Chapter 78
အကြိုမင်္ဂလာလက်ဖွဲ့
ကုရွမ်းတုကတစ်ခဏလောက်တွေးတောလိုက်ပြီးနောက် "အဲ့ဒီနေရာကိုသွားပြီးတော့တစ်ချက်လောက်ကြည့်ချင်လား"
သူက လျိုရုကုန်းထွက်သွားသည့်နေရာကိုလက်ညိုးထိုးပြလိုက်သည်။
လင်းရုဖေးက ခဏလောက်စဉ်းစားလိုက်ပြီး ဘာပဲဖြစ်ဖြစ်သူလည်းအိပ်လို့မပျော်တာကြောင့် ခေါင်းသာညိတ်ပြလိုက်သည်။
ကုရွမ်းတုက သူလက်ခံတာတွေ့သည်နှင့် လက်ကိုညင်ညင်သာသာလေးဆွဲလိုက်သည်။ လင်းရုဖေးကသူခန္တာကိုယ်တစ်ခုလုံးပေါ့ပါးသွားသလိုခံစားလိုက်ရပြီး ကုရွမ်းတုကလေထဲကိုခေါ်သွားလေသည်။ သူ့ခါးမှာချိတ်ထားတဲ့ကုယွီကတစ်ခုခုကိုခံစားမိပုံရပြီးဓားအိမ်ထဲကနေထွက်လာကာသူခြေထောက်နားတွင်ရပ်လိုက်သည်။ လင်းရုဖေးက ကုယွီအပေါ်တတ်လိုက်ပြီးကုရွမ်းတုရဲ့ညွှန်ကြားမှုဖြင့်လျိုရုကုန်းအရက်သောက်ခဲ့သည့် မြင်မားတဲ့အဆောက်အအုံပေါ်ဆင်းသက်လိုက်၏။
ဤနေရာကရူခင်းကအတော်လေးထူးခြားပြီးလှပသည်။
မင်း အဝေးကိုကြည့်လိုက်ပါက ကူစူးမြို့တစ်ခုလုံးကိုငှက်တစ်ကောင်ရဲ့မျက်လုံးအမြင်အတိုင်းမြင်နိုင်သည်။ အစိမ်းရောင်အုတ်ခဲများ၊ အဖြူရောင်အုတ်ကြွပ်ပြားနှင့် အိမ်နိမ့်လေးများ၊ပန်းရောင်တံတိုင်းတွေနှင့်လူချမ်းသာမိသားစုတွေရဲ့အနီရောင်အိမ်၀င်ပေါက်တွေကလမ်းရဲ့တစ်ဖက်တစ်ချက်မှာရှိနေပုံမှာ စစ်တုရင်ခုံပေါ်မှာသပ်သပ်ရပ်ရပ်စီထားသည့်ပုံနှင့်တူလွန်းလှသည်။ ကြည်လင်နေတဲ့မြစ်ရေကမြို့ရဲ့အလည်ကိုဖြတ်ပြီးတောင်ဘက်ကိုစီးဆင်းသွားသည်။ လမ်းမီးတွေအားလုံးမရှိတော့ဘဲလရောင်ကရေတံခွန်လိုမျိုးဖြူဖွေးနေသည့်နှင်းတွေတစ်မြို့လုံးကိုဖုံးထားသလိုဖြစ်နေသည်။
ညဘက်ဘယ်ကမှန်းမသိ တိုက်ခတ်နေတဲ့လေကနည်းနည်းပြင်းထန်တာကြောင့်ကုရွမ်းတုက၀တ်ရုံကိုဆွဲထုတ်လိုက်ပြီးလင်းရုဖေးပခုံးပေါ်ခြုံပေးလိုက်သည်။ သူကလင်းရုဖေးဘေးမှာ၀င်ထိုင်လိုက်ပြီးသူလေသံကနည်းနည်း၀မ်းနည်းနေပုံရသည်။ သူကကူစူးမြို့ရဲ့ရူခင်းတွေကလွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာကျော်ကနှင့်ယှဥ်လျှင် ယခု တော်တော်လေးပြောင်းလဲသွားပြီဟုပြောလေ၏။
လင်းရုဖေး "ခင်ဗျား လွန်ခဲ့တဲ့နှစ်တစ်ရာကဒီကိုရောက်ဖူးတယ်လား"
ကုရွမ်းတုကခေါင်းညိတ်ပြလေသည်။
လင်းရုဖေးကဆက်ပြီးတော့"အရင်တုန်းကနဲ့ အခု ကူစူးမြို့ကဘာတွေကွာသွားလို့လဲ"
ကုရွမ်းတုပြန်ဖြေသည်။ "အဲ့အချိန်တုန်းက လူလောကနဲ့နတ်ဆိုးလောကရဲ့အတိုက်အခိုက်ရပ်စဲရေးကာလမှာပဲရှိသေးတယ် ကူစူးမြို့ကရှုပ်ထွေးနေတော့သေရည်ရောင်းတဲ့ဆိုင်သေးလေးတစ်ခုတောင်မရှိဘူးလေ ကိုယ်က သေရည်သောက်ရတာကြိုက်တယ်လေ အဲ့ဒါကြောင့်ကိုယ့်သူငယ်ချင်းတစ်ယောက်ကို ကိုယ့်အတွက်အိုးနည်းနည်းလောက် သေရည်ချက်ပေးဖို့ပြောလိုက်တယ် သေရည်ကအချဉ်တောင်ကောင်းကောင်းမဖောက်သေးတာမို့လို့ သေရည်အနံနည်းနည်းလေးပဲထွက်သေးတာကို ကိုယ်ကတိတ်တိတ်လေးတူးပြီးအကုန်လုံးသောက်ပစ်လိုက်တယ်လေ" ထိုအချိန်တွင် သူ့မျက်လုံးထောင့်တွေနှင့်မျက်ခုံးတွေတွင်နူးညံတဲ့အပြုံးလေးတစ်ခုရှိနေသည်။
လင်းရုဖေး "အဲ့သူငယ်ချင်းဟောင်းက သိသွားတော့စိတ်မဆိုးဘူးလား"
"နောက်တော့ စစ်မြေပြင်နေရာပြောင်းသွားလို့ ကိုယ်တို့အဲ့နေရာကနေထွက်ခွာရတော့ သူမေ့သွားတယ်လေ"
ကုရွမ်းတုက လင်းရုဖေးကိုကြည့်လိုက်ပြီးတိုးတိုးလေးပြောလာသည်။
"ဒါပေမဲ့ သူသိသွားရင်တောင် ကိုယ့်ကိုစိတ်မဆိုးလောက်ပါဘူးနော်...ဟုတ်တယ်မလား"
လင်းရုဖေးကတီးတိုးလေးရေရွတ်လိုက်မိသည်။
"အဲ့ဒီလိုလား ဒါဆိုသူကခင်ဗျားအပေါ်တော်တော်လေးကောင်းပေးပုံရတယ်"
"ဟုတ်တယ် ကိုယ့်အပေါ်အရမ်းကောင်းတယ်"
ကုရွမ်းတုအသံတိုးတိုးဖြင့်ပြန်ဖြေလိုက်သည်။
"ကိုယ့်ကို သူပဲပြုစုပျိုးထောင်ပေးခဲ့ပြီးတော့ အကောင်းဆုံးဆိုတဲ့အရာတွေပဲ ပေးထားခဲ့တယ်လေ"
လင်းရုဖေးက အခုသူရဲ့သူငယ်ချင်းဟောင်းဘယ်ရောက်သွားပြီလဲဟု မေးချင်ပေမဲ့ ဤသည်ကလွန်ခဲ့သည့် အနှစ်တစ်ရာခန့်ကအဖြစ်အပျက်ဖြစ်နေသဖြင့် မေးရတာ၀မ်းနည်စရာကောင်းလိမ့်မယ်ဟုတွေးမိတာကြောင့် တိုးတိုးလေးသာရေရွတ်လိုက်မိ၏။
"ကောင်းလိုက်တာ"
ကုရွမ်းတုကတိတ်ဆိတ်သွားပြီးနောက် လင်းရုဖေးကိုကြည့်ရင်း အသာပြုံးလိုက်မိသည်။ ထိုအပြုံးထဲတွင်လင်းရုဖေးနားမလည်နိုင်သည့်၀မ်းနည်းမှုအချို့ကိုဖုံးကွယ်ထားသော်လည်း မကြာခင်မှာအကန့်အသတ်မဲ့သည့်ညထဲသို့ ထိုအပြုံးက၀င်ရောက်ပျောက်ကွယ်သွားတော့သည်။
မသိလိုက်ခင်မှာဘဲ ကောင်းကင်ယံမှာမနက်ခင်းလင်းရောင်ခြည်ထွက်လာပြီးတစ်ညတာကုန်ဆုံးသွားလေပြီ။ လင်းရုဖေးက ကြက်တွန်သံကိုကြားတော့မှသာ နောက်ဆုံးအိပ်ချင်စိတ်ဖြစ်လာရသည်။ ကုရွမ်းတုက ဤသည်ကိုမြင်သည်နှင့်သူ့ကိုချက်ချင်းပင်အခန်းထဲပြန်ခေါ်သွားတော့သည်။
အိပ်ရာပေါ်မှာလှဲလှောင်းနေရင်းလင်းရုဖေးသည် မနေ့ညက အလှလေးအကြောင်းကိုတွေးကာအိပ်ပျော်သွားသည်။ ကုရွမ်းတုက သူ့ဘေးနားမှာထိုင်ပြီးအိပ်ပျော်နေသည့်မျက်နှာလေးအားကြည့်လိုက်သည်။ ရုတ်တရက် သူငုံ့ပြီးထိုသူရဲ့ပိတ်နေတဲ့မျက်တောင်လေးတွေအပေါ် နူးနူးညံညံအနမ်းလေးတစ်ခုခြွေလိုက်သည်။ လင်းရုဖေးက ဤသည်ကိုသတိမထားမိဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေပေ၏။
မနေ့ညက အိပ်လို့မပျော်တာကြောင့် လင်းရုဖေးက နေ့ခင်းအထိအိပ်ပြီးတော့မှသာထလိုက်သည်။ သူအိပ်ရာကထလာချိန်တွင် စားပွဲပေါ်မှာဖူဟွားနှင့်ယွီရွေ့ပြင်ပေးထားသည့် ပူပူနွေးနွေးအစားအစာများရှိနေသည်။ သူကအိပ်ယာပေါ်မှထလိုက်ပြီးရှောင်အာ့ကိုဆေးကြောဖို့ရန်ရေနွေးပူပူပြင်ပေးဖို့ပြောရန်အပြင်ကိုထွက်လိုက်သည်။ သို့သော်
ဖူဟွားနှင့်ယွီရွေ့ကသူ့ကိုတံခါး၀မှာစိတ်ပူနေတဲ့ပုံဖြင့်တွေလိုက်ရသည်။ သူ ထွက်လာတာကိုမြင်သည်အခါအံဩသွားပြီး"သခင်လေး"ဟုခေါ်လိုက်ကြသည်။
"သခင်လေး ကျွန်မသေလောက်အောင်လန့်သွားတာပဲ"ယွီရွေ့ကငိုပြီးတော့"သခင်လေး မနိုးလာရင် ကျွန်မတို့က သမားတော်ကိုတောင်ခေါ်တော့မလို့ပဲ"
"အာ...ဒီကသမားတော်တွေကယုံလို့မရဘူး ဒီဆေးကိုသောက်ပြီးတော့မှ ဘာလို့အကြာကြီးအိပ်သွားရတာလဲ"
ဖူဟွားကစိုးရိမ်နေသည့်ပုံဖြင့် "စာတစ်စောင်ပို့ပြီးတော့၀မ်ယောင်ကိုဆေးညွှန်းရေးခိုင်းရမယ်"
လင်းရုဖေးက သူမတို့နှစ်ယောက်နားလည်မှုလွဲနေတာမြင်သည့်အခါ မနေ့ညကသူအိပ်တာနောက်ကျသွားလို့ဖြစ်ပြီးဆေးနှင့်ဘာမှမဆိုင်ကြောင်းအမြန်ရှင်းပြလိုက်ရသည်။
ဖူဟွားတစ်ယောက်ထိုစကားကိုကြားခါမှ ပိုပြီးဒေါသထွက်လိမ့်မည်ဟု ဘယ်သူကထင်မည်နည်း။ သူမသည် ဆေးကစိတ်ငြိမ်စေသည်ဟုပြောပေမဲ့သောက်ပြီးနောက် လူကိုအိပ်မပျော်စေတော့ဘူးလို့ သူမက ထင်သွားလေသည်။
လင်းရုဖေးက သူဆေးကိုမသောက်ခဲ့ဘူးလို့မပြောရဲတာကြောင့်သူမတ်တပ်ရပ်ပြီးအစေခံတွေရဲ့တိုင်ကြားချက်ကိုနားထောင်နေရသည်။ တော်သေးတာက သူမတို့နှစ်ယောက်အကြာကြီးစကားမပြောဘဲ လင်းရုဖေးအတွက်ရေနွေးပူပြင်ပေးရန်ထွက်သွားတော့သည်။ လင်းရုဖေးက အခန်းကိုအမြန်ပြန်ပြေးသွားပြီး ကုရွမ်းတုကို သူနောက်ဘယ်တော့မှနောက်ကျမှမအိပ်တော့ဘူးဟုပြောလိုက်သည်။
ကုရွမ်းတုက သိမ်မွေ့တဲ့အပြုံးလေးနှင့်နားထောင်နေပြီးမှ ပြောလာ၏။
"မင်းရဲ့ခန္တာကိုယ်ကို ညနက်တဲ့အထိနေပြီးမထိခိုက်စေနဲ့ လျိုရုကုန်းကမင်းကိုလက်ဆောင်တွေပို့ပေးဖို့စောင့်နေသေးတယ်နော်"
လက်ဆောင်အကြောင်းပြောသည်နှင့် လင်းရုဖေးကချက်ချင်းမျက်မှောင်ကြုတ်လိုက်ကာ"ကျွန်တော်တို့ဂုဏ်ပြုလက်ဆောင်ထားခဲ့ပြီးတော့ဒီအတိုင်းထွက်သွားရင်ကော ဘာပဲဖြစ်ဖြစ်သူသိမှာမဟုတ်လောက်ဘူး"
ကုရွမ်းတုက ပြန်မဖြေရသေးခင်မှာဘဲ အပြင်ကနေတံခါးခေါက်သံကိုကြားလိုက်ရသည်။ လင်းရုဖေးက ဖူဟွားနှင့်ယွီရွေ့လို့ထင်ပြီး ၀င်လာခဲ့ရန်ပြောလိုက်သည်။
တံခါးဖွင့်ပြီး၀င်လာတဲ့သူက လျိုရုကုန်းဖြစ်နေလိမ့်မည်ဟု ဘယ်သူကထင်မည်နည်း။
သူကလေးနက်တဲ့မျက်နှာဖြင့်ကြည့်ကာရေရွတ်လိုက်သည်။
"ထွက်ပြေးမယ် လင်းကုန်းဇီ ဘယ်သူကထွက်ပြေးချင်နေတာလဲ"
လင်းရုဖေး : “……” မင်းကဘာလို့နေရာတိုင်းမှာရှိနေရတာလဲ။
လျိုရုကုန်းက သူ့အရှေ့မှာရှိနေတာကြောင့် လင်းရုဖေးက သူထွက်ပြေးချင်နေပြီဆိုတာကိုသေချာပေါက်ပြောလို့မရပေ။ ရလဒ်အနေဖြင့်သူဟိုအကြောင်းဒီအကြောင်းပြောရင်းဖြင့်သာလျှော်ချလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် လျှိုရုကုန်းကလည်း ထိုကိစ္စကိုသိပ်ပြီးနက်နက်နဲနဲမမေးတော့သဖြင့် သူလက်ထဲကအနီရောင်ဖိတ်စာကြီးကိုသာထုတ်လိုက်ပြီးလင်းရုဖေးကိုပေးလိုက်၏။
ဖိတ်စာကအာလူးပူပူတစ်လုံးဆိုပေမဲ့လည်း လင်းရုဖေးကမတတ်နိုင်ဘဲလက်ခံလိုက်ရသည်။
လင်းရုဖေးကဖိတ်စာကိုလက်ခံလိုက်တာကိုမြင်သည်နှင့်လျိုရုကုန်းတစ်ယောက်သူလက်ဆောင်ရတော့မည်ဆိုတာကို အတတ်သိလိုက်သည်။ ခဏအကြာတွင် သူကနည်းနည်းစိတ်အားထက်သန်လာကာ လော့ရှန်ကိုကိုင်ထားသည့်လက်ကတည်ငြိမ်မနေတော့ပေ၊ သူ့လက်ကအရမ်းကိုယားနေပြီးသူ့ပုံစံကလင်းရုဖေးကိုချက်ချင်းဆွဲပြီးပြိုင်ဖို့ကိုမစောင့်နိုင်တော့သလိုပင်။
"ကျွန်တော်ကမကြာခင် မင်္ဂလာဆောင်တော့မှာဆိုတော့ ရက်ပိုင်းလောက်အလုပ်ရှုပ်နေမှာဆိုတော့ လင်းကုန်းဇီဘယ်တော့လောက်အားမလဲမသိဘူး ကျွန်တော်တို့ကြိုတင်ပြီးရက်ရွေးထားကြမလား"
လျိုရုကုန်းကလင်းရုဖေးရှေ့မှာထိုင်ပြီးမင်္ဂလာလက်ဖွဲ့ကိုသဘာ၀ကျကျထိုင်တောင်းနေသည်။
လင်းရုဖေးက ခဏစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"ပွင့်ပွင့်လင်းလင်း ပြောမယ်နော် လျိုကုန်းဇီ ကျွန်တော်ကငယ်ငယ်လေးကတည်းက အားနည်းတော့ဓားရေးမလေ့ကျင်ဖူးဘူး"
လျိုရုကုန်းရဲ့အပြုံးမှာ ချက်ချင်းပျောက်ကွယ်ပြီး လင်းရုဖေးကိုမျက်နှာသေဖြင့်သာကြည့်လာသည်။
"လင်းကုန်းဇီ ဘာကိုဆိုလိုတာလဲ ခင်ဗျားပြောတာက ၀မ်ထန်းလို့လူမျိုးက ဓားနဲ့တစ်ခါမှမလေ့ကျင့်ဖူးတဲ့လူကိုရှုံးသွားတာတဲ့လား"
ချွင်ကနဲအသံနှင့်အတူ သူကလော့ရှန်ကိုဆွဲထုတ်လိုက်ပြီး လင်းရုဖေးအားအေးစက်နေတဲ့ မျက်လုံးတွေဖြင့်စိုက်ကြည့်လိုက်သည်။
"လင်းကုန်းဇီကကျွန်တော်ကိုသူငယ်ချင်းလို့မသတ်မှတ်မှတော့ လင်းကုန်းဇီနဲ့တိုက်ချင်ရင်ကျွန်တော်ရက်ရွေးစရာမလိုတော့ဘူးပေါ့"
ကြည့်ရတာ ဤပြိင်ပွဲကပြိုင်ကိုပြိုင်ရမည့်ပုံစံပင်၊ အဆုံးမှာလင်းရုဖေးကသက်ပြင်းအသာချကာ"လျိုကုန်းဇီကဒါကိုတောင်းဆိုနေမှတော့ ဒါဆိုနောက်သုံးရက်နေရင်လို့ထားလိုက်တာပေါ့"
လျိုရုကုန်းရဲ့သုန်မှုန်နေသည့်မျက်နှာမှာချက်ချင်းပျောက်သွားလေသည်။ ပြုံးပြကာ သူ့အိတ်ထဲကနေ နူးညံတဲ့စက္ကူအိတ်လေးကိုထုတ်လိုက်ပြီး စားပွဲပေါ်ကိုတင်လိုက်သည်။
"လင်းကုန်းဇီ ကျွန်တော်ကိုစိတ်မဆိုးပါနဲ့ ကျွန်တော်ရဲ့အကျင့်ကအဲ့လိုပဲ တစ်ယောက်မှကျွန်တော်နဲ့ဓားသိုင်းမပြိုင်ချင်ရင်သေလိုက်တာပဲကောင်းတယ် ဒါကကူစူးမြို့ကအကောင်းဆုံးတွေထဲကတစ်ခုဖြစ်တဲ့ကျွန်တော်တတိယအမရဲ့ငှက်သိုက်အစာသွပ်မုန့်ပါ ဒီနေ့လင်းကုန်းဇီစားကြည့်ရအောင် ကျွန်တော်အထူးတလည်ယူလာတာ ဒါကိုတောင်းပန်တဲ့အနေနဲ့ပေးတာလို့မှတ်လိုက်ပါ"
လျိုရုကုန်းက အမြဲပွင့်ပွင့်လင်းလင်းပြုမှုကာ စဉ်းလဲတတ်သည့်လူမျိုးဖြစ်တာကြောင့် ယခုလိုနူးညံတဲ့စကားတွေပြောရတာကသူအတွက်အတော်လေးမလွယ်ကူပေ။
လင်းရုဖေးက စားပွဲပေါ်မှပစ္စည်းတွေကိုတစ်စက်လေးမှမထိဘဲ ဖူဟွားကိုသာ ဧည့်သည်ကိုပြန်ပို့ပေးရန်ခေါ်လိုက်သည်။
အခန်းအပြင်မှာရှိနေတဲ့ဖူဟွားကခေါ်သံကိုကြားသည်နှင့်တံခါးဖွင့်ပြီး၀င်လာသည်။ အခန်းထဲကလေထုအခြေအနေမှာ နည်းနည်းထူးဆန်းနေတာသတိထားမိလိုက်သည်နှင့် သူမနှလုံးခုန်နှုန်းကရုတ်တရတ်ကြီးမြန်လာသည်။ လျိုရုကုန်းကလက်ကိုအသာခါပြလိုက်ကာနှုတ်ဆက်စကားပြောပြီးထွက်သွားတော့သည်။
သူထွက်သွားချိန်တွင်အရမ်းပျော်နေပုံရသည်။ ဖူဟွားကထိုသူ့ကိုပြန်ပို့ပေးနေတာကြောင့် လင်းရုဖေးသာအခန်းထဲမှာတစ်ယောက်ထဲကျန်ရစ်တော့သည်။
ကုရွမ်းတုကသူ့ကိုမေးသည်။ "မပျော်ဘူးလား"
လင်းရုဖေးကခေါင်းခါပြလိုက်ပြီး "မပျော်တာမဟုတ်ပါဘူး နည်းနည်းလေးအားကျလို့ပါ"
"အားကျတာ လျိုရုကုန်းကိုအားကျလို့လား"ကုရွမ်းတုကမေး၏။
လင်းရုဖေးကအသာရယ်မောလိုက်ကာ "ကျွန်တော်မှာလည်း သူ့လိုအရည်ချင်းမျိုးရှိရင် သူ့လိုမျိုးပွင့်ပွင့်လင်းလင်းစရိုက်မျိုးရှိလောက်မယ်"
သူကစားပွဲပေါ်ကစက္ကူအိတ်ကိုကောက်ယူလိုက်ပြီးဖွင့်ကြည့်လိုက်သည်။ အထဲမှာငှက်သိုက်အစာသွပ်မုန့်ကိုတွေ့လိုက်ရသည်။ ယခုအချိန်ထိ ပူနေသေးတာကြောင့်လောလောလတ်လတ်လုပ်ထားတာဖြစ်ရပေမည်။ သူကမုန့်တစ်ခုကိုထုတ်လိုက်ပြီးပါးစပ်ထဲထည့်လိုက်သည်။ ပဲပိစပ်ရဲ့အရသာကသူ့အရသာခံအာရုံကြောအထိပျံ့နှံသွားပြီး မုန့်သားကနူးညံလွန်းတာကြောင့်ပါးစပ်ထဲချက်ချင်းကိုပျော်၀င်သွားသည်။
လင်းရုဖေးက ဒီမုန့်က စားလို့ကောင်းတယ် ဟုတွေးလိုက်ကာ ကုရွမ်းတုကိုတစ်ခုပေးလိုက်သည်။
ကုရွမ်းတုက ယဉ်ကျေးမနေဘဲ ခပ်ကြီးကြီးကိုက်လိုက်ပြီးနောက် မေးလာ၏။ "တကယ်ကြီး ဒေါသမထွက်ဘူးလား"
လင်းရုဖေးက ခေါင်းသာခါပြလိုက်ပြီး "တကယ့်ကို ကျွန်တော်ဒေါသမထွက်ပါဘူး ဒါပေမဲ့ လျိုရုကုန်းအရှေ့မှာအရမ်းသဘောကောင်းတဲ့ပုံမျိုးမပေါက်ချင်ဘူးလေ လင်းမိသားစုရဲ့နာမည်ကိုမပျက်စေချင်ဘူး"
သူ့ရဲ့မောင်နှမတွေအားလုံးကမာနကြီးကြသည်။ သူတို့ကိုသာ ဤပုံစံမျိုးဖြင့် လျိုရုကုန်းချဉ်းကပ်ပါလျှင် သူတို့က ချက်ချင်းပင် နေရာမှာတင် ဓားဆွဲထုတ်၍သူနှင့် တစ်ပွဲတစ်လမ်းနွှဲလောက်ပေသည်။ ဒါမှမဟုတ် လျိုရုကုန်းက ဖိအားပေးစရာကိုမလိုဘဲနှင့် သူတို့ကပြိုင်ပွဲကို၀မ်းသာအားရသဘောတူကြလိမ့်မည်ပင်။
၀မ်းနည်းစရာကောင်းသည်က လျိုရုကုန်းပြိုင်ချင်သည့်လူက သူဖြစ်နေ၏။
"မင်းအခုချိန်ကစပြီးစမ်းကြည့်လို့ရပြီလေ"
ကုရွမ်းတုကြည့်ရတာ ဤငှက်သိုက်အစာသွပ်မုန့်ကိုတော်တော်လေးကြိုက်နေပုံရသည်။ သူကတစ်ကိုက်ပြီးတစ်ကိုက်၀မ်းသာအားရဖြင့်စားနေသည်။
"ပြီးတော့ ဒီလျိုရုကုန်းပုံစံကြည့်ရတာ အတော်လေးအကြမ်းခံလောက်တယ် မင်းရဲ့အားကိုကောင်းကောင်းမထိန်းနိုင်သေးရင်တောင်မှ သူ့ကိုသတ်ပစ်တဲ့အထိတော့အရမ်းမဆိုးလောက်ပါဘူး"
လင်းရုဖေးကမျက်မှောင်ကြုတ်လိုက်ပြီး "ဒါပေမဲ့ကူစူးမြို့မှကလူတွေကအများကြီးပဲ တကယ်လို့ကျွန်တော်ရဲ့အားကိုမထိန်းနိုင်ရင် တစ်ချက်တည်းနဲ့........"
ပြီးတော့မြို့မှာက လူတွေအများကြီးရှိနေသဖြင့် ဤသည်ကမြောက်ဘက်တောင်ထိပ်ကိုနှစ်ပိုင်းပိုင်းသည်လောက်ရိုးရှင်းမည်မဟုတ်ပေ။
ကုရွမ်းတုကပျင်းရိပျင်းတွဲဖြင့်ပြန်ဖြေလိုက်၏။
"ဒါဆိုလည်းကူစူးနဲ့ဝေးတဲ့နေရာကိုရွေးလိုက်လေ"
လင်းရုဖေးက ထိုအကြံကိုတွေးတောကြည့်ပြီးနောက် ယင်းကတစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်းခံစားမိသည်။
ဓားသိုင်းပြိုင်ဖို့သုံးရက်သာကျန်တော့သည်။ လင်းရုဖေးကဘုရားသခင်ရဲ့ခြေထောက်ကိုဖက်ထားရသလိုမျိုး ခဏခံစားနေရပေမဲ့ ဤသို့သောအရာမျိုးက အချိန်တိုလေးအတွင်းလေ့ကျင့်နိုင်သည့်အရာမျိုးမဟုတ်ပေ။ သူကချီဓားအငွေ့အသက်ကိုကုယွီထဲထည့်နိုင်ရုံလေးသာရှိသေးသည့်အတွက် သူဒါကိုအကြိမ်ရေအနည်းငယ်လုပ်ပြီးနောက်ထပ်မလုပ်ရဲတော့ချေ။ ဓားကို အသာလေးလှုပ်လိုက်တာ ဒါမှမဟုတ် ခပ်ဖြည်းဖြည်းလေးလွှဲယမ်းလိုက်တာပဲဖြစ်ဖြစ် ဘာဆိုဘာမှမတုံ့ပြန်ပေမယ့် သူအရှေ့ကနံရံကမူ သိသိသာသာကိုအက်ကွဲလာသည်။ အခန်းထဲလူတစ်ယောက်မှမရှိတာကံကောင်းပေသည်။ မဟုတ်လျှင်နေရာမှာတင်လူသေသွားနိုင်သည်။ ပစ္စည်းပျက်စီးဆုံးရှုံးသွားသည့် တည်းခိုဆောင်ပိုင်ရှင်က သူ့ကိုပြသနာမရှာရဲတာကြောင့် နောက်ဆုံးဖူဟွားကိုလျော်ကြေးအနေနှင့်ငွေပိုပေးခိုင်းလိုက်၏။
သူသုံးရက်လုံးလုံး ဆက်ပြီးကြိုးစားလေ့ကျင့်နေလိုက်သည်။ မနက်ဖြန်က လက်မတင်လေးသာလိုတော့ပြီဖြစ်၍ မကြာခင်လျိုရုကုန်းနှင့်ယှဥ်ပြိုင်ရမည့်နေ့ကိုရောက်တော့မည်ပင်။ လင်းရုဖေးက ယင်းကိုယခုအချိန်ထိမယုံကြည်နိုင်သေးပေ။ သူတကယ်ကြီးဒီအတိုင်းဆက်သွားလျှင် သူပဲလျိုရုကုန်းဆီမှာအခုတ်ခံရမလား ဒါမှမဟုတ် သူကပဲလျိုရုကုန်းကိုခုတ်မလားဆိုသည့်အပြင် တတိယတစ်ခုဖြစ်နိုင်ချေကမူမရှိပေ။
[ ပြောချင်တာက သူ့ရဲ့မထော်မနန်းသိုင်းပညာကြောင့် လျိုလက်ချက်နဲ့ သူသေရင်သေ မဟုတ်ရင် သူ အားမထိန်းနိုင်လို့ လျိုကသူ့ကြောင့်သေရင်သေ ဆိုတာပါ ]
ကုရွမ်းတုက ဘာမှလုပ်စရာမရှိတာကြောင့် လင်းရုဖေးကို မကောင်းသည့်အကြံတစ်ခုပေးလေသည်။ ဓားသိုင်းစပြီးယှဥ်ပြိုင်ပြီဆိုလျှင် ပထမဆုံးလျိုရုကုန်းကိုစကားပြောပြီး သူဘာမှမတုံ့ပြန်နိုင်ခင်လေးမှာ အရင်လှုပ်ရှားလိုက်ရင် ကိစ္စက ထိုအချိန်မှာပဲအဆုံးသတ်သွားလိမ့်မည် ဟု သူကပြောသည်။
လျိုရုကုန်းကဘာပဲဖြစ်ဖြစ် ထိုကိစ္စကိုစပြောတဲ့သူဖြစ်တာကြောင့်သူအသတ်ခံရလျှင်ပင် လျိုမိသားစုက လင်းရုဖေးကိုလွယ်လွယ်ဖြင့်ပြသနာမရှာနိုင်ပေ။