Chapter 39
Viewers 9k

 


အပိုင်း (၃၉)


"ခေါင်းဆောင် ငါတို့ ဒါကို ဘယ်လိုလုပ်ရမှာလဲ"


"ခေါင်းဆောင် မီးဖိုက ဘယ်‌နေရာမှာ ဆောက်ချင်တာလဲ"


"ခေါင်းဆောင် မီးခိုးခေါင်းတိုင်ထည့်ရမလား ..."


. . .


သိုးသားရေကို ၀တ်ဆင်ထားတဲ့ သားရဲလူ‌တော်တော်များများက ဂိုဒေါင်ထဲတွင် စုပြုံနေကြပြီး အားလုံးက မေးခွန်း‌တွေ ဆက်တိုက်ထုတ်နေကြ၏။


ရမ်က ဂိုဒေါင်ရှေ့တွင် မတ်တပ်ရပ်ကာ ယောက်ျားသားများအား အလုပ်တာဝန်များ တိုက်ရိုက်ညွှန်ကြားနေခဲ့သည်။


'အရမ်းကောင်းတယ်၊ သူမကို အာရုံစိုက်နေတဲ့သူ တစ်ယောက်မှ မရှိဘူးပဲ။'


ကျီရှောင်အုံး ပတ်ဝန်းကျင်ကို စောင့်ကြည့်လေ့လာလိုက်ပြီး အဲဒီနောက် သူမပစ္စည်း‌တွေကို စစ်ဆေးကာ ကျောပိုးအိတ်ကို လွယ်လိုက်ပြီး တံခါးဆီသို့ ခိုးကြောင်ခိုးဝှက်နဲ့ သွားလိုက်ခဲ့ပါတယ်။


မနေ့က ရမ် သူမကို ပိုးပန်းချင်တယ်လို့ သူ ပြောလိုက်ကတည်းက "ပိုးပန်းခြင်း" အပြုအမူတွေကို အလေးအနက်ထား စတင်လိုက်တော့တာပဲ။


သူက သူမအတွက် ငါးဟင်းရည်တစ်ခွက် ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်‌ပေးပြီး သူမဒဏ်ရာ‌တွေကို စစ်ဆေး‌ပေးခဲ့ကာ ည‌ဘက်ရောက်ပြန်တော့ သူမနဲ့အတူတူ အိပ်ယာပေါ်မှာ လိုက်အိပ်ခဲ့ပါတယ်။


သိတဲ့အတိုင်း သူက တိရိစ္ဆာန်တွေရဲ့ ဝမ်းလျားမှောက်လဲလျောင်းတဲ့ပုံစံအတိုင်း ပွင့်လင်းလွန်းနေခဲ့တယ်!


ကျီရှောင်အုံးရဲ့တစ်ကိုယ်လုံး လန့်ဖျန့်တုန်ရီသွားပြီး သူမ ချက်ချင်းပဲ ကုတင်ပေါ်ကနေ ခုန်ချလိုက်ပြီး တည့်တိုးကို ငြင်းဆန်လိုက်ခဲ့ပါတယ်။


နောက်ပိုင်းမှာတော့ . . ရမ်က သူမကို အိပ်ရာထဲ တိုက်ရိုက်ဖိချပြီး သူမကို မေးလိုက်တယ်။


"အသားစားမျိုးစိတ်တွေက ဘာလို့ အမဲလိုက်ရတာကို ကြိုက်လဲဆိုတာ မင်း သိလား"


ကျီရှောင်အုံးက သူမခေါင်းကို ခါရမ်းလိုက်တယ်။


"ဘာလို့လဲဆိုတော့" ရမ်က သူ့နှုတ်ခမ်းတွေကို ခပ်ရိုင်းရိုင်း သပ်လိုက်ပြီး "ထွက်ပြေးတာက ငါတို့ရဲ့ စိတ်ဝင်စားမှုကို နှိုးဆွပေးလို့ပဲ"


ကျီရှောင်အုံး: ". . ."


ဒီလိုနဲ့ပဲ ကျီရှောင်အုံးတစ်ယောက် သူပြောတဲ့ "စိတ်ဝင်စားမှု" ဆိုတဲ့ဟာကို နှိုးဆွမိမှာ ကြောက်တာနဲ့ တစ်ညလုံးလုံး တုပ်တုပ် မလှုပ်ရဲဘဲ ကုတင်ထောင့်တွင် တောင့်တောင့်ကြီး လဲလျောင်းလိုက်ခဲ့‌ရ‌တော့၏။


ထိုနေ့ နံနက်အစောပိုင်းအရောက်မှာတော့ ရမ်က ကျားသစ်သုံးကောင်အား ခေါ်ဆောင်လာခဲ့ကာ သူတိုကို ဂိုဒေါင် သန့်ရှင်းရေးလုပ်ခိုင်းလိုက်ပြီး မီးဖိုချောင်အဖြစ်ပြောင်းလဲဖို့ ဂိုဒေါင်ထဲကို ခေါ်ဆောင်သွားခဲ့လိုက်သည်။


ရမ် က ပိုးပန်းခြင်းကို ဟာသတစ်ခုလို သဘောမထားတာကို ကျီရှောင်အုံး တွေ့လိုက်ရခဲ့တယ်။ သူ ဘာလို့ သူမကို ပိုးပန်းချင်တာလဲဆိုတာ သူမ မသိပေမယ့် တကယ်လို့သာ သူမ မြန်မြန်ထွက်မပြေးရင် နောက်ပိုင်းမှာ အခွင့်အရေးရှိလာမှာ မဟုတ်ဘူးဆိုတာ‌တော့ သူမ သိပါတယ်။


ကျီရှောင်အုံးတစ်ယောက် ခြေသံဖွဖွလေး လျှောက်သွားပြီး ခြံတံခါးဆီသို့ ဂရုတစိုက် ချဉ်းကပ်သွားလိုက်ကာ တံခါးသော့ကို ကိုင်၍ နည်းနည်းချင်း သွင်းဖွင့်လိုက်တယ် . .


ရုတ်​တရက်​ လက်​တစ်​စုံက သူမပုခုံး​ပေါ်​ရောက်​ရှိလာပြီး ​နောက်​ပြန်​ဆွဲသွားခဲ့တော့တယ်​။


"ကြည့်ရတာ မင်းက ကိုယ့်မိန်းမပျိုဖြစ်ရတာထက် ကိုယ့်သားကောင်ဖြစ်ရတာ ပိုကြိုက်ပုံရတယ်" ရမ်ရဲ့လက်များက သူမတင်ပါးတွေပေါ်ကို တင်းကြပ်သွားလိုက်ခဲ့သည်။


ကျီရှောင်အုံး အေးခဲသွားပြီးနောက် သူမဆံပင်တွေ ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့၏ "နင်!... နင် ငါ့ကို အောက်ချပေး!"


ဂိုဒေါင်အဝင်ပေါက်ဝမှာ ရှိနေတဲ့ ကျားသစ်သားရဲလူသုံးယောက်က သူမတင်ပါးကို သူ တကယ်ပဲ ချလိုက်လားဆိုတာ ကြည့်ရှုဖို့ ခေါင်းလှည့်ကြည့်ကြ‌တော့၏!


ကျီရှောင်အုံးက မချင့်မရဲဖြစ်စွာနဲ့ သူမခြေထောက်ကို ကျောက်ကန်လိုက်ခဲ့ပြီး "ငါ ပက်ကို ရှာဖို့ သွားမှာ..."


ရမ်ရဲ့လက်သည်းတွေက သူမခါးကို ကိုင်ထားပြီး ဂိုဒေါင်တံခါးဆီသို့ ပြန်ဆွဲ‌ခေါ်သွားလိုက်ခဲ့တယ်။ "သူ့ကို ကူရှာ‌ပေးမယ်လို့ ကိုယ် မင်းကို ကတိပေးထားတယ် မဟုတ်ဘူးလား"


ကျီရှောင်အုံးက သူမခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်ပြီး "မရဘူး၊ ငါ ငါ့ဘာသာပဲ သူ့ကို ရှာချင်တယ်"


ရမ် က မေးလိုက်တယ်။ "ဘာလို့ မရတာလဲ"


ကျီရှောင်အုံး က ခေတ္တ ရပ်သွားလိုက်ပြီး " . . ငါ နင့်ကို ဘာအကြွေးမှ မတင်ချင်ဘူး " အဲလိုမှပဲ သူမ ပျော်‌ပျှော်ရွှင်ရွှင်နဲ့ ထွက်ခွာသွားနိုင်မည်ပဲ‌လေ။


ရမ်က မျက်မှောင်ကြုတ်သွားလိုက်ပြီး သူ့မျက်ခုံးရိုးက အနည်းငယ်တွန့်‌ခေါက်သွားလိုက်ကာ "တကယ်လို့ မင်းရှေ့က သူက ထောင်ထောင် သာ ဆိုရင် မင်းငြင်းဦးမှာပဲလား။"


"... "


ရမ်က သူမစိတ်ထဲရှိနေတာကို ပြောလိုက်တာပဲဖြစ်တယ်။


ကျီရှောင်အုံးရဲ့နှလုံးသားထဲတွင်တော့ "ထောင်ထောင်" နဲ့ "ရမ်" ကြားထဲမှာ ကွဲပြားခြားနားချက်တစ်ခုက အမြဲလိုလို ရှိနေခဲ့ပြီး သူမ သူတို့တွေကို အတူတူ ဆက်စပ်ကြည့်လို့ကို ဘယ်လိုမှ မရပေ။


တကယ်လို့ ထောင်ထောင်သာဆိုရင် သူမမှာ ဘာစိတ်ဖိအားမှ မရှိဘဲ သူမနဲ့တူတူ ခေါ်သွားလို့ရနိုင်မှာပဲ။ သူမက သူ့ကို ကာကွယ်စောင့်ရှောက်‌ပေးနိုင်တာပဲ‌လေ။


ဒါပေမယ့် ရမ် ကျတော့.... . သူက အဖက်ဖက်က အရွယ်ရောက်ပြီးတဲ့ကျားသစ်တစ်‌ကောင်ပဲ။ ကျီရှောင်အုံး သူ့ရှေ့မှာ သွားပြီး ဟိုလိုသည်လို သွားရှုပ်လို့ မရနိုင်ဘူး။


ကောင်မလေးက သူမခေါင်းကို ငိုက်ဆင်းလိုက်တော့ မျက်တောင်ရှည်ရှည်‌တွေက နိမ့်ဆင်းသွားလိုက်ကာ သူမရဲ့ ကြွေထည်လို ဖြူဖွေးတဲ့ မျက်နှာလေးက မီးခိုးရောင် အရိပ်တစ်ခုဖြင့် ဖုံးလွှမ်းသွားခဲ့၏။


ဆောင်းရာသီရဲ့ မပူလွန်းတဲ့ နေရောင်ခြည်က သူမကို ရစ်ပတ်ထွေးပွေ့လိုက်ကာ သူမ တစ်ကိုယ်လုံး စက်ဝန်းသဖွယ် မှေးမှိန်သွားစေလိုက်တယ်။


ရမ်က သူ့လက်ဖဝါးကို မြှောက်လိုက်ပြီး ကျီရှောင်အုံး ရဲ့ပါးပြင်လေးကို ထိ‌တွေ့လိုက်ခဲ့တယ်။ ကောင်မလေးရဲ့မျက်နှာက သူ့အသားအရေနဲ့ လွန်စွာကွာခြားလှပြီး ချောမွတ်ပြီး နူးညံ့ကျိုးပဲ့လွယ်ကာ နံနက်ခင်းတွင် နှင်းစို‌နေလို့ အိကျနေတဲ့ ပန်းပွင့်‌ဖတ်တွေလိုပင်။


ရမ် အရင်တုန်းက နူးညံ့သိမ်မွေ့တဲ့ အရာ‌တွေကို သူ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဖူးပါပေ၊ ဘာလို့ဆိုတော့ သူတို့က ပြုစု‌စောင့်ရှောက်ပေးရတာ ပြဿနာအတော်များလို့ပင်။ သူ သတိမထားမိတဲ့အခါတိုင်း သူတို့တွေက ခြောက်သွေ့ညှိုးနွမ်းသွားတတ်ကြတယ်။ အခုတော့ သူ ဒီပန်းလေးကို ခူးဆွတ်ပြီး သူမကို သူ အိမ်ကို ခေါ်သွားပြီးတော့ သူမကို ရေလောင်းပြီး စိုက်ပျိုးချင်တယ်၊ သူမကို သူ့အတွက်သာ ပွင့်ဖူးစေချင်‌နေတော့တယ်။


ရမ်က ကျီရှောင်အုံးရဲ့ မျက်နှာ‌သေးသေးလေးကို အနည်းငယ်လေး ဖိညှပ်လိုက်ခဲ့တယ်။ "တကယ်လို့ မင်း မလုပ်နိုင်ဘူးဆိုရင် မင်း ဒီမှာပဲ ရိုးရိုးသားသား နေပေးပါလား"


ကျီရှောင်အုံး က သူ့ကိုကြည့်ဖို့ သူမရဲ့အနက်ရောင်လဲ့‌နေတဲ့ မျက်လုံးတွေကို မော့လိုက်ခဲ့ပါတယ်။ အချိန်အတော်ကြာပြီးနောက် သူမ ဖြည်းဖြည်းချင်း မေးလိုက်ခဲ့တယ် "... နင် ငါ့ကို ပက် ကို ဘယ်တော့‌လောက် ကူရှာပေးမှာလဲ"


ရမ် သူ့မျက်ခုံးရိုးများက အနည်းငယ်‌လေး မြင့်တက်သွားလိုက်ကာ သူ့သွားတွေကို လျှာဖြင့် သပ်လိုက်ပြီး မသိမသာတဲ့ အပြုံးတစ်ခုက သူ့နှုတ်ခမ်းသားပေါ် ကူးစက်သွားလိုက်ခဲ့တယ်။ "မင်း ဘယ်အချိန် လိုချင်လဲ"


"မြန်လေ ပိုကောင်းလေပဲ"


**********


ဂိုဒေါင်က နှစ်ရက်အတွင်း ပြန်လည်တည်ဆောက်လိုက်ခဲ့တယ်။ အတွင်းပိုင်းအားလုံးကို သန့်ရှင်းထားပြီး အလယ်တွင် မီးဖိုတစ်ခု နေရာချထားသည်။ လေးထောင့်မီးခိုးခေါင်းတိုင်တစ်ခုရှိပြီး ဟင်းချက်တဲ့အချိန် အပေါ်ကို မီးခိုးတွေထွက်‌စေတာကြောင့် တစ်အိမ်လုံးကို မီးခိုးမွှန်ထူမှာ မဟုတ်တော့ပေ။


သူ့ဘေးတွင်တော့ လောလောလတ်လတ်လေးကမှ ဖုတ်ထားသော မြေအိုးတစ်လုံးရှိ‌နေတဲ့ ဗီရိုတစ်ခုရှိ‌နေသည်။ အဲဒီဘေးတွင်တော့ ထင်းခြောက်အပုံတစ်ပုံနဲ့ မီးမွှေးဖို့အတွက် ကောက်ရိုး‌တွေ ရှိနေခဲ့သည်။


ကျီရှောင်အုံးက မီးဖိုချောင်ထဲမှာ တစ်ပတ်လည် လျှောက်သွားနေစဉ်မှာတော့ ရမ် က ခြံဝင်းထဲတွင် မတ်တပ်ရပ်၍ သူ့လူ‌တွေနဲ့ စကားပြောနေခဲ့တယ်။


သူမက ထင်းမီးဖိုနဲ့ အစိမ်းသက်သက်မဟုတ်ပေ။ သူမ အဖွားဖြစ်သူက ကျေးလက်မှာ နေခဲ့ဖူးပြီး အဲဒီကမီးဖိုက အခုမီးဖိုနဲ့ တစ်ထေရာတည်းပင်။


အဲဒီအချိန်တုန်းကတော့ သူမက ငယ်သေးပြီး မီးကို အလွန်အမင်း စိတ်ဝင်တာစား‌ရှိ‌နေခဲ့တယ်။ အဖွား ထမင်းဟင်းချက်တဲ့အချိန်ဆို သူမက ဘေးမှာရပ်ပြီး ထင်း‌ချောင်းသွားကိုင်လိုက်တာပဲ။


သူမအဘွားက သူမကိုယ့်ဘာသာ မီးလောင်‌လောင်လုပ်မိမှာကို စိုးရိမ်တဲ့အတွက် အခေါက်တိုင်း သူမကို မောင်းထုတ်ပစ်တာကတော့ ရှက်စရာပဲ။


ကျီရှောင်အုံး ပတ်ပတ်လည်ကို လျှောက်ကြည့်ပြီးနောက် မီးဖိုချောင်ထဲမှ ထွက်လာခဲ့လိုက်တယ်။


ရမ်က ကျားသစ်ဘာသာစကားကို အသုံးပြု၍ မျိုးနွယ်စုနှင့် စကားပြောနေတုန်းပင်။ ကျီရှောင်အုံး နားမလည်နိုင်ဆဲပင်။ ကျီရှောင်အုံးအား နောက်ကျောပေးထားတာမို့ သူ့အမူအရာကို သူမ မမြင်နိုင်ပေမဲ့ သူနဲ့ ဆန့်ကျင်ဘက်က ကျားသစ်‌တွေရဲ့ လေးလံနေတဲ့ မျက်နှာမူအရာ‌တွေကိုတော့ သူမ မြင်နိုင်‌လေတယ်။


ကျီရှောင်အုံး သားရဲလူအမျိုးသားကို မှတ်မိလိုက်တယ်၊ သူ့ကို..... ဝင်းတား လို့ ခေါ်သလားလို့။


မကြာမီမှာပဲ ဝင်းတား က ပြန်ထွက်သွားတော့တယ်။


ရမ် က သူမဆီပြန်လျှောက်လာပြီး ပုံမှန်လို့ အရေးမကြီးဟန်ဖြင့် ရှင်းပြလာလေတယ်။ "ဝင်းတား က မျိုးနွယ်စုမှာ အပြေးအမြန်ဆုံး ကျားသစ်ပဲ၊ ပက် ဘယ်‌နေရာမှာ ရှိလဲဆိုတာ ရှာဖို့ သွားလိုက်ပြီ"


ကျီရှောင်အုံး က မနေ့က သူမ သူ့ကို ပြောခဲ့တဲ့ "မြန်လေလေ ပိုကောင်းလေ" ဆိုတာကို သတိရလိုက်ပြီး 


ငေးတိ ငေးကြောင်ဖြစ်သွားလိုက်တယ်။


********


'သူ......တကယ်ကြီး သူမပြောတဲ့စကားကို နားထောင်လိုက်တာလား။'


ကျီရှောင်အုံး တိတ်ဆိတ်သွားလိုက်တာကို ရမ် ကမြင်လိုက်‌တော့ သူ သူ့ကိုယ်ကို ကိုင်းပြီးတော့ သူမလေးကို ပွေ့ချီလိုက်ကာ သူမခြေထောက်‌တွေကို ပွေ့သယ်ရင်းနဲ့ အခန်းထဲကို လျှောက်ဝင်သွားလိုက်တယ်။ သူက သူမကို ကုတင်ပေါ်တင်‌‌ပေးပြီး သူမရဲ့ နူးနူးညံညံမျက်နှာလေးကို ဖျစ်ညှစ်လိုက်ပြီး "မနက်ဖြန် ကိုယ် အပြင်ထွက်ဖို့ရှိတယ်။ ညနေ‌လောက် ပြန်လာခဲ့မယ်။ ဒီမှာနေပြီး ကိုယ့်ကို စောင့်နေ‌ပေး။ ကိုယ် ဆူဇန်နာကို မင်းနဲ့ အဖော်လုပ်ခိုင်းလိုက်မယ်"


ရမ် တစ်‌ယောက် ကျီရှောင်အုံးရဲ့မျက်နှာလေး ချောမွတ်‌နေတာကို ရှာတွေ့သွားလိုက်ကတည်းက သူ သူမမျက်နှာ ဒါမှမဟုတ် လက်ချောင်း‌လေးတွေကို ဖိညှစ်ရတာအား အမြဲကြိုက်သွားတော့တာပဲ။


ကျီရှောင်အုံးရဲ့လက်လေးတွေက သူတို့နဲ့ လားလားမှ မတူညီပေ။ သားရဲလူသား‌တွေမှာက လက်ချောင်း‌ရှည်ရှည်နှင့် ချွန်ထက်တဲ့ လက်သည်း‌တွေရှိ၏။ တစ်နှစ်ပတ်လုံး အမဲလိုက်ရတာကြောင့် သူတို့လက်ဖဝါးသား‌တွေကလည်း ကြမ်းရှပြီး အသားမာတက်နေတာပင်။ ကျီရှောင်အုံးလက်ချောင်းတွေကတော့ ထိုးတက်လာတဲ့ ရေ‌ပန်းမွှားလေးတွေလို သွယ်လျပြီး ကြည့်လို့ကောင်းကာ သူမလက်ဖဝါး‌တွေ ပျော့ပျောင်းနူးညံ့ပြီး အရိုးမဲ့နေ‌လေ၏။


ပျော့ပျောင်းလွန်းသဖြင့် လူ‌တွေက သူမလက်ဖဝါး‌လေးတွေကို ပိုပိုပြီး ကိုင်တွယ်ထိ‌တွေ့နေခဲ့တယ်။


ကျီရှောင်အုံး သူမမျက်လုံးတွေကို ပင့်လိုက်ပြီး သူမရဲ့ ပထမဆုံး အတွေးက " နင် အပြင်ထွက်မလို့လား"


ရမ် က ခေါင်းညိတ်ပြပြီး အဲဒီနောက် အေးဆေးတည်ငြိမ်စွာ သတိပေးလိုက်တယ်။ "မင်း ထွက်ပြေးဖို့ကြိုးစားမယ်ဆိုရင် မင်းမလုပ်ခင် စဉ်းစားတာ ပိုကောင်းလိမ့်မယ်။ ကျားသစ်ရဲ့အ‌ပြေးနှုန်းကို မကျော်နိုင်ရင် မင်းဘယ်သွားသွား ကိုယ် မင်းကို တွေ့အောင်ရှာနိုင်မှာပဲ"


ကျီရှောင်အုံး : " ..."


အဲဒီညနေခင်းတွင်လည်း ကျီရှောင်အုံးရဲ့တော်လှန်မှုက အရာမထင်ဖြစ်ခဲ့ပြီး ရမ် က သူမအား အိပ်ရာပေါ်သို့ နောက်တစ်ကြိမ် လှဲချခဲ့ပြန်ပါတယ်။


ရမ် က သူမ မလုပ်ချင်တာကိုတော့ ဘာမှမလုပ်ခဲ့လိုက်‌ပေ။ သူ့လက်သည်းတွေက သူမအဝတ်‌တွေအောက် စူးဝင်သွားတာနဲ့ သူမမျက်လုံးတွေက ရုတ်ခြည်း မျက်ရည်တွေနဲ့အတူ နီရဲလာခဲ့ပြီး နာနာကျင်ကျင်နဲ့ အော်ငိုပစ်လိုက်ခဲ့ပါတယ်။


ရမ်က သူမကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် နောက်ဆုံးတွင် သူ့လက်‌တွေကို ပြန်ဆွဲထုတ်ကာ သူ့ရင်ခွင်ထဲတွင်ပဲ ချုပ်နှောင်လိုက်တော့တယ်။


တကယ်တော့ ကျီရှောင်အုံး ရဲ့ ဒဏ်ရာတွေက ပုံမှန်အတိုင်းနီးပါး ပြန်ဖြစ်လာပေမယ့် သူမဗိုက်မှာ အရုပ်ဆိုးပြီး ပန်းရောင် အမာရွတ် ၃ ခုကျန် ရှိ‌နေခဲ့ပါတယ်။ သူမ ငိုရတဲ့အကြောင်းရင်းကတော့ ရမ် က သူမဝမ်းဗိုက်က ဒဏ်ရာ‌တွေကို မသိ‌ကျေးကျွန် မပြုနိုင်လို့ပါပဲ . .


အဝတ်အလွှာတွေ ခြားနားနေပေမယ့်လည်း သူ့ ရဲ့ ပူပြင်းတဲ့ အပူချိန်ကို သူမ ခံစားနိုင်‌နေလေတယ်။


ကျီရှောင်အုံး တစ်ယောက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှု လုံးလုံးမရှိထားတာမို့ သူမလက်‌တွေ ခြေထောက်တွေ တောင့်တင်းသွားလိုက်ပါတယ်။ တစ်ညလုံးလုံး သူမ ရမ် ရဲ့ရင်ဘတ်ကို ကျောပေးပြီး အလောင်းကောင်လို တောင့်တောင့်ကြီး လဲလျောင်းလိုက်ရပါတယ်။


အဲဒီလို ညတာရှည်တစ်ည ကုန်လွန်သွားပြီးနောက် ရမ် နောက်ဆုံးတွင် ထွက်ခွာသွားခဲ့၏။


ကျီရှောင်အုံး အသက်တစ်ဖန် ပြန်ရှင်လာပုံ‌ပေါက်သွားလိုက်ပြီး အိပ်ယာပေါ်ပြန်လှဲချကာ အိပ်ပျော်သွား‌တော့တယ်။


တစ်နာရီလောက် အိပ်ပျော်သွားလိုက်ပြီးနောက် ဆူဇန်နာက ရောက်ရှိလာခဲ့ပါတယ်။


ဆူဇန်နာ အား ရမ် က သူမကို အဖော်လုပ်ပေးဖို့ အပ်နှံထားခဲ့တာပဲဖြစ်၏။


ကျီရှောင်အုံး အိပ်ရေးမဝသေးတာမို့ သူမ ခေါင်းနည်နည်း မူး‌ဝေခဲ့ပါတယ်။ ဒါကြောင့် ဆူဇန်နာ က အပြင်ထွက်ဖို့ ပြောတဲ့အခါ ကျီရှောင်အုံး က မငြင်းလိုက်‌တော့ချေ။


ကျားသစ်မျိုးနွယ်စု အနောက်ဘက်တွင် စမ်းချောင်းတစ်ခုရှိပြီး စမ်ချောင်းက ကမူဒါတောင်ကြားအား ဝန်းရံထားသည်။ ရေက ကြည်လင်တောက်ပနေ၏။


ဆူဇန်နာက အဝတ်ခြင်းတောင်းတစ်‌တောင်းကိုယူလာခဲ့ကာ လျှော်ဖွတ်ရန်ရန် စမ်းချောင်းဘေးတွင် ငုတ်တုပ်ထိုင်ချလိုက်ခဲ့တယ်။


အကြီးအကဲစကားလက်က အသက်ကြီးတာကြောင့် အဝတ်လျှော်ဖို့ အရမ်း အဆင်မပြေ‌တော့ပေ။ အပတ်တိုင်း အဝတ်အစားတွေ လျှော်ဖွတ်ရတာက ဆူဇန်နာ ရဲ့ အလုပ်ပင်ဖြစ်လေတယ်။


ဆူဇန်နာက သားရေခွံကို ရေထဲသို့ ပစ်ချလိုက်ပြီး အကေရှားအရွက် အနည်းငယ်နဲ့အတူ လျှော်ဖွတ်လိုက်ခဲ့သည်။ သူမ ကျီရှောင်အုံး ကို ကြည့်လိုက်ပြီးတော့ သူမလေသံက သိပ်ဖော်ရွေမှု မရှိစွာဖြင့် ပြောလိုက်တယ်။


"ဟိုနေ့က နင် ထွက်ပြေးသွားတယ်လို့ ငါ ကြားတယ်။ ရမ် နင့်ကို ပြန်ခေါ်လာခဲ့တာလား"


ကျီရှောင်အုံးက သူမလက်ခုပ်ထဲကို ရေအနည်းငယ် ခပ်ယူလိုက်ပြီး ပါးပြင်ပေါ်သို့ ပက်ဖျန်းလိုက်ခဲ့ကာ မကြာမီ နိုးကြားလာခဲ့တယ်။


ဆူဇန်နာရဲ့ စကားများ သူမနားထဲ ရောက်သွားလိုက်တယ်။ သူမ "ထွက်ပြေး" ဟူသော စကားလုံးကိုသာ နားလည်လိုက်ပြီး ချက်ချင်းပင် လန့်ဖျပ်သွားကာ "နင်ဘယ်လိုလုပ် သိတာလဲ"


ဆူဇန်နာက သူမမျက်လုံးထဲက သံသယ‌တွေကို မြင်လိုက်ရ‌ပေမဲ့လည်း မေးခွန်းနှစ်ခုစလုံးကို သူမ ဖြေနေတယ်လို့သာ ထင်လိုက်ခဲ့တယ်။ သူမ၏အမြီးက ယိမ်းနွဲ့သွားလိုက်ပြီး သက်သာရာရတဲ့ သက်ပြင်းဖွဖွ တစ်ချက် ချရင်း "နင် ထွက်ပြေးတဲ့ညက ရမ် က နင့်ကိုလိုက်ရှာဖို့ ထွက်သွားတာ။ သူ နောက်တစ်‌နေ့ရောက်တဲ့အထိ ပြန်မလာဘူး၊ ဒါပေမယ့် သူပြန်လာတဲ့အချိန် နင့်ကို သူ့လက်မောင်းထဲမှာ ပွေ့ချီလာခဲ့တာ‌လေ။ ငါ ဘယ်လိုသိတယ်လို့ နင်ထင်လဲ"


ကျီရှောင်အုံး က မျက်တောင်ခတ်လိုက်ပြီး သူပြောတာ နားမလည်ဘဲ စိတ်ရှုပ်စွာနဲ့ သူမကို ပြန်ကြည့်လိုက်တယ်။


ဆူဇန်နာလည်း ရှင်းပြမနေတော့ဘဲ ပါးစပ်ထောင့်တွေကတော့ မဲ့သွားလိုက်တယ်။ ရမ် က ဘာလို့ သူကိုယ်တိုင်ကို ဒီမိန်းမပျိုကို သွားပြန်ခေါ်လာလိုက်လဲဆိုတာ သူမ နားမလည်တော့ဘူးပဲ။


'သူမ က ဘယ်ရောက်သွားတာပါလိမ့်။'


သူ အပြင်ထွက်တာ တစ်ရက်ပဲကြာလိုက်ပေမယ့် သူ ပြန်လာတဲ့အချိန် သူမကို တင်းတင်း‌ပွေ့ချီထားပြီး သူ့ခါးစည်းမှာ သူမကို တင်ချီလာရလို့ တော်တော် ပင်ပန်းသွားလောက်မှာပဲ။


ဒီလိုဆို​ သူမ​ နောက်​ထပ်​ထွက် မ​ပြေးနိုင်​​တော့မှာ မဟုတ်ဘူးပဲ၊ ဆူဇန်နာ စိတ်​တိုတိုနှင့်​​ တွေး‌တောနေလိုက်​တယ်​။


ဒီလိုနဲ့ပင် မိန်းကလေးတစ်ယောက်နဲ့ ကျားသစ်တစ်ကောင်က စမ်းချောင်းဘေးမှာ တစ်မနက်လုံး နေ နေလိုက်ခဲ့တယ်။ ဆူဇန်နာက အဝတ်လျှော်ပြီးသွားလိုက်ပြီး ကျီရှောင်အုံး က သူမနောက်ကနေ လိုက်ပါသွားခဲ့တယ်။


လမ်းတွင်တော့ သူမ စားလို့ရတဲ့ မှို အမျိုးအစား တော်တော်များများကို တွေ့လိုက်ရတဲ့အတွက် ကျီရှောင်အုံး က သူတို့ကို ခူးဆွတ်လိုက်တယ်။ ဆူဇန်နာ အာရုံမစိုက်တဲ့အချိန် သူမ အားလုံးကို သူမနေရာလွတ်ထဲ ထည့်ထားလိုက်ခဲ့တယ်။


အချိန်အတော်ကြာ လမ်းလျှောက်လာလိုက်ပြီးနောက် အဝေးက‌လာတဲ့ တိုးညှင်းတဲ့ ဟောက်ဟိန်းသံကို သူမ ကြားလိုက်ရသည်။


အသံက နက်ရှိုင်းပြီး စွမ်းအားကြီးမားကာ ချိုင့်ဝှမ်းအတားအဆီးများမှ ပဲ့တင်ထပ်လာကာ နောက်တစ်သံကပါ ထွက်ပေါ်လာလိုက်တော့တယ်။


---- အစွယ်ကွေးကျားတွေရဲ့ ဟောက်ဟိန်းသံပင် ဖြစ်လေ၏။


End Chapter