Chapter 74
ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲ
ဘုန်းကြီးက ဧည်သည့်တွေကိုနှင်လွှတ်ချင်နေသည့်ပုံစံရှိနေသဖြင့် ထပ်ပြီးနှောက်ယှက်ဖို့မသင့်တော်တော့ဘူး ဟုခံစားလိုက်ရသည်။သူတို့မထွက်ခွာခင်မှာ တစ်ချက်စဉ်စားလိုက်ပြီးနောက် ဖူဟွားကိုအစာခြောက်တွေယူလာခိုင်းပြီး ဘုန်းကြီးကိုမနေ့ညကအထင်လွှဲမှုအတွက်တောင်းပန်ကြောင်းဆိုကာ အစာခြောက်များကိုရိုရိုသေသေပေးလှူလိုက်၏။
ဘုန်းကြီးက အသိမှတ်ပြုသည့်အပြုံးပြုံးပြလိုက်ပြီးနောက် လင်းရုဖေးရဲ့ကြင်နာမှုကိုမငြင်းပယ်ပေ။ သူကအစာခြောက်ကိုယူလိုက်ကာ သူ့ရဲ့အိတ်ထဲမှပုတီးစေ့အားထုတ်လိုက်ပြီးနောက် လင်းရုဖေးအားပေးလိုက်သည်။ လင်းရုဖေးနှင့်သူကရေစက်ရှိလို့တွေ့ဆုံကြရတာဖြစ်ကြောင်းပြောပြီး ဤပုတီးစေ့ကိုလက်ဆောင်အဖြစ်ပြန်ပေးလိုက်သည်။
လင်းရုဖေးက ပုတီးစေ့အားယူလိုက်ကာ ဘုန်းကြီးအားကျေးဇူးတင်ကြောင်းပြောလိုက်သည်။
ဘုန်ကြီး၏အကြည့်အောက်မှာပဲသူတို့သုံးယောက်က မြင်းများဖြင့်ပျက်ဆီးယိုယွင်းနေသည့် ဘုရားကျောင်းထဲကနေအပြင်ဘက်ရွံ့ထူထပ်နေသောတောင်ပေါ်လမ်းအတိုင်းထွက်ခွာလာကြသည်။
တစ်ညလုံးပျောက်သွားသည့် ကုရွမ်းတုတစ်ယောက်မြင်းပေါ်မှာပြန်ပေါ်လာသည်။ လင်းရုဖေးက သူရဲ့အင်္ကျီအနီရောင်တွင်ရွှံ့တွေစွန်းပေနေတာမြင်သည့်အခါ အသံတိုးတိုးလေးဖြင့်မေးလိုက်၏။
"ခင်ဗျားညက ဘယ်သွားနေတာလဲ"
ကုရွမ်းတု : "ကိုယ့် တစ္ဆေသရဲသွားဖမ်းတာ"
လင်းရုဖေး : “……”
သူသဘောပေါက်သည်။ ဤကုရွမ်းတုက သူဘာလုပ်ခဲ့သလဲဆိုတာကို သူ့ကိုမပြောချင်လျှင် ယခုအတိုင်း "သရဲသွားဖမ်းတယ်" ဟုသာပြောလေသည်။
ကံကောင်းထောက်မစွာဖြင့်၊ ပထမဆုံးနှစ်ခေါက်တုန်းကသေသေချာချာမေးထားလို့ပင် နို့မို့ဆိုဟဤအကြီးအကဲကိုမကောင်းဆိုးဝါးနှင်တဲ့သူလို့ သူတကယ်ကြီးထင်သွားနိုင်သည်။
"ကျွန်တော် ဘုရားကျောင်းမှာဘုန်းကြီးတစ်ပါးနဲ့တွေ့ခဲ့တယ်"
လင်းရုဖေးကသူကြုံတွေ့ရသည့်အကြောင်းကိုသဘောရိုးဖြင့်ပြောပြလိုက်သည်။
"ပျက်စီးနေတဲ့ဘုရားကျောင်း...ဗုဒ္ဓဆင်းတုတော် တကယ်လိုဘုန်းကြီးကလူသာမဟုတ်ရင် ခင်ဗျားလုပ်ထားတာလို့ကျွန်တော်ထင်တော့မှာ"
ကုရွမ်းတု : "ကိုယ်က အဲ့လိုရွှတ်နောက်နောက်လူ မဟုတ်ရပါဘူး"
လင်းရုဖေးက သံသယဖြင့်သူ့ကိုကြည့်လိုက်သည်။
သူ့အကြည့်ကြောင့်ကုရွမ်းတုမှာကူကယ်ရာမဲ့သွားရလေသည်။
"ဟုတ်ပါပြီ...အနည်ဆုံး ကိုယ်မနေ့က ရွှတ်နောက်နောက်မလုပ်ခဲ့ပါဘူး"
လင်းရုဖေးက ဆက်ပြီး "သူကကျွန်တော်ကိုပုတီးစေ့လေးပေးလိုက်တယ်"
သူကပြောရင်းဆိုရင်းဖြင့်သူအင်္ကျီလက်ထဲက ပုတီးစေ့လေးကိုထုတ်လိုက်သည်။ သူ သေသေချာချာလေးကြည့်တော့မှ ပုတီးစေ့ပေါ်တွင် 'နန့်ယင်း' ဆိုသည့်စာလုံးလေးထွင်းထားသည်ကိုမြင်လိုက်ရ၏။
သူကအံဩသွားပြီး"ဒီဘုန်းကြီးက တကယ်ကြီးနန့်ယင်းဘုရားကျောင်းကလား"
နန့်ယင်းဘုရားကျောင်းက ကျန်းဟူမှာ ၎င်း၏ဗုဒ္ဓတရားတော်ကြောင့်ကျော်ကြားလေသည်။ သူတို့ရဲ့တပည့်တွေကျင့်ကြံသည့်ဗုဒ္ဓဘာသာသနာက နာကျည်းမှုတွေကျော်ဖြတ်နိုင်ပြီးနှလုံးသားထဲကနတ်ဆိုးတွေကိုအေးချမ်းစေသည်ဟု ကောလဟာလများကြားဖူးပေသည်။
သို့သော်နန့်ယင်းဘုရားကျောင်းက ယောင်ကွမ်းပြည်နယ်၏ဝေးလံခေါင်ဖျားသည့် နေရာမှာရှိတာကြောင့်တပည့်တပန်းအများကြီးမရှိပေ။ နာမည်ရှိပေမယ့်ရှားပါးလေသည်။ သူစောနကတွေ့ခဲ့သည့် ရုပ်ရည်ချောမောတဲ့ဘုန်းကြီးက နန့်ယင်းဘုရားကျောင်းရဲ့တပည့်ဖြစ်လိမ့်မည် ဟုသူမထင်ထားခဲ့ပေ။
ကုရွမ်းတုက နားထောင်နေပေမယ့်စကားမပြောတော့ချေ။
လင်းရုဖေး "အကြီးအကဲ နန့်ယင်းဘုရားကျောင်းကိုကြားဖူးလား"
ကုရွမ်းတုကပြန်ဖြေသည်။ "အင်း ကိုယ်ကြားဖူးတယ် ဒါပေမဲ့ မကြိုက်ဘူး စည်းကမ်းတွေများလွန်းတယ်ဒီဟာကိုလည်းလက်လွှတ်ရမယ်...ဟိုဟာကိုလည်းလက်လွှတ်ရမယ်ကြီးပဲ အရမ်းကိုဒုက္ခများလွန်းတယ်"
လင်းရုဖေးရယ်မောလိုက်ပြီး"အမှန်ပဲလား"
သူတို့က ဘုန်းကြီးရဲ့သတိပေးချက်ကြောင့်အချိန်ကိုမနှောင့်နှေးဝံ့ပေ။ ကုရွမ်းတု၏လမ်းညွှန်မှုအောက်မှာ သူတို့ကရှီးလျန်တောင်ကိုညတွင်းချင်းဖြတ်ကျော်သွားနိုင်ပြီး မိုးရာသီမစတင်သေးခင်၊ အဆုံးတွင် ရှီးလျန်တောင်ရဲ့နယ်စပ်မြို့လေးကိုရောက်သွားကြတော့သည်။
ဆယ်ရက်ကျော်လောက်ခရီးနှင်ကာ တောင်ပေါ်မှာအခက်အခဲမျိုးစုံကိုဖြတ်ကျော်ပြီးနောက် လင်းရုဖေး၏ခန္တာကိုယ်ကအလွန်ပင်ပန်းနေပြီဖြစ်သည်။ သူတို့မြို့ထဲက တည်းခိုဆောင်ကိုရောက်သည်နှင့် ပင်ပန်းနွမ်းနယ်တာတွေပျောက်ကင်းအောင် သူနေ့တ၀က်ခန့်အိပ်စက်ပစ်လိုက်သည်။ သို့ပေမဲ့ သူက အားအနည်းငယ်မရှိသလိုဖြစ်နေပြီး အရမ်းလည်း မလန်းဆန်းပေ။ နိုးလာသည့်အခါ သူဗိုက်ဆာတာကြောင့်ဖူဟွားဆီကိုသွားကာသူ့အတွက်တစ်ခုခုချက်ပေးရန်ပြောရန်လုပ်လိုက်သည်။ သူဖူဟွား၏အခန်းထဲကိုမ၀င်ရသေးခင်မှာဘဲ အခန်းထဲမှအစေခံမလေးနှစ်ယောက်၏ စိတ်ပူနေတဲ့စကားသံများကိုကြားလိုက်ရသည်။
"ငါ သခင်လေးကိုတကယ်စိတ်ပူတယ်"......
' ဟင် သူတို့ဘာလို့ငါကိုစိတ်ပူနေတာလဲ'
လင်းရုဖေးစိတ်ရှုပ်ထွေးစွာတွေးလိုက်မိသည်။
"ဟုတ်တယ် ငါကောပဲပူတယ် အဲ့နေ့ကသခင်လေးဘုရားကျောင်းမှာကြောက်သွားလို့လားဟင်"
"အဲ့လိုဖြစ်နိုင်တယ်လို့ငါထင်တယ် ဒီရက်ပိုင်းတွေမှာတစ်ယောက်ထဲစကားပြောတာ ဘာလို့ဆိုးရွားလာရတာလဲ သခင်လေး ပြုစားခံစားလိုက်ရပြီလို့ထင်သွားလို့လန့်သွားတာပဲ"
"ငါတို့ သခင်လေးအတွက်သမားတော်တစ်ယောက်ရှာသင့်လား"
"မလုပ်နဲ့ သခင်လေးကိုစိတ်တိုအောင်သွားမလုပ်နဲ့ ငါ အရင်ဆုံးသွားမေးကြည့်လိုက်မယ်လေ စိတ်ငြိမ်းဆေးအညွှန်းလေးများရမလားလို့ ဒါကသိပ်မကောင်းလို့သတိထားတာအကောင်းဆုံးပဲ"
"အဲ့ဒါဆို ဟုတ်ပြီလေ ငါ ဒီနေ့အားတဲ့အချိန်မြို့ထဲမှာသမားတော်ကိုသွားမေးလိုက်မယ်။"
လင်းရုဖေးက သူတို့ပြောနေတဲ့စကားတွေကိုစိတ်ရှုပ်ထွေးနေသည့်ပုံနှင့်သာနားထောင်နေသည်။ သူခေါင်းကိုလှည့်ပြီးဘေးမှာရပ်နေတဲ့သူအားကြည့်လိုက်သည်။
လင်းရုဖေးရဲ့စိုက်ကြည့်ခြင်းကိုခံလိုက်ရတဲ့ကုရွမ်းတုကမူ တည်ငြိမ်အေးတေးတဲ့ပုံပန်းသွင်ပြင်ရှိနေဆဲဖြစ်ပြီး သူကိုတောင်မှမျက်တောင်တဖြတ်ဖြတ်ခတ်ပြပြီးချစ်စရာကောင်းတဲ့ပုံစံလုပ်ပြလိုက်သေးသည်။
"ကိုယ်က ကြည့်ကောင်းတယ်မလား"
လင်းရုဖေးကလေးလေးနက်နက်ပြန်ဖြေလိုက်သည်။
"ခင်ဗျားကကြည့်ကောင်းပါတယ်။"
ကုရွမ်းတုတစ်ယောက်အားရပါးရပြုံးဖို့အခွင့်မရခင်လေးမှာပင် ပိုပိုပြီးတော့အားကောင်းလာသည့် ဤသခင်လေးရဲ့ပါးစပ်ကနေ ထပ်ပြောလိုက်သည်ကိုကြားလိုက်ရ၏။
"ခင်ဗျားသာရုပ်ဆိုးနေရင် တစ်ယောက်ယောက်ကိုဘယ်လိုလုပ်ပြုစားနိုင်မှာလဲ"
ကုရွမ်းတု : “……”
ကုရွမ်းတု၏ အရှုံးပေးသည့်ပုံစံကိုမြင်လိုက်ရသည့်အခါ လင်းရုဖေးစိတ်ထဲနေလို့ထိုင်လို့ကောင်းသွားကာ သူ့အစေခံတွေရဲ့တံခါးကိုခေါက်လိုက်သည်။ အစေခံတွေက သူလာတာကိုသတိပြုမိသွားသည်နှင့် ပြောလက်စ စကားတွေကိုအမြန်ရပ်လိုက်ပြီးသူ့အားကြိုရန်အရှေ့သို့ထွက်လာသည်။
လင်းရုဖေးသည် အစတုန်းက ဖူဟွားနှင့်ယွီရွေ့ကိုသူ့အတွက်စားစရာတစ်ခုခုချက်ပေးဖို့ပြောချင်သော်လည်းခဏလောက်တွေးတောပြီးနောက် သူနေရာအသစ်ကိုရောက်တုန်းရောက်ခိုက် ဤနေရာက ဒေသထွက်အစားအစာတွေကိုမြည်းစမ်းကြည့်ချင်သေးသည်။ မနေ့က အနားယူရန်တည်းခိုဆောင်သို့သွားရန်သာ စိတ်ဆောင်နေတာကြောင့် မြို့ကိုတောင်ကောင်းကောင်းပင်မကြည့်ရသေးပေ။ ယနေ့ရာသီဥတုကလည်းသာယာနေသဖြင့်လမ်းလျှောက်ထွက်ပြီးလည်ပတ်ရန် အတော်လေးကောင်း၏။
သူ့ စဉ်းစားထားသည့်အတိုင်း၊ လင်းရုဖေးက ဖူဟွားနှင့်ယွီရွေ့ကိုနှုတ်ဆက်ကာ အေးအေးလူလူထွက်လာလိုက်သည်။
ရှီးလျန်တောင်ကို ဖြတ်ပြီးသည့်အခါ သူတို့ကစည်ပင်၀ပြောတဲ့အလယ်ပိုင်းလွင်ပြင်ဒေသကိုရောက်လာသည်။ သူတို့တွေ ရှီးလျန်တောင်ဘေးက မထင်မရှားမြို့လေးတစ်မြို့ကိုရောက်နေပေမယ့်လည်း ၎င်း၏ချမ်းသာ၀ပြောသည့် အရိပ်အယောင်ကိုမူအနည်းငယ်ကြိုတင်မြင်နေရချေပြီ။ လမ်းမပေါ်တွင် မရေမတွက်နိုင်သည့်ခရီးသွားများတန်းစီနေကာ လမ်းဘေးဈေးဆိုင်များတွင် လင်းရုဖေးတစ်ခါမှမမြင်ဖူးတဲ့ ပစ္စည်းအသစ်များဖြင့်ပြည့်နှက်နေသည်။ သူလမ်းလျှောက်ရင်း တွေ့တဲ့ပစ္စည်းများကိုလမ်းတလျှောက်၀ယ်သည်။ တစ်လမ်းလုံးကိုလျှောက်ပြီးတဲ့နောက် သူ့လက်ထဲမှာစိတ်၀င်စားဖို့ကောင်းသည့်ပစ္စည်းများနှင့်အရသာရှိတဲ့အစားအစာများဖြင့်ပြည့်နှက်နေသည်။
ဈေး၀ယ်လို့ပြီးသည်နှင့် လင်းရုဖေးကလမ်းဘေးဆိုင်တဆိုင်ဆိုင်မှာထိုင်လိုက်ပြီး ဆိုင်ရှင်ကို ခေါက်ဆွဲစွတ်ပြုတ်တစ်ပွဲမှာလိုက်သည်။ သူယခုလို ခေါက်ဆွဲစွပ်ပြုတ်မျိုးအရင်က တစ်ခါမှမစားဘူးပေ။ အနီရောင်အဆီအနှစ်များဝေ့နေကာ အပေါ်မှာအစပ်အစေ့တွေနှင့်ပြည့်နေတဲ့ အလွှာကဖုံးအုပ်ထားသည်။ ပါးပါးလှီးပြီးနှပ်ထားတဲ့အမဲသား လည်းပါသေးသည်။ လင်းရုဖေး အနည်းငယ်စားပြီးသည့်နောက်မှာ စပ်သည့်အရသာကသူ့ကိုချွေးပြန်သွားစေသည်။ သူ့ရဲ့နှုတ်ခမ်းတွေကနီရဲလာပြီး တစ်ခါတလေ သူ့လျှာကိုပါအအေးခံဖို့ကြိုးစားရသေးသည်။
ဆိုင်ရှင်ကလင်းရုဖေး ဖြစ်နေတဲ့ပုံကိုမြင်သည့်အခါ မထိန်းနိုင်ဘဲရယ်မောမိတော့သည်။ ဤဟင်းလျာကို ဧည့်သည်ပထမဆုံးစားဖူးခြင်းဆိုလျှင် အစပ်နည်းနည်းသာထည့်ရန်ပြောလေသည်။ လင်းရုဖေးက ခေါင်းညိတ်ပြလိုက်သော်လည်း ရေသောက်တာမရပ်ပေ။ သူ့ရဲ့မျက်လုံးမှာမျက်ရည်ပင်ဝိုင်းနေပြီဖြစ်၏။
ထိုခေါက်ဆွဲစွပ်ပြုတ်က စပ်ပေမဲ့လည်းအရသာက တကယ်ကိုကောင်းသည်။ လင်းရုဖေးသည်မျက်လုံးထောင့်တွင်မျက်ရည်တွေစိုစွတ်နေလျက်ပင် ခေါက်ဆွဲတစ်ပန်းကန်လုံးကိုကုန်အောင်စားလိုက်သည်။ သူစားပြီးသွားသည်နှင့် သူ့နှုတ်ခမ်းတွေအရမ်းစပ်နေတာကြောင့် ကုရွမ်းတုအားမေးလိုက်သည်။ ကုရွမ်းတုက အစပ်ကြောင့်ယောင်နေသည့်ပါးစပ်ကိုထိုးပြလိုက်သည်။
"မင်းမစားနိုင်ရင်လည်း ကိုယ်ကိုကိုယ်ဖိအားမပေးနဲ့လေ မင်းဖြစ်နေတဲ့ပုံကိုလည်းကြည့်လိုက်ဦး" ကုရွမ်းတုရေရွတ်လိုက်သည်။
"မင်းကိုကြည့်ရတာ တစ်ယောက်ယောက်ကအနိုင်ကျင့်နေတဲ့ပုံနဲ့"
လင်းရုဖေးရဲ့အသားအရေကနဂိုတည်းကဖျော့တော့သည်။ ယခု သူရဲ့မျက်လုံးထောင့်မှာမျက်ရည်များတွဲခိုနေကာနှုတ်ခမ်းများကလည်းနီရဲယောင်ယမ်းနေပြီးသူမျက်မှောင်ကြုတ်လိုက်ပါက သနားစရာပုံစံဖြစ်သွားသည်။
လင်းရုဖေးက ဘယ်အရာကမှားနေလဲဆိုတာသတိမပြုမိသေးချေ။ ဤသည်က သူပထမဆုံးအကြိမ်အစပ်စားဖူးတာဖြစ်ပြီး သူရဲ့အသိစိတ်ကအစပ်ကြောင့်ဝေဝါးနေသည်။ သူကအလန့်တကြားဖြင့်ပိုက်ဆံရှင်းလိုက်ပြီးနောက် ဘေးဆိုင်ကသစ်သီးရောင်းတဲ့သူထံအမြန်ပြေးပြီးဆီးသီးများ၀ယ်ကာပါးစပ်ထဲထိုးထည့်ပစ်လိုက်သည်။
ဆီးသီးတွေကိုအေးမြသည့်ရေတွင်းထဲကရေဖြင့်စိမ်ထားတာကြောင့် ကြွပ်ဆတ်ပြီးချိုချုချဉ်ချဉ်အရသာရှိသည်။
တကယ်ကိုစားလို့ကောင်းတာကြောင့် လင်းရုဖေးက မထိန်းနိုင်ဘ နောက်ထပ်ပိုစားချင်လာ၏။
စားပြီးနောက် လင်းရုဖေးပြန်ရင်ပြင်လိုက်သည်။ သို့ပေမဲ့သူမပြန်ရသေးခင်မှာဘဲ လက်နက်တွေရောင်းတဲ့ဈေးဆိုင်သေးလေးတသ်ခုအရှေ့မှ ဖြတ်လျှောက်မိသည့်အခါ တစ်ချက်လောက်၀င်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ ဘယ်သူထင်ထားမလဲ လင်းရုဖေး၀င်၀င်ချင်းမှာပဲ ထောင့်မှာထောင်ထားသည့်သစ်သားဒိုင်းအကာကို သူအရင်မြင်လိုက်ရလေသည်။ ယင်းကမော့ကျောက်ချိုင် သူကိုရောင်းတဲ့ဟာနှင့်တစ်ပုံစံတည်းဖြစ်သည်။ ဤဆိုင်မှာရောင်းသည့်ဟာကပိုကြီးတဲ့ပုံပေါက်နေတာကလွဲရင်ပေါ့။
"ဆိုင်ရှင် ဒီသစ်သားဒိုင်းအကာကိုဘယ်လိုရောင်းလဲ"ဟု လင်းရုဖေးကမေးလိုက်သည်။
ဆိုင်ရှင်ကခေါင်းပင်မော့မကြည့်ဘဲ "ငွေတုံးတစ်တုံး"
လင်းရုဖေးက ခဏလောက်တွေးလိုက်ကာ"ဈေးလျော့ပေးလို့ရလား"
"အများဆုံး မင်းကိုအကြွေစေ့ဆယ်ပြားပဲလျှော့ပေးနိုင်မယ်"ဟုဆိုင်ရှင်ကပြန်ပြောလေသည်။
"ဧည့်သည် ကျွန်တော်တို့ကလုပ်ငန်းသေးသေးလေးပါ အမြတ်လည်းအများကြီးမကျန်ပါဘူး"
လင်းရုဖေးက ပြုံးပြလိုက်ကာ"ဒါဆို ကျွန်တော်ယူမယ်"ဆိုပြီး၀မ်းသာအားရငွေတုံးတစ်တုံးထုတ်ပေးလိုက်ပြီးနောက် ဆိုင်ရှင်ဆီကအကြွေစေ့ဆယ်စေ့ပြန်ရလေသည်။
ပြီးနောက်သူရဲ့သစ်သားဒိုင်းအကာဖြင့်ပျော်ရွှင်ထွက်လာလိုက်သည်။
ကုရွမ်းတုက သူ၀မ်းသာနေသည့်ပုံကိုကြည့်ပြီးစပ်စုသည့်ပုံဖြင့် "မင်း ဘာအကြောင်းရှိလို့ဒီလောက်အထိပျော်နေရတာလဲ"
လင်းရုဖေး "ကျွန်တော်ပထမဆုံးဈေးစစ်တာအောင်မြင်သွားလို့လေ"
ကုရွမ်းတု : “……”
လင်းရုဖေး "ဆိုင်ရှင်က ကျွန်တော်ကိုအကြွေ့စေ့ဆယ်စေ့တောင်လျှော့ပေးလိုက်တာ"
သူဈေးတွေအများကြီးကိုအကြိမ်ပေါင်းများစွာလျှောက်လည်ဖူးပြီးလူအများကြီးကသူတို့ရဲ့ဈေးတွေကိုလျော့ပေးတာမြင်ဖူးလေသည်။ ထို့ကြောင့်သူကအကြာကြီးနေမှ သူကိုယ်တိုင်စမ်းကြည့်လိုက်ပေမယ့် ပထမဆုံးအကြိမ်မှာတင်အောင်မြင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ယောင်ကွမ်းပြည်နယ်မှာအကြွေစေ့သုံးတွဲကငွေတုံးတစ်တုံးနှင့်ညီမျှသည်။ တစ်တွဲမှာအကြွေစေ့သုံးရာရှိပြီး လင်းရုဖေးဈေးဆစ်လိုက်လို့ရလာတဲ့အကြွေ့စေ့ဆယ်စေ့က သစ်သီးသကြားလုံးတုတ်ထိုးနှစ်ချောင်းသာ၀ယ်စားနိုင်သည်။ လင်းရုဖေးလည်းသစ်သီးသကြားလုံးတုတ်ထိုးနှစ်ချောင်း၀ယ်လိုက်သည်။ တစ်ချောင်းကသူ့အတွက်ဖြစ်ပြီးနောက်တစ်ချောင်းကကုရွမ်းတုအတွက်ဖြစ်သည်။ သူတို့နှစ်ယောက်ပျော်ရွှင်စွာစားလိုက်ကြသည်။
ကုရွမ်းတုက သူ့ကိုဘာလို့ဒီသစ်သားဒိုင်းအကာကို၀ယ်တာလဲဆိုပြီးမေးလေသည်။ လင်းရုဖေးက သစ်သားဒိုင်းက တော်တော်လေးအသုံး၀င်ကြောင်းပြန်ဖြေလိုက်သည်။ လောလောဆယ်သူကကုယွီကိုချောချောမွေ့မွေ့မသုံးနိုင်သေးတာကြောင့် ထိုအစားသစ်သားဒိုင်းအကာကိုအသုံပြုချင်သည်။ ကုရွမ်းတုက လင်းရုဖေးရဲ့ပိန်ပါးလှတဲ့ခန္တာကိုယ်က သစ်သားဒိုင်းအကာကြီးကိုင်ထားတာ မလိုက်ဖက်ဘူးလို့ ပြောချင်ပေမယ့်လည်း ၎င်းကို တွေးကြည့်ပြီးနောက်သူဘာမှဆက်မပြောတော့ပေ။ ဘာပဲဖြစ်ဖြစ် လင်းရုဖေးပျော်နေတာကြောင့် သူလုပ်ချင်တဲ့အတိုင်းပေးလုပ်ထားလိုက်၏။
ရလဒ်အနေဖြင့်လင်းရုဖေးသစ်သီးသကြားလုံးတုတ်ထိုးအားပျော်ရွှင်စွာစားရင်းတချိန်တည်းမှာပဲ သစ်သားဒိုင်းအကာကြီးကိုအားစိုက်၍သယ်လာလိုက်သည်။ သူ့ခန္တာကိုယ်ထဲချီဓားအငွေ့အသက်ကိုစပြီးဆွဲထုတ်ဖို့ကြိုးစားတာကြောင့်လားမသိ လင်းရုဖေးရဲ့ခွန်အားကအရင်ကထပ်အများကြီးပိုကောင်းလာသည်။ သူ့ရဲ့အာရုံငါးပါးကလည်းပိုပြီးခံစားနိုင်လာသည်။ သို့ပေမယ့်တစ်ခုတည်းသောအားနည်ချက်ကမူ သူနေမကောင်းဖြစ်နေဆဲဖြစ်ပြီးနှစ်ပေါင်းများစွာဖြစ်လာသည့်ချောင်းဆိုးမှာလည်းသက်သာလာခြင်းအလျဥ်းမရှိရှိ။
မြို့ထဲမှာတစ်ရက်လောက်နားပြီးနောက် သူတို့ အလယ်ပိုင်းလွင်ပြင်ဒေသကိုတရား၀င်လမ်းမကြီးကသွားရန်စီစဉ်လိုက်သည်။ဆယ်ရက်ကျော်ဖျားနားခြင်းမရှိဘဲခရီးသွားနိုင်ခဲ့သည့်အတွက်လင်းရုဖေးတစ်ယောက်သူကျန်းမာရေးတိုးတတ်လာသည့်အတွက်ကြိတ်၍ပျော်နေလေသည်။ သို့ပေမဲ့ မြို့ထဲတစ်ရက်လောက်လျှောက်လည်ပြီးတဲ့နောက်မှာ သူချောင်းစဆိုးလာပြီးနောက်ရက်တွင်ဖျားတော့သည်။
ထို့ကြောင့် သူမြို့ထဲကနေထွက်ချိန်တွင် လင်းရုဖေးသည်ပင်ပန်းနွမ်းနယ်နေသည့်ပုံဖြင့် ရထားလုံးပေါ်၌ခပ်ယဲ့ယဲ့လေးလိုက်လာခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် တရား၀င်လမ်းမကြီးကတောင်တက်လမ်းလောက်မကြမ်းပေ။ ၎င်းကပြန့်ပြူးပြီးကျယ်ပြန့်တဲ့အတွက် အဆင်မပြေမဖြစ်ပေ။
သူတို့ရဲ့နောက်ထပ်ဦးတည်ချက်က မိုင်တစ်ရာကျော်ကွာဝေးသည့်ကူစူးမြို့ဖြစ်ပြီးထိုမြို့ကိုရောက်ဖို့တစ်ရက်ခွဲခန့်အချိန်ယူရမည်ဖြစ်သည်။ သူတို့ကူစူးမြို့ကိုရာက်မှသာ အလယ်ပိုင်းလွင်ပြင်ဒေသကိုအမှန်တကယ်ရောက်ပြီဟုဆိုနိုင်ပေသည်။ သူမျက်လုံးဖြင့်ကိုယ်တွေ့မြင်လိုက်ရမှာသာ ငါးများနှင့်နဂါးများအများအပြားရောနှောနေသော ကျန်းဟူမှာပိုပြီးစိတ်၀င်စားဖို့ကောင်းလာ၏။
ရာသီဥတုပိုပြီးပူလာတာကြောင့် လင်းရုဖေးကပါးလွှတဲ့နွေရာသီ၀တ်စုံကိုလှဲလှယ်၀တ်ဆင်လိုက်သည်။ သူရဲ့ဆံပင်ကိုကြိုးဖြင့်ချည်လိုက်ပြီးနောက် သူ ခွန်လွန်းတောင်ပေါ်မှာရှိတုန်းကပုံစံနှင့်ယှဉ်လိုက်ပါက ပိုကြည့်ကောင်းလာပြီးသူရဲကောင်းပိုဆန်လာတာကြောင့်သူရဲ့ပုံစံကနည်းနည်းတိုးတတ်လာသည်ဟုပြောလို့ရပေသည်။
ညနေပိုင်းလောက်တွင် ဖူဟွားမောင်းနှင်လာသောရထားလုံးက ကူစူးမြို့အပြင်ဘက်ကိုရောက်လာသည်။ အစောင့်များကိုဖြတ်သန်းပြီးနောက်ရထားလုံးကကျယ်ပြန့်တဲ့မြို့ရိုးတံတိုင်းကိုဖြတ်ကာမြို့ထဲသို့၀င်ရောက်လာသည်။
မြို့တံခါး၀ကို သူ၀င်လိုက်သည်နှင့်လင်းရုဖေးအံဩသွားရသည်။ကူစူးမြို့ထဲမှာ အနီရောင်မီးပုံးများ၊ဖဲကြိုးနီများကိုနေရာအနှံချိတ်ဆွဲထားပြီးဆိုင်တိုင်းရဲ့ပြတင်းပေါက်နှစ်ဖက်လုံးကို'ရှီ'ဆိုသည့် အနီရောင်စာလုံးကြီးများဖြင့်အလှဆင်ထား၏။
ဖူဟွား "လက်ထပ်မယ့်တစ်ယောက်ကမိသားစုကြီးထဲကဖြစ်မယ်ထင်တယ် ဒီကူစူးမြို့မှာမိသားစုကြီးလို့ခေါ်လို့ရတာဆိုလို့ လျိုမိသားစုတစ်ခုတည်းရှိတယ်"
"ဒါပေမဲ့ လျိုမိသားစုဆိုရင် ဒါကကိစ္စကြီးမဟုတ်ဘူးလား သူတို့ကသေချာပေါက်ဖိတ်ကြားလွှာတွေကို နေရာအရပ်ရပ်ကဧည့်သည်တွေကိုပို့မှာပဲ ဘာလို့ ဘာသတင်းမှမကြားရတာလဲ"
ယွီရွေ့ကြည့်ရတာနားမလည်နိုင်သည့်ပုံပင်။
ဖူဟွားကသူမ မသိကြောင်းပြသည့်အနေနှင့်ခေါင်းသာယမ်းပြလိုက်သည်။
လင်းရုဖေး၏တတိယမြောက်ဖိတ်ကြားလွှာက ကူစူးမြို့ကလျိုမိသားစုအတွက်ဖြစ်လေသည်။
__ _ __
စာရေးသူမှာပြောစရာရှိတယ်~
ကုရွမ်းတု : ရှောင်ကျို့ မင်းကဘာလို့သရဲမကြောက်တာလဲ...
လင်းရုဖေး : ခင်ဗျားကကော ကိုယ့်ကိုကိုယ်လူထင်နေတာလား!?
ကုရွမ်းတု : ..............
__ __
Translated By IQ-Team.