အပိုင်း (၄၈)
. . .
ကျီရှောင်အုံး အိမ်ထဲမှ ခြေလှမ်း လှမ်းလာလိုက်ပြီး တံခါးအပြင်ဘက်သို့ ရောက်ခါမှ သက်ပြင်း သဲ့သဲ့ချလိုက်ရတယ်။ သူမ အသက်ရှုထုတ်ပြီး သူမလက်ကို ရင်ဘတ်ပေါ်တွင် တင်လိုက်ခဲ့တယ်။
အဲဒီအချိန်တုန်းက သူမ နှလုံးသား အနည်းငယ်လေး လှုပ်ခတ်သွားလိုက်တာပဲ.... . .
'ဘယ်လိုလုပ်ပြီးတော့ ဒီလိုထူးခြားဆန်းပြားတဲ့နေရာမှာ ကျားသစ်တစ်ကောင်အတွက်နဲ့ သူမ နေဖို့ ဆန္ဒရှိနေနိုင်တာလဲ။'
'သူမ ရူးများ ရူးနေပြီလား။'
'ဒါမှမဟုတ်.... သူမ ရမ့်ကို တိတ်တိတ်လေး ကျိတ်ပြီးသဘောကျသွားတာလား။'
ကျီရှောင်အုံး၏မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားလိုက်ပြီး သူမနှုတ်ခမ်းကို တင်းတင်းကိုက်ထားမိလိုက်တယ်။ သူမရဲ့ ကြောက်စရာကောင်းတဲ့ အတွေးတွေကြောင့် သူမနှလုံးသားက ပြင်းထန်စွာ ခုန်မြည်လို့နေလေတယ်။
'မဟုတ်ဘူး... ဒါ....မဖြစ်နိုင်ဘူး။'
'သူမက လူသားတစ်ယောက်လေ.. ဘယ်လိုလုပ်ပြီး ကျားသစ်တစ်ကောင် ရဲ့သွေးဆောင်ဖျားယောင်းတာကို ခံလိုက်ရတာလဲ။'
မကြာသေးခင်ကပဲ ရမ်နဲ့ သူမရဲ့ ဆက်ဆံရေးမှာ တိုးတက်လာခဲ့တယ်။ ဒီကမ္ဘာပေါ်တွင်တော့ သူမမှာ ဆွေမျိုးလည်း မရှိသလို သူငယ်ချင်းတွေလည်း မရှိတာမို့ ရမ်ကပဲ သူမ ယုံကြည်ကိုးထားနိုင်တဲ့ တစ်ဦးတည်းသော သားရဲလူသားဖြစ်နေလို့ပါပဲ။
သူမ သူမရဲ့မသိစိတ်ထဲကနေ သူ့အပေါ်မှာ လုံးလုံးလျားလျား မှီခိုအားကိုးလာကာ သူမ၏သတိရှိမှုကို ဘေးဖယ်ထားလိုက်မိတာပဲ။ သူက ထောင်ထောင် ဖြစ်တာမို့ သူမ သူ့အပေါ် ခံစားချက်အချို့ကို လောင်းထည့်လိုက်မိခဲ့တယ်။ သူက ရုတ်တရက်ကြီး "ရမ်" ဆိုသူ ဖြစ်လာပြီးသည့်တိုင် သူနှင့်တူတူ မျှဝေခဲ့တဲ့ သူမရဲ့ ဘဝရဲ့ သေရေးရှင်ရေး အခိုက်အတန့်တွေက မှတ်ဉာဏ်တွေကို ဖျောက်ဖျက်ပစ်လို့ မရခဲ့ပေ။
'ဒါကြောင့်မို့ သူမ ဒီခံစားချက်တွေကို သူမရဲ့ နှလုံးခုန်သံလို့ ထင်ယောင်ထင်မှားဖြစ်နေလိုက်တာပဲ။'
'ဟုတ်တယ် အဟုတ်ပဲ ဒါပဲဖြစ်ရမယ်။'
ကျီရှောင်အုံး တစ်ယောက် သည်လိုအဓိပ္ပါယ်မရှိတဲ့ အတွေးတွေကို သူမဦးနှောက်ထဲကနေ ဖယ်ထုတ်ဖို့ သူမကိုယ်သူမ အဆက်မပြတ် ယုံကြည်အောင်လုပ်ဆောင်နေခဲ့ပါတယ်။
ကမ္ဘာကြီးပေါ်က ကပ်ဆိုက်တဲ့အချိန်ကာလကို မဖော်ပြဘဲနဲ့တောင် လူသားတွေက တိရိစ္ဆာန်တွေနဲ့ ဘယ်လိုလုပ်ပြီး ပေါင်းဖက်နိုင်မှာလဲ။ ရိုးရိုးရှင်းရှင်းပြောရရင် သဘာဝကိုဆန့်ကျင်တာက မမှန်ကန်လေဘူး။
သည်လို နိဂုံးချုပ်လိုက်ပြီးနောက် ကျီရှောင်အုံး ရမ်နဲ့ နီးနီးကပ်ကပ် ပုံမှန်လို မနေရဲတော့ပေ ။ ခဏလောက်စဉ်းစားပြီးနောက် သူမ ဆူဇန်နာ့ဆီ သွားလည်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဆူဇန်နာ့ကို အဲဒီ အစွယ်ကွေးကျား ကိုက်တာခံရပြီးကတည်းက ကျီရှောင်အုံး သူမကို တစ်ခါမှ သွားမတွေ့ရသေးပေ။
ဒီတစ်ခါတော့ စကားလက်က ခြံထဲမှာ အသားလွှာတွေကို အခြောက်ခံနေခဲ့တယ်။ သူ သူမကိုမြင်လိုက်တော့ ဘာမှပြန်မပြောဘဲ သူ့လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်၏။
စကားလက် က သူမအား နောက်ဖေးလမ်းသို့ ခေါ်ဆောင်ရန် ဝီဘာ့ ကို ညွှန်ကြားလိုက်တာကို သိလိုက်ပြီးနောက် ကျီရှောင်အုံး ဘာပြန်ပြောရမှန်းမသိ ဖြစ်နေတယ်။ ဒီတော့ သူမက မေးပဲမေးလိုက်တော့တယ်။ "ဆူဇန်နာ အထဲမှာ ရှိလား"
စကားလက်က ခေါင်းညိတ်ပြလိုက်တယ်။
ကျီရှောင်အုံး အထဲဝင်တော့မလို့ လုပ်လိုက်ချိန် စကားလက် ပြောလိုက်တာကို သူမ ကြားလိုက်ရတယ်။ "ခေါင်းဆောင် မျိုးနွယ်စုကို ပြောင်းလဲသွားအောင်လုပ်တဲ့သူက မင်းပဲမလား"
"ဘာပြောလိုက်တယ်" ကျီရှောင်အုံး က သူပြောတာကြားတော့ ထိတ်လန့်သွားတယ်။ သူမ နောက်လှည့်ကြည့်ကာ လေးလေးနက်နက် ပြန်ပြောလိုက်တယ် "သေချာတာပေါ့ အဲဒါ ကျွန်မ မဟုတ်ဘူး"
စကားလက်၏မျက်နှာက အနည်းငယ်လေး ပိုကောင်းလာပေမဲ့ သူ့ပါးစပ်က အနည်းဆုံး အကူအညီမရပေ။ "တကယ်လို့ မင်း မျိုးနွယ်စုမှာ ရေရှည်နေဖို့ စိတ်ကူးမရှိဘူးဆိုရင် ခေါင်းဆောင်ကို ဆက်ဆွဲမထားတာ ပိုကောင်းလိမ့်မယ် ။ သူ ပိုကောင်းတဲ့ အိမ်ထောင်ဖက်တစ်ယောက်ကို ရှာနိုင်တယ်"
ယခင်အကြီးအကဲဟောင်းဖြစ်သူ စကားလက် က ပက်ကိုရှာဖွေရန် ဝင်းတား အား အရှေ့အရပ်သို့ သွားခိုင်းထားတာကို သိနေခဲ့တာပင်။ ပြီးတော့ ကျီရှောင်အုံးက သူမ၏မျိုးနွယ်သို့ ပြန်ချင်တာကိုလည်း သူသိတာပင် မဟုတ်လို့ရှိရင် ဝီဘာက သူမအား လှည့်စားနိုင်မည်မဟုတ်ပေ။
စကားလက်က ရမ် မျိုးနွယ်စုစည်းကမ်း ပြောင်းလဲတာအား မတားဆီးနိုင်ခဲ့တည်းက သူ သေချာပေါက် ရမ် အား သန့်စင်တဲ့ မျိုးဆက်ရှိတဲ့ 'အိမ်ထောင်ဖက်တစ်ယောက်'ကို ရှာတွေ့စေလိုတာပင်။
မဟုတ်ရင် ရမ့်ရဲ့ သန်မာတဲ့ ဗီဇနဲ့ဆို ကျီရှောင်အုံးက ချို့ယွင်းနေတဲ့ ကလေးတစ်ယောက်ကို မွေးနိုင်ဦးမှာပဲဖြစ်တယ်။
ကျီရှောင်အုံး က သူမအောက်နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်ပြီး သူမ မျက်လုံးနက်နက်တွေက စကားလက်ကို စိုက်ကြည့်ကာ "သူ့ကို အကြီးအကဲတွေက ပိုင်ဆိုင်တာလား"
စကားလက်က အေးစက်စွာပြော၏ "သေချာပေါက် ဘယ်ဟုတ်ပါ့မလဲ" အခုဆို သူက အကြီးအကဲတောင် မဟုတ်တော့တာပဲ။
"မဟုတ်ဘူးဆိုရင်" ကျီရှောင်အုံးက အကျိုးသင့်အကြောင်းသင့်ပြောလိုက်တယ်။ "ဒါဆို မျိုးနွယ်စုက ခေါင်းဆောင်ရဲ့ အိမ်ထောင်ဖက်ရွေးချယ်တာကို ဝင်မစွက်ဖက်နဲ့လေ"
"မင်း!"
စကားလက်၏ဒေါသက မသေးပေ။ သူမက သူ့အား အရှိုက်တည့်တည့် ရိုက်နှက်လိုက်ခဲ့ပြီး သူ မငြင်းပယ်နိုင်ခဲ့တာပဲ။ ဒီအမျိုးသမီးက ပျော့ညံ့ပြီး အားနည်းတယ်လို့ ထင်ရပေမယ့် သူ့စကားက သွေးအန်အောင်လုပ်နိုင်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။
ကျီရှောင်အုံး စကားလက်နဲ့ စကားမပြောနေတော့ဘဲ အိမ်ထဲသို့ လျှောက်သွားလိုက်တယ်။
ဆူဇန်နာက ကုတင်ပေါ်တွင် တင်ပလွှဲထိုင်နေပြီး သူမ၏လည်ပင်းက ဒဏ်ရာကို ပတ်တီးစီးထားခဲ့တယ်။ ဒဏ်ရာက အပ်တစ်ချောင်းဖြင့် ချုပ်ထားခဲ့တာဖြစ်ပြီး တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနေခဲ့တယ်။ ထိုနေ့က သွေးထွက်လွန်သွားတာကြောင့် ဖြစ်နိုင်တယ်၊ ဆူဇန်နာ့မျက်နှာတွင် သွေးတွေစွန်းထင်းနေခဲ့တယ်။ ကျီရှောင်အုံး လျှောက်ဝင်လာတာကို သူမတွေ့လိုက်ရတယ်။ သူမရဲ့ ပထမဆုံးစာကြောင်းက "အဲဒီနေ့က နင် ငါ့ကို ကယ်တင်ခဲ့တာလား။" သူမ၏အသံက အက်ရှနေပြီး မကြားနိုင်လောက်အောင် တိုးလျနေ၏။
ကျီရှောင်အုံး က ခေါင်းညိတ်လိုက်ပြီး အဲဒီနောက် တွေးတောလိုက်ကာ ထပ်ဖြည့်ပြောလိုက်တယ်။ "ငါ တကယ် ဘာမှ မလုပ်လိုက်ရပါဘူး၊ နင့်ရဲ့ မျိုးနွယ်ဝင်တွေကို ခေါ်လိုက်ရုံပဲ"
ဆူဇန်နာက သူမကို ကြည့်ပြီး တွေးတောနေလောက်တယ်၊ ဒီအပင်စားမိန်းမပျိုက ကျားတစ်ကောင်ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူးလို့ပဲ ဒီတော့ သူမ ဒီစကားကို ငြင်းဆိုလိုက်ခဲ့တာပဲဖြစ်တယ်။
ကောင်မလေးတစ်ယောက်နဲ့ ကျားသစ်တစ်ကောင် အကြားတွင် အထွေအထူးပြောစရာ ဘာမှရှိမနေချေ။
ကျီရှောင်အုံး နှင့် ဆူဇန်နာတို့က တစ်ယောက်နဲ့တစ်ယောက် အရမ်းကြီးလည်း မရင်းနှီးကြပေ၊ သူမတို့ကြားရှိ ဘာသာစကားအခက်အခဲကိုတော့ ပြောဖို့တောင်မလိုတာပင်။ ထိုစကားတစ်ခွန်းတည်းက ကျီရှောင်အုံး သင်ယူခဲ့တဲ့ ကျားသစ်ဘာသာစကားအားလုံးကို ခြစ်ခြစ်ကုတ် ထုတ်ပြောလိုက်ရတာပဲဖြစ်၏။
ကျီရှောင်အုံး သိပ်ကြာကြာ မနေလိုက်ခဲ့ပေ။ ဆူဇန်နာက ဘာမှ မလိုအပ်တာကိုမြင်တော့ သူမ ထွက်သွားခဲ့လိုက်တယ်။ သူမ သွားလိုက်စဉ် ဆူဇန်နာက သူမကို စကား လှမ်းပြောလိုက်တယ်။
ကျီရှောင်အုံး ထိုစကား၏အဓိပ္ပါယ်ကို သူမ လမ်းပေါ်ရောက်တော့မှပဲ နားလည်သွားတော့တယ်။
"ငါ နင့်ကို သိပ်သဘောမကျဘူး ဒါပေမယ့် ကျေးဇူးအများကြီးတင်ပါတယ်"
*****
ရမ်ရဲ့ ခြံဝင်းထဲကို ပြန်ရောက်တော့ မွန်းတည့်နေပြီဖြစ်တယ်။
ကျီရှောင်အုံး မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်ပြီး နေ့လယ်စာ ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ခဲ့ပါတယ်။
ခုတလော အေးနေတာကြောင့် သူမ ဟော့ပေါ့တစ်ခွက် ချက်ပြုတ်ဖို့ စီစဉ်ခဲ့ပြီး သူမနေရာလွတ်ထဲမှာ ဟော့ပေါ့ကောင်းကောင်း ချက်ဖို့အတွက် လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေ အများကြီး ရှိနေဆဲဖြစ်တယ်။
သူမ ဒယ်အိုး ကိုထုတ်ပြီး ရေတစ်ဝက်လောက်ဖြည့်ပြီးတာနဲ့ တံခါးဝကနေ မေးခွန်းထုတ်လိုက်တဲ့ အသံနှိမ့်သံတစ်သံကို သူမ ကြားလိုက်ရတယ်။ "မင်း ဘယ်သွားခဲ့တာလဲ"
ကျီရှောင်အုံး သူမ၏လက်က တုန်ရီသွားလိုက်ပြီး အိုးကို မြေကြီးပေါ်သို့ ပစ်ချလုနီးပါးဖြစ်သွားလိုက်ပေမဲ့ လက်တစ်စုံက ဆန့်ထွက်ကာ အိုးအောက်ခြေကို ဖမ်းကိုင်ထားလိုက်ပြီး သူမတစ်ကိုယ်တစ်ခုလုံးကို သူ့ရင်ခွင်ထဲတွင် ပိုက်ကာ ပွေ့ဖက်ထားလိုက်ခဲ့တယ်။
ရမ်၏နောက်မှ လိုက်ပါလာသောလေထုက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး ကျီရှောင်အုံး အငိုက်မိသွားလိုက်တယ်။
"ငါ... ငါ ဆူဇန်နာ့ဆီ သွားလည်လိုက်တာ" ကျီရှောင်အုံး ၏ နားရွက်တွေက သတိပေးခြင်းမရှိဘဲ ရဲတွတ်သွားလိုက်တယ်။ အဲဒီနောက် သူမမျက်နှာတစ်ပြင်လုံး နီမြန်းလာပြီး သူမ တုန့်ဆိုင်းသွားလိုက်ပါတယ်။
"သူမ ဘယ်လိုနေလဲ သွားကြည့်ဖို့လား" ရမ် မျက်မှောင်ကြုတ်လိုက်တယ်။
ကျီရှောင်အုံေ: "ပြီးခဲ့အခေါက်တုန်းက သူ ဆိုးဆိုးရွားထိခိုက်သွားခဲ့တာ၊ ငါ သူ ပြန်ကောင်းလာပြီလား သိချင်လို့..."
"စကားလက်နဲ့ တွေ့ခဲ့သေးလား"
ကျီရှောင်အုံးက ခေါင်းညိတ်ပြီး "အင်း"
ရမ်- "သူ မင်းကို တစ်ခုခုပြောရင် အဲဒါကို စိတ်ထဲမထားနဲ့"
ကျီရှောင်အုံး: "အင်း . . . စကားလက်က သူ့ကိုထားခဲ့ဖို့ စည်းရုံးနေတယ်လို့ သူမ မပြောနိုင်ခဲ့ပါဘူး . .
အချိန်အတော်ကြာအောင် ငြိမ်သက်နေပြီး ကျီရှောင်အုံးက သူ့လက်မောင်းတွေအောက်မှ ရုန်းကန်လိုက်ပြီး ပြောလိုက်တယ်။ "ငါ နေ့လယ်စာ ချက်ဖို့ ပြင်မလို နင် ထွက်သွားပေးလို့ရမလား"
"ကိုယ် ဒီမှာနေလို့မရဘူးလား" ရမ် ခေါင်းငုံ့ကာ သူမ၏ နားရွက်ဆီ ချစ်ချစ်တောက် ပူပြင်းတဲ့ လေငွေ့တွေ ရှူထုတ်လိုက်တယ်။
ကျီရှောင်အုံးရဲ့ပါးပြင်တွေ နီမြန်းလာပြီး ပိုမို ရဲတွတ်လို့လာခဲ့ကာ "မရဘူး" သူ ဒီမှာနေနေရင် သူမစိတ်ကို ပိုပိုပြီး စိတ်ရှုပ်လာပြီး ဖရိုဖရဲဖြစ်လာလိမ့်မယ်။
သူမ သူ့အပေါ်မှာ ဘာစိတ်မှမရှိတာ သိသိသာသာထင်လိုက်ပေမဲ့ သူ့ခန္ဓာကိုယ်က သူမနှင့် အရမ်းနီးနီးကပ် လာပူးကပ်နေချိန် သူမ၏ နှလုံးခုန်သံတွေက အလိုအလျောက် မြန်ဆန်လာသည်ကို ခံစားမိဆဲပင်။ ဒုတ် ဒုတ် ဒုတ်. . . ကျယ်လောင်လွန်းလို့ သူမကိုယ်တိုင် ပြန်ကြားနိုင်တဲ့အထိပါပဲ။
ရမ် နောက်ဆုံးတွင် သူမကို လွှတ်ပေးလိုက်ပြီး ကျီရှောင်အုံး ရှည်လျားတဲ့ အသက်ရှုခြင်းကို ရှူထုတ်လိုက်ရတယ်။
သို့သော်လည်း နောက်တစက္ကန့်အကြာတွင်တော့ ရမ်၏ စကားများက သူမအား ရုတ်တရက် တောင့်တင်းသွားစေသည်-
"ကိုယ့် မေးခွန်းကို ဖြေဖို့ အဲ့လောက်ခက်နေတာလား"
ကျီရှောင်အုံးက မေးလိုက်တယ် "နင် ဘာကိုဆိုလိုတာလဲ"
ရမ် : "ဆူဇန်နာ နဲ့ မင်းရဲ့ဆက်ဆံရေးက အရမ်းကောင်းတယ်လို့ ကိုယ်တော့ မထင်ဘူး "
ဆိုလိုတာက သူမေးထားတဲ့ မေးခွန်းကို ဖြေတာထက် ဆူဇန်နာ့ ကို ပိုသွားတွေ့ချင်နေတယ်လို့ပဲ။ ဒါကြောင့်ပြောရရင် သူမ ထွက်ပြေးသွားလိုက်တာပဲ။
ကျီရှောင်အုံး၏ ဦးရေပြားက ထုံကျင်သွားလိုက်ပြီး အနည်းငယ်လေး ထူးထူးကဲကဲကို ခံစားလိုက်ရကာ "ငါ အဲဒီအကြောင်း မစဉ်းစားဖူးသေးဘူး"
"သဘောမတူဘူး" မဟုတ်ဘဲ "အဲဒါကို မစဉ်းစားဖူးတာပင်။
ရမ်၏မျက်လုံးတွေက ထိုအဓိပ္ပါယ်ကြောင့် လင်းလက်တောက်ပလာကာ နောက်ဆုံး ကာကွယ်ရေးစည်းကို ဖြတ်ကျော်သွားလိုက်သလို ခံစားလိုက်ရကာ သူ့အသံကို တိုးရှကာ မေးလိုက်တယ်။ "အဲဒါကို ဘယ်အချိန်လောက် စဉ်းစားပေးမှာလဲ"
ကျီရှောင်အုံးက ခေါင်းခါလိုက်ပြီး ရိုးသားစွာ ပြောလိုက်တယ်။ "ငါ မသိဘူး"
ဝင်းတား ပြန်ရောက်တဲ့အချိန် ဖြစ်နိုင်လောက်တယ်။ သူမ အဲဒီအကြောင်းကို လုံးဝ မတွေးနိုင်လောက်ဘူးပဲ။
ရမ်က ခဏလောက် နှုတ်ဆိတ်နေပြီး ပြောလိုက်တယ်။ "နေဖို့က သိပ်မခက်ပါဘူး"
ကျီရှောင်အုံး သူမအား အကျပ်ကိုင်ခံရသလို ခံစားလိုက်ရပြီး ရုတ်တရက် ရမ်ကို တွန်းထုတ်လိုက်ပြီး "... ငါ မနေချင်ဘူး!" သူမ လက်ထဲက ဒယ်အိုးကို ရမ့်ရဲ့ရင်ဘတ်ကို ရိုက်ပြီး မီးဖိုခန်းထဲက ပြေးထွက်သွားတေ,ြတယ်။
'သူမ ဒီနေရာမှာ ဒုက္ခရောက်ရတာ မလုံလောက်သေးလို့လား။ ထပ်ခါ တစ်လဲလဲ သူမ သားရဲလူတွေရဲ့ သတ်တာကို ခံရလုနီးပါး အလိုက်ခံခဲ့ရတာ။ သူမ ထွက်ပြေးရင်းနဲ့ အသားစားသတ္တဝါတွေ အပင်စားသတ္တဝါတွေကို အမဲလိုက်နေတဲ့ မရေမတွက်နိုင်တဲ့ မြင်ကွင်းတွေကို မျက်မြင်တွေ့ကြုံလိုက်ရတယ် . . သူမ ဒီမှာနေချင်တယ်လို့ တွေးလိုက်ရင် သူမ ရူးနေလို့ပဲ။'
အခန်းထဲတွင်တော့ ရမ် မီးဖိုချောင် ကောင်တာထိပ်ဆီသို့ မှီကာ သူ့ရဲ့ ခြေတံရှည်ရှည်တွေကို အနည်းငယ်ထပ်လျက်၊ သူ့မျက်ခုံးရိုးတွင်တော့ နက်နက်ရှိုင်းရှိုင်း တွန့်ကွေးသွားခဲ့တယ်။
. . . ငြိမ်သက်စွာဖြင့် စိတ်က အရမ်းရှည်ရှည် မထားနိုင်တော့ပေ။
သူ သူ့လက်ထဲက ရေတစ်ဝက် ထည့်ထားတဲ့ အိုးကို ငုံ့ကြည့်လိုက်ပြီး မီးဖိုပေါ်တင်ကာ ထွက်လာခဲ့၏။
*
အဲဒီအချိန်ကနေစပြီးတော့ ကျီရှောင်အုံး ရမ် နှင့် အကွာအဝေးတစ်ခုထားကာ ဝေးဝေးရှောင်နေလိုက်တော့တယ်။
တစ်ယောက်နဲ့ တစ်ယောက် စားသောက်တာကလွဲလို့ ကျီရှောင်အုံးက သူ့ကို ရှစ်ပေအကွာမှာ ထားခဲ့ဖို့ ခဏခဏ စိတ်သောကရောက်နေရပါတယ်။
ပွေ့ဖက်ဖို့တောင် မပြောပါနဲ့ ရမ်ခမျာ သူမ အနားတောင် မကပ်နိုင်ခဲ့ပါဘူး။ သူမ အိပ်ယာဝင်ချိန်တွင် မီးဖိုဘေးမှာ ရွက်ဖျင်တဲငယ်လေးတစ်ခု ဆင်ထားပြီး မှောင်လာတဲ့အခါ သူမ အထဲကို ဝင်သွားပြီး ဇစ်ဖွင့်ကာ ရမ်အား သူမနဲ့ လုံးဝ သီးခြားခွဲထားလိုက်ပါတယ်။
နှစ်ရက်ကြာသွားပြီးနောက်မှာတော့ ရမ်ရဲ့မျက်နှာက ရုပ်ပိုပို ဆိုးလာခဲ့တော့တယ်။
သူ သူမကို ဖမ်းပြီး သူမ ဘာကိုဆိုလိုလဲဆိုတာကို အကြိမ်ပေါင်းများစွာ မေးချင်သော်လည်း ကျီရှောင်အုံးက သူ့ထံမှ ပုန်းအောင်းနေပြီး သူမထံ ချဉ်းကပ်သွားတဲ့အခါတိုင်းလည်း သူမက ထွက်ပြေးသွားခဲ့တာပင်။
ဒီတစ်ခါတော့ ရမ်က စကားတောင် စမပြောရသေးဘူး ကျီရှောင်အုံးက ဦးဆောင်ပြီး ပြောလိုက်တယ်။ "ငါ စမ်းချောင်းဘေးတစ်လျှောက် လမ်းလျှောက်ချင်တယ်"
သူမ၏ သံလိုက်အိမ်မြှောင်ကို မပြုပြင်ရသေးပေ၊ သူမ တောင်ပေါ်ကိုဖြတ်သွားချိန် လမ်းပေါ်မှာရှိတဲ့ကျောက်တုံးတွေက တွန်းအားတစ်ခုကြောင့် ဆွဲငင်ခံရပြီးတော့ ဦးတည်ဘက်တစ်ခုတည်းကို လှိမ့်နေသည်ကို သူမ သတိပြုမိလိုက်တယ်။ သူမ သူတို့ထဲက နှစ်တုံးကို ကောက်ကိုင်လိုက်တဲ့အခါမှာတော့ နှစ်ပိုင်းကွဲနေတဲ့ ကျောက်တုံးနှစ်တုံးက အတူတူ ပူးသွားလိုက်တယ်။
ကျီရှောင်အုံးက အဲဒီနား အနီးတစ်ဝိုက်မှာ သဘာဝသံလိုက်ဓာတ်ရှိနေသည်ဟု မှန်းဆလိုက်ပြီး တကယ်လို့သာ သံလိုက်စက်ကွင်းကို သံလိုက်အိမ်မြှောင်ကို ချိန်ညှိရာတွင် တောက်ကူမည်ဆိုပါက အောင်မြင်နိုင်တာပင်။
"တကယ်တော့" ရမ်က ဘာအမူအရာမှ ဖော်မပြပါဘဲ ပြောလိုက်၏ "တောင်ရဲ့နောက်ကျောမှာ ပြဿနာတစ်ခု ရှိပုံပေါ်တယ်၊ ဒါကြောင့် ကိုယ်လည်း အဲဒါကို သွားကြည့်ဖို့လိုတယ်"
ကျီရှောင်အုံး: ". . ."
အဲဒီနောက် ရမ်က အခန်းကို ဖြတ်သန်း၍ တံခါးဆီသို့သွားလိုက်တယ်။
ဒီအချိန်က အရမ်း နောက်ကျနေပြီဖြစ်တယ်၊ ကျီရှောင်အုံးလည်း ရွေးချယ်စရာမရှိဘဲ တောင်နောက်ဘက်ကိုသွားဖို့ တံခါးကနေထွက်သွားတဲ့ ရမ့်နောက်ကနေ လိုက်ပါလိုက်ရတယ်။
ထိုနေရာက ရမ့်ရဲ့အိမ်နဲ့ သိပ်မဝေးပေ၊ တစ်နာရီသာသာလောက် လမ်းလျှောက်ရတာပဲဖြစ်တယ်။
သို့သော်လည်း ရမ်၏ ခြေထောက်တွေက သူမထက် ပိုရှည်ပြီး သူ့ခြေလှမ်းများကလည်း အလှမ်း ကျယ်ပေသည်။ ကျီရှောင်အုံး သူ့ခြေရာကို အမှီလိုက်ရန် အသည်းအသန်လျှောက်လိုက်ရပြီး နောက်မှ လိုက်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူတို့တွေ တောင်ထိပ်ကို ရောက်တဲ့အချိန် သူမရဲ့ နာရီကို စစ်ဆေး ကြည့်လိုက်တယ်။ ရုတ်ခြည်းပင် ငါး နာရီ ဆယ့်ငါးမီနစ်ရှိနေလေပြီ။
ကျီရှောင်အုံး မောဟိုက်နေပေမဲ့ မညည်းညူရဲဘဲ ရမ့်ဘေးနားကနေ သူမ မထွက်သွားရဲခဲ့ပေ။
အချိန်မရွေး တောင်ပေါ်တွင် သားရဲများရှိနေနိုင်တယ်လို့ သူမ တွေးတောလိုက်ခဲ့ပြီး သူမ ရမ်နဲ့သာဆို ဘေးကင်းမှာပင်။ တကယ်လို့ သူမတစ်ယောက်တည်းဖြစ်မယ်ဆို သူမ အလွယ်တကူ သတ်စားခံရနိုင်ပြီး ဘယ်သူမှ သိနိုင်မှာမဟုတ်ပေ။
ရှေ့ခပ်ဝေးဝေးတွင် အေးခဲနေတဲ့ မြစ်တစ်စင်းရှိနေခဲ့တယ်။
ရေခဲထုက ထူထပ်ပြီး တိရစ္ဆာန်များစွာ၏ ခြေရာများဖြင့် ဖုံးအုပ်ထား၏။
ရမ်က သူ့ရဲ့အမည်းရောင် လည်သာဘွတ်ဖိနပ်နဲ့ အမြဲလိုလို ရှေ့ကနေ လျှောက်သွားနေလိုက်ပြီး မြေပြန့်ပေါ်တွင် လမ်းလျှောက်နေသည့်အတိုင်းပင်။
ကျီရှောင်အုံး ရမ်ရဲ့ အေးအေးဆေးဆေး ကိုယ်ဟန်အနေအထားကိုမြင်ပြီးနောက် သိပ်ခက်ခဲမည်မဟုတ်ဟု ထင်လိုက်ခဲ့ပေမဲ့ ရေခဲပြင်ပေါ် ခြေတစ်လှမ်းချလိုက်ပြီး သူမ ချော်လဲသွားကာ သူမတစ်ကိုယ်လုံးက ဗုန်းခနဲ မြေပြင်ပေါ်သို့ လဲကျသွားတော့တယ်။
သူမ အလွန်ပြင်းထန်စွာ လဲကျသွားပြီး သူမ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာခဲ့တော့တယ်။
သူမရှေ့က ရမ်က နောက်တောင် ပြန်လှည့်မကြည့်ခဲ့ပါ။
ကျီရှောင်အုံး အံကို တင်းတင်းကြိတ်ကာ ရေခဲပြင်ပေါ်မှ မတ်တပ်ထရပ်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားလိုက်ပေမဲ့ စိုးစဉ်းမျှတောင် ထိရောက်မှု မရှိခဲ့ပါဘူး။
နေ့တစ်ဝက်လောက် လူးလွန့်နေတာတောင် သူမ မြစ်ကမ်းပါးကို ဖြတ်ကူးနိုင်မှာ မဟုတ်ပါပေ။
ရမ်က ပို၍ဝေးကွာလာသည်ကို မြင်လိုက်ရပြီး ကျီရှောင်အုံး သူမ၏နှလုံးသားထဲတွင် စိုးရိမ်ထိတ်လန့်သွားကာ မျက်ရည်များကို သူမလက်ချောင်းများဖြင့်သုတ်လိုက်ပြီး "ရမ် ....ငါ့ကိုစောင့်ပါဦး..."
ရမ်က နောက်ဆုံးတွင် နောက်ပြန်လှည့်လိုက်ပြီး မြစ်လယ်၌ ရပ်နေကာ သူ၏ လေးနက်တဲ့အသွင်အပြင်က နောက်ခံမြင်ကွင်းတွင်တော့ ဘယ်တော့မှ မမေ့နိုင်အောင်ပင် ထင်လိုက်ရတယ်။ အုံ့ဆိုင်းနေသော မြူများထဲတွင် သူ့မျက်နှာအမူအရာကို သူမ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ချေ။
ရမ်က သူ့လက်ကို သူမဆီ ဆန့်ထုတ်လိုက်ပြီး သူ့အသံက မြူနှင်းထူထူထဲ ဖြတ်လာလိုက်တယ်။ "ဒီကို လာခဲ့"
ကျီရှောင်အုံး က မတ်တတ်ထရပ်ပြီး ခြေလှမ်းနှစ်လှမ်း ဖွဖွလှမ်းပြီး အဲဒီနောက် အရှိန်ပြင်းပြင်းနဲ့ သူ့ဆီ အမြန် ပြေးလာလိုက်တယ်။
ရမ်၏အားကောင်းတဲ့ လက်မောင်းများထဲသို့ သူမ ရောက်သွားမှပဲ သူမ စိတ်အေးသွားသလို ခံစားလိုက်ရတယ်။
ရမ်က သူမခါးကို အခြားလက်တစ်ဖက်နဲ့ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး သူ့ကိုယ်ကို ကိုင်း၍ သူမနားရွက်ပေါ် အုပ်မိုးလိုက်ကာ ဖြေးဖြေးချင်း ကပ်မေးလိုက်တယ် ။ "မင်း ကိုယ့်ကို ရှောင်လို့ ပြီးပြီလား"
End Chapter