Chapter 43
Viewers 9k

အပိုင်း (၄၃)


အာ . .


သူမမျက်နှာကို ကြမ်းရှရှအရာတစ်ခုခုက လာပြီးဆေးကြောနေသလို တစ်ယောက်ယောက်ကနေ ကော်ဖတ်စကို ပွတ်တိုက်လိုက်သလို စိုစွတ်နေခဲ့တယ်။ ကျီရှောင်အုံး မျက်မှောင်မကြုတ်မိပဲ မနေနိုင်တော့ချေ။


ကျီရှောင်အုံး တစ်ပတ်လှိမ့်လိုက်ပြီးတော့ သူမပါးပြင်ကို စောင်ထဲတွင် မြုပ်နှံထားကာ သူမ အိပ်စက်ခြင်းကို လာရှုပ်နေတဲ့ အနှောင့်အယှက်တွေကို ရှောင်ရှားဖို့ ကြိုးစားလိုက်တယ်။


ဒါပေမယ့် အဆင်မပြေပါချေ။


တစ်ဖက်လူက အနည်းငယ်မျှ ရပ်သွားလိုက်ပြီး သူမပါးပြင်ဆီကနေ နားရွက်ဆီသို့ ပစ်မှတ်အား ရွှေ့ပြောင်းလိုက်လေတယ်။ သူ့လျှာကို သူမနားရွက်ပေါ် ညင်သာစွာ လှဲကျင်းလိုက်ပြီး သူမ နားရွက်တစ်ခုလုံးကို သူ့ပါးစပ်ထဲ ထည့်ငုံလိုက်တယ်။ လျှာဖျားက သူမနားရွက်တွေအား ပါးပါးလေး ပွတ်တိုက်ဆွဲသွားပြီး ကျီရှောင်အုံးရဲ့နားရွက်က ဖျော့ဖျော့လေး နာကျင်သွားခဲ့ရတယ်။


သူမ အိမ်ပြန်ရောက်နေသလိုမျိုး ခံစားလိုက်ရပါတယ်။


သူမ အိမ်မှာ မွေးခဲ့တဲ့ အမွေးတိုကြောင်လေးက ညသန်းခေါင်ရောက်ပြီဆို သူမမျက်နှာကို လျှာနဲ့ လျက်ရတာ သဘောကျတာပဲ.. သူမ ဒီအကြောင်းကိုတွေးနေပေမဲ့ အရမ်းလည်း အိပ်ချင်နေခဲ့တယ်။ နောက်တစ်နေ့ရောက်တော့ သူမ ပါးတစ်ခြမ်းက သွေးခြေဥကာ နီရဲနေပြီးတော့ သူမပါးစပ်တစ်ဝိုက်တွင်လည်း ထပ်တူကျလိုက်တာပဲ။


ဒီလျှာက သူမကြောင်လေးအတိုင်းပဲ ကြမ်းရှလိုက်တာ။


ကျီရှောင်အုံး ထိုအရာကို ထပ်မံ မခံစားချင်တော့ဘဲ သူမ ညည်းညူလိုက်ပြီး စောင်ပုံထဲမှ သူမ လက်တွေကို ဆန့်ထုတ်လိုက်တော့တယ်။


သူမလက်ဖဝါးက သူမမွေးမြူထားတဲ့ ကြောင်လေးထက် အများကြီးပိုကြီးမားတဲ့ အမွေးအမှင်တွေကို ထိတွေ့မိလိုက်လေတယ်။ ကျီရှောင်အုံး တွန်းထုတ်လိုက်ပေမယ့် သူက ရွေ့တောင်မရွေ့သွားဘူးပဲ။


သူမ နားရွက်ကို လျက်နေတာကို ဆက်လက်လျက်နေလိုက်တယ်၊ ဒါပေမဲ့ ကျီရှောင်အုံး၏ တရွရွယားယံမှုက သူမရဲ့လည်ပင်းတွေဆီသို့ ဖြည်းညှင်းစွာ ပြန့်ကျဲလာပြီး သူမမျက်လုံးများကို မဖွင့်ချင်ဖွင့်ချင်နဲ့ ဖွင့်လှစ်လိုက်ရတယ်.... .


သူမ မျက်စိရှေ့တွင်တော့ မီးခိုးရောင် အပျောက်ပျောက်တွေနဲ့ အမွေးတွေက ဖျော့တော့စွာ မှောင်ရိပ်ကွယ်နေခဲ့တယ်။ ပြီးတော့လည်း ကုတင်ပေါ်ကနေ အမြီးတွဲလောင်းချကာ သူမဘေးတွင် လဲလျောင်းနေသော ကျားသစ်တစ်ကောင်ကို သူမ တွေ့လိုက်ရတော့တယ်။


သူမ နိုးလာတာကို သူ မြင်သွားလိုက်ပြီး သူမပါးပြင်ကို ထပ်မံလျက်ဖို့အတွက် သူ့လျှာကို ရှေ့ဆန့်ထုတ် လိုက်ခဲ့ပါတယ်။


ကျီရှောင်အုံး နေမြဲအတိုင်းနေလိုက်ပြီး သူ့မျက်လုံးပြာတွေနဲ့ မျက်နှာချင်းဆိုင်လိုက်မိပြီး ချက်ချင်ပဲး လန့်နိုးသွားလိုက်ပါတယ်။ သူမ သူမမျက်နှာကို လက်တွေနောက်မှာ ဖုံးထားလိုက်ရင်း "နင်......"


သူက တမင်တကာ ဖွဖွလေးလျက်တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်၊ သူမ သိပ်မနာလိုက်ဘဲ အနည်းငယ်လေးသာ ယားယံနေခဲ့တယ်။ သို့သော်လည်း ကျီရှောင်အုံး ရှက်သွားပြီး လျင်မြန်စွာ ပြောလိုက်တယ်။ "နင် မနေ့က ငါ့ကို ကတိမပေးခဲ့ဘူးလား နင် ငါ့ကို လျှောက်လျှောက် မနမ်းတော့ဘူးဆို.......နင် ဘယ်လိုလုပ် ဒီလိုမျိုးလုပ်ရတာလဲ"


ကျားသစ်ကြီးက သူ့အမြီးကို ဆတ်ခနဲ ခါရမ်းလိုက်ပြိး သူမ ဒီလို ပြောလိုက်တာကို ကြားတာတောင် ရှက်သွားခြင်းမရှိပေ။ တိရိစ္ဆာန်ပုံစံ အသွင်ပြောင်းထားတဲ့ သူ့အသံက ပိုအောရှပြီး ပိုကြမ်းရှတယ် " သိပ်အတွေးမလွန်လိုက်နဲ့ဦး ၊ ကိုယ်က မင်းကို အိပ်ရာက နှိုးလိုက်ရုံပဲ"


သူ သူ၏သားရဲပုံစံသို့ပြောင်းလိုက်ကတည်းက သူ့ခန္ဓာကိုယ်ပေါ်ရှိ ပတ်တီးစတွေအကုန်လုံး ကွဲထွက်သွားလိုက် ပြီး ကျီရှောင်အုံး၏ရှေ့တွင် နက်ရှိုင်းတဲ့ ဒဏ်ရာများကို သိသိသာသာ မြင်ရစေလိုက်တယ်။


"... "


ကျီရှောင်အုံး ရုတ်တရက် သတိရသွားလိုက်တယ်၊ တိရိစ္ဆာန်တွေမှာဆို အထူးသဖြင့် ကြောင်တွေက တစ်ကောင်နဲ့တစ်ကောင် သူတို့ဒဏ်ရာတွေကို လျှာနဲ့ လျက်ရတာ ကြိုက်ကြတာပဲ ဒါမှမဟုတ်လည်း သူတို့ အမွေးတွေကို သန့်ရှင်းဖို့ သူတို့လျှာကိုသုံးကြတာပဲ။


'. . . ဒါပေမယ့် သူမမျက်နှာက ဘာအမွေးတွေမှ မရှိတာ။ သူ ဘာလို့ သူမကို ဒီလိုနှိုးရတာလဲ။'


ကျီရှောင်အုံး စိတ်ဓာတ်ကျသွားလိုက်ပြီး ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တယ်။ ကောင်းကင်ကြီးက ကောင်းကောင်းမလင်းသေးဘဲ အဝေးမှ စိမ်းပြာရောင်အခွံဖြင့် အမှတ်အသားပြုခံရတုန်းပင်။ သူမ နာရီကို ငုံ့ကြည့်လိုက်တော့ 5:40 သာရှိသေးတယ်။


ကျီရှောင်အုံး သူမ မျက်နှာပေါ်က တံတွေးတွေကို သုတ်ဖို့ လက်ကို မြှောက်လိုက်ပါတယ်။ စေးကပ်နေတော့ သူမပါးစပ်ကို တင်းတင်း စုဝိုင်းလိုက်ခဲ့တော့တယ် ။


ဘာလိုပဲဖြစ်ဖြစ် သူမ ဆက်အိပ်လို့မရတော့ဘူးပဲ။ သူမ အိပ်ရာကထပြီး မျက်နှာသစ်ဖို့ အပြင်ထွက်ပြီး သွားတိုက်ဆေးနဲ့ သွားတိုက်တံကို ယူပြီး သွားပွတ်တံနဲ့ သွားတိုက်လိုက်ပါတယ်။


ရမ်က သူမ ပြန်လာတာကို မြင်လိုက်တော့ ပြောလိုက်တယ်။ "ဒီကို လာပါဦး" 


ကျီရှောင်အုံး က သူ့ဆီ လျှောက်လာလိုက်ပြီး သူက သူ့ရှေ့မှာ သူမရောက်တဲ့အထိ စောင့်လိုက်ပြီး ဒဏ်ရာရနေတဲ့ သူ့လက်မောင်းကို မြှောက်ပြလိုက်ပြီး ပြောလိုက်တယ်" ကိုယ့် အတွက် ကြိုးချည်ပေးပါဦး" သူ့လက်တွေက အဆင်မပြေဘူး။


ကျီရှောင်အုံး သူ့လက်မောင်းကို ကြည့်ပြီး တုံ့ဆိုင်းသွားလိုက်တယ်။


သို့သော်လည်း မနေ့က သူ့ဒဏ်ရာတွေရဲ့ ပြင်းထန်မှုကို တွေးတောလိုက်ပြီး သူမ ကိုယ်ကို ကိုင်းညွှတ်ပြီး နာခံစွာပဲ ပတ်တီးစီးပေးလိုက်ခဲ့တယ်။


သူမ ကြိုးထုံးကို သိပ်ရှုပ်ထွေးအောင် မစီးဘဲ ရိုးရိုးလေးပဲ ချည်ထားပေးလိုက်တယ်။ အရင်ကတော့ ထောင်ထောင့် ရဲ့ဒဏ်ရာတွေပေါ်က ကြိုးစကို သူမ သတိမထားမိပေမယ့် ရမ်ရဲ့ သန်မာတဲ့လက်မောင်းမှာ ကြိုးတွဲလောင်းလေးကို ကြည့်မိလိုက်ပြီး ဒါက တော်တော်ကလေး အိုးနင်းခွက်နင်းနိုင်ပြီး ကြောင်တောင်တောင်နိုင်တယ်လို့ သူမ ခံစားလိုက်ရတယ်။


ကျီရှောင်အုံး သူမကိုယ်သူမ စကားမပြောရန် အတင်းအကြပ်ဖိအားပေးလိုက်ပြီး သူမမျက်လုံးများမှ မျက်ရည်များ စီးကျလာလိုက်တော့တယ်။


ကောင်မလေး၏ ပါးပြင်တွေက နူးညံ့ပြီး မွှေးကြိုင်သော ရနံ့များဖြင့် သင်းပျံ့နေတယ်။ ရမ် သူမမျက်နှာလေးကို ငုံ့ကြည့်လိုက်တော့ သူမ မျက်တောင်မွေးများပေါ်တွင် မျက်ရည်စများကို တွေ့လိုက်ရတယ်။ မျက်တောင်တွေက ချိတ်များကဲ့သို့ ထူထဲပြီး ကော့စင်းနေလေတယ်။


ရမ် မနေနိုင်ဘဲ လက်ဆန့်လိုက်ပြီး သူမမျက်လုံးအောက်အား သူ့လက်သည်းနဲ့ သပ်ပေးလိုက်ပြီး မျက်ရည်စတွေကို ပွတ်ထုတ်ပေးလိုက်မိတယ်။


ကျီရှောင်အုံး ချက်ချင်းပင် လန့်ဖျန့်သွားပြီး ထိတ်ထိတ်ပြာပြာနဲ့ နောက်ဆုတ်သွားကာ သူ့အား ရန်သူတော် တစ်ယောက်လို ကြည့်၍ "ဘာလဲ"


ရမ် သူမရဲ့ သေးငယ်ပြီး ကြောက်ရွံ့နေတဲ့ အကြည့်ကို ကြည့်ပြီး ဖျော့ဖျော့လေးပြုံးလိုက်ကာ တမင်သက်သက် မေးလိုက်တယ် "မင်းက ကိုယ့်ကို နမ်းခွင့်မပြုထားတာနေ အခုတော့ ကိုယ် မင်းကို ထိတောင် ထိလို့မရတော့ဘူးလား"


ကျီရှောင်အုံး သူရဲ့ "ထိ" ဆိုတဲ့ စကားကြောင့် ရှက်ရွံ့သွားလိုက်ပြီး သူမခေါင်းကို အသည်းအသန် ခေါင်းရမ်းလိုက်တယ် "မရဘူး"


"မနေ့က မင်းသတ်မှတ်ထားတဲ့ အခြေအနေတွေကို ကိုယ် စဉ်းစားခဲ့တယ်" ရမ်က ပတ်တီးစအစွန်းကို သူ့သွားစွယ်နဲ့ကိုက်ပြီး သာမာန်ကာလျှံကာ ကြိုးချည်ထုံးလိုက်ပြီး သူမကို မော့ကြည့်လိုက်တယ် "ကိုယ် အဲဒါတွေကို သဘောတူနိုင်ပေမယ့် အလဲအလှယ်အနေနဲ့ မင်း ကိုယ့်ကို တစ်ခုခုတော့ ကတိပေးဖို့တော့ လိုလိမ့်မယ်"


ကျီရှောင်အုံး က မေးလိုက်တယ် "ဘာကိုလဲ"


"ကိုယ် ဒါဏ်ရာရတဲ့အချိန် မင်း 'ထောင်ထောင့်' ကို ဂရုစိုက်သလိုပဲ ကိုယ့်ကို ဂရုစိုက်ပေးရမယ်။"


"... "


"မင်း မလုပ်နိုင်ဘူးလား" ရမ်က မျက်ခုံး အနည်းငယ်ပင့်ပြီး "မင်းကကျတော့ ကိုယ့်ဆီက အများကြီးတောင်းဆိုထားပြီးတော့ ကိုယ်က မင်းအတွက် ဒီတစ်ခုပဲရှိတာလေ"


ကျီရှောင်အုံးက သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး ဒီအကြောင်းကို စဉ်းစားလိုက်တယ်။ ဘာပဲဖြစ်ဖြစ် တောင်းဆိုတာက ဒီလောက်မခက်ခဲပါဘူးလေ။


သို့သော်လည်း သူမ ထွက်သွား မသွား ဆုံးဖြတ်ချက်က သူမလက်ထဲမှာ ရှိနေတာမို့ တောင်းဆိုမှုတွေ လုပ်နိုင်တဲ့သူက သူမပဲဆိုတာ သူမ မေ့သွားခဲ့တယ်။ သူမတောင်းဆိုသမျှ လိုက်လျောရမဲ့ အခြားတစ်ဖက်က ရမ် က တောင်းဆိုမှုများပြုလုပ်ရန် အရည်အချင်းမရှိပေ။


*


ကျီရှောင်အုံး မီးဖိုထဲသို့ ထင်းထည့်နေရင်းနဲ့ တွေးလိုက်မိတယ်။ သူမ ရမ့်ကို ကတိမပေးလိုက်သင့်ဘူးပဲ။


သူက ထူးဆန်းတာတစ်ခုခု လုပ်ခိုင်းရင် သူမ ဘယ်လိုလုပ်မလဲ။


ကျီရှောင်အုံး ထောင်ထောင့်အတွက် သူမလုပ်ခဲ့သမျှကို လျင်မြန်စွာ တွေးတောလိုက်ခဲ့ပြီး အချိန်အတော်ကြာအောင် တွေးတောလိုက်ခဲ့ပြီး အဆုံးသတ်ခဲ့လိုက်တယ်။ သူမ သူ့ကို ပတ်တီးပတ်ပေးတယ် အစာ ကျွေးမွေးခဲ့တယ်၊ သိပ်ထူးထူးခြားခြား မရှိခဲ့ပါဘူး။


ကျီရှောင်အုံး သက်သာရာရသွားလိုက်တယ်။ ကံကောင်းထောက်မစွာပဲ သူမ သူ့ကို ရေလည်း မချိုးပေးခဲ့သလို သူ့အပူချိန်ကိုလဲ မတိုင်းခဲ့.... . .


သူမနှာခေါင်းကနေ နည်းနည်းတူးနေတဲ့ အနံ့တစ်ခုရလိုက်သည်နှင့် ချက်ချင်းပဲ ကျီရှောင်အုံးတစ်ယောက် သူမ၏ စိတ်အာရုံများဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့တယ်။ သူမ ခေါင်းကို ငုံပြီး ဆန်ပြုတ်အိုးထဲကို ကြည့်လိုက်တော့ ခြောက်သွေ့လုနီးပါးဖြစ်နေခဲ့ပြီး အိုးဖင်ကနေ တူးနံ့ပြင်းပြင်းက အပေါ်ကို ဝေ့ကာ တက်လာခဲ့တယ်။


ကျီရှောင်အုံး မီးကို ကမန်းကတန်း ငြိမ်းသတ်ခဲ့ပေမဲ့ သူမ အရင်တုန်း ဒီလိုရှေးခေါတ်မီးဖိုမျိုးကို တစ်ခါမှ သုံးလည်းမသုံးဖူးတော့ မကျွမ်းကျင်လွန်းသောကြောင့် မီးက မငြိမ်းသွားဘဲ မီးဖိုချောင်တစ်ခုလုံး မီးခိုးများ ဖုံးလွှမ်းသွားခဲ့သည်။


ချောင်းဆိုးလိုက်ရင်းနဲ့ ကျီရှောင်အုံး အဆုံးတွင် ဘာမှမတတ်နိုင်ဘဲ မီးဖိုပေါ်သို့ ရေတစ်ခွက် လောင်းချလိုက်ကာ နောက်ဆုံးတွင်တော့ မီးက ငြိမ်းသတ်သွားခဲ့၏။


ကျီရှောင်အုံး ရှုပ်ရှုပ်ထွေးထွေး အပုံကြီးရှေ့ မတ်တပ်ရပ်ကာ သက်ပြင်းအရှည်ကြီး ချလိုက်ခဲ့တယ်။ သူမ နည်းနည်း ရှက်သွားလိုက်တယ်။ သူမ ကျိုထားတဲ့ ဆန်ပြုတ်ကို သောက်လို့မရတော့ဘူးပဲ။ နောက်တစ်ကြိမ်ထပ်ပြုတ်ရင်တောင် အချိန်အကြာကြီး ကြာဦးမှာပင်၊ သူမကလည်း မီးဖိုနဲ့ တကယ်အဆင်မပြေဘူးဆိုတော့ နောက်တစ်ခါ မီးထပ်မွှေးရင် ဘာဖြစ်ဦးမလဲမသိဘူးပဲ။


အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ကျီရှောင်အုံး သူမ ဂတ်စ်မီးဖိုနှင့် သူမရဲ့ဂတ်စ်ဘူးကို သုံးလိုက်ဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။ သူမ ထိုအရာတွေကို သူမနေရာလွတ်ထဲက ထုတ်ပြီးလိုက်ချိန်မှာပဲ ရုတ်တရက် အပြင်ဘက်မှ တံခါးခေါက်သံကြားလိုက်ရတယ်။


ကျီရှောင်အုံး က သူမနေရာလွတ်ထဲကို ပစ္စည်းတွေ အမြန် ပြန်ထည့်လိုက်ပြီး တံခါးဖွင့်ဖို့ သွားလိုက်တယ်။


တံခါးအပြင်ဘက်တွင်တော့ သားရဲလူမိန်းမပျိုတစ်ဦးက မတ်တပ်ရပ်နေခဲ့တယ်။ သူမက စိမ်းပြာရောင်မျက်လုံးနှင့် ဖြောင့်စင်းသော နှာတံလေးရှိကာ အရပ်အနည်းငယ်ရှည်လေတယ်။


—— အဲဒီ အိုလန်ပက်စ် ဆိုတဲ့ အမျိုးသမီး ပြန်ရောက်လာတာလား။


သူမရဲ့ ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေကို လျစ်လျူရှုလိုက်ရင်တော့ အိုလန်ပက်စ်က အများကြီးပိုချောနေခဲ့ပြီး သူမ ပြုံးရယ်နေခဲ့ပါတယ်။


"ခေါင်းဆောင် ရမ် ဒီမှာရှိလား" အိုလန်ပက်စ် က သူ့လက်ထဲက အိုးကို မြှောက်ပြလိုက်ပြီး ကျားသစ်ဘာသာစကားနဲ့ စကားပြောလိုက်တယ်။ "ငါ ခိုသားစွတ်ပြုတ်ချက်ထားလို့၊ ခေါင်းဆောင် ရမ် ဒဏ်ရာရသွားတယ်လို့ ကြားလို့။ ဒီဟင်းချိုက ဒဏ်ရာကို ကုသပေးနိုင်တယ်။ ငါ သူ့ကို သွားတွေ့လို့ရမလား"


ကျီရှောင်အုံး ကျားသစ်တွေနဲ့ ရက်အတော်ကြာ နေထိုင်ခဲ့ပေမဲ့လည်း သူမက ရမ်နဲ့ လူသားဘာသာစကားဖြင့်သာ စကားပြောခဲ့တာပဲဖြစ်တယ်။ ကျားသစ်ဘာသာစကားတွင် သူမ နားမလည်နိုင်သော စကားလုံးများစွာရှိတာမို့ အိုလန်ပက်စ်၏ ပထမစာကြောင်းကို သူမ နားလည်ရုံမျှသာရှိတော့ သူမခေါင်းကို ခပ်ဖွဖွပဲ ညိတ်ကာ "အမ်း"


အိုလန်ပက်စ်က ကျီရှောင်အုံးအား ကျေးဇူးတင်စွာဖြင့် ကျေးဇူးတင်စကားပြောလိုက်၍ ခြံဝင်းအတွင်းသို့ တည့်တည့်လျှောက်သွားကာ အတွင်းထဲရှိ တစ်ခုတည်းသော အိပ်ခန်းထဲသို့ ဝင်သွားခဲ့လိုက်တယ်။


အထဲတွင်တော့ ရမ်က ကုတင်ဘေးမှာ ထိုင်နေပြီး ကျီရှောင်အုံး ရဲ့ ကျောပိုးအိတ်ကို လှုပ်ယမ်းနေခဲ့တယ်။


'ကောင်မလေး ထွက်သွားတိုင်း သူမနဲ့အတူ ဒီအိတ်ကို အမြဲယူသွားခဲ့တာပဲ။ ဒီအိတ်က တကယ်ပဲ အရေးပါနေလို့လား။'


ရမ်က အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီး ကမူဒါတောင်ကြား တစ်ခုလုံးနှင့် အနီးတစ်ဝိုက်ရှိ တောင်များ၏ မြေပုံကို တွေ့လိုက်ရတယ်။ ချိုင့်ဝှမ်းထွက်ပေါက်ကို အနီရောင်အမှတ်အသားဖြင့် မှတ်သားထားခဲ့၏။


ရမ်၏မျက်လုံးများ မှေးမှိန်သွားတော့၏။


"ခေါင်းဆောင် ရမ် " တံခါးဝတွင် ကျယ်လောင်တဲ့အသံတစ်ခု ထွက်ပေါ်လာတော့ ရမ် မော့ကြည့်လိုက်တယ်။ အိုလန်ပက်စ် က တံခါးဝမှာ ရပ်နေပြီး ရှင်းပြလိုက်တယ်။ " ကျွန်မ ခေါရီ အတွက် ခိုဟင်းချိုချက်ထားတာ ဒီလောက် အများကြီးကျန်မယ်လို့ မမျှော်လင့်ထားလိုက်ဘူး။ ကျွန်မမှာ ဒီလောက် ကျန်သေးတယ်။ ရှင် စိတ်မရှိဘူးဆိုရင် ဒါကို သောက်လို့ရတယ်"


သူမက အိမ်ထဲသို့ဝင်လာလိုက်ကာ ပန်းကန်လုံးကို စားပွဲပေါ်တင်ပြီး ရမ်၏တုံ့ပြန်မှုကို စောင့်ဆိုင်းရင်း သူမခေါင်းကို ငုံ့ထားလိုက်တယ်။


ရမ်က သူ့လက်ထဲက စာရွက်ကို ခေါက်လိုက်ပြီး မီးဖိုထဲကို တည်တည်ငြိမ်ငြိမ်နဲ့ ပစ်ချလိုက်တယ်။ အဲဒီနောက် သူမကို ရှာကြည့်လိုက်ပြီး အိုလန်ပက်စ် ကို တစ်ဖန်ပြန်ကြည့်ရင်း သူ့မျက်ခုံးရိုးများ အနည်းငယ် တွန့်ကွေးသွားပြီး "မင်းကို ဘယ်သူ ဝင်ခွင့်ပြုလိုက်တာလဲ"


အိုလန်ပက်စ် က ခပ်တိုးတိုး ပြောလိုက်တယ် "အဲဒါက... အဲဒါက တံခါးဖွင့်ပေးတဲ့ မိန်းမပျိုပါ..."


သူမ ပြောတာကို ပြီးအောင်မစောင့်ဘဲ သူမကို ကွေ့ပတ်ပြီးတော့ ရမ် မီးဖိုခန်းဆီသို့ သွားလိုက်၏။


မီးဖိုချောင်ထဲတွင်တော့ ထူထပ်တဲ့ မီးခိုးလုံးတွေ ပျောက်ကွယ်သွားပေမယ့် မီးဖိုကတော့ သနားစရာကောင်းတဲ့ မြင်ကွင်းတစ်ခုဖြစ်နေခဲ့ပါတယ်။ ကျီရှောင်အုံးက သူမဘေးတွင် ရေပုံးတစ်ပုံးရှိကာ မီးဖိုကို အဝတ်စုတ်တစ်ထည်ဖြင့် သန့်ရှင်းရေးလုပ်နေခဲ့တယ်။


ဒါပေမယ့် မီးဖိုက အရမ်းမြင့်ပြီး အတွင်းက သံဒယ်အိုးက အရမ်းလေးနေခဲ့တယ်။ ကျီရှောင်အုံး လုံးလုံး ရွေ့လို့ပြုလို့မရဘဲ သန့်ရှင်းဖို့ တော်တော်အခက်တွေ့နေခဲ့တယ်။


ရမ် ဝင်လာတော့ အိုးအောက်ခြေကို သူမရဲ့လက်ချောင်းထိပ်လေးတွေနဲ့ သန့်ရှင်းရေးလုပ်နေတာကို တွေ့လိုက်ရတယ်။ သူမ၏ ဦးခေါင်းတစ်ခုလုံး အိုးထဲတွင် နစ်မြုပ်လုနီးပါး ဖြစ်နေလိုက်တယ်။ ဆီမီးအိမ်တစ်ခု ခိုးထားတဲ့ ကြွက်လေးတစ်ကောင်လို သူမရဲ့ ဝိုင်းလုံးနေတဲ့ တင်ပါးလေးကို သူ ကြည့်ရှုလိုက်ခဲ့တယ်။


ရမ် က သူမထံသို့ လှမ်းလာပြီး ဟိုစမ်းဒီစမ်းလုပ်နေတဲ့ သူမအား အိုးထဲကနေ သူ့ရဲ့ဒဏ်ရာမရထားတဲ့ လက်ဖြင့် ထုတ်လိုက်တယ်။ သူ သူမကို မြေကြီးပေါ် ချပေးလိုက်ပြီး သူမ ပါးပြင်နှင့် နှာခေါင်းတို့ကို ပြာတွေ လူးနေတာကို တွေ့လိုက်ရတယ်။ သူက သူမမျက်နှာကို သူ့လက်မနဲ့ သုတ်ပေးလိုက်ပြီး တီးတိုးပြောလိုက်တယ်။ "မင်း ဘာလုပ်နေတာလဲ၊ ကိုယ်တိုင် ထမင်းချက်ချင်လို့လား" 


ကျီရှောင်အုံး ရှက်ကိုးရှက်ကန်းဖြင့် သူမ၏ပါးပြင်ကို ထိတွေ့လိုက်ပြီး "ဆန်ပြုတ် ပြုတ်မလို့"


ရမ်က သူမကိုကြည့်ကာ "ဘယ်မှာလဲ ဆန်ပြုတ်က"


"ငါ သတိမထားမိတာနဲ့......." ကျီရှောင်အုံး က အနည်းငယ် ရှက်ရွံ့စွာ တိုးတိုးပြောလိုက်တယ်။ "ငါ မီးတူးအောင် လုပ်မိသွားလိုက်တာ" 


ရမ် သူမလေးအား စိတ်မချုပ်တည်းနိုင်တော့ပေ၊ သူ ပြာဖုံးနေတဲ့ ဒီမိန်းကလေးကို ရုတ်တရက် ကောက်ချီလိုက်ပြီး အပြင်ကို ခေါ်ထုတ်သွားလိုက်တယ်။ "ဘာလို့ ကိုယ့်ကို လှမ်းမခေါ်ရတာလဲ"


ကျီရှောင်အုံး သူမ နှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး အသံတိတ်သွားလိုက်တယ်။


အိမ်အပြင်ဘက်တွင်တော့ အိုလန်ပက်စ် က မထွက်သွားသေးပေ၊ ရမ်က ကျီရှောင်အုံးကို ကျွမ်းကျင်စွာနဲ့ ကောက်ကာငင်ကာ အပြင်ကို သယ်သွားတာကို မြင်လိုက်ခဲ့တယ်။ "ခေါင်းဆောင် ရမ်..."


ရမ် က ခဏရပ်သွားလိုက်ပြီး သူမအား မကြိုက်သလိုနဲ့ ကြည့်လိုက်ကာ ပြောလိုက်တယ်။ " အခု ငါ့မိန်းမပျိုနဲ့ တစ်ယောက်တည်း နေချင်တယ်၊ တခြားဘာမှ မရှိရင် မင်းသွားလို့ရပြီ"


The End....