အပိုင်း ၇၉
Viewers 15k

Chapter 79
အကြိုမင်္ဂလာလက်ဖွဲ့



လင်းရုဖေးက ကုရွမ်းတုကိုလေးစားသည့်အမှုအရာဖြင့်ကြည့်လိုက်ပြီး "အကြီးအကဲကကော တခြားလူတွေနဲ့ပြိုင်တဲ့အခါ ဒီလိုမျိုးအမြဲတမ်းလုပ်နေကြလား"

ကုရွမ်းတုက ခဏလောက်စဉ်းစားပြီးနောက် သူလုပ်ဖူးတယ်ဆိုသည့်အကြောင်းပွင့်ပွင့်လင်းလင်းသာပြန်ဖြေလေသည်။

သို့ပေမဲ့ ထိုအချိန်တုန်းက သူကငယ်သေးတာကြောင့် အရှက်တရားကိုဂရုမစိုက်၊ သူ့ရဲ့သေးငယ်လှတဲ့အသက်လေးအတွက်တခြားအပိုကိစ္စတွေကိုစဉ်းစားရန်အချိန်မရှိပေ။ နောက်ပိုင်း သူနာမည်ကျော်ကြားလာသည့်အချိန်တွင်မူမတူတော့ချေ။ သူစိတ်ထဲ ထိုသို့လုပ်လိုက်ရမလား ဟု တစ်ခါတစ်လေတွေးမိပေမဲ့သူမှာလုပ်ချင်စိတ်မရှိတော့ချေ။

လင်းရုဖေးတစ်ယောက်ကုရွမ်းတုကိုလွန်လွန်ကျူးကျူးချီးမွမ်းရတဲ့အထိလေးစားသွားရသည်။

"ရှောင်ကျို့ မင်းကအရမ်းကိုသဘောကောင်းလွန်းတယ်"

ကုရွမ်းတုကသက်ပြင်းချလိုက်ကာ"ဓားသိုင်းပြိုင်ပွဲဆိုတာ တကယ်တော့ ရှင်ခြင်း သေခြင်းဆိုတဲ့ကိစ္စပဲ ဒါပေမဲ့ မင်းစိတ်ချထားလိုက် ကိုယ်ရှိနေသ၍မင်းဓားကိုလွှဲနိုင်တယ်ဆိုတာ အာမခံတယ်"

ဘာပဲဖြစ်ဖြစ်သေမယ့်လူက လင်းရုဖေးမှမဟုတ်တာ သူနည်းနည်းလေးမှပူစရာမရှိချေ။

လင်းရုဖေးက သူကိုဆက်ပြီး မနှောက်ယှက်တော့ဘဲ သမ်းဝေလိုက်ကာ အိပ်ယာပေါ်ကိုလှဲအိပ်လိုက်၏။

နေခင်းဘက် ဓားရေးကျင့်ရတာ တော်တော်လေးကိုပင်ပန်းတာကြောင့် လင်းရုဖေးကအိပ်လို့တော်တော်လေးကောင်းသည်။ သူ မနက်ထလာချိန်တွင် ဖူဟွားနှင့်ယွီရွေ့၏စိုးရိမ်နေသည့်မျက်နှာကို အမှတ်မထင်တွေ့လိုက်ရသည်။ သူအစေခံမလေးနှစ်ယောက်စိတ်ပူနေမှာစိုးသဖြင့် လင်းရုဖေးတစ်ယောက်လျိုရုကုန်းနှင့် ဓားသိုင်းပြိုင်မည့်ကိစ္စကို ပြောပြမထားပေ။ သူမတို့နှစ်ယောက် ယခုလိုပုံစံမျိုးဖြစ်နေတာတွေ့သည့်အခါ သူ့စိတ်ထဲနည်းနည်းထူးဆန်းသလိုခံစားလိုက်သည်။

"သူတို့နှစ်ယောက်ဘာတွေကိုစိုးရိမ်နေတာလဲ"လင်းရုဖေးကကုရွမ်းတုကိုမေးလိုက်သည်။

ကုရွမ်းတုရဲ့မျက်လုံးတွေထဲမှာ နက်နက်နဲနဲအပြုံးတစ်ခုရှိနေပြီး "သူတို့ကကုန်းဇီရဲ့တစ်ယောက်ထဲ စကားပြောတဲ့ရောဂါက ပိုပိုပြီးဆိုးလာတယ်ထင်လို့နေမှာပေါ့"

လင်းရုဖေး : “……”

ကုရွမ်းတု "၀မ်‌ယောင်ကိုဆေးညွှန်းပေးဖို့ပြောထားတဲ့စာတွေပို့ပြီးပြီထင်တယ်"

လင်းရုဖေးက တိတ်တိတ်လေးသက်ပြင်းချလိုက်ပြီးနောက် အကြာကြီးနေမှ"သူတို့ကိုထားလိုက်ပါတော့"ဟုသာပြောလိုက်သည်။

လျိုရုကုန်းနှင့်ဓားသိုင်းပြိုင်ရန်ချိန်းထားသည့်နေရာမှာ အစကလျိုအိမ်တော်ထဲမှာဖြစ်သည်။ သို့ပေမဲ့ လင်းရုဖေးက ချီဓားအငွေ့အသက်ကိုမထိန်းနိုင်ဘဲ တခြားသူတွေကိုထိခိုက်မှာစိုးတာကြောင့် လျိုရုကုန်းကိုလူတွေမထိခိုက်မိစေရန် မြို့ပြင်ဘက်သို့ပြောင်းရန်ပြောလိုက်၏။

လျိုရုကုန်းကမူ သူတို့ဘယ်နေရာမှာပဲ တိုက်ရတိုက်ရဂရုမစိုက်၊ လင်းရုဖေးသာ သူနှင့်တိုက်ရန်ဆန္ဒရှိနေရင်ကိုလုံလောက်ပြီဖြစ်သည်။

ယနေ့ရာသီဥတုမှာကြည်လင်လှသည်။ ပူပြင်းလှသည့်နေကမြေကြီးအားလောင်ကျွမ်းစေကာနွေရာသီရဲ့အပူ‌ငွေ့ကဆူညံနေသည့်ပုစဉ်းရင်ကွဲများကိုမီးဖုတ်ပေးနေသည့်နှယ်။

လင်းရုဖေးရဲ့ခန္တာကိုယ်အပူချိန်ကနိမ့်တာကြောင့် သူနွေရာသီကိုအလွန်နှစ်သက်သည်။ သူနှင့်လျိုရုကုန်းချိန်းထားတဲ့အချိန်ရောက်ခါနီးတွင် သူကလမ်းပေါ်ထွက်လိုက်ပြီး နွေရာသီရဲ့အပူဒဏ်ကိုအနည်းငယ်သက်သာစေရန် မတ်ပဲဟင်းချို[ ပဲနို့အေး ]ကို၀ယ်လိုက်သည်။

မတ်ပဲဟင်းချိုလေးသောက်ရင်းနှင့်ကူစူးမြိုထဲမှဖြည်းဖြည်းချင်းထွက်လာလိုက်၏။

သူတို့ချိန်းထားတဲ့အချိန်က ရာသီဥတု၏အပူဆုံးအချိန် နေမွန်းတည့်ချိန်ဖြစ်လေသည်။ လင်းရုဖေးက ထီးမပါလာတာကြောင့် မြို့ပြင်ကိုရောက်ချိန်တွင် သူ့ရဲ့နဖူးမှာချွေးများပြန်နေပြီဖြစ်သည်။

ဟုတ်တာပေါ့...သူနှင့်ယှဉ်ပါက လျိုရုကုန်းမှာပိုပြီး အဖြစ်ဆိုးလေသည်။ သူ့ကြည့်ရတာတော်တော်လေးပူနေပုံရပြီး ဘယ်နေရာကကောက်ထားမှန်းမသိသည့် ကြာရွက်ကိုဦးထုပ်အဖြစ်သုံးကာသစ်ပင်အရိပ်ထဲ ဆောင့်ကြောင့်ထိုင်နေပြီး သူလက်ဖြင့်ယပ်ထိုင်ခပ်‌နေသည်။ သူက လယ်ကွင်းထဲကလယ်သမား‌တွေလိုအင်္ကျီလက်စကိုလက်မောင်းအထိဆွဲတင်ထားပြီး သူ့ရဲ့အမြဲတမ်းပြောင်ပြောင်ယောင်ယောင်ဖြင့် မာနကြီးတစ်ခွဲသားပုံစံမှာ တစ်စိလေးပင်မရှိတော့ချေ။

.

အဝေးကနေလင်းရုဖေးလာသည်ကို လျိုရုကုန်းတွေ့သည်နှင့် စိတ်မရှည်သည့်ပုံဖြင့်မတ်တပ်ရပ်ပြီး လင်းကုန်းဇီ ဟုအော်ခေါ်လိုက်သည်။ သို့သော် မကြာခင် သူ့မျက်လုံးတွေက လင်းရုံဖေးလက်ထဲက မတ်ပဲဟင်းချိုအပေါ်ကိုရောက်သွားသည်။

ထိုမတ်ပဲဟင်းချိုက ကြာရွက်ကိုချုပ်ထားသည့်ခွက်ထဲမှာထည့်ထားပြီးရေအေးအေးနှင့် အ‌အေးခံထားတာကြောင့် အနံ့လေးနဲ့တင်လူကိုလန်းဆန်းသွားစေသည်။ လင်းရုဖေးကလည်း လျိုရုကုန်း၏စားချင်၊ သောက်ချင်နေတဲ့မျက်လုံးတွေကိုမြင်ပေမဲ့ သူက မတူန်လှုပ်သွားပေ။ သူမရပ်မနားဘဲ ကျန်ရှိနေသေးသည့် မတ်ပဲဟင်းချိုကိုမော့သောက်လိုက်ပြီးနောက် ပြုံးပြကာလျိုကုန်းဇီဟုခေါ်လိုက်သည်။

လျိုရုကုန်းက သွားကြိတ်လိုက်ကာ ဓားကိုဆွဲထုတ်လိုက်သည်။လော့ရှန်ကိုဓားအိမ်ကနေဆွဲထုတ်လိုက်သည့်အခါ ငွေရောင်အလင်းတန်းလိုမျိုး ၎င်း၏ဓားသွားက အေးတိအေးစက်ဖြင့်လူသတ်ချင်သည့်အရှိန်အဝါများထွက်ပေါ်လာသည်။

"လင်းကုန်းဇီ ဓားကိုထုတ်လိုက်"

လင်းရုဖေးကလေးနက်သည့်မျက်နှာဖြင့် "ဟုတ်ပြီ"

သူရဲ့လက်ကသိုလှောင်လက်စွပ်ထံရောက်သွားပြီး ခဏအကြာတွင် အနက်ရောင်သစ်သားဒိုင်းကြီးကိုဆွဲထုတ်လိုက်သည်။ ဤသည်က သူမနေ့ကညလုံးပေါက်ထိုင်ပြီးစဉ်စားထားသည့်ပြီးပြည့်စုံတဲ့နည်းလမ်းဖြစ်၏။

တခဏလောက် လျိုရုကုန်းမှာ သူအမြင်မှားနေသည်ဟုပင် ထင်သွားမိသည်။ သူကသစ်သားဒိုင်းအကာကို သူအမြင်မှားပြီးဓားသွားကိုဒိုင်းအကာနှင့်မှားတာ ဟုတ်မဟုတ်အကြာကြီးစိုက်ကြည့်နေမိသည်။

ခဏအကြာတွင် စိတ်ဆိုးနေသည့်အသံထွက်လာပြီး "လင်းကုန်းဇီ မင်းကိုင်ထားတဲ့ဟာက ဘာကြီးလဲ"

လင်းရုဖေးက"သစ်သားဒိုင်းအကာလေ"ဟုမိတ်ဆက်ပေးလိုက်သည်။

လျိုရုကုန်း "ဒီဒိုင်းအကာကဘာတွေများထူးခြားနေလိုလဲ အော် ငါသိပြီ ဒါကအထဲမှာဓားသွားထည့်ထားတာလား"

သူအရင်တုန်းက ယခုလိုလက်နက်မျိုးမြင်ဖူးလေသည်။ ဤသည်က နည်းနည်းတော့ထူးခြားပေမယ့် ထိုသို့သောပုံစံမျိုးလည်းရှိပေသည်။

သို့ပေမဲ့ သူနှင့်မျက်နှာချင်းဆိုင်မှာရပ်နေသည့်လင်းမိသားစုရဲ့သခင်လေးက တည်တည်ငြိမ်ငြိမ်ဖြင့်ခေါင်းခါပြလိုက်ပြီး "ဘာဓားသွားမှမထည့်ထားပါဘူး"

လျိုရုကုန်း : “……”

လင်းရုဖေး "ကျွန်တော် လမ်းပေါ်မှာတွေ့လို့ဒီအတိုင်း၀ယ်လာတာ ဒါမျိုးတွေက ငွေတုံးတစ်တုံးလောက်ပဲရှိတယ် အို့...ဆိုင်ရှင်ကကျွန်တော်ကို အကြွေ့စေ့ဆယ်စေ့တောင်လျှော့ပေးလိုက်သေးတယ်"

လျိုရုကုန်း၏ပူလို့ချွေးထွက်နေသည့်ချောမောလှပတဲ့မျက်နှာလေးကချက်ချင်းပျက်ယွင်းသွားကာ လင်းရုဖေးကိုစူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

သူနောက်နေတာမဟုတ်တာသေချာမှ သူရဲ့ဒေါသတွေအားလုံးကပြင်းထန်တဲ့လူသတ်ချင်စိတ်အဖြစ်ပြောင်းသွားပြီး "လင်းကုန်းဇီက ကျွန်တော် လျိုရုကုန်းကိုအထင်သေးတာလား"

လင်းရုဖေးက ခေါင်းသာခါပြလိုက်ပြီး "သေချာပေါက် မဟုတ်ဘူးပေါ့"

လျိုရုကုန်း "ဒါဆို မင်းဘာလို့ဓားမထုတ်တာလဲ"

__ __

လင်းရုဖေးက သူမကျွမ်းကျင်လို့လေဟု စိတ်ထဲမှာရေရွတ်လိုက်ပေမယ့်သူရဲ့မျက်နှာကတည်ငြိမ်နေပြီး"မင်း ငါရဲ့ဒိုင်းအကာကိုရအောင်ချိုးနိုင်ရင် ငါရဲ့ဓားကိုထုတ်မယ်"

လျိုရုကုန်းက ‌ဒေါသအရမ်းထွက်နေပြီး သူ့ဘ၀မှာတစ်ခါမှ ယခုလိုမျိုးစော်ကားမခံရဖူးပေ။ သူငယ်ငယ်လေးကတည်းကနာမည်ဂုဏ်သတင်းကျော်ကြားခဲ့တာဖြစ်သည့်အပြင် လျိုမိသားစုရဲ့ဒုတိယသားလည်းဖြစ်သေး၏။ သူ ဓားရေးပြိုင်သည့်အချိန်တွင် သူရဲ့ပြိုင်ဘက်က သစ်သားဒိုင်းအကာကိုဆွဲထုတ်ကာ ယင်းကငွေတစ်တုံးပဲကုန်ကျကြောင်း တမင်တကာပြောပြတာကိုတစ်ခါမှမကြုံဖူးပေ။

လင်းရုဖေးက သူ့ကိုဘယ်လောက်တောင်မှအထင်သေးနေတာလဲ။

လင်းရုဖေးရဲ့စိတ်ထဲမှာမူ ယခုလိုမရည်ရွယ်ပေမယ့် လျိုရုကုန်းကြည့်ရတာသူရဲ့ရှင်းပြချက်ကိုနားထောင်မည့်ပုံလည်းရှိမနေပေ။ယခုမူ ဘာမှမတတ်နိုင်တော့ဘဲ သူ့ရဲ့ပါးစပ်ပေါက်လေးကိုသာညင်ညင်သာသာလေးပိတ်လိုက်ပြီးနောက် ခုနကအရသာရှိတဲ့မတ်ပဲဟင်းချိုကိုပြန်သတိရသွားသည်။ သူလျိုရုကုန်းအတွက်တစ်ငုံလောက်တော့ချန်ထားသင့်သည်ဟုတွေးမိသွားသည်။အနည်းဆုံး‌ သူသွေးပူနေတာကိုအေးသွားအောင်လုပ်လို့ရပေ၏။

လျိုရုကုန်းက သူ့မျက်စိတွေနီရဲလာသည်အထိ ဒေါသထွက်နေသည်။ သူလက်ထဲက‌လော့ရှန်ကလည်းနှင်းလိုဖြူဖွေးနေတဲ့ဓားသွားနှင့်တွဲထားတဲ့မီးတောက်လိုမျိုးအစိမ်းရောင်ဓားအငွေ့အသက်ပေါ်လာသည်။ သူကဓားကိုထောင့်ဖြတ်ပုံစံကိုင်ထားပြီးရှေ့ကိုတိုးကာလင်းရုဖေးထံကိုပထမဆုံးအချက်လွှဲခုတ်လိုက်သည်။

ချီဓားရဲ့အငွေ့အသက်ကကြီးကျယ်ခမ်းနားလှပြီး လူသတ်ချင်သည့်အငွေ့အသက်တွေဖြင့်ရောနှောနေသည်။ သူ့ခြေထောက်အောက်ရှိမြေကြီးကဖုန်မှုန်တွေအဖြစ် အစိပ်စိပ်အမြွှာမြွှာပြန့်ကျဲသွားပြီး လျိုရုကုန်းရဲ့ကိုယ်နေဟန်ထားကပျက်ယွင်းသွားလေသည်။ ဤသည်က အလွန်ပူပြင်းတဲ့အပူကြောင့်လား ဒါမှမဟုတ် လော့ရှန်အပေါ်ကအစိမ်းရောင်ချီဓားအငွေ့အသက်ကြောင့်လားဆိုတာတော့မသိပေ။

လင်းရုဖေးက သူလက်ထဲမှဒိုင်းအကာကိုမြှောက်လိုက်သည်။

လော့ရှန်နှင့်သစ်သားဒိုင်းအကာထိပ်တိုက်တွေ့ချိန်တွင် လင်းရုဖေးရဲ့အင်္ကျီလက်ကိုလှုပ်ခါသွားစေနိုင်သည်အထိ ပြင်းထန်တဲ့လေပြင်းတစ်ခုဖြစ်လာသည်။ သို့ပေမဲ့ သူ့ခြေထောက်တွေကတောင်တစ်တောင်ကဲ့သိုတည်ငြိမ်နေကာ သူကခြေတစ်လှမ်းပင်မဆုတ်ဘဲတိုက်ချက်ကိုခုခံလိုက်သည်။ သူလက်ထဲကသစ်သားဒိုင်းအကာရဲ့ပြီးပြည်စုံသည့်အဖြူရောင်အတားအဆီးက တခြားတဖက်ရဲ့အစိမ်းရောင်ချီဓားအငွေ့အသက်ကိုခုခံလိုက်ပြီး ချီဓားအငွေ့အသက်ကိုပြန့်ကျဲသွားစေ၏။

လျိုရုကုန်းကအံဩသွားသည့်ပုံပေါ်ပေမယ့် သိပ်မကြာခင်မှာပင် ထိုအံ့အားသင့်နေသည့်ပုံကနောက်ဆုံးပြိုင်ဘက်ကိုတွေ့လိုက်ပြီဖြစ်၍စိတ်လှုပ်ရှားနေတဲ့ပုံသို့ပြောင်းလဲသွားသည်။ သူကရှူးရှူးရှဲရှဲဖြင့်လော့ရှန်အားလေထဲသို့ပင့်မြှောက်လိုက်သည်။ ပြီးနောက် ကြွေကျလာတဲ့ကြယ်တံခွန်လို့မျိုး သူကဒုတိယ‌မြောက်အချက်ကိုလင်းရုဖေးထံဦးတည်လိုက်သည်။

လင်းရုဖေးကအခုထိကိုမလှုပ်ရှားသေးပေ။

ဒုတိယတစ်ချက်က သစ်သားဒိုင်းအကာကိုထိသွားပေမဲ့မကျိုးသွားပေ။ အဖြူရောင်ဓားအငွေ့အသက်က အကာအကွယ်တစ်ခုအဖြစ် ဖြစ်တည်နေသည်။ ၎င်းကဖြိုခွဲလို့မရသည့်ချပ်၀တ်တန်ဆာတစ်ခုဖြစ်လာကာ လျိုရုကုန်း၏ရိုက်ချက်တွေကိုယားလို့ကုတ်နေတဲ့အတိုင်းဖြစ်သွားစေသည်။

လျိုရုကုန်းကလုံး၀စိတ်ထဲမထားပေ။ တစ်ချက်၊နှစ်ချက်၊သုံးချက်၊လေးချက် သူရဲ့အရှိန်ကပိုပိုပြီးမြန်လာပြီး သူ့ရဲ့ခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းအရိပ်တစ်ခုလိုဖြစ်လာသည်။ အစကလော့ရှန်မှာဓားတစ်ချောင်းအသွင်တစ်ခုသာရှိပေမဲ့ ယခုအချိန်တွင်မူကောင်းကင်ယံမှာဓားမိုးရွာသည့်အသွင်အပြင်သို့ပြောင်းလဲလိုက်ပြီဖြစ်၏။

လင်းရုဖေး ပတ်ပတ်လည်က သစ်ပင်တွေမှာလေပြင်းကြောင့်လှိုင်းလုံးတွေကဲ့သို့ပင်ယိင်းခါပြိုလဲနေပြီး ယင်းက အဝေးရှိမြို့၀င်တံခါးကိုပင်အလွတ်မပေးသွားထိခိုက်စေသည်။

သစ်သားဒိုင်းအကာပေါ်က အဖြူရောင်ချီဓားအငွေ့အသက်ကလျိုရုကုန်းရဲ့ဆက်တိုက်ဆိုသလိုတိုက်ခိုက်မှုကြောင့်တဖြည်းဖြည်းမှေးမှိန်လာသည်။

ဤမြင်ကွင်းကိုမြင်သည့်အခါ လော့ရှန်ရဲ့အစိမ်းရောင်မီးတောက်ကပိုပြီးကြီးမားလာကာ လျိုရုကုန်း၏နီရဲနေသည့်မျက်လုံးတွေကအခိုင်အမာကိုတစ်ခုခုဖြစ်လာတော့မည့်ဟန် စိတ်လှုပ်ရှားမှုများရှိနေသည်။ သူအနေဖြင့်လော့ရှန်မချိုးနိုင်းသည့်ဒိုင်းအကာရှိတာကိုမယုံပေ၊ အထူးသဖြင့်သူ့အရှေ့ကငွေတစ်တုံးသာရှိသည့်သာမာန်ဒိုင်းအကာတစ်ခုဆိုလျှင်ပေါ့။

နောက်ဆုံးအဖြူရောင်ချီဓားအငွေ့အသက်ကပျောက်သွားကာလျိုရုကုန်းက လင်းရုဖေးရဲ့နာမည်ကိုအော်ခေါ်လိုက်သည်။

လင်းရုဖေးကသစ်သားဒိုင်းအကာကိုကိုင်ထားပြီးနေရာမှာတွင်သာ တည်ငြိမ်စွာရပ်နေသည်။ သူ့မျက်နှာအမူအရာက၀မ်းနည်းနေတာလည်းမဟုတ်သလိုပျော်လည်းပျော်မနေပေ။ သူ့နဂိုပုံစံနှင့်ယှဉ်လိုက်ပါက တခြားလူတယောက်ကဲ့သို့ပင်၊ သူအရှေ့ကအစိမ်းရောင်မီးတောက်ကိုခံစားလိုက်ရသည်နှင့် ထိုဆက်တိုက် တိုက်စားနေတဲ့ဓားအငွေ့အသက်က ရင်းနှီးနေသလိုခံစားလိုက်ရသည်။ သူအရင်တုန်းက ယခုလိုမျိုးပြင်းထန်တဲ့ဓားအငွေ့အသက်ကိုကြုံဖူးသည့်အတိုင်းပင်၊ ထိုဓားရဲ့အငွေ့အသက်က ယခုထက်အဆတစ်ရာလောက်ပိုပြီးပြင်းထန်သည်။

လျိုရုကုန်းက လင်းရုဖေးရဲ့မျက်နှာအမှုအရာကိုတစ်ချက်ကြည့်လိုက်သည့်အခါ သူ့မျက်နှာထက်တွင်မုန်းတီးနေတဲ့အရိပ်အယောင်များဖြတ်ပြေးသွားသည်။ သူရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုအောက်မှာလင်းရုဖေးကအတွေးယဉ်ကြောထဲသာနစ်မြောနေပြီး သူ့ရဲ့အကြည့်တွေက သူဆိုတဲ့လျိုရုကုန်းခန္ဓာကိုယ်ကိုဖြတ်ကာ အဝေးတစ်နေရာကဘာမှမရှိတဲ့နေရာကိုသာလှမ်းကြည့်နေ၏။

"လင်းရုဖေး"

လျိုရုကုန်းတစ်ခါမှမကြုံဘူးတဲ့စော်ကားခြင်းကိုခံလိုက်ရတာကြောင့် ကျယ်လောင်စွာအော်ပြောလိုက်သည်။

"မင်း ဘာကိုကြည့်နေတာလဲ မင်းနဲ့ပြိုင်နေတာငါလေ"

နောက်ထပ်ထိုးနှက်ချက်တစ်ခုနှင့်အတူအဖြူရောင်ဓားသွားကနေတဆင့်နောက်ဆုံးမှာတော့ကြွပ်ဆပ်တဲ့အသံတစ်ခုကြားလိုက်ရသည်။ သို့ပေမဲ့ လျိုရုကုန်း ပျော်ရွင်လို့မရခင်လေးမှာပဲ သူ့အရှေ့မှာရပ်နေတဲ့ လင်းရုဖေးကသူလက်ကိုမြှောက်ကာ သူကိုင်ထားသည့် သစ်သားဒိုင်းအကာကို‌ဝှေ့ယမ်းလိုက်သည်အားတွေ့လိုက်ရသည်။

လျိုရုကုန်းပြန်ပြီးမတုံ့ပြန်ရသေးခင်လေးမှာပဲ ကြီးမားသည့်အားတစ်ခုရုတ်တရက်ထွက်လာကာ သူ့ခန္ဓာကိုယ်ကိုပြင်းပြင်းထန်ထန်ရိုက်ချပစ်လိုက်တော့သည်။ သူရင်ဘတ်ကစူးခနဲနာကျင်သွားကာကြိုးပြတ်သွားတဲ့စွန်တစ်ခုလိုမျိုးလွင့်ထွက်သွားသည်။ သူမိန်းမောနေတဲ့အချိန်မှာ မြင်လိုက်ရတာက လင်းရုဖေးနားပတ်ပတ်လည်မှာ မရေမတွက်နိုင်သည့်ချွန်ထက်နေသောဓားတွေရှိနေတာကိုတွေ့လိုက်ရသည်။ လင်းရုဖေးကသေမျိုးတစ်ယောက်မဟုတ်သလိုမျိုး ဓားမိုးရွာနေသည်အား ဆီးနှင်းကဲ့သို့အေးစက်နေသောမျက်လုံးတွေဖြင့်သာမလှုပ်မယှက်ရပ်ကြည့်နေပေသည်။

လင်းရုဖေးက သူနှင့်ပြိုင်ဖို့အတွက်ဓားကိုဆွဲထုတ်ရန်ပင်မလို၊ ယင်းကမေ့မလဲခင်‌လေးအချိန်လေးတွင် လျိုရုကုန်းရဲ့စိတ်ထဲတစ်ခုတည်းတွေးမိတာဖြစ်သည်။

လျိုရုကုန်းသတိလစ်သွားချိန်တွင် လော့ရှန်အပေါ်ကအစိမ်းရောင်အလင်းတန်းတွေလည်းပျောက်ကွယ်သွားချေပြီ။ နွေရာသီဖြစ်နေတာကြောင့် အ၀တ်အများကြီးမ၀တ်ထားသည့်အပြင် ချီဓားအငွေ့အသက်ကိုကာကွယ်ဖို့ ဘယ်လိုသုံးရမလဲနားမလည်သေးတာကြောင့်ကောပေါင်းပြီး နောက်ဆုံး သူအ၀တ်တွေကစုတ်ပြဲသွားတော့သည်။ အင်္ကျီလက်တွေမရှိတော့ရုံသာမက သူရဲ့‌ဖြူဖျော့နေသည့်ခါးမှာလည်းပေါ်နေသေးသည်။ သပ်သပ်ရပ်ရပ်ချည်နှောင်ထားတဲ့ဆံပင်ရှည်တွေကလည်း သူပခုံးပေါ်၌ရှုပ်ပွစွာပျံ့ကျဲနေသည်။ ဖြူဖျော့နေသည့်မျက်နှာလေးနှင့်သူ့အားတစ်ယောက်ယောက်ကသာသူပုံကိုတွေ့ပါလျှင်ပြိုင်ပွဲကိုရှုံးသွားတဲ့လူကလင်းရုဖေးဟုထင်လောက်ပေ၏။

"ပြီးသွားပြီလား" လင်းရုဖေးက ကုရွမ်းတုကိုကြည့်ကာမေးလိုက်သည်။ သူ ယခုလိုလွယ်လွယ်နှင့်ပြီးသွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ကုရွမ်းတုကခေါင်းညိတ်ပြလိုက်သည်။

"လျိုရုကုန်း ဘယ်မှာလဲ"လင်းရုဖေးကမေးလိုက်သည်။

"သူ ဟိုမှာလှဲနေတယ် မင်း သူ့ကိုသတိလစ်သွားတဲ့အထိလုပ်လိုက်တာပဲ"

ကုရွမ်းတုက လင်းရုဖေးရဲ့ကူကယ်ရာမဲ့နေသည့်မျက်လုံး‌တွေအားကြည့်လိုက်သည်။ တခြားဓားသမားတွေက ဓားကိုသုံးပြီးသူမိသားစုက တစ်ယောက်ကမူ သူခန္ဒာကိုယ်ထဲကသဘာ၀ချီဓားအငွေ့အသက်ကိုမှီပြီးဒိုင်းအကာသုံးတိုက်ခိုက်ခြင်း၌ ပိုပြီး ထူးချွန်နေပေသည်။

လင်းရုဖေးသည် "အို့"ဟုသာအသံပြုလိုက်တော့သည်။ သက်ပြင်ချပြီးနောက် သစ်သားဒိုင်းအကာကိုနေရာလပ်လက်စွပ်ထဲပြန်ထည့်လိုက်သည်။ သူက မြေပြင်ပေါ်မှာသတိမေ့ပြီးလှဲလျောင်းနေတဲ့လျိုရုကုန်းကို သေချာမြင်ရသည်အထိရှေ့ကိုတိုးသွားလိုက်တယ်။ သူသတိလစ်သွားပေမဲ့လက်ထဲက လော့ရှန်ကိုမူ လုံး၀မလွှတ်လိုက်ပေ။

လင်းရုဖေးက"သူ အဆင်ပြေရဲ့လား"ဟုမေးလိုက်သည်။

ကုရွမ်းတုက"အပေါ်ယံပွန်းပဲ့တာလောက်လေးပါပဲ ဘာမှပြင်းပြင်းထန်ထန်မဟုတ်ပါဘူး"ဟုပြန်ဖြေလေသည်။