အပိုင်း ၈၃
Viewers 14k

Chapter 83
ပွဲပြီးနောက်...လျိုမိသားစု

_______


နောက်တစ်နေ့တွင် နေသာပြီးရာသီဥတုကအတော်လေးအဆင်ပြေသည်။

လင်းရုဖေးက လျိုအိမ်တော်ကိုဧည့်သည်များနှင့်အတူ၀င်ရောက်လိုက်ချိန်တွင် အဝေးက‌နေတဆင့် အနီရောင်မင်္ဂလာ၀တ်စုံ၀တ်ဆင်ထားသည့် လျိုရုကုန်းကိုတွေ့လိုက်ရ၏။ သူရဲ့‌ဘေးတွင် ကျက်သရေရှိပြီးအဆင့်အတန်မြင့်မားပုံရတဲ့ အမျိုးသမီးတစ်ဦးကထိုင်နေပြီး သူကိုပြုံးကာတစ်ခုခုပြောနေပုံရသည်။ ဤပုဂ္ဂိုလ်ကလျိုအိမ်တော်ရဲ့သခင်မကြီးလျိုရုကုန်း၏မွေးအမေဖြစ်ပုံရသည်။

လက်တွေ့ကျကျပြောရလျှင် သူမရဲ့သားက ဓားတစ်ချောင်းကိုလက်ထပ်ချင်နေပါလျှင် လျိုအမေက မဖြစ် ဖြစ်အောင် တားရန်ကြိုးစားသင့်ပေမဲ့ သူမရဲ့သဘောထားကိုကြည့်ရသည်မှာ အမှန်တရားကိုလက်ခံလိုက်ပုံပေါ်သည် ။သူမရဲ့မျက်ခုံး‌တွေကြားမှာ ၀မ်းနည်းနေတဲ့အရိပ်အယောင်တစ်ချို့ရှိနေပေမဲ့ အဆုံးတွင် သူမကပြုံးနေပေသည်။

လျိုရုကုန်းသည်လည်းပြုံးနေသည်။ သူကချောမောကြည့်ကောင်းနေပြီး သူရဲ့နက်မှောင်နေတဲ့ဆံပင်တွေကိုဆံထိန်းသရဖူဖြင့်ထုံးဖွဲထားကာ အနီရောင်၀တ်စုံဖြင့်တောက်ပနေသည်။ လင်းရုဖေးရဲ့အကြည့်ကသူ့ခါးမှာချိတ်ထားသည့် လော့ရှန်ထံကိုရောက်သွားလေသည်။ လော့ရှန်ရဲ့အစိမ်းရောင်ဓားရိုးမှာလည်းတောက်ပတဲ့အနီရောင်ပိုး ချည်နှောင်ထားကာ လောလောဆယ်လျိုရုကုန်း၏လက်ထဲမှာကိုင်ထားသည်။

လင်းရုဖေးရဲ့အကြည့်ကိုအာရုံခံမိသဖြင့် လျိုရုကုန်းကသူ့အမေကိုစကားပြောနေရပ်လိုက်ပြီး လင်းရုဖေး ကိုပြုံးပြကာ "လင်းကုန်းဇီ"ဟုခေါ်လိုက်သည်။

လင်းရုဖေးကလည်းပြန်ဖြေလိုက်သည်။

"မင်းဒီနေရာကို ကိုယ့်အိမ်ကိုယ့်ယာလိုသာ သဘောထား"

လျိုကုန်းဇီက လင်းရုဖေးထံ လျှောက်လာရင်းအပြုံးတစ်ခုဖြင့် "ဒီနေ့က အလုပ်ရှုပ်တဲ့ရက်ဆိုတော့ ဧည့်၀တ်မကျေပွန်ရင် ကျွန်တော်တို့ကိုခွင့်လွှတ်ပါ"

လင်းရုဖေးက သူအရမ်းကိုယဉ်ကျေးလွန်းနေပြီဟုသာပြန်ပြောလိုက်သည်။

လျိုရုကုန်းက လင်းရုဖေးကိုအပေါ်ဆုံးက ဧည့်သည်ထိုင်ခုံကိုခေါ်သွားကာ သူ့ကိုနေရာချပေးပြီးသည်နှင့် တခြားဧည့်သည်တွေကိုဧည့်ခံရန်ထွက်သွားလေသည်။ လင်းရုဖေးက ဘာမှလုပ်စရာမရှိတာကြောင့် စားပွဲပေါ်ကအခွံမာသီးတွေကိုသာ ဖြည်းဖြည်းချင်းစားနေပြီး ကုရွမ်းတုကိုပင် လက်တစ်ဆုပ်စာပေးလိုက်သေးသည်။ယခုတစ်ကြိမ်တွင်မူ လျိုအိမ်တော်က မင်္ဂလာပွဲကိုဖိတ်ကြားခဲ့သည့် လူတွေကသေချာပေါက်ကိုအရေးပါတဲ့ဧည့်သည်တွေဖြစ်သသည့်အပြင် လျိုအိမ်တော်နှင့်ကောင်းမွန်သည့် ဆက်ဆံရေးရှိတဲ့သူတွေဖြစ်၏။ ထိုလူတွေအားလုံးက လျိုရုကုန်းရဲ့စိတ်နေသဘောထားကိုသိကြပေသည်။ သူက ဓားတစ်ချောင်းကိုလက်ထပ်ချင်သည်ဟု ဆိုလာချိန်တွင်​ လူတော်တော်များများကနားမလည်နိုင်ဖြစ်သွားကြပေမယ့် လျိုရုကုန်းရဲ့အရှေ့တွင် မှတ်ချက်ပေးရဲသည့်သူတွေမှာ လက်တစ်ဖက်တည်းဖြင့်ပင်ရေတွက်လို့ရလေသည်။

မင်္ဂလာပွဲက ချောချောမွေ့မွေ့ဖြင့်ပြီးမြောက်သွားသည်။ လျိုရုကုန်းက ကောင်းကင်နှင့်မြေကြီးကိုတစ်ယောက်ထဲ ဂါရ၀ပြုလိုက်ပြီး တစ်ယောက်ထဲသတို့သမီးအခန်းထဲကို၀င်သွားလေသည်။

ဧည့်သည်တွေကြားက လေထုအခြေအနေကလည်း စိတ်အေးလက်အေးရှိမ‌နေချေ။ လူအုပ်ကြီးက အခမ်းအနားပြီးသည်နှင့် လျိုရုကုန်း စင်ပေါ်ကဆင်းသွားတာကိုမြင်တော့မှပဲ သူတို့လည်းသက်ပြင်းချနိုင်ပြီးဂုဏ်ပြုသည့်‌အ‌နေ့‌အ‌နေဖြင့် သူတို့ရဲ့ခွက်တွေကိုစတင်မြှောက်လိုက်ကြသည်။ လူတစ်ချို့ကလင်းရုဖေးနှင့် ခွက်တိုက်ပြီး သူကလင်းမိသားစုရဲ့လေးယောက်မြောက်သားဆိုတာကိုသိသွားကြပြီး သူတို့ကလွန်ခဲ့တဲ့ရက်အနည်းငယ်ကလျိုကုန်းဇီနှင့် ဓားပြိုင်ပွဲမှာအနိုင်ရတာကိုကြားကြောင်း ပြောပြီး သူ့ကို အလွန်လေးစားကြောင်းပြသကြသည်။

လင်းရုဖေးက ဤအကြောင်းပျံနှံနေပြီလို့မထင်ထားတာကြောင့် သူ့ခွက်ကိုမြှောက်ပြီး အလိုက်သင့်သာတုံပြန်လိုက်သည်။ သို့ပေမဲ့သူ့ရဲ့ အရက်သောက်နိုင်စွမ်းကနည်းတာကြောင့် မကြာခင်သူရဲ့ဖျော့တော့နေတဲ့ပါးပြင်တွေမှာအနီရောင်သန်းလာ၏။

သူထပ်ပြီးမသောက်သင့်တာကိုသိသဖြင့် စားပွဲကနေ လင်းရုဖေး ကိုယ်ဘာသာကိုထရပ်လိုက်သည်။ သူကလျိုအိမ်တော်ကိုအကျွမ်းတ၀င်မရှိလှတာကြောင့် တွေ့ရာလမ်းတစ်ခုကိုလျှောက်သွားလိုက်သည်။ အဆုံးတွင် လျိုအိမ်တော်ထဲ အနားယူလို့ရမဲ့တိတ်ဆိတ်တဲ့ထောင့်တစ်ခုကိုရှာတွေ့သွားသည်။

ယနေ့က သူတို့ကုန်းဇီရဲ့မင်္ဂလာပွဲဖြစ်တာကြောင့် လျိုအိမ်တော်ကသေချာပေါက်စည်ကားသက်၀င်‌နေသည်။

လင်းရုဖေးက နည်းနည်းမူးနေတာကြောင့် ကျောက်တုံးခုံပေါ်၌ထိုင်ပြီးမျက်လုံးပိတ်လျက်အနားယူနေလိုက်သည်။

ကုရွမ်းတုက"မင်း အိပ်ချင်ရင် ပြန်ကြရအောင်"ဟုပြောလာသည်။

လင်းရုဖေး : "ကျွန်တော် ဒီနေ့ လော့ရှန်ကိုမတွေ့မိသလိုပဲ"

လင်းရုဖေးက သူ့ဘာသာသူ ထပ်မံ၍ထောက်ခံလိုက်သည်။ "ဟုတ်တယ်"

လော့ရှန်က လျိုရုကုန်းရဲ့ဘေးမှာအမြဲပေါ်လာတတ်ပေမဲ့ ယနေ့တွင်မူအခမ်းအနားပြီးဆုံးသည်အထိမပေါ်လာခဲ့ပေ။ လင်းရုဖေးက မနေ့ကဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအကြောင်းတွေးရင်း သူအရင်စပြီး စိတ်ထင်ရာ မလုပ်သင့်ဘဲလျိုရုကုန်းကိုအရင်မေးခဲ့သင့်သည်ဟုတွေးနေမိ၏။ ကုရွမ်းတုက သူ့စိတ်ထဲနေလို့မကောင်းတာ မြင်သဖြင့် သူက တစ်ချက်တွေးတောပြီးနောက် စက္ကန့်ပိုင်းလောက်ပျောက်သွားတော့သည်။ သူပြန်လာချိန်တွင် သူလက်ထဲမှာအအေးဓာတ်လေးတွေတငွေ့ငွေ့ထွက်နေသည့် ဆန်ကိတ်နှစ်ခုယူလာလေသည်။ အပေါ်မှာစားချင်စဖွယ်ကောင်းသည့်

အညိုရောင်သကြားလွှာတစ်ခုရှိနေသည်။ လင်းရုဖေးကယူလိုက်ကာချက်ချင်းစားပစ်လိုက်၏။

ဆန်ကိတ်တွေကိုကောက်ညှင်းဆန်ဖြင့်ပြုလုပ်ထားကာ အပေါ်မှာရေခဲမှုန့်ပါးပါးလေးဖြူးထားသဖြင့်သူ့ပါးစပ်ထဲအရည်ပျော်သွားသည်။ သူ တစ်၀က်လောက်စားပြီးသည့်နောက်မှာ ဗိုက်ပြည့်သွားသည်။ သူကကျန်နေတဲ့တစ်၀က်ကိုကြည့်ပြီး အနည်းငယ်နှမျောတသဖြစ်မိနေချိန်တွင် ကုရွမ်းတုက သဘာ၀ကျကျသူ့နဘေးသို့ တိုးလာကာကိုက်စားလိုက်တော့သည်။

လင်းရုဖေးက ကုရွမ်းတုကိုစိတ်ရှုပ်သည့်ပုံဖြင့်ကြည့်လိုက်ကာ"ခင်ဗျား..."

ကုရွမ်းတုက သူဘာဖြစ်နေတာလဲဆိုတာကို သတိထားမိပုံမရသည့်ပုံဖြင့် မေးလာသည်။

"ဘာဖြစ်လို့လဲ။"

လင်းရုဖေးကခဏလောက်တိတ်ဆိတ်သွားကာ"ဘာမှမဟုတ်ဘူး"ဟု ဆိုပြီးခေါင်းသာခါပြလိုက်သည်။

နှစ်ယောက်သားဆန်မုန့်အေးတွေအတူစားပြီးနောက် လင်းရုဖေးကနည်းနည်းလောက်အမူးပြေသွားသည်။ သူပွဲထဲပြန်သွားပေမဲ့ လျိုရုကုန်းရဲ့ပုံကို ယခုအချိန်အထိမမြင်ရသေးပေ။ သာမာန်မင်္ဂလာပွဲကျင်းပတဲ့လုပ်ငန်းစဉ်အရဆိုရင် သတို့သားက ဧည့်သည်တွေကို‌ဧည့်ခံဖို့သေချာပေါက်အပြင်ကိုထွက်လာရပေမည်။ သို့ပေမဲ့ ယခုကပုံမှန်မဟုတ်တဲ့မင်္ဂလာပွဲဖြစ်နေသည်။ သူကလျိုရုကုန်းကိုလည်းမတွေ့တာကြောင့် ကျန်တဲ့ကိစ္စများကသိပ်အရေးမကြီးတော့ပေ။

လင်းရုဖေးက ယခုလိုမျိုးပွဲမျိုးတွေကိုမကြိုက်တာကြောင့်ရောက်တတ်ရာရာဆင်ခြေတစ်ခုပေးပြီးနောက် လျိုအိမ်တော်ကနေထွက်ခွာလိုက်သည်။ သူထွက်သွားပြီးမှသာ သူလျိုသခင်ကြီးကိုဖိတ်ကြားချက်မပေးရသေးတာကို သတိရသွား၏။ သို့ပေမယ့် သူရဲ့မျက်နှာအမှုအရာက ယနေ့မင်္ဂလာပွဲတွင်သိပ်မကောင်းလှတာကြောင့် သေချာပေါက်အချိန်ကောင်းမဟုတ်သေးပေ။

လျိုအိမ်တော်ရဲ့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြောင့် ကူစူးမြို့ကတစ်ရက်တာလောက် သက်၀င်စည်ကားနေလေသည်။

လင်းရုဖေးက တည်းခိုဆောင်ကိုပြန်သွားကာ ညသန်းခေါင်အထိအိပ်ပျော်သွားပြီးမှ အိပ်ချင်မူးတူးဖြင့်နိုးလာသည်။ သူက ရေနည်းနည်းငတ်နေတာကြောင့် လက်ဖက်ရည်သောက်ရန် အိပ်ချင်မူးတူးဖြင့်ထထိုင်လိုင်သည်။ သူကလက်ကိုမြောက်လိုက်ပြီးလက်ဖက်ရည်ခွက်ကိုလက်လှမ်းလိုက်သည်။

လင်းရုဖေးက ယူပြီးအလုပ်အနည်းငယ်လောက်သောက်လိုက်သည်။ သူရဲ့နှုတ်ခမ်းထက်တွင် ရေစက်လေးများပေသွားပြီးနောက် သူရဲ့မျက်နှာကပိုကြည်လင်လာသည်။

သူကနှစ်ကြိမ်လောက် ချောင်းဆိုးလိုက်ပြီးနောက် မေးလိုက်၏။

"ဘယ်အချိန်ရှိနေပြီလဲ"

ကုရွမ်းတုကပြန်ဖြေသည်။ "၁နာရီကျော်နေပြီ"

လင်းရုဖေးက"နည်းနည်းပူတယ်"ဟုရေရွတ်လိုက်သည်။

သူရေရွတ်လိုက်ရင်း သူရဲ့လျော့ရဲနေတဲ့အင်္ကျီကော်လာကိုဆွဲချလိုက်‌သဖြင့် သူရဲ့နှင်းလိုဖြူစွတ်နေတဲ့ညှပ်ရိုးပေါ်လာသည်။ ကုရွမ်းတုက လင်းရုဖေးကိုစိုက်ကြည့်နေပေမဲ့ မသက်မသာဖြစ်သွားတာကြောင့်သူ့အကြည့်ကိုရုတ်တရတ်ရွှေ့လိုက်သည်။ သူကထရပ်ပြီးနောက် ပြတင်းပေါက်ဆီလျှောက်သွားကာ တံခါးကိုဖွင့်လိုက်သည်။

လရောင်နှင့်အတူလေပြေလေညင်းလေးကလည်း အခန်းထဲကိုတိုး၀င်ရောက်လာသည်။

လင်းရုဖေးကပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်ကာ"လရောင်က အရမ်းလှတာပဲ"

"အင်း"ကုရွမ်းတုက နူးနူးညံညံပြန်ဖြေလိုက်သည်။

လင်းရုဖေးက အကြာကြီးအိပ်ထားတာကြောင့် ထပ်ပြီးအိပ်လို့မရတော့ချေ။ သူက အိပ်ယာပေါ်မှနေ ထထိုင်လိုက်ပြီးပြတင်းပေါက်ဆီလျှောက်သွားကာ အဝေးကိုလှမ်းကြည့်လိုက်သည်။

"ဟေး... သူဘာလို့ဒီရောက်နေတာလဲ"

ကုရွမ်းတု : "သူအိပ်လို့မပျော်လို့ဖြစ်မှာပေါ့"

ကူစူးမြို့ရဲ့အမြင့်ဆုံးအဆောက်အဦးပေါ်ရှိခေါင်မိုးပေါ်တွင် ပေါ်မလာသင့်တဲ့သူတစ်ဦးထိုင်နေလေသည်။ ထိုသူကတော့ယနေ့မင်္ဂလာပွဲရဲ့အဓိကဇာတ်လိုက် လျိုရုကုန်းဖြစ်လေသည်။ သူကအလွန်ကြည့်ကောင်းသည့်မင်္ဂလာ၀တ်စုံကို၀တ်ဆင်ထားဆဲဖြစ်ကာ သပ်သပ်ရပ်ရပ်ဆံထိန်းသရဖူနှင့်ချည်ထားတဲ့ဆံပင်တွေကမူဖရိုဖရဲဖြစ်နေလေသည်။ ဦးခေါင်းပေါ်ရှိဆံပင်တွေက ပခုံးပေါ်တွင် ရှုပ်ယှက်ခက်စွာဖြင့်ကျဆင်းနေသည်။ သူ့လက်ထဲမှာကိုင်ထားတဲ့အရက်အိုးကိုမရပ်မနား သူပါးစပ်ထဲလောင်းချနေတာကသူအရက်မူးမှာကိုမကြောက်သည့်အတိုင်းပင်။

ယင်းက၀မ်းနည်းစရာကောင်းသည့်မြင်ကွင်းတစ်ခုဖြစ်သင့်ပေမဲ့ လင်းရုဖေးကသူအနောက်မှာရပ်နေသည့်လူကို သေသေချာချာမြင်လိုက်သည့်အခါ သူဘယ်လိုလုပ်လုပ် ၀မ်းမနည်းနိုင်တော့ပေ။

ယင်းကရှစ်ပေလောက်အထိမြင့်ေသာသန်မာသည့်အမျိုးသားတစ်ဦးဖြစ်ကာ ပါးပြင်တွေကမူနီမြန်းနေပြီး မေးစေ့တွင်မူမုတ်ဆိတ်မွှေးရှည်ရှည်များရှိလေသည်။ သူ့လက်ထဲတွင် ဓားကြီးတစ်ခုကိုင်ဆောင်ထားပြီး လင်းရုဖေးက ရုတ်တရက် ဆရာကြီးကွမ်ယု၀င်စားတာလားဟုပင်ထင်သွားမိသည်။

အစက လင်းရုဖေးသည် သူအရှေ့ကမြင်ကွင်းမှာ သူသောက်တာများပြီးထင်ယောင်ထင်မှားဖြစ်နေတာဟု တွေးလိုက်မိသည်။ သူ့မျက်လုံးတွေကို ခပ်ပြင်းပြင်းပွတ်သပ်လိုက်ပြီးနောက် ထပ်ပြီးမျက်လုံးတွေနီရဲလာသည်အထိ ခပ်ပြင်းပြင်လေးပွတ်လိုက်ပြီးနောက် ကုရွမ်းတုကိုမေးလိုက်၏။

"လျိုရုကုန်း အနောက်က လူက.....ဘယ်သူလဲ"

ကုရွမ်းတုက တည်ငြိမ်စွာ​ဖြေသည်။

"သူ့ရဲ့အ၀တ်အစားတွေကြည့်ရတာ ကိုယ်တို့သိတဲ့လူထင်တယ်"

လင်းရုဖေး : “……”

သူရဲ့မျက်နှာအမှုအရာကအရမ်းကိုပျက်ယွင်းသွားတာကြောင့် ကုရွမ်းတုက သူ့အနောက်ကနေတဆင့် သူ့မျက်လုံးတွေကိုလက်ဖြင့်ကာလိုက်သည်။ သူရဲ့လက်တွေကနည်းနည်းအေးနေပေမယ့် လင်းရုဖေးရဲ့မျက်လုံးတွေကိုအလင်းရောင်အားလုံးကနေ အလုံးစုံကာကွယ်ပေးထားနိုင်လေသည်။

"ထပ်မကြည့်နဲ့တော့ အိပ်ချိန်ရောက်ပြီ"

လင်းရုဖေးက ဘာမှမပြောဘဲကုရွမ်းတုရဲ့လက်တွေကိုသူမျက်လုံးကနေတိတ်တိတ်လေးဆွဲခွာလိုက်သည်။

လျိုရုကုန်းရဲ့အနောက်မှာရပ်နေသည့် အစိမ်းရောင်အ၀တ်အစားနှင့်မုတ်ဆိတ်မွှေးရှည်ရှည်ဖြင့်လူကြီးက တရားဓမ္မဂိတ်၀ကို ကာကွယ်တဲ့သူနှင့် အလွန်အမင်းတူနေကာလွန်ခဲ့တဲ့ရက်အနည်းငယ်ကကျက်သရေရှိတဲ့နတ်သမီးပုံစံကမူ အစရှာမရအောင် ဘယ်ရောက်သွားလဲမသိပေ။ သူကလောလောဆယ် ရင်ဘက်နားကိုလက်ပိုက်ထားပြီး လျိုရုကုန်းရဲ့အနောက်မှာမှုန်မှိုင်းနေသည့် မျက်နှာဖြင့်ရပ်နေလေသည်။ မူလကအထီးကျန်ဆန်ဖို့ကောင်းသည့် ရှုခင်းကပြောပြခြင်းငှာမစွမ်းသာတဲ့ ကြောက်လန့်စရာဟာသကြီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။

သူ့ကိုတစ်ကြိမ်ထပ်ပိုပြီးသာ ကြည့်မိပါလျှင် သူက မင်းကို ဓားဆွဲပြီးခုတ်လောက်ပေသည်။

နောက်ဆုံး လင်းရုဖေးက ဘာစကားမှမပြောတော့ဘဲ တိတ်တဆိတ်လေး ပြတင်းပေါက်တံခါး‌ပိတ်လိုက်ကာ"ဘ၀ကြီးကအဓိပ္ပာယ်မရှိတော့ဘူး"ဆိုသည့်ပုံဖြင့်အိပ်ယာ၀င်သွားတော့၏။

ကုရွမ်းတုက ငိုရခက် ရီရခက် ဖြစ်နေသည်။ သူ့စိတ်ထဲမှာ တကယ်ကိုလျိုရုကုန်းရဲ့ဓားပီသတယ်ဟုသာ တွေးလိုက်မိသည်။ယင်းက တကယ်ကိုစိတ်အပြောင်းအလဲမြန်လေသည်။ လျိုရုကုန်းကစကားအနည်းငယ်လောက်ပဲပြောရသေးသော်လည်း ယနေ့တွင်မူ ထိုသူ၏သဘောအတိုင်း မုတ်ဆိတ်မွှေးရှည်ရှည်နှင့်လူကြီးပုံပြောင်းလိုက်လေသည်။ ဒါ့အပြင် သူရဲ့နောက်ကျောမှာဓားရှည်ကြီးတစ်ချောင်းကိုလည်းဆောင်ထားသေးသည်။ သူက လျိုရုကုန်းရဲ့နောက်မှာ လူသတ်ချင်နေသည့် အရိပ်အယောင်အပြည့်ဖြင့် တံခါးစောင့်တစ်ယောက်လို ရပ်နေ၏။

ဓားဝိညာဉ်တွေက ပုံပန်းသွင်ပြင်အတည်တကျလုံး၀မရှိပေ။ လင်းရုဖေးမြင်လိုက်ရသည်က မတော်တဆသာဖြစ်သည်။ ထို့ကြောင့်သူတို့လိုချင်တဲ့ပုံပန်းသွင်ပြင်က သူတို့ရဲ့နှလုံးသားပေါ်မူတည်ပြီးပေါ်လေသည်။ သို့ပေမဲ့ ကံကောင်းတာက လျိုရုကုန်းမမြင်နိုင်ပေ။

ကြီးကြီးမားမားထိုးနှက်ခံလိုက်ရတဲ့ လင်းရုဖေးက ညတစ်၀က်လောက် အိပ်လို့‌မပျော်တော့ပေ။ သူက နောက်တစ်နေ့တွင် အစောကြီးထပြီး လျိုအိမ်တော်သို့သွားကာ ဖိတ်ကြားချက်သွားပို့လိုက်ပြီးနာက် လျိုရုကုန်းကိုရှာကာ သူနောက်ရက်အနည်းငယ်အကြာတွင်ကူစူးမြို့ကနေထွက်ခွာဖို့စီစဉ်ထားကြောင်း နှုတ်ဆက်စကားပြောလိုက်သည်။

လျိုရုကုန်းက သူပြန်တော့မှာကိုကြားသည့်အခါ အားပေးစကားအနည်းငယ်ပြောပြီးတဲ့နောက်မှာ သူကဆက်ပြီးသူ့ကိုဖိအားမပေးတော့ပေ။ သို့ပေမဲ့ သူကြည့်ရတာ တစ်ခုခုပြောချင်နေသကဲ့သို့ အနည်းငယ် ချီတုံချတုံဖြစ်နေ၏။

လင်းရုဖေးက လျိုရုကုန်းနှင့်နှုတ်ဆက်ပြီးတာနဲ့ သူတို့တတေါဘယ်အချိန်မှပြန်တွေ့နိုင်မလဲဆိုတာကို မသိတာကြောင် သူပွင့်ပွင့်လင်းလင်းသာမေးလိုက်လေသည်။

"လျိုကုန်းဇီ...ကျွန်တော်ကိုပြောစရာတစ်ခုခုရှိလား"

လျိုရုကုန်းက ခဏလောက်တော့တုံ့ဆိုင်းသွားပြီးနောက် အသံတိုးတိုးလေးဖြင့်ဆိုလာသည်။

"လင်းကုန်းဇီ ကျွန်တော်အကူအညီတစ်ခုလောက်တောင်းရင် အရမ်းအရှက်မရှိရာများကျနေမလား"

လင်းရုဖေးကမေးလိုက်သည်။

"ကျွန်တော်ကိုအရင်ပြောပြကြည့်ပါလား"

လျိုရုကုန်းက ချောင်းခြောက် တစ်ချက်ဆိုးလိုက်ရင်း"ကျွန်တော်သိချင်တာက လင်းကုန်းဇီကျွန်တော်အတွက် လော့ရှန်ရဲ့ပုံတူကိုဆွဲပေးနိုင်မလား"

လင်းရုဖေးကစူးစမ်းသည့်ပုံဖြင့်"ဘာလို့ပုံတူပန်းချီကားလိုချင်တာလဲ"

လျိုရုကုန်းကရီမောလိုက်ပြီး"ကျွန်တော်ကဒီအတိုင်းအမှတ်တရအနေနဲ့သိမ်းထားချင်လို့ပါ"

သူအနေဖြင့် ထိုနေ့ညကအဖြစ်အပျက်တွေကို ပုံပြင်လိုမျိုးသဘောထားလိုက်မည်ဖြစ်ပြီး ပုံပြင်တွေဆိုတာက အချိန်ကြာမြင့်လာလျှင် အလွယ်တကူမေ့ပျောက်သွားနိုင်ပေသည်။ သူသာ တစ်ခုခုမချန်ထားခဲ့ပါလျှင် တစ်နေ့နေ့မှာ သူတကယ်ကြီးမေ့သွားခဲ့ပါက ထိုအချိန်ကျလျှင် သူသေချာပေါက်နောင်တရနေရလိမ့်မည်ပင်။

လင်းရုဖေးက သူရဲ့တောင်းဆိုချက်အား ခဏလောက်စဉ်းစားပြီးနောက် လျိုရုကုန်းရဲ့တောင်းဆိုမှုကိုသဘောတူလိုက်ပြီး သူ့ကိုရက်အနည်းငယ်ပေးရန်နှင့် လျိုရုကုန်းအားပုံတူပန်းချီကား‌ပို့ပေးမည်ဖြစ်ကြောင်းပြောလိုက်၏။

လျိုရုကုန်းကလင်းရုဖေး အမြန်သဘောတူလိုက်သည့်အခါ သူက၀မ်းသာလွန်းတာကြောင့် သူအနေဖြင့် လင်းရုဖေးကသူ့အ၀တ်အစားတွေကိုချွတ်သွားတဲ့အကြောင်းကိုနောက်ထပ်ဘယ်တော့မှမပြောတော့ဘူးဟုပြောလာသည်။

လင်းရုဖေးကလည်းရိုးရိုးသားသားပြောလည်းအဆင်ပြေပါကြောင်းပြန်​ပက်လိုက်သည်။

ဘာပဲဖြစ်ဖြစ် မျက်နှာပျက်ရမှာ သူမှမဟုတ်တာ။

လျိုရုကုန်းမှာ ခေတ္တခဏဆွံ့အသွားပြီးနေက် ဒေါသထောင်းခနဲထွက်ကျန်ခဲ့ရသည်။

လျိုအိမ်တော်ကနေထွက်လာသည်နှင့် လင်းရုဖေးကပန်းချီအတွက်ပစ္စည်း၀ယ်ရန်သွားလိုက်ပြီး ရက်အနည်းငယ်လောက် အချိန်ယူ၍လော့ရှန်ရဲ့ပုံကိုချဆွဲရန်ပြင်လိုက်သည်။

သူက ဓားရေးမလေ့ကျင့်နိုင်ပေမယ့် ဗျတ်စောင်းနှင့်ကဒ်ကစားတာကနေအစ လက်ရေးလှရေးတာနှင့်ပန်းချီဆွဲတာတဆုံးဟအကုန်လုံးတွင် ထူးချွန်လေသည်။ သူ့ရဲ့ပန်းချီတွေကပိုပြီးတော့တောင်မှချီးကျူးထိုက်သေးသည်။ လင်းရုဖေးက ယခုလိုမျိုးလှပတဲ့အသွင်အပြင်နှင်လော့ရှန်ကိုစက္ကူပေါ်တွင်ပုံဖော်ရန်ကဒုက္ခများသည်ဟု မထင်ပေ။

သို့ပေမဲ့ သူတည်းခိုဆောင်ကိုပြန်ရောက်ပြီးနောက် စက္ကူချကာဆွဲရန်ပြင်လိုက်စဥ်တွင် သူ့စုတ်တံကနေရာမှမရွှေ့နိုင်အောင်ချီတုံချတုံဖြစ်နေမိသည်။

ကုရွမ်းတုက သူမျက်မှောင်ကြုတ်‌နေတာကိုမြင်သည့်အခါ စပ်စုတဲ့ပာဲ့ဖြင့်မေးလာ၏။

"မင်း ဘာလို့မဆွဲတာလဲ"

လင်းရုဖေးက သူအားကြည့်လိုက်ပြီးနောက် ရယ်ရမလား၊ ငိုရမလားတောင်မသိတော့သဖြင့် "ကျွန်တော်က လော့ရှန်လို့စဉ်စားလိုက်တာနဲ့ ကျွန်တော်ခေါင်းထဲပေါ်လာတာ အကုန်လုံးကမုတ်ဆိတ်မွှေးရှည်ရှည်နဲ့လူကြီးပုံရိပ်တွေကိုပဲ"

ကုရွမ်းတုကအသံထွက်သည်အထိရယ်မောမိသွားသည်။

လင်းရုဖေးက သူဒုက္ခ‌ရောက်နေတာကို၀မ်းသာနေသည့်အတွက် မကျေမနပ်ဖြစ်သွားသည်။

သူကသက်ပြင်းချကာ စိုးရိမ်နေတဲ့မျက်နှာဖြင့် နှာခေါင်းကိုရှုံ့လိုက်ကာ"ကျွန်တော် ဘာလုပ်သင့်လဲ"

ကုရွမ်းတုရဲ့မျက်လုံးတွေကသူဘက်လှည့်လာပြီးနောက် ​မေးလေသည်။

"မင်းတကယ်ဆွဲချင်တာလား"

လင်းရုဖေး : "ကျွန်တော် လျိုရုကုန်းကိုကတိပေးထားတယ်"

ကုရွမ်းတု : "ဒါဆိုလည်း ကိုယ် မင်းကိုကူညီမယ်"

သူစကားပြောလို့ပြီးသည်နှင့် သူ့ရဲ့ရှည်လျားတဲ့အင်္ကျီ၀တ်ရုံလက်ကိုလှုပ်ခါလိုက်ပြီးနော် သူ့ခန္ဓာကိုယ်ရုတ်တရတ်ပြောင်းလဲသွားတော့သည်။ သူကအမှန်တကယ်ပင် လော့ရှန်ရဲ့ပုံပန်းသွင်ပြင်ကိုပြောင်းလိုက်တာဖြစ်၏။

လင်းရုဖေးက တောင့်တင်းသွားကာ"အကြီးအကဲ"

"ဘယ်သူကိုအကြီးအကဲလို့ခေါ်နေတာလဲ ဟမ်"

လော့ရှန်အဖြစ်ပြောင်းထားတဲ့ ကုရွမ်းတုကချိုမြိုန်သည့် အပြုံးတစ်ခုပြုံးပြလာသည်။ သူ့ရဲ့ဆွဲ‌ဆောင်မှုက လော့ရှန်အစစ်ထက်ပင်နည်းနည်းပိုပြီးဆွဲဆောင်မှုရှိနေသေးသည်။

စကားပြောနေရင်းမှ သူကလင်းရုဖေးအရှေ့ကိုလျှောက်လာကာသူမျက်နှာကိုမြှောက်ပြလိုက်ပြီး "မင်းသေချာမှတ်ထားနော်"

လင်းရုဖေး : “……”

'အကြီးအကဲ ခင်ဗျားကတကယ်ကို ဘယ်လိုလုပ်ရမလဲဆိုတာသိတာပဲ'


_ _____


Translated By IQ-Team.