Chapter 77
လင်းမိသားစုရဲ့လေးယောက်မြောက်သားက ချောမောပြီးရည်ရည်မွန်မွန်ရှိပေမဲ့ခန္တာကိုယ်ကအားနည်းကာချီဓားရဲ့အငွေ့အသက်လည်းမရှိပေ။ အချိန်မရွေးလေတိုက်သည်နှင့် လှဲကျတော့မည့်နှယ်။ လျိုရုကုန်းက သန်မာတဲ့သူတွေကိုသာ စိတ်၀င်စားလေသည်။ လင်းရုဖေးလိုလူမျိုးက အကယ်၍ခွန်လွန်း လင်းမိသားစုကသာမဟုတ်လျှင် မေးခွန်းမေးရန်ပင်စိတ်မ၀င်စားချေ။
သို့ပေမဲ့ လင်းရုဖေးကြည့်ရတာ ထင်ထားသလို အန္တရာယ်မရှိသည့်ပုံမပေါက်ပေ။ လျိုရုကုန်းပြုံးလိုက်ကာမျက်လုံးကိုမှေးလိုက်ပြီး သူခါးဘေးမှာရှိနေသည့် လော့ရှန်ကိုသူကိုယ်တိုင်ပင် သတိမထားမိဘဲပွတ်သပ်လိုက်သည်။
ပြီးနောက် သူကရီရီမောမောဖြင့်"လင်းကုန်းဇီ နောက်ရက်အနည်းငယ်ကြာရင် ကျွန်တော်ရဲ့နေထူးနေမြတ်ဖြစ်လိမ့်မယ် ကျွန်တော်ကိုမျက်နှာသာပေးတဲ့အနေနဲ့ပွဲကိုလာဖို့မမေ့နဲ့နော်"
လျိုရုကုန်းရဲ့စကားတွေကိုကြားချိန်တွင် လင်းရုဖေးက အရှေ့တည့်တည့်ကိုတူရှု၍သာလမ်းလျှောက်နေခြင်းဖြစ်သည်။
သူကလှုပ်ရှားမှုတွေခဏရပ်လိုက်ပြီး "......ကောင်းပြီလေ"ဟုပြန်ဖြေလိုက်သည်။
"လင်းကုန်းဇီဘာတွေးနေတာလဲဆိုတာကျွန်တော်သိပါတယ် ဒါပေမဲ့ ကိစ္စမရှိပါဘူး ပြောစရာရှိတယ်ဆိုရင်ပြောသာပြောပါ ကျွန်တော်စိတ်ထဲမထားပါဘူး" လျိုရုကုန်းကပြောလေ၏။
လင်းရုဖေးက ခေါင်းကိုလှည့်ကာသူကိုကြည့်လိုက်ပေမဲ့ဘာမှမဆိုတော့ပေ။ သူအရမ်းကိုသိချင်ပေမဲ့လည်း နောက်ဆုံးတွင် ဤသည်ကတပါးသူရဲ့ကိုယ်ရေးကိုယ်တာကိစ္စဖြစ်နေလေသည်။ ပြီးတော့လျိုရုကုန်းရုတ်တရတ်ကြီးစိတ်အားထက်သန်နေတာက သာမာန်ထက်ပိုနေသည်။ သူ ဒီလျိုရုကုန်းက တစ်ခုခုကိုအစီအစဉ်ချနေသည်ဟုခံစားနေရသည်။
လျိုရုကုန်းကခဏလောက်စောင့်နေပေမဲ့လင်းရုဖေးကလုံး၀ကိုစိတ်၀င်မစားဟန်ဖြင့်အကြည့်လွှဲလိုက်သည်။
သူကစိတ်၀င်စားသွားပုံရပြီး"ဟေး လင်းကုန်းဇီ ကျွန်တော်ဘာလို့ဓားတစ်ချောင်းနဲ့လက်ထပ်လဲဆိုတာကိုစိတ်မ၀င်စားဘူးလား"
လင်းရုဖေးက ပွင့်ပွင့်လင်းလင်းပဲပြန်ဖြေလိုက်သည်။
"တကယ်တော့ ကျွန်တော်သိလည်းမသိချင်ပါဘူး"
လျိုရုကုန်း : “……”
"တကယ်လိုလျိုကုန်းဇီက ဒီအကြောင်းကိုပြောချင်နေရင်လည်းကျွန်တော်အတွက်နားထောင်ပေးရလို့မထိခိုက်သွားပါဘူး" လင်းရုဖေးကရုပ်တည်ကြီးဖြင့်ပြောလိုက်သည်။
လျိုရုကုန်းက လင်းရုဖေးတစ်ယောက် ယခုလိုမျိုးတုန့်ပြန်လိမ့်မည်ဟုလလုံး၀မမျှော်လင့်ထားချေ၊ ဤကူစူးမြို့မှာသူ့ရဲ့မင်္ဂလာပွဲနှင့်ပတ်သတ်ပြီး စိတ်မ၀င်စားတဲ့သူဟူ၍မရှိပေ။ သို့ပေမဲ့ဘယ်သူကမှလည်း သူ့ကိုမှတ်ချက်ပေးရဲခြင်းမရှိပေ။ သို့ပေမဲ့ လင်းရုဖေးကမူလုံး၀စိတ်ကိုမ၀င်စားချေ၊ လျိုရုကုန်းစိတ်ထဲ တောက်တစ်ချက်ခေါက်လိုက်မိသည်။ သူစိတ်ထင် လင်းမိသားစုရဲ့ကုန်းဇီလေးက ကဒ်တွေကိုပုံမှန်အသိအတိုင်းမကစားတဲ့ပုံပဲ။
သို့ပေမဲ့ကိစ္စတော့မရှိပေ။ သူကလည်းကဒ်တွေကိုပုံမှန်အသိတရားအတိုင်းကစားတတ်သည့်သူမျိုးမဟုတ်တာကြောင့်ပင်။
လျိုရုကုန်းက တစ်ချက်ပြုံးလိုက်ပြီး "လင်းကုန်းဇီ ငါတို့ကမြင်မြင်ချင်းသူငယ်ချင်းလို့ပြောလို့ရတယ်မလား"
လင်းရုဖေး : “……”
ဘာလို့ဒီစကားလုံးတွေကခြိမ်းခြောက်တယ်လို့ထင်နေရတာလဲ။
လျိုရုကုန်းကဆက်ပြီး "ဟုတ်တယ်မလား"
လင်းရုဖေးက ဘယ်လိုပြန်ဖြေရမလဲ။ သူတို့တစ်ယောက်နှင့်တစ်ယောက်မရင်းနှီးကြဘူးလို့လည်း သူပြောလို့မရပေ။ နောက်ဆုံးသူမတတ်နိုင်ဘဲ ခေါင်းသာညိတ်ပြလိုက်ရသည်။
လျိုရုကုန်းက လင်းရုဖေးခေါင်းညိတ်သည်ကိုမြင်တာနှင့်သူကချက်ချင်းပြုံးလိုက်ပြီး "ငါတို့ကသူငယ်ချင်းတွေဆိုမှတော့ ငါရဲ့မင်္ဂလာပွဲကြီးမှာ မင်းငါ့ကိုဘာပေးမလဲဆိုတာစဉ်းစားပြီးပြီလား"
ဒါဆိုသူကဒီဟာကိုစောင့်နေတာပဲ။
လင်းရုဖေးကရီရမလို၊ ငိုရမလိုဖြစ်သွားပြီး လျိုမိသားစုရဲ့သားကတကယ်ကိုစိတ်၀င်စားဖို့ကောင်းတာပဲဟု တွေးလိုက်မိသည်။
မင်္ဂလာလက်ဖွဲလေးရဖို့အတွက်နှင့်သူကကွေ့ဝိုက်နေသေးသည်။ သူပြောတော့မဲ့အချိန်မှာပဲ လျိုရုကုန်းကထပ်ပြီးပြောလေ၏။
"လင်းကုန်းဇီကိုကျွန်တော်အတွက် လက်ဆောင်ပြင်ဖို့အထိတော့မနှောက်ယှက်ရဲပါဘူး ဒီလိုဆိုရင်ကော လင်းကုန်းဇီမင်္ဂလာလက်ဆောင်အနေနဲ့ကျွန်တော်ဆန္ဒတစ်ခုကိုဖြည့်ပေးပါလား"
လင်းရုဖေးမေးလိုက်သည်။
"ဘာဆန္ဒများလဲ"
___
လျိုရုကုန်းက သူရဲ့ခါးဘေးကလော့ရှန်ကိုတင်းတင်းကျပ်ကျပ်ဖိကိုင်ထားလိုက်ပြီးနောက်လေးနက်စွာပြောလေသည်။
"ကျွန်တော်နဲ့ဓားသိုင်းယှဥ်ပြိုင်ဖို့"
လင်းရုဖေးကမေးလိုက်သည်။"လော့ရှန်နဲ့လား"
လျှိုရုကုန်း "သေချာတာပေါ့"
လင်းရုဖေးက တခဏတုံ့ဆိုင်းသွားကာ"ဒါပေမဲ့ မင်းကလက်ထပ်တော့မှာလေ နည်းနည်းတော့မသင့်တော်ဘူးထင်တယ်နော်....မင်းရဲ့သတို့သမီးနဲ့ငါကိုချခိုင်းတာက"
လျိုရုကုန်း၏မျက်နှာမှာအေးခဲသွားပြီး လင်းရုဖေးရဲ့စကားကြောင့် သူဘေးကစကားလုံး၀မပြောသည့် ကုရွမ်းတုပင် ရယ်ချင်တာကိုမထိန်းထားနိုင်တော့ပေ။ လင်းမိသားစုရဲ့ကုန်းဇီလေးက တမင်သတ်သတ် လူကိုကျီစယ်တဲ့အခါဆိုလျှင် တခြားလူတွေပြန်ပြောဖို့အတွက်တကယ်ကိုခက်ခဲသည်ဟုပြောလို့ရ၏။
ကံကောင်းတာက လျိုရုကုန်းကလည်းသာမာန်လူတစ်ယောက်မဟုတ်ပေ။
ခဏလောက်တိတ်ဆိတ်သွားပြီနောက် ကြီးမားတဲ့အပြုံးကြီးတစ်ခုပြုံးပြကာလင်းရုဖေးရဲ့ပခုံးပေါ်ကိုလက်တင်လိုက်ပြီး"အခု ငါတို့ကညီအစ်ကိုတွေလို့သတ်မှတ်လိုက်ပြီဆိုတော့ ဒီအကြောင်းက ဘာပြောစရာလိုသေးလို့လဲ မင်းရဲ့မရီးကသဘောကောင်းပါတယ် စိတ်ထဲထားမှာမဟုတ်ဘူး။"
ဤတစ်ကြိမ်လင်းရုဖေးကဆွံအသွားရလေသည်။
လင်းရုဖေးဆီကနေလက်ဆောင်ကြီးကိုရမှပဲ လျိုရုကုန်းကသူ့ရဲ့လော့ရှန်ကိုခေါ်၍ တက်တက်ကြွကြွဖြင့်ပြန်သွားတော့သည်။လင်းရုဖေးကသူရဲ့နောက်ကျောကိုစိုက်ကြည့်နေရင်းမှ အကြာကြီးတိတ်ဆိတ်သွားရပြီး အချိန်တစ်ခုလောက်ကြာမှပဲ သက်ပြင်းအသာချကာ"ကျွန်တော်တို့ ဘယ်လိုပြိုင်ကြမလဲ"
ကုရွမ်းတု "ဟုတ်တယ် ကိုယ်တို့ သတိထားရမယ်"
သူက လင်းရုဖေးအားကြည့်လိုက်ပြီး"သူ့ကိုတစ်ချက်တည်းနဲ့မသတ်ပစ်လိုက်နဲ့"
လင်းရုဖေး : “……”
ယခုရက်ပိုင်း ကုရွမ်းတုက ဖူဟွားနှင့်ယွီရွေ့ရဲ့နောက်ကွယ်မှာ သူဓားရေးလေ့ကျင့်တာကိုကြီးကြပ်ပေးနေသည်။ သို့ပေမဲ့ လင်းရုဖေးတွင်မကောင်းတဲ့အချက်တစ်ချက်ရှိလေသည်။ သူကရုပ်ပိုင်းဆိုင်ရာ အားနည်းတာကြောင့် တိုးတက်တာအလွန်ကိုနှေးလေသည်။ ကံကောင်းထောက်မစွာဖြင့် သူ ချီအငွေ့အသက်ကိုကုယွီထဲထည့်နိုင်လာပြီဖြစ်သည်။ စမ်းကြည့်ဖို့သင့်တော်တဲ့နေရာမရှိပေမဲ့ သူအရင်ကထက်တော့အများကြီးသန်မာလာပေသည်။ ကုရွမ်းတုကလည်း လျိုရုကုန်းနှင့်လင်းရုဖေးရဲ့ပြိုင်ပွဲကိုလုံး၀စိတ်ပူခြင်းမျိုးအလျဥ်းမရှိဘဲ လမ်းမပေါ်မှာရောင်းသည့်ရွှေရောင်အစာသုပ်မုန့်ကိုသာအရမ်းစားကောင်းကြောင်းပြောနေပြီးခစားကြည့်ရန်ပါတိုက်တွန်းနေသေး၏။
ထိုသို့ဖြင့် လင်းရုဖေးတစ်ယောက် နှစ်ခု၀ယ်လိုက် သည်။ တစ်ခုက ကုရွမ်းတုအတွက်ဖြစ်ပြီး တစ်ခုကသူအတွက်ဖြစ်သည်။ သူ့တို့နှစ်ယောက် မုန့်စားရင်းဖြင့် အေးအေးဆေးဆေးလမ်းလျှောက်ပြန်ခဲ့ကြသည်။
သူတို့ပြန်ရောက်ချိန်တွင် တည်းခိုဆောင်ဘေးမှာရှိသည့် ဆေးဆိုင်ကနေ ဖူဟွားတစ်ယောက်နည်းနည်းစိတ်လှုပ်ရှားနေသည့်ပုံဖြင့်ထွက်လာတာကိုမြင်လိုက်သည်။ သူသွားပြီးတော့ မေးချင်ပေမဲ့အရင်နေ့တုန်းကကြားလိုက်ရတာကို ရုတ်တရတ်သတိရသွားပြီး လမ်းဆက်မလျှောက်ဘဲရပ်နေလိုက်မိသည်။ သူက သက်ပြင်းကိုကြီးလေးစွာချလိုက်မိသည်။
ထိုဆေးကိုသူ့အတွက်၀ယ်တာဖြစ်ဖို့များလေသည်။ နောက်ပြီး ယခုတလော သူစကားတစ်ယောက်ထဲပြောနေတာကပိုပိုများလာသည်။ လင်းရုဖေးက ထိုကိစ္စကိုတွေးရင်းသူ့ဘေးနားက ကိုယ်နဲ့မဆိုင်သလိုနေနေသည့် တစ်စုံတစ်ယောက်သောအကြီးအကဲကိုစိုးရိမ်စွာကြည့်လိုက်ပြီးနောက် ၀မ်းနည်းသက်ပြင်းတစ်ခုကိုထပ်၍ချလိုက်မိပြန်သည်။
ကုရွမ်းတုက ဆေးဆိုင်ထဲ၀င်သွားသည့် ဖူဟွားနှင့် သူကဆက်စပ်နေမှန်း သတိမထားမိဘဲ ရွေရောင်အစာသုပ်မုန့်ကိုသာ ၀မ်းသာအားရစားနေလေသည်။ အစာသုပ်မုန့်က အခုမှဒယ်အိုးထဲကပူပူနွေးနွေးချထားပြီး အပေါ်လွှာကိုသကြားဖြူးထားလေသည်။အပြင်ဘက်က ကြွပ်ရွပြီးအထဲမှာနူးညံသည့်အပြင် ချိုလည်းချိုတာကြောင့် အရသာတော်တော်ရှိသည်။
လင်းရုဖေးသူကိုကြည့်နေတာမြင်တော့ တောက်ပစွာပြုံးလိုက်ပြီး"ကိုယ် ဒါကိုမစားရတာကြာပြီလေ အရသာကအရင်အတိုင်းပဲမပြောင်းသွားဘူး"
လင်းရုဖေးက စကားတစ်ခွန်းမဆိုတော့ဘဲ ကုရွမ်းတုနှင့်အတူတူသာစားနေလိုက်တော့သည်။
ညနေဘက်ရောက်ချိန်တွင် ဖူဟွားတစ်ယောက် တကယ်ကြီးဆေးခွက်တစ်ခွက်ယူလာလေသည်။ သို့ပေမဲ့ ဘာဆေးလဲဆိုတာကိုမူ သူကိုမပြောရဲပေ။ သူမရဲ့ ကုန်းဇီလေး စိတ်ပိုင်းဆိုင်ရာ၀န်ထုပ်၀န်ပိုးဖြစ်မှာကိုကြောက်တာကြောင့် ဒီအတိုင်းဆေးကစိတ်ငြိမ်စေတယ်ဟုသာပြောလိုက်သည်။ သူက ညဘက်ကောင်းကောင်းအိပ်မပျော်လျှင် ဤဆေးကိုသောက်ပါကအကျိုးရှိသည်ဟုပြောလာသည်။
လင်းရုဖေးက သူမစိတ်ပူနေတာကိုသိတာကြောင့် နာခံစွာဖြင့်'ဟုတ်ပြီ'လို့သာပြန်ဖြေလိုက်သည်။ သို့ပေမဲ့ ဖူဟွားထွက်သွားသည်နှင့် လှည့်ပြီးပြတင်းပေါက်ဘေးကပန်းအိုးထဲသွန်ချလိုက်သည်။
ကုရွမ်းတုက ဘာလို့ဆေးကိုသွန်တာလဲဆိုပြီးတောင်မှစပ်စုနေသေးသည်။
လင်းရုဖေးကသက်ပြင်းချကာ"ကျွန်တော်သောက်လိုက်ရင် ခင်ဗျားကိုတကယ်ကြီးမမြင်ရတော့မှာစိုးလို့"
ကုရွမ်းတု : "ဟမ်"
လင်းရုဖေး "ဒါက ပြုစားခံရရင်သောက်တဲ့ဆေးတဲ့"
ထိုအခါမှ ကုရွမ်းတုသည် နေ့ခင်းကအစေခံတွေပြောသည့် စကားကိုသတိရသွားပြီး ခဏလောက်ပြောစရာစကားမရှိဖြစ်သွားရသည်။
တဖြည်းဖြည်းမှောင်လာပြီး ညတစ်ညကုန်ဆုံးသွားလေသည်။လင်းရုဖေးက အရမ်းမအိပ်ချင်သေးတာကြောင့် သူတကယ်ပျင်းနေပြီဖြစ်သည်။ သူက ပြတင်းပေါက်ကိုဖွင့်လိုက်ကာ လမ်းမပေါ်လမ်းလျှောက်နေသည့် လူတွေကိုကြည့်ပြီးပျင်းနေတာကိုဖြေဖျောက်နေလိုက်၏။
ကူစူးမြို့ကညဘက်ရောက်လည်း အထီးကျန်ဆန်ခြင်းမရှိပေ။လမ်းတွေအားလုံးက အနီရောင်မီးပုံများချိတ်ဆွဲထားပြီးလူသွားလူလာလည်းမပြတ်ပေ။ တစ်ချက်ကြည့်လိုက်သည်နှင့် နေခင်းကထက်ပိုပြီးသက်၀င်စည်ကားတာကိုမြင်နိုင်သည်။ လင်းရုဖေးရဲ့အမြင်အာရုံကအရင်ကထပ်ပိုကောင်းလာတာကြောင့်လမ်းမပေါ်က စိတ်၀င်စားဖို့ကောင်းသည့်အချက်တွေကိုသဲသဲကွဲကွဲမြင်နိုင်သည်။
ယောက်ျားလေးတစ်ဦးက သူချစ်ရတဲ့ချစ်သူမိန်းကလေးနှင့်စကားများနေသည်။ သူတို့က လမ်းကြိုလမ်းကြားအဆုံးရှိတိတ်ဆိတ်နေသည့် နေရာတစ်ခုကိုရှာတွေ့သွားပြီးနောက် သူက၀မ်းနည်းပူဆွေးနေတဲ့ မျက်နှာဖြင့်တစ်စုံတစ်ခုကိုရှင်းပြနေသည်။ သို့ပေမဲ့ မိန်ကလေးက ဒေါသထွက်နေတာကြောင့်ဘယ်လိုလုပ်ပြီးရှင်းပြနေတာကိုနားထောင်နိုင်မလဲ။ သူမက နှုတ်ခမ်းဆူလိုက်ပြီးနောက် မျက်ရည်တွေကိုသုတ်ပစ်လိုက်သည်။ယောက်ျားလေးက ဘာလုပ်ရမှန်းမသိဖြစ်နေပြီး ခေါင်းကိုကုတ်ကာတစ်ချက်တွေးတောပြီးနောက် ရုတ်တရက်လှည့်ထွက်သွားလေသည်။ မိန်းကလေးကသူ့နောက်ကျောကိုကြည့်ပြီးချက်ချင်းငိုတော့သည်။ သို့ပေမဲ့ယောက်ျားလေးက ခဏအကြာတွင် လမ်းကြားထဲပြန်ရောက်လာပြီး သူ့လက်ထဲမှာရွေရောင်သကြားလုံးတုတ်ထိုးတစ်ချောင်းကိုကိုင်ထားလေသည်။ ထိုအချက်လေးနှင့်ပင်ကောင်မလေးက ဆွဲဆောင်ခံလိုက်ရသည်။ သူဘာပြောရမှန်းမသိတာကြောင့် သူမလေးရဲ့ပါးစပ်ထဲကိုသာသကြားလုံးထည့်ပေးလိုက်တော့သည်။ မိန်းကလေးကသကြားလုံးကိုစားလိုက်ပြီးနောက် ယောက်ျားလေးကိုမျက်ရည်ဝိုင်းနေသည့်မျက်လုံးများဖြင့်နှုတ်ခမ်းဆူပြပြီးစိုက်ကြည့်လိုက်ကာ ၀မ်းနည်းနေတာကနေချက်ချင်းပျော်ရွှင်သွားတော့၏။
ပြီးတော့ ကလေးတစ်ယောက်က ဆီးသီးသကြားလုံးတုတ်ထိုးဆိုင်ရှေ့မှာရပ်နေလေသည်။ သူခြေထောက်တွေကမလှုပ်ဘဲ ပါးစပ်ထောင့်နားတွင်မူ သရေတောက်တောက်ကျနေလေသည်။ ကလေးရဲ့မိခင်ကဘယ်လိုမှ သူ့ကိုဆွဲမခေါ်သွားနိုင်ပေ။ နောက်ဆုံးသူ့ရဲ့နားရွက်ကိုဆွဲလိမ်းလိုက်သည့်အခါမှသာ ကလေးကစတင်ငိုကြွေးတော့သည်။ သူငိုသံကအလွန်ကိုသနားစရာကောင်းလှပြီး သူကကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီးနောက် စတင်အော်ငိုတော့သည်။ သူ့အမေကလည်းသူကိုဆွဲမခေါ်နိုင်တဲ့အဆုံး မတတ်နိုင်ဘဲငွေစအနည်းငယ်ထုတ်လိုက်ပြီးနောက် ကလေးကိုချော့ဖို့သကြားလုံးတုတ်ထိုးတစ်ချောင်း၀ယ်ပေးလိုက်ရတော့သည်။
မြို့က ခွန်းလွန်ထပ်နည်းနည်းလေးပင်မဟုတ် အများကြီးပိုပြီးသက်၀င်စည်ကားလှသည်။ ကမ္ဘာပေါ်ကအရာအားလုံးရှိပြီး လူသားတွေရဲ့စိတ်ခံစားမှုမတည်ငြိမ်မှုတွေကလည်း လင်ရုဖေးရဲ့မျက်လုံးတွေထဲ၀င်ရောက်လာသည်။ သူကြည့်နေရင်းမှ နှုတ်ခမ်းများတွန့်ကွေးကာပြုံးလိုက်သည့်အခါ သူမျက်လုံးထဲပန်းရောင်ချယ်ရီပန်းပွင့်လေးများပေါ်လာ၏။
"ဟေး...အဲ့ဒါလျိုရုကုန်းမဟုတ်ဘူးလား" ကုရွမ်းတုကရုတ်တရက်ထပြောလေသည်။
"ဘယ်မှာလဲ" လင်းရုဖေးကမေးလိုက်သည်။
ကုရွမ်းတုက အဝေးတစ်နေရာအားညွှန်ပြလိုက်သည်။ လင်းရုဖေးကသူညွှန်ပြသည့်နေရာသို့ကြည့်လိုက်သည့်အခါ သေရည်အိုးတစ်အိုးကိုင်ထားတဲ့ လျိုရုကုန်းကို အဝေးကမြင့်မားတဲ့အဆောက်အအုံတစ်ခုပေါ်မှာထိုင်နေတာကိုတွေ့လိုက်ရသည်။အ ထိုနေရာက ကူစူးမြို့ရဲ့အမြင်ဆုံးနေရာဖြစ်ပြီး မြင်ကွင်းကောင်းပုံရသည်။ သူ့အနောက်တွင်မူ မိန်းမပျိုလေးတစ်ဦးမတ်တပ်ရပ်နေပုံရသည်။ မိန်းမပျိုလေးကအစိမ်းရောင်မျက်နှာဖုံးပုဝါကို၀တ်ထားပြီးတိတ်တိတ်လေးရပ်နေလေသည်။ သူ သူမရဲ့မျက်နှာကိုသဲသဲကွဲကွဲမမြင်ရပေမယ့် သူမရဲ့တမူထူးခြားတဲ့ကိုယ်နေဟန်ထားကိုတော့ရေးရေးလေးမြင်နေရသည်။
လျိုရုကုန်းကသေရည်သောက်နေပြီး သူ့ရဲ့ပင်ကိုပွင့်လင်းပြီးရန်လိုတတ်တဲ့ပုံနှင်ယှဉ်ပါက နည်းနည်းအထီးကျန်ဆန်နေပုံရသည်။ မြို့တစ်ခုလုံးကသူ့အတွက်အနီရောင်တွေဖြင့်အလှဆင်ထားပေမယ့် သူ့ကိုကြည့်ရသည်မှာ ဤသက်၀င်လှုပ်ရှားနေသည့်နေရာနှင့်ဘာမှမသက်ဆိုင်သော ဖြတ်သွားဖြတ်လာတစ်ယောက်သေရည်သောက်နေသည့်ပုံဖြင့်ပို၍တူလှသည်။
လင်းရုဖေးက သူအကြာကြီးကြည့်နေပြီးမှတိုးတိုးလေးပြောလေ၏။
"အဲ့ဒါ သေရည်ကောင်းတစ်အိုးပဲဖြစ်ရမယ်"
"အင်း သေရည်ကောင်းတစ်အိုးဖြစ်လောက်တယ်" ကုရွမ်းတုကရေရွတ်လိုက်သည်။
လျိုရုကုန်းက ညတစ်၀က်ကျိုးလောက်အထိသောက်နေလေသည်။ တောက်ပနေတဲ့လကကောင်းကင်တွင် အတော်မြင့်မြင့်ရောက်ကာမှပဲ နောက်ဆုံးသူထပြီးထွက်သွားတော့သည်။ ထိုအချိန်အထိ အစိမ်းရောင်၀တ်ဆင်ထားတဲ့အမျိုးသမီးက သူ့အနောက်မှာရပ်ပြီး တိတ်တိတ်လေးအဖော်ပြုပေးနေသည်။ သူတို့နှစ်ဦးလုံးကအခုထိစကားမပြောကြသေးပေ။ သူထွက်သွားသည့်တိုင် သူမကိုတစ်ချက်ပင်လှည့်မကြည့်ခဲ့ပေ။
လင်းရုဖေးက လျိုရုကုန်းပြန်သွားတာကိုမြင်လိုက်ပေမယ့်သူအခုထိမအိပ်ချင်သေးပေ။ လမ်းကတဖြည်းဖြည်းတိတ်ဆိတ်သွားကာလူတော်တော်များများက အိမ်မက်လှလှမက်နေကြပြီဖြစ်သည်။
ကင်းသမားက တုတ်ဖြင့်သုံးချက်တီးလိုက်ကာ"လေကခြောက်သွေ့တာကြောင့် မီးသတိထားကြ"ဆိုသည့်အသံကူစူးမြို့တစ်ခုလုံးဖြည်းဖြည်းချင်းပျံ့နှံလာ၏။
"မအိပ်ချင်သေးဘူးလား" ကုရွမ်းတုကမေးလိုက်သည်။
"မအိပ်ချင်သေးဘူး" လင်းရုဖေးသက်ပြင်းချကာ "အိပ်လို့မပျော်ဘူး"