုစောင့်ရှောက်ထားခဲ့သည့်ခွေးလေးက သူ့ကိုဘ၀တစ်လျှောက်လုံးအမှတ်ရနေလိမ့်မယ်လို့ထင်မှတ်ထားမည်မဟုတ်ချေ။ မော့ကျောက်ချိုင်က မော့ချန်းရှန်းအတွက်နှင့်သေဆုံးသွားသဖြင့် သူ့ဆန္ဒပြည့်၀သွားသည်ဟု ပြောလို့ရပေသည်။ သေ‌ဆုံးသွားသည့် လူကိုပြန်မရနိုင်တော့ခြင်းက နှမြောစရာပင်။ အဆုံးတွင်မူ မော့ချန်းရှန်းက လူ့ဘ၀ကိုပြန်မလာနိုင်ပေ။

တစ်ချက်တွေးတောလိုက်ပြီးနောက် လင်းရုဖေးသူ့ရဲ့ သိုလှောင်လက်စွပ်ထဲမှသစ်သားဒိုင်းအကာအား နောက်တစ်ကြိမ်ထုတ်လိုက်သည်။

ကုရွှမ်းတုက သူလုပ်နေတာကိုမြင်သည့်အခါ စူးစမ်းလာ၏။

"ရှောင်ကျို့ ဘာလုပ်နေတာလဲ"

လင်းရုဖေးကဖြေသည်။

"သူတို့ကို မြေမြှပ်ပေးဖို့အတွက်ကျွင်းတူးမှာလေ"

ကုရွှမ်းတုမှာ ယင်းကအရမ်းထူးဆန်းတယ်ဟု ခံစားလိုက်ရသည်။

"မင်းက ဘာလို့ကျွင်းတူးဖို့သစ်သားဒိုင်းကိုသုံးတာလဲ"

လင်းရုဖေး : "ကျွန်တော်က ဒါမှမသုံးရင်ဘယ်ဟာကိုသွားသုံးရမှာလဲ"

ကုရွှမ်းတုက အတော်လေးကိုရှင်းရှင်းလင်းလင်းလေးပြန်ဖြေပေးလေသည်။

"မင်းရဲ့ ခါးမှာချိတ်ထားတဲ့ကုယွီက သုံးလို့ကောင်းတယ်လေ"

လင်းရုဖေးက စိုက်ကြည့်လိုက်ပြီး "ကုယွီကိုသုံးပြီးကျွင်းတူးတာက နတ်ဘုရားရဲ့လက်ဆောင်ကို မဆင်မခြင်ဖြုန်းတီးရာမကျဘူးလား"

သူရဲ့စကားလုံးတွေကပဲ့တင်ထပ်သွားပြီးနောက် ကုယွီကလှုပ်လှုပ်ရှားရှားဖြစ်လာကာ ကုရွှမ်းတုကို သူ့ရဲ့ဓားအိမ်နှင့်ထပြီးရိုက်ချင်နေပုံရသည်။

သို့ပေမဲ့ ကုရွှမ်းတုက နည်းနည်းလေးပင်ကြောက်ရွံ့သွားခြင်းမရှိသည့်အပြင် သူ့ရဲ့အမှုအယာမှာလည်း ပြောင်းလဲခြင်းမရှိပေ။

"စိတ်မပူနဲ့ ကိုယ်ဆို မီးရှို့တဲ့တုတ်အနေနဲ့တောင်သုံးသေးတာ အဲ့လိုမျိုးသုံးတာကြာတော့ အကျင့်တောင်ဖြစ်နေပြီ"

လင်းရုဖေး : “……”

ကုယွီ : “……”

နောက်ဆုံးမှာ လင်းရုဖေးက သူ့ပါးစပ်အားပိတ်ပြီး မော့ချန်းရှန်းနှင့် မော့ကျောက်ချိုင်တို့အတွက် သူ့သစ်သားဒိုင်းကိုသုံးပြီးကျွင်းတူးရန်သာအာရုံစိုက်ထားလိုက်သည်။

တောင်ပေါ်မှာသားရဲကောင်တွေရှိတာကြောင့် သူတို့ကိုမြေမြှပ်ရန်သုံးမည့်တွင်းကိုနက်နက်လေးတူးရသည်။ မဟုတ်လျှင် ရက်အနည်းငယ်အတွင်းမှာ တူးဖော်ပြီးစားသောက်ခံလိုက်ရမည်ပင်။ လင်းရုဖေးက ကျွင်းတူးပြီးနောက် ကုရွမ်းတုအားသူ့အစေခံနှစ်ယောက်နိုးလာပြီးလာဆိုတာမေးလိုက်သည်။ ခုနတုန်းက သူ အဆောင်စက္ကူကိုသုံးပြီး နှစ်ယောက်စလုံးကို အပြင်ဘက်သို့ပို့ဆောင်ပေးလိုက်ပေမယ့် ယခုအချိန်အထိ သူတို့၏ အခြေအနေအတိအကျကိုမသိရသေးချေ။

နှစ်ယောက်စလုံး၏မျက်လုံးများမှာ ထိခိုက်သွားပေမယ့် ပြင်းထန်သည့်ဒဏ်ရာမဟုတ်ကြောင်း ပြောနိုင်၏။

ကုရွမ်းတုတစ်ယောက် ထွက်ခွာသွားခြင်းမရှိပေ။

လင်းရုဖေးက သူတို့၏အမြင်အာရုံကိုထိခိုက်နိုင်လားဟု စိုးရိမ်တကြီးမေးလိုက်သည်။

"အမြင်အာရုံကတော့သေချာပေါက်ထိခိုက်လိမ့်မယ်"

ကုရွှမ်းတုကဆက်၍ဖြေလေသည်။

"ဒါပေမဲ့ ကန်းသွားရလောက်တဲ့အထိတော့ မဟုတ်ဘူး...နှစ်ယောက်စလုံးက ကျင့်ကြံတာလည်းကြာပြီဆိုတော့ လ၀က်လောက်အနားယူပြီးရင်သက်သာသွားလိမ့်မယ်"

ထိုသို့ပြောမှပဲလင်းရုဖေး လုံးလုံးစိတ်အေးသွားရသည်။

လင်းရုဖေးက ကျွင်းတကျင်းတူးပြီးနောက် မြေပြန်မဖို့ခင် သစ်သားသေတ္တာနှင့်မော့ကျောက်ချိုင်ရဲ့အကြွင်းအကျန်ပစ္စည်းတွေကိုသေချာနေရာချပေးလိုက်သည်။ မော့‌ကျောက်ချိုင် သူ့ကိုရောင်းထားသည့်သစ်သားဒိုင်းပေါ်တွင် သူတို့နှစ်ဦး၏နာမည်ကိုထွင်းလိုက်ပြီးအုတ်ဂူပေါ်၌စိုက်ထားပေးလိုက်၏။

သူအကုန်လုပ်ပြီးသည်နှင့် သူ့လက်ကမြေကြီးတွေကိုခါလိုက်ကာကုရွှမ်းတုအား သွားကြဖို့ ပြောလိုက်သည်။

ကုရွှမ်းတုက ‌အုတ်ဂူကိုစေ့စေ့စပ်စပ်တစ်ချက်ကြည့်လိုက်ပေမဲ့ မည်သည်ကိုမှဆိုမလာချေ။ သူကတစ်ဖက်သို့လှည့်ပြီးနောက် လင်းရုဖေးအနောက်မှလိုက်သွားလိုက်သည်။

လင်းရုဖေးက ဖူဟွားနှင့်ယွီရွေ့ကိုတွေ့သည့်အချိန်တွင် နှစ်ယောက်စလုံး သတိမရသေးပေ။ သူမတို့ရဲ့မျက်နှာပေါ်မှာပေနေသည့် သွေးတွေကိုကြည့်ပြီး လင်းရုဖေးစိတ်ထဲမသက်မသာခံစားလိုက်ရသည်။ သူ ပိုးပုဝါအားထုတ်လိုက်ပြီးနောက် ငုံ့ကာပေကျံနေသေးသည့်သွေးများကိုညင်သာစွာသုတ်ပေးလိုက်ပြီးနောက် နှစ်ယောက်စလုံး၏ဘေး၌မီးမွှေးပေးထားလိုက်သည်။ ယင်းက သူမတို့နှစ်ယောက်အားနွေးထွေးစေရန်နှင့် အစာခြောက်အနည်းငယ်ကင်စားရန်အတွက်ဖြစ်၏။

သူ ယင်းတို့တွေကိုလုပ်နေတုန်းမှာ ကုရွှမ်းတုကကြည့်နေခဲ့သည်။လင်းရုဖေးက အစာခြောက်တစ်လုပ်စာကိုဖြည်းဖြည်းချင်းစားနေပြီး သူ့ရဲ့လည်ချောင်းကိုစိုစွတ်သွားအောင်ရေဖြင့်မျောချလိုက်သည်။

သူက "အကြီးအကဲ"ဟုခေါ်လိုက်သည်။

ကုရွှမ်းတု : "ဟင်"

လင်းရုဖေးက ဖြည်းဖြည်းလေးမေးလိုက်သည်။

"အခုကျွန်တော်တို့လက်ထဲမှာပစ္စည်းရှိနေပြီဆိုတော့ ခင်ဗျားအဲ့ဒါက ဘာလဲဆိုတာကျွန်တော်ကိုရှင်းပြသင့်ပြီထင်တယ်...ဟုတ်တယ်မလား"

ကုရွှမ်းတု ပြန်ပြောခါနီးမှာပဲ လင်းရုဖေးကထပ်၍ဆို၏။

"ကျွန်တော်က အရမ်းကိုကြိုးစားထားတာဆိုတော့ ခင်ဗျား ကျွန်တော်ကိုလိမ်မပြောသင့်ဘူးမဟုတ်လား"

ကုရွှမ်းတုက လင်းရုဖေးစကားကြောင့်သီးမလိုပင်ဖြစ်သွားရသည်။

အသံတိုးတိုးလေးဖြင့်ပြန်မဖြေခင် ချောင်းခြောက်တစ်ချက်ကို ဟန်လုပ်ဆိုးလိုက်ပြီး "မင်းကို ဘာလို့လိမ်ရမှာလဲ"

လင်းရုဖေးက သူ့ကိုလေးလေးနက်နက်ကြည့်လျက် "ဒါဆို ကျွန်တော်ကိုပြောပြ"

ကုရွမ်းတုက သက်ပြင်းချလိုက်ကာ "ကောင်းကင်ဘုံမင်းကြီးဒီနေရာကိုဖြတ်သွားတုန်းက ချန်ခဲ့တဲ့ပစ္စည်းပဲ ဘာမှထူးထူးခြားခြားမဟုတ်ဘူး"

ယင်းစကားက မော့ချန်းလန်ပြောခဲ့သည်နှင့်အတူတူပင်ဖြစ်သည်။

လင်းရုဖေးက ကုရွှမ်းတုအားသံသယဖြင့်ကြည့်လိုက်ပြီး"ကောင်းကင်ဘုံမင်းကြီးချန်ထားခဲ့တဲ့ပစ္စည်း...ဘာလို့ကောင်းကင်ဘုံမင်းကြီးကမျက်လုံးတစ်လုံးကိုချန်ထားခဲ့တာလဲ...အဲ့ဒါကမှော်ရတနာပစ္စည်းတစ်ခုခုဆိုရင်လည်း ကောင်းတာပေါ့...ဒါပေမဲ့မျက်လုံးတစ်လုံးကိုချန်ထားခဲ့တယ်ဆိုတာအရမ်းကြီးမထူးဆန်းဘူးလား"

ကုရွှမ်းတုက ဘာမှမသိသည်ပုံဖြင့်ပြန်ဖြေလေသည်။

"အဲ့ဒါကိုတော့ ကိုယ်လည်းမသိဘူး ကိုယ်က အဲ့ဒီ ပင်ပန်းခက်ခဲနေတဲ့ကောင်းကင်ဘုံမင်ကြီးမှမဟုတ်တာ သူဘယ်လိုတွေးလဲဆိုတာကိုဘယ်သူမှမသိဘူး ကြည့်ရတာ...သူ့မှာ ဘာမှ‌ကောင်းကောင်းလုပ်စရာအလုပ်မရှိနေလို့ထင်တယ်"

လင်းရုဖေးက သူအားမယုံနိုင်သေး၊ ဤကုရွှမ်းတုက အသက်ရှင်လာတာ အတော်ကြာနေပြီဖြစ်၍ သေချာပေါက် သူသိတာတွေအများကြီးရှိပေသည်။ သို့ပေမဲ့ ယခုတစ်ခေါက်တွင်မူ သူကမပြတ်မသားနှင့်တစ်ခုခုကိုဖုံးထားသည်မှာ သိသိသာသာပင်ဖြစ်၏။

လင်းရုဖေးက ကုရွှမ်းတုအားကြည့်လိုက်ပြီးနောက် လေးလေးနက်နက်မေးလိုက်သည်။

"အကြီးအကဲက မပြောပြချင်တာ ကျွန်တော်ကို့ ယုံလို့မရဘူးထင်လို့လား"

ကုရွမ်းတု၏ပုံစံက ကူကယ်ရာမဲ့နေသည့်ပုံစံသို့ပြောင်းသွားသည်။ သူကရွှမ်းကျန်းအားဆွဲထုတ်လိုက်ကာ ယင်း၏မထိန်းနိုင်မသိမ်းနိုင်လှုပ်လှုပ်ရှားရှားဖြစ်နေသည်ကို မသိချင်ယောင်ဆောင်ပြီး သူ့အရှေ့ကမီးပုံအားထိုးလိုက်သည်။

"ကိုယ် မင်းကိုမယုံကြည်တာမဟုတ်ပါဘူး အဲ့ဒါက ကိုယ်ဘာသာတောင်မသိတာကို မင်းနားလည်အောင်ဘယ်လိုရှင်းပြရမှာလဲ"

ယင်းစကားကို တိုးဖျော့သေးငယ်သည့်အသံဖြင့်ပြောလာပြီး၊ ဤသည်ကလူကို လက်ခံယုံကြည်‌စေရန် အရမ်းခက်‌လေ၏။

လင်းရုဖေးက သူဒီ‌အကြောင်းပြောပြရန်တွန့်ဆုတ်နေတာသိပြီး နောက် အဆုံးတွင်သူလက်လျှော့လိုက်သည်။ သို့ပေမဲ့ ကုရွှမ်းတုက အရမ်းအရေးကြီးသည့်ကိစ္စတစ်ခုခုကိုဖုံးထားသည်ဟု အမြဲခံစားရတာကြောင့် သူနည်းနည်းစိတ်ဆိုးနေတုန်းပင်ဖြစ်သည်။

ဖူဟွားနှင့်ယွီရွေ့တို့မှာ နေခင်းရောက်သည်အထိမသတိမရချေ။ သူမတို့သတိရလာတော့လည်း သူမတို့မျက်လုံးတွေကဘာမှကိုမမြင်ရပေ။ နှစ်ယောက်စလုံး လင်းရုဖေးအဆင်ပြေတယ်ဆိုတာကိုကြားမှသာ ၀မ်းသာအားရငိုကြွေးတော့သည်။ သို့ပေမဲ့ မျက်ရည်တွေက နီနီရဲရဲသွေးမျက်ရည်တွေသာဖြစ်နေသည်။ ဤမြင်ကွင်းကိုမြင်သည့်အခါ လင်းရုဖေး၏နှလုံးသားကတုန်ယင်သွားရပြီးသူမတို့နှစ်ယောက်စလုံး၏ပါးစပ်ထဲသို့ သကြားပြောင်းဖူးထိုးထည့်လိုက်ကာနှစ်ယောက်စလုံးပြုံးသွားအောင်လုပ်လိုက်သည်။

ကုရွှမ်းတု၏အဆိုအရ ဖူဟွားနှင့်ယွီရွေ့တို့၏မျက်လုံးများ ပြန်လည်ကောင်းမွန်လာရန်အနည်းဆုံးလ၀က်လောက်အချိန်ယူရမည်ဖြစ်သည်။ သို့ပေမဲ့ သူတို့က လောလောဆယ်တောင်တန်းပေါ်မှာရောက်နေတာဖြစ်ပြီးအနားယူရန်နေရာလေးတစ်ခုပင်မရှိချေ။ ပိုဆိုးသည်က ဒီမတိုင်ခင်မတော်တဆကြောင့် သူတို့မြင်းတွေကော၊ လမ်းပြတွေပါဆုံးရှုံးသွားရခြင်းပင်။ အရှေ့မှာလည်းရွာမရှိ၊ အနောက်မှာလည်း တည်းခိုစရာမရှိချေ။ ယင်းက သနားစရာကောင်းသည့်တောင်တွင်းရှင်သန်နေထိုင်မှုနှင့်ပင်တူနေ၏။

ကံကောင်းထောက်မစွာဖြင့် လင်းရုဖေးက အကြံတစ်ခုရသွားသည်။ သူ့ရဲ့မှတ်ဉာဏ်ထဲမှ တောင်ပေါ်ကဓားပြတွေ၏အသိုက်အမြုံကိုခေါ်သွားလိုက်သည်။