Chapter 40
Viewers 9k

 


အပိုင်း (၄၀) 



ကမူဒါတောင်ကြားက အသားစားမျိုးစိတ်များစွာဖြင့် နေထိုင်ကြပြီး အသံဗလံများ မကြာခဏ ကြားရ‌လေ့ရှိတာပင်။ အစပိုင်းတွင်တော့ ဆူဇန်နာက ဂရုမစိုက်ခဲ့ပေ။ ယုတ်စွအဆုံး အသံက ပိုပို နီးကပ်လာသည်အထိကနေ သူတို့တတွေက ကျားသစ်မျိုးနွယ်စုနယ်‌ပိုင်နက်ကနေ တည့်တည့်ရောက်လာခဲ့သလို ရောက်လာလုနီးပါးဖြစ်နေခဲ့အထိဖြစ်၏။ အသံတွေက များစွာကြားနေခဲ့ရပြီး ချိုင့်ဝှမ်းတစ်ခုလုံး လှိုက်သံပါကာ တုန်ခါသွားခဲ့၏။


ဆူဇန်နာ နားတွေက လှုပ်လှုပ်ရွရွဖြစ်သွားလိုက်ပြီး သူမ နီးနီးကပ်ကပ် နားထောင်လိုက်တယ်။ သူမမျက်နှာက လျင်မြန်စွာ ဖြူဖျော့သွားလိုက်ပြီး သူမနောက်မှ ကျီရှောင်အုံး အား ပြောလိုက်တယ်။ "ငါနဲ့ မျိုးနွယ်စုကို ပြန်သွားကြမယ်။ အစွယ်ကွေးကျားတွေ လာနေကြပြီ!"


အသားစားမျိုးစိတ်တွေက သားရဲတိုင်းရဲ့အသံတွေနဲ့ ရင်းနှီးကြတာပဲဖြစ်တယ်။ ဝမ်းတွင်းပါတဲ့ ပင်ကိုဗီဇကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။


ကျီရှောင်အုံး က ဆူဇန်နာ့စကားကို နားမလည်လိုက်‌သော်ငြားလည်း အဝေးကလာတဲ့ သားရဲတိရစ္ဆာန်များ၏ ဟောက်ဟိန်းသံကို သူမ ကြားခဲ့လိုက်တယ်၊ သူမခန္ဓာကိုယ် တောင့်တင်းသွားပေမဲ့ သူမ ဆူဇန်နာ၏ ခြေလှမ်းအတိုင်း ချက်ချင်းပဲ နောက်ကနေ လိုက်ပါသွားခဲ့တယ်။


"ဒီ‌ကေင်စုတ်တွေ ဒီကို ဘာလာလုပ်ကြတာလဲ" ဆူဇန်နာ က အနောက်ကို ပြန်လျှောက်လာရင်း မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။


ကျားတွေက ဆယ်မိုင်အကွာမှာ ရှိတဲ့ ရာမိုစ် တောင်ကြားတွင် နေထိုင်ကြတာပဲဖြစ်တယ်။ လူမျိုးစုနှစ်ခုကြားတွင် အပြန်အလှန်ဆက်သွယ်မှု မရှိသလောက်ဖြစ်၏။


သစ်ပင်အုပ်‌တွေထဲ သူတို့ ရောက်ရှိလာတာ သူမတို့အတွက် ကောင်းကျိုးတစ်စက်လေးမှ ရှိမှာမဟုတ်ဘူးပဲ။


ဒါက အစွယ်ကွေးကျားတွေက အမှန်တကယ်ကို ပြဿနာလာရှာတယ်ဆိုတာ သက်သေပြနေတာပဲမလား။


နောက်ဆုံးအကြိမ်တုန်းက ရမ် က ရာမို့စ် ‌တောင်ကြားသို့ မျိုးနွယ်စုအား ဦးဆောင်‌ခေါ်သွားခဲ့ပြီး သူတို့မျိုးနွယ်စုက‌နေ (အစွယ်ကွေးကျားမျိုးနွယ်) သူတို့ သားကောင်တွေကို လုယက်သွားရုံသာမက မိန်းမပျိုအများစုကိုလည်း ကယ်တင်လာလိုက်ခဲ့တယ်။ ဒါက ကျားမျိုးနွယ် ခေါင်းဆောင် စရန့် ကို အလွန်တရာ ဒေါသထွက်သွားစေခဲ့တာပဲဖြစ်တယ်။


သူ့ခွန်အားတွေ ပြန်လည်ရရှိပြီးနောက်မှာ စရန့် က အိမ်နီးချင်းကျားဖြူမျိုးနွယ်စုမှ စစ်သည်‌တော်တွေကို စုရုံးပြီး ပြီးခဲ့တဲ့အခေါက်တုန်းက ရမ် သူတို့ကိုပေးခဲ့တဲ့ အရှက်ခွဲမှုကို ဆေးကြောဖို့ရာ ကမူဒါတောင်ကြားဆီ လာလိုက်ခဲ့တာပင်။ ကျားသစ် မျိုးနွယ်စုထဲကမိန်းမပျို‌တွေအားလုံးအား သိမ်းပိုက်ရန်ပင်ဖြစ်၏။၊


ဆူဇန်နာက လျင်မြန်စွာ လျှောက်လှမ်းလိုက်ပြီး သူမခြေထောက်‌တွေက သစ်ပင်တွေကို ဖြတ်သန်း၍ လှပစွာ ကခုန်ပြေးလွှားနေခဲ့တယ်။


သူမ နောက်လှည့်ကြည့်လိုက်တော့ အမျိုးသမီးက သူမနောက်မှာ တော်တော်အလှမ်းဝေးနေတာကို တွေ့လိုက်ရတော့ သူမ တုံ့ဆိုင်းသွားပြီး ကျီရှောင်အုံးဆီ ပြန်သွားဖို့ ပြင်ဆင်လိုက်တယ်။ ဒါပေမယ့် နောက်ပြန်မလှည့်နိုင်ခင်မှာ အဝါရောင်အမွေးတွေနဲ့ မျက်တောင်ရှည်ရှည် မျက်နှာတစ်ခုက သူမရှေ့က တောအုပ်ထဲက ဘွားခနဲ ထွက်လာခဲ့တယ်။ အစွယ်ကွေးကျားတစ်‌ကောင်ပဲ။


ကျားက သူ့ပါးစပ်ကိုဖွင့်ပြီး ဆူဇန်နာရဲ့မျက်နှာပေါ်ကို ပြင်းထန်တဲ့ဟောက်ဟိန်းသံ‌ပေးလိုက်ကာ သစ်ပင်တွေပေါ် က နှင်းစက်တွေအား အောက်ပတ်ပတ်လည်ကို ကျသွား‌စေလိုက်၏။


ဆူဇန်နာ အံ့အားသင့်သွားပြီး ခြေလှမ်းတော်တော်များများ နောက်ဆုတ်လိုက်ကာ ချက်ချင်းပင် သူမသတိကို မြှင့်တင်လိုက်‌တော့တယ်။


"ဒါက ကျားသစ်နယ်ပိုင်နက်ပဲ၊ နင်တို့ ဒီကို ဘယ်လိုလုပ် ဝင်လာကြတာလဲ"


သူမ ကျား၏နောက်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်တော့ သူ့နောက်တွင် အခြားကျား တော်တော်များများရှိနေသည်ကို တွေ့လိုက်ရသည်။ သူမ တုန်လှုပ်ခြောက်ခြားသွားလိုက်ကာ အသက်ရှူပင် မှားသွားတော့သည်။


ကျားမျိုးနွယ်တွေက ကျားသစ်ပိုင်နက်နယ်‌မြေကို စူးစမ်း‌လေ့လာဖို့ လာခဲ့ကြတာပင်။ ကျားသစ်အများစုက ကမူဒါတောင်ကြားရဲ့ ဝင်ပေါက်ဝတွင်ရှိနေတဲ့အချိန် ကျားများက နောက်ကျောဘက်ကနေ အလစ်ဝင်လာခဲ့တာပဲ ဖြစ်၏။


အစွယ်ကွေးကျားက ဆူဇန်နာ့ ကို စိုက်ကြည့်ပြီး အဲဒီနောက် အနောက်မှာရှိတဲ့ ကျီရှောင်အုံးအား ကြည့်လိုက်ခဲ့တယ်။


အမျိုးသမီး နှစ်ဦးပဲ၊ နောက်မှာရှိတဲ့တစ်ယောက်က အပင်စားမျိုးစိတ်ဆိုတော့ အန္တရာယ်မပြုနိုင်ဘူး။


"ဘော်နီးယားတိုက်ကြီးတစ်ခုလုံးမှာ ကျားတွေ မသွားနိုင်တဲ့နေရာ ရှိနေလို့လား။" သားရဲက မြေပြင်ကို လက်သည်းနဲ့ ကုတ်ခြစ်လိုက်ကာ ရှေ့သို့ ဟန်ပါပါ တက်လာလိုက်၏။


သူမက ဒီကျားအထီးရဲ့ ပြိုင်ဘက်မဟုတ်တာကို ဆူဇန်နာ သိနေဝောာ့ သူမ အံကို တင်းတင်းစေ့ပြီး ထွက်ပြေးဖို့အတွက် သူမရဲ့သားရဲအသွင်ပုံစံသို့ ပြောင်းလဲလိုက်တော့၏။


အခြားတစ်ဖက်ကျားက သူမထက် ခြေတစ်လှမ်းပိုဦးပြီး သူ့နောက်ခြေထောက်တွေကို ရှေ့သို့တွန်းထုတ်ကာ သူမ၏ပခုံးကို တွန်းလှဲလိုက်ပြီး သူမအား မြေကြီးပေါ်သို့ ပစ်‌ပေါက်လိုက်ခဲ့တော့တယ်။


ဆူဇန်နာ ထွက်ပြေးဖို့ ကျရှုံးသွားခဲ့ပြီး ကျားကို တွန်းလှန်တိုက်ထုတ်ရန် အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ သူမ မြေပြင်ပေါ်သို့ အကြိမ်ကြိမ် လွှဲရိုက်ခံခဲ့ရတယ်။


အဆုံးမှာတော့ သူမက တခြားကျားသစ်တွေရဲ့ အာရုံကို ဆွဲဆောင်လိုက်မှာကို စိုးရိမ်တဲ့အတွက် ကျားက သူ့ပါးစပ်ကိုဖွင့်ပြီး သူမလည်ပင်းကို ကိုက်ချလိုက်‌တော့တယ်။


ရှည်လျားချွန်ထက်သော သွားတွေက သူမ၏အရေပြားထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ချက်ချင်းပင် ရဲရဲနီတဲ့သွေးတွေ ပန်းထွက်သွား‌တော့တယ်။


ဆူဇန်နာ ဆက်လက်ရုန်းကန်နေခဲ့ပေမဲ့ မလွတ်မြောက်ခဲ့ပေ။ အဲဒီအစား သူ့အစွယ်တွေက ပိုပိုပြီး နက်ရှိုင်းသထက် နက်ဝင်သွားခဲ့တယ်။ သူမ အသက်ဟောဟဲ ရှူရှိုက်ရင်းနဲ့ မကျေမနပ် ပြောလိုက်တယ်။ "ရမ် ရှိနေရင် ... နင်တို့ ငါတို့မျိုးနွယ်စုထဲကို ‌ခြေတစ်လှမ်းတောင် ချနိုင်မှာမို့ဘူး"


. . .


ကျားက သူမအား အဖက်ပင်မလုပ်ပဲ ကဲ့ရဲ့ရှုံ့ချသော အကြည့်တစ်ခုဖြင့် ကြည့်လိုက်ခဲ့တယ်။


ရမ် က သူတို့ရဲ့ခေါင်းဆောင်ရဲ့ တိုက်ခိုက်တာကို ခံနေရတာလေ၊ သူတို့ကိုယ်သူတို့တောင် ကာကွယ်ဖို့အနိုင်နိုင်ကို၊ အခု သူမတို့ကို ကာကွယ်ဖို့ သူ ဘယ်နေရာမှာ အရည်အချင်းရှိဦးမှာလဲ။


. . .


သူမရှေ့တွင် ဆူဇန်နာ တစ်ယောက် သူမလည်ပင်းအား အစွယ်ကွေး ကျားတစ်ကောင်ရဲ့ ကိုက်ခဲတာကို ခံနေရတော့ ခပ်ဝေးဝေးမှာ ရှိနေတဲ့ ကျီရှောင်အုံး တစ်ယောက် မလှုပ်မလျက်နဲ့ ကြောက်ရွံ့သွားတော့တယ်။


ဆူဇန်နာ၏သွေးများက မြေပြင်‌ပေါ်သို့ စီးကျလာပြီး နှင်းများအား ကြက်သွေးရောင် ဆေးဆိုးလိုက်ခဲ့တယ်။


တကယ်လို့သာ ကျားက အင်အားနည်းနည်း ပိုသုံးမယ်ဆိုရင် သူမလည်ပင်းကို ခဏချင်း ကျိုးပြတ်သွားလိမ့်မှာပင်။


ကျီရှောင်အုံး မတ်တပ်ရပ်နေလျက် ခြေတစ်လှမ်းမှ မလှမ်းနိုင်ဘဲ ခြေထောက်များက နေရာမှာတင် စွဲကပ်သွားခဲ့လိုက်သည်။


နောက်ဆုံးတွင်မှ သူမ ခြေချောင်းများကို ရွှေ့ကာ နောက်ပြန်ပြေးချင်လာခဲ့ပါတယ်။


ဆူဇန်နာရဲ့အားနည်းမှိန်ဖျော့လာတဲ့ အသက်ရှူရှိုက်သံများက ချဲ့ထွင်လာခဲ့ကာ သူမနားထဲ လာပြည့်လျှံသွားလိုက်တယ် ..... . . တကယ်တော့ ဆူဇန်နာ က သူမအပေါ် ဘယ်တုန်းကမှ ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ပါဘူး။ သူမက ကျားသစ်ဘာသာစကားကို သင်ကြားပေးပြီး တောင်ပေါ်မှာ လမ်းလျှောက်ထွက်ဖို့ သူမကို ခေါ်သွားပေးခဲ့တာပဲ။ သူမတို့တတွေ အန္တရာယ်တွေ ကြုံလာတိုင်းလည်း သူမကို အမြဲ ပထမဆုံး သတိပေးတတ်တဲ့သူပါ။


ဆူဇန်နာက သူမကို သိပ်အကြိုက်ကြီး မဟုတ်ပေမယ့်ပေါ့လေ။


ကျီရှောင်အုံး နောက်ပြန်လှည့်ကြည့်တော့ ဆူဇန်နာ က တဖြည်းဖြည်း ရုန်းကန်မှု ရပ်တန့်သွားပြီး သူမ၏အမြီးက အသက်မဲ့စွာ သူမနောက်သို့ ဆန့်တန်းနေသည်ကို တွေ့လိုက်ရတယ်။


ကျားက သူမ၏လည်ပင်းကို ဆွဲယူကာ သူမ၏ခန္ဓာကိုယ်အား နောက်သို့ တရွတ်တိုက် ဆွဲခေါ်သွားလိုက်ပြီး ရှည်လျားတဲ့ သွေးစီးကြောင်းရာများအား မြေပြင်ပေါ်တွင် ကျန်ရစ်စေခဲ့လိုက်တယ်။


ကျီရှောင်အုံး သူမ လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ပြတ်ပြတ်သားသား ချလိုက်တော့တယ်။


အခု သူမ ထွက်ပြေးသွားရင်တောင်မှ ကျားတွေ ပြန်ဖမ်းတာ ခံရမှာပဲ၊ သူတို့က သူမကို အလွတ်ပေးမယ်လို့တော့ သူမ မထင်‌ပေ။


ကျီရှောင်အုံး သူမ‌နေရာလွတ်ထဲက‌နေ တောင်တက်ကြိုးကို ထုတ်ယူကာ သူမနဲ့ အနီးဆုံးရှိတဲ့ သစ်ပင်ပေါ်သို့ အမြန်တက်ခဲ့လိုက်ပါတယ်။


သူမနေရာလွတ်ထဲကနေ အသုံးဝင်သော အရာတစ်ခုခု ရှိလို့ ရှိငြား ရှာဖွေရင်း နေရာသေးသေးလေးတစ်ခုကို တွေ့ရှိခဲ့လိုက်သည်။


လျှပ်စစ်ကျင်စက်က အားကုန်သွားခဲ့ပြီး ဆွစ်ဇာလန် စစ်တပ်သုံးဓားကလည်း အနီးကပ်တိုက်တဲ့‌ နေရာတွင်သာ အသုံးဝင်တာပင်။ ဓားသွားက အရမ်းသေးလွန်းသဖြင့် ကျားတွေကို ဘယ်လိုမျိုးပဲဖြစ်ဖြစ် များများစားစား ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ပေ....... .


'သူမမှာ တခြားဘာတွေရှိသေးလဲ'


သစ်ပင်အောက်တွင်တော့ ကျားက ဆူဇန်နာ အားကိုက်ခဲထားတာကနေ သူ့သွားတွေကို လွှတ်ချလိုက်ပြီး ကျီရှောင်အုံးဆီသို့ နီးကပ်သထက် ပိုနီးကပ်စွာ လှမ်းလာနေခဲ့ပါတယ်။


. . .


ကျီရှောင်အုံး သူမ‌ထုတ်သုံးတဲ့ အရာနှစ်ခုမှလွဲ၍ သူမနေရာလွတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်တဲ့လက်နက်တွေ မရှိသလောက်ဖြစ်ကြောင်း စိုးရိမ်ဖွယ်ရာ တွေ့ရှိလိုက်ခဲ့တယ်။


. . .


အစွယ်ကွေးကျားက သူ့ခန္ဓာကိုယ်ကို ဆန့်တန်းပြီး သစ်ပင်ပင်စည်ကိုတက်ဖို့ ခြေသည်းတွေကို အဆင်သင့်ပြင်ဆင်လိုက်ခဲ့၏........


ကျားတွေက သစ်ပင်မတက် တတ်တာကို ကျီရှောင်အုံး အသေအချာ မှတ်မိပေမဲ့ ဒီနေရာက ကျားတွေကတော့ သူမသိတဲ့ကျားတွေနဲ့ သိသိသာသာကို ကွဲပြား‌နေလေတယ်။


လက်သည်းတွေက သူမနဲ့ ပိုပို နီးကပ်လာကာ နောက်တစ်လှမ်းဆိုရင် သူမခြေချောင်း‌တွေကို ထိမိတော့မှာပင်။


ကျီရှောင်အုံး စိုးရိမ်ပူပန်စွာနဲ့ မျှော်လင့်ချက်မဲ့‌နေရာမှ ရုတ်တရက် သူမရဲ့လက်ချောင်းတွေက ဆလင်ဒါကြိုးချောင်းတစ်ချောင်းကို ထိ‌တွေ့မိသွားတယ်။


ကျီရှောင်အုံး သူမ မျက်လုံးအား သူတို့တွေအပေါ် အာရုံစိုက်ကြည့်ကာ ဒါတွေက ဗြောက်အိုးတွဲ‌တွေဖြစ်ကြောင်း တွေ့ရှိလိုက်ရတယ်။


'သူမနေရာလွတ်ထဲ ဘာလို့ ဒီလိုမျိုးအရာ ရှိနေရတာလဲ။'


သူမ သူမနေရာလွတ်ထဲကို အသေးစိတ် စာရင်းကောက်ခဲ့တဲ့အချိန်ကို သေသေချာချာ မှတ်မိနေသေးပါတယ်၊ အဲဒီတုန်းက ဒီနေရာမှာ ဗြောက်အိုးလိုမျိုးအရာမျိုး မတွေ့ခဲ့ရပါဘူး။


ကျားက သစ်ပင်ထိပ်နားကို ရောက်လုနီးဖြစ်နေပြီ ဆိုတည်းက ‌ဒီကိစ္စနဲ့ပတ်သတ်လို့ စဉ်းစားဖို့ အရမ်းနောက်ကျသွားပါပြီ။ ကျီရှောင်အုံး မီးခြစ်ကို အမြန် ဆွဲထုတ်ပြီး ကြိုးအဆုံးကို မီးညှိလိုက်ပါတယ်။ မီးက တရှဲရှဲ တောက်လောင်လာသည်နှင့်အမျှ သူမ ဗြောက်အိုးအား အောက်ရှိကျား၏မျက်နှာဆီသို့ ဦးတည်ချိန်ရွယ်လိုက်ခဲ့ကာ...... 


ဗြောက်အိုးက နားကွဲလုမတတ် ကျယ်လောင်စွာဖြင့် ပေါက်ကွဲထွက်သွားခဲ့တော့၏။


မီးပွားတွေက အစွယ်ကွေးကျားမျက်လုံးထဲသို့ လွင့်စင်သွားပြီး ဝါးအပိုင်းစတစ်ခုက သူ့မျက်နှာတွင် လာ ပေါက်ကွဲသွားလိုက်ခဲ့တယ်။ သူ နာကျင်စွာ ညည်းတွားလိုက်ပြီး သစ်ပင် ပင်စည်လုံးပေါ် ကုတ်တွယ်ထားတဲ့ သူ့လက်သည်းများက ပြေလျှော့သွားလိုက်ကာ မြေပြင်ပေါ်သို့ တည့်တည့် ပြုတ်ကျသွား‌တော့၏။


. . .


ဗြောက်အိုးအသံက သားရဲလူတွေရဲ့ အာရုံကို စွဲဆောင်မိသွားလိုက်ပြီး မကြာခင်မှာပဲ ကျားသစ်သားရဲအမျိုးသား တော်တော်များများ ဒီလမ်းဘက်ကို ရောက်လာခဲ့ကြတော့တယ်။


သူတို့တတွေ သစ်ပင်အောက်မှာ သေဆုံးနေတဲ့ ဆူဇန်နာ နဲ့ သူမဘေးနားက သွေးစွန်းနေတဲ့ အစွယ်ကွေး ကျားကို တွေ့လိုက်တဲ့အချိန် သူတို့ရဲ့ မျက်လုံးတွေက မှိန်ပြသွားလိုက်ပြီး ဘာတွေဖြစ်‌နေလဲဆိုတာ လျင်မြန်စွာ ခန့်မှန်းမိလိုက်ကြတယ်။


ကျားအုပ်စုက ကျိန်းသေပေါက် ကျားသစ်မျိုးနွယ်စုကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တာဖြစ်ပြီး ဆူဇန်နာနဲ့ တွေ့သွားခဲ့တာပဲဖြစ်ရမယ်။


သူတို့ထဲမှ တစ်ဦးက ဆူဇန်နာရဲ့အလောင်းကို စစ်ဆေးကြည့်လိုက်ပြီး သူမရဲ့သွေးခုန်နှုန်းက ဖျော့တော့စွာ ခုန်နေသေးသည်ကို တွေ့ရှိခဲ့သွားလိုက်တယ်။ သူ သူမကို အလျင်အမြန် ပွေ့ယူပြီး မျိုးနွယ်စုဆီသို့ ပြန်ခေါ်သွားခဲ့‌တော့တယ်။


သူတို့တွေ အစွယ်ကွေးကျားကိုလည်း သူတို့နဲ့အတူ ပြန်ခေါ်သွားလိုက်၏။


ဘယ်သူတစ်ဦးတစ်ယောက်ကမှ သစ်ပင်ပေါ်ကို မော့မကြည့်မိလိုက်ကြ‌ချေ။


. . .


သူတို့ထွက်သွားပြီးနောက်တွင်မှ ကျီရှောင်အုံး ကြိုးကိုယူကာ သစ်ပင်ပေါ်မှ ဖြည်းညှင်းစွာ လျှောဆင်းလိုက်ခဲ့ပါတယ်။ သူမခြေထောက်တွေ မြေပြင်နှင့် ထိမိတဲ့အချိန် သူမခြေထောက်တွေ ပျော့‌ခွေကျသွားလိုက်ပြီး နှင်းတောထဲမှာ လဲကျလုနီးပါးဖြစ်သွားလိုက်တယ်။


********


ရမ်ရဲ့အိမ်ပြန်ရောက်တော့ ကျီရှောင်အုံး က ခဏလောက် အောင်းနေနေ လိုက်ခဲ့တယ်။


ခဏလောက်ကြာတော့ သူမ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး သူမရဲ့နေရာလွတ်ထဲ လှန်‌ လှောရှာလိုက်ခဲ့တယ်။


သေချာတာကတော့ နေရာလွတ်ထောင့်နားမှာ အရင်တုန်းက ဗြောက်အိုးသေတ္တာ‌တွေအများကြီး သပ်သပ်ရပ်ရပ် စုပုံထားတာကို သူမ တစ်ခါမှ မတွေ့မိပါဘူး။


အပြင်ပိုင်းတွင် သေတ္တာတွေကို မီးရှူးမီးပန်းများနှင့် ဗြောက်အိုးတွဲ‌သေးတွေနဲ့အတူ ပွဲလမ်းသဘင်သုံး အရောင်တောက်တောက် ရောင်စုံ‌စက္ကူများဖြင့် ထုပ်ပိုးထားခဲ့တယ်။


ကြည့်ရတာတော့ . . တရုတ်နှစ်သစ်ကူးအတွက် အသုံးအဆောင်တွေလိုပါပဲ။


ကျီရှောင်အုံး က ခက်ခက်ခဲခဲ ပြန်‌တွေးတောလိုက်ရတယ်။ သူမ ရောက်တဲ့အချိန်က အောက်တိုဘာ ၁ ရက်‌နေ့ ဖြစ်ပြီးတော့ ဆောင်းဦးပေါက်ရာသီပဲ။ တရုတ်နှစ်သစ်ကူးရောက်ဖို့ လတွေအများကြီး ကျန်သေးတာပဲ။


'တောထဲမှာက မီးပန်း‌တွေလွှတ်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတော့ ဘယ်သူမှ ဒါတွေ ယူလာမှာ မဟုတ်ဘူးပဲ။'


'ဒါဆို ဒီမီးရှူးမီးပန်းတွေက ဘယ်ကနေဘယ်လို ရောက်လာတာလဲ။'


သူမ‌ရဲ့နေရာလွတ်က အဆင့်မြှင့်သွားတယ်ဆိုရင်တောင်မှ " လုံးဝ မရှိနေတဲ့"အရာဝတ္ထု‌တွေကို ဖန်တီးဖို့က သိပ္ပံပညာနှင့် ဘယ်လိုမှ ဆက်စပ်ကြည့်လို့မရနိုင်ပေ။


ဒါတင်မကဘူး ဒါကို ဘယ်လိုရှင်းပြနိုင်မှာလဲ။


ကျီရှောင်အုံး တံခါးဝမှာ မတ်တပ်ရပ်ပြီးတော့ အကြာကြီးတွေးတောနေခဲ့ကာ သူမ လုံးဝ စဉ်းစားလို့ မရနိုင်နေတုန်းပင်။


အဝေးကလာတဲ့ သားရဲတွေရဲ့ ကျယ်လောင်တဲ့ ဟိန်းဟောက်သံတွေက ကြာလည်းကြာရှည်လာခဲ့ပြီး သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့အသံတွေက ကျီရှောင်အုံးရဲ့ အတွေးတွေကို နှောင့်ယှက်လိုက်ခဲ့တယ်။ အဲဒီအသံတွေက သူမ နားထဲတွင် မြည်ဟီးလာပြီး ကျီရှောင်အုံးရဲ့ ခန္ဓာကိုယ်က ကြောက်ရွံ့ တုန်ရီသွားခဲ့ကာ သူမ လှည့်ထွက်သွားလိုက်တယ်။


'. . . အစွယ်ကွေးကျားတွေ ခုထိ မထွက်သွားကြသေးဘူးလား။'


' ဒီမနက်က သူတို့ကြောင့်မို့လို့ ရမ် အပြင်ထွက်ခဲ့တာလား။'


ကျီရှောင်အုံး မူလကတော့ ဆူဇန်နာ့ အခြေအနေကို သွားကြည့်မလို့ လုပ်လိုက်ခဲ့တာပင်၊ ဒါပေမဲ့ သူမ ခြံတံခါးအပြင်ဘက်ကို လျှောက်သွားလိုက်တော့ သူမ ဆူဇန်နာ ဘယ်မှာနေနေမှန်း မသိတာကို သတိရသွားလိုက်တယ်။


အဲဒီအပြင် ဒီတစ်ခါ အပြင်ထွက်ရင် သူမ အသားစား သားရဲတွေနဲ့ ထပ်တိုးမလားဆိုတာကို သူမ မသိနိုင်ဘူးပဲ . . အဲ့တော့ သူမ လက်လျှော့လိုက်တော့တယ်။


ကျီရှောင်အုံး အိမ်ထဲမှာပဲ ငြိမ်းငြိမ်းချမ်းချမ်းနေလိုက်ခဲ့ပြီး ရမ် ပြန်ရောက်လာပြီးရင် ဆူဇန်နာ ဘယ်လောက်တောင်မှ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရတယ်ဆိုတာကို သူမ ပြောပြချင်နေခဲ့တယ်။


*


သို့ပေမဲ့လည်း ကျီရှောင်အုံး ရဲ့လက်ပတ်နာရီက နံနက်ကိုးနာရီမှ ညခြောက်နာရီအထိ နာရီစက်ဝိုင်းတစ်ခုလုံးကို လှည့်လိုက်သည့်အချိန်ရောက်တာတောင် ခြံဝင်းပေါ်မှာ အမှောင်ကျသွားပြီး ကမူဒါတောင်ကြားတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်‌ချိန်တွင်‌တောင်မှ ရမ်ကဝော့ာ ပြန်‌ရောက်ရှိမလာသေးပေ။


End Chapter