အပိုင်း ၈၅
Viewers 14k

Chapter 85
ဖူမိသားစုရွာလေး

-------------------


ဖူမိသားစု၏ရွာလေးနှင့်ကူစူးမြို့ အလွှာနှစ်ခုမှာ ကွာခြားသည်။ ကူစူးမြို့သည် သီချင်းများ၊ အကအလှများဖြင့်ငြိမ်းချမ်းရေးပွဲတော်များကိုကျင်းပတတ်သည်။ ၎င်းကကြွယ်ဝချမ်းသာမှု၏ပြယုဂ်ပင်။ အခြားတစ်ဖက်၌မူ ဖူရွာမှမိသားစုများမှာ စားစရာပင်မလောက်ငှနိုင်ဘဲ အခြေခံစားသောက်ကုန်နှင့်အဝတ်အထည်များပင် ရရန်ခက်ခဲလှ၏။

လင်းရုဖေးသည်ခရီးတွင် ကောင်းကောင်းမွန်မွန်၀တ်နိုင်စားနိုင်သည့် ရွာသူရွာသားများအားသိပ်မတွေ့ခဲ့ရဘဲ နွမ်းဖတ်နေသောအဝတ်အစားများနှင့်လူအချို့ကိုသာမြင်တွေ့ခဲ့ရသည်။ ဤနေရာက ကပ်ဘေးဆိုးကြီးအားခံစားခဲ့ရသလို သူတို့၏ကိုယ်မှာပိန်လှီနေလေသည်။

လင်းရုဖေးအားအလွန်အမင်းထူးဆန်းစေခဲ့သောအရာကား လယ်ကွင်းဘေးနှစ်ဖက်တွင်စိုက်ပျိုးထားသော စပါးခင်းကြီးများပင်။ ရိတ်သိမ်းချိန်မရောက်သေးလင့်ကစား စပါးပင်များ၏ကြီးထွားနှုန်းကိုကြည့်ပါက ဤနှစ်သည် ထွက်နူန်းကောင်းသည့် နှစ်ကောင်းတစ်နှစ်ဖြစ်လိမ့်မည်။ လယ်သမားများမှာရာသီဥတုအပေါ်မှီတည်၍အသက်ဆက်နေရသည်ဆိုလျှင် ထိုစပါးပင်များနှင့်သာဆိုပါက သူတို့ဤပုံစံအတိုင်းနေထိုင်ရန်မသင့်ပေ။

လင်းရုဖေး လှည်းပေါ်ခေါ်တင်လာသည့်ကလေးငယ်မှာ ဖူဟွားပေးထားသောစားစရာများကို အငမ်းမရထိုင်စားနေသည်။ အဆိုပါကလေးသည် ကိုယ်လုံးသေးသေးလေဖြင့် အံ့ဩစရာကောင်းလောက်အောင်စားနိုင်ပြီး သူ၏ဗိုက်လေးလုံးမလာမချင်းစားနိုင်၏။ လင်းရုဖေးမှာထိုကလေးဗိုက်ပွလာမည်ကိုစိုးရိမ်၍ ဖူဟွားအား ကျန်သောရိက္ခာခြောက်များကိုအမြန်ဖယ်ခိုင်းလိုက်ရသည်။ ကလေးငယ်သည်သူ၏အရှေ့မှရိက္ခာခြောက်များကုန်သွားသည်ကိုတွေ့သည့်အခါ မျက်ရည်များဝိုင်းလာသည်။ သို့သော် သူသည်ဂျီမကျဘဲဖူဟွားကိုသာမျက်ရည်အဝိုင်းသားဖြင့်ကြည့်နေသည်။ ဖူဟွားမွာ သူ၏အကြည့်ကိုမခံနိုင်တော့၍ လင်းရုဖေးကိုသာကူကယ်ရာမဲ့စွာဖြင့်လှမ်းကြည့်ရသည်။

လင်းရုဖေးကား အတော်လေးခေါင်းကိုက်ရချေပြီ။ သူကိုယ်တိုင်လည်း ကလေးများကိုဝေစားမျှစားခဲသည်။ မုန့်ပေးလိုက်ပြန်လျှင်လည်းဗိုက်နာမည်စိုးရသည်။ မပေးပြန်လျှင်လည်း ထိုစိတ်ညစ်စရာကောင်းသောအကြည့်ကိုသည်းမခံနိုင်ပေ။

ခဏတာ တွေးတောကြည့်ပြီးနောက် လင်းရုဖေးအကြံရလာသည်။ သူ၏ဝတ်ရုံလက်စအတွင်း ကူးစူးမှဝယ်လာသောသကြားလုံးပျော့ကိုထုတ်လိုက်သည်။ သကြားလုံးပျော့သည် အင်မတန်ရောင်းရသည်။ အပြင်ဘက်အခွံသည်ရွှေရောင်နှင့်ဖြစ်ကာ ပယင်းကျောက်ပုံမျိုးလေးရှိသည်။ ၎င်းကပျော့ပျောင်းပြီး အချိုမကဲသောသရေစာမျိုးဖြစ်၏။ ကုရွှမ်းတုကကြိုက်တတ်သောကြောင့် လင်းရုဖေးမှာအပိုဆောင်းဝယ်လာကာသူ၏အိတ်ထဲတွင်ထည့်ထားပြီး တစ်လုံးချင်းထုတ်ကျွေးရန်စီစဉ်ထားသည်။

ကလေးသည် သကြားလုံးတွေ့သည်နှင့်တမဟုတ်ချင်းအငိုတိတ်သွားသည်။ သို့ထိတိုင်သူသည် မတောင်းရဲသောကြောင့် လင်းရုဖေးကိုသာစပ်စုလိုသောမျက်လုံးဖြင့်ကြည့်နေသည်။

လင်းရုဖေးသည် သကြားလုံးကိုသူ၏ပါးစပ်ထဲထည့်ပေးကာ: "မင်းမုန့်အခြောက်တွေထပ်မစားရတော့ဘူး ဗိုက်နာလိမ့်မယ်"

သကြားလုံးရသွားသည်နှင့် ကလေးက ပျော်ရွှင်သွားပြီးကျေးဇူးတင်စကားကိုမဝံမရဲပြောလာသည်။ ထိုကလေးသည် သနားစရာကောင်းပြီး ပိန်ပါးသေးငယ်သော်ငြား သူမြင်တွေ့ခဲ့ဖူးသောကလေးများလောက်မရိုင်းစိုင်းချေ။ သကြားလုံးကိုလည်းဆွဲမယူဘဲ ရချိန်တွင်လည်းကျေးဇူးတင်စကားပြောရန်မမေ့ပေ။

လင်းရုဖေးသည် ကလေးကိုမေးခွန်းအချို့မေးကြည့်သည့်အခါ သူ၏အမည်မှာမော့မော့ဖြစ်ကြောင်းသိရသည်။ သူသည်ဖူရွာတွင်နေသည့်အချက်မှအပ ကျန်မေးခွန်းများမှာအဖြေမရပေ။ အချို့အချက်အလတ်များမေးမြန်းသည့်အခါတွင် မရေမရာဖြစ်နေသည်။ အများစုကိုလင်းရုဖေးကိုယ်တိုင်သာခန့်မှန်းလိုက်ရ၏။

လင်းရုဖေးမူလကထင်ခဲ့သည်မှာ ဖြတ်လမ်းကဖူရွာနှင့်မဝေးလောက်ဟုပင်။ ကောင်းကင်ကမှောင်နေပြီဖြစ်ကာ အိမ်ခြေများကို ယခုအထိမမြင်ရသေးပေ။ ကူကယ်ရာမဲ့စွာဖြင့် သူတို့မှာလှည်းပေါ်တွင်သာတစ်ညနေရန်စီစဉ်လိုက်ရသည်။ ကလေးသည် အစားများပြည့်အင့်အောင်စားထားပြီးဖြစ်၍ ဘောလုံးတစ်လုံးပမာကွေးအိပ်နေပြီဖြစ်သော်ငြား တည်ငြိမ်ခြင်းသိပ်မရှိချေ။ အချိန်တိုင်း သူ၏မျက်လုံးများကဖွင့်လာတတ်ပြီး ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်တတ်သည်၊ ယင်းကား ယခင်တည်းကရှိခဲ့သောအလေ့အထကစွဲမြဲနေပုံရ၏။

လင်းရုဖေးသည် လှည်းပေါ်တွင်တစ်ချိန်လုံးထိုင်လာရသောကြောင့် ပင်ပန်းနေလေရာ အနားရသည့်အချိန်လေးတွင်လှည်းတွင်းမှထွက်ကာ အပြင်၌ခြေဆန့်လက်ဆန့်လုပ်သည်။

လမ်းမ၏ဘေးတစ်ဖက်စီတွင် စားပင်များစိုက်ထားသည်။ ရေတံခွန်ပမာဖြာဆင်းနေသောဂျုံခင်းများ၊ လူတစ်ရပ်စာထက်မြင့်သောပြောင်းပင်များလည်းအပါအဝင်ပင်။

လင်းရုဖေးသည် ထူထပ်လှသောပြောင်းခင်းကြီးအားကြည့်ကာ: "စပါးပင်ခင်းတွေများလိုက်တာ ဘာလို့ဒီလောက်တောင် ကြီးပြီးများနေရတာလဲ"

ကုရွှမ်းတု : "မထူးဆန်းဘူးလား"

လင်းရုဖေး : "ထူးဆန်းလို့လား"

ကုရွှမ်းတု : "မင်းလယ်ကွင်းထဲမှာအလုပ်လုပ်နေတဲ့ လူတွေမြင်ဖူးလား"

လင်းရုဖေးကတွေဝေနေဟန်ဖြင့်ခေါင်းခါပြသည်။ သူလာခဲ့သည့်လမ်းတစ်လျှောက်တွင် လယ်လုပ်နေသောလူတစ်ယောက်မှမတွေ့ခဲ့ရဘဲ လမ်းပေါ်ထိုင်နေသူများကိုသာမြင်ခဲ့ရသည်။ သူတို့၏ပုံစံမှာလယ်ထဲတွင်အလုပ်လုပ်သောလယ်သမားများနှင့်မတူပေ။ လယ်သမားများမှာ အလုပ်ကြိုးစားလင့်ကစား သူတို့ကဲ့သို့ ပိုမိုကောင်းမွန်သည့်ဘဝသို့ရောက်မလာဘဲ ပိုပင်ပန်းနွမ်းနှယ်နေပုံသာရှိ၏။

ကုရွှမ်းတု : "လောကကြီးမှာအကျိုးနဲ့အကြောင်းဆိုတာအမြဲရှိတယ် သူတို့ဒီလိုနေရတာလည်း အကြောင်းအရင်းရှိတယ်"

လင်းရုဖေးကထောက်ခံပြီးနောက် လှည်းတွင်းမှကလေးအကြောင်းကိုစကားအနည်းငယ်ပြောဖြစ်ကြသည်။ သို့သော် စကားအနည်းငယ်နှင့်ပင်ကုရွှမ်းတု၏အမူအရာကထူးဆန်းလာသည်။

"အကြီးအကဲက ကလေးတွေကိုသဘောမကျဘူးလား"

လင်းရုဖေးသည် အနှီဖြစ်နိုင်ချေကိုသာဖော်ထုတ်မိ၏။

ကုရွှမ်းတု : "မင်းကတော့ကလေးတွေကို အရမ်းသဘောကျမှာပေါ့"

လင်းရုဖေးကပြုံးသည်။ "ဒါပေါ့ ကျွန်တော်ကတော့သဘောကျတယ်"

ကုရွှမ်းတုကသက်ပြင်းချကာ: "ကိုယ်ကတော့ သူတို့ကိုမကြိုက်ဘူး အထူးသဖြင့်သူ့လိုကလေးမျိုး...."

သူသည်ထိုသို့ပြောနေပေမယ့် မနှစ်မြို့သည့်အသံအနေအထားမရှိပေ။ ၎င်းထက်လင်းရုဖေးနားမလည်နိုင်သော ဝမ်းနည်းမှုတစ်မျိုးကိုသာခံစားလိုက်ရသည်။

လင်းရုဖေး : "ဘာလို့သူတို့ကိုသဘောမကျတာလဲ"

ကုရွှမ်းတုသည်လင်းရုဖေးအား အဓိပ္ပါယ်တချို့ဖြင့်ကြည့်လိုက်ပြီး "ကလေးတွေက ဘာမှနားမလည်ဘူးလို့မင်းထင်တယ်မဟုတ်လား ဒါပေမဲ့ တကယ်တော့သူတို့ကနားလည်တယ်..."

လင်းရုဖေးသည် နဝေတိမ်တောင်ဖြစ်နေဆဲပင်။

ကုရွှမ်းတုကလက်အားဝှေ့ယမ်း၍စကားခေါင်းစဉ်အားအမြန်ပြောင်းလိုက်သည်။ သူသည်ဖူရွာ၏ထူးဆန်းနေမှုအကြောင်းနှင့်အနှီအကြောင်းကြားစာအား အမှန်တကယ်သွားပို့ပေးရမည့်သူအကြောင်းကိုမေးလာသည်။

အမည်အရ နေရာသည်ဖူရွာဖြစ်ပြီး လူအများစုမှာဖူမျိုးရိုးများသာဖြစ်ကြသည်။ လင်းရုဖေး အကြောင်းကြားစာအားသွားပို့ပေးချင်သူမှာရိုင်းစိုင်းလှသော အဆဲစကားလုံးနှစ်လုံးဖြစ်သော ဖူယွိဆိုသောသူပင်။

ဖူယွိသည် ငယ်ရွယ်စဉ်ကအမည်ကျော်ကြားခဲ့သူဖြစ်မည်ဟုဆိုရမည်။ သို့သော် လျိုရုကုန်းကဲ့သို့ အထက်တန်းလွှာများနှင့်နှိုင်းယှဉ်ရန်မှာခက်ခဲသည်။ အနှီသူ၏ဓားစွမ်းရည်မှာ မိသားစုထံမှလက်ဆင့်ကမ်းလာခြင်းမျိုးမဟုတ်သော်ငြား တစ်ဖက်ကမ်းခပ်ရောက်လွန်းသည်။ တစ်ခါကအဆိုရှိသည်မှာ သူသည်လှည့်လည်သွားလာရင်း တောင်ကမ်းပါးမှပြုတ်ကျကာ တောင်အောက်မှအကြီးအကဲတစ်ယောက်ထံတွင်သင်ပြခံခဲ့ရပြီး ဓားစွမ်းရည်လည်းတဟုန်ထိုးတိုးတက်လာသည်ဟူ၏။ သူသည် များပြားလှသောအကျော်အမော်များကိုအနိုင်ရခဲ့ပြီး သူ့ကိုယ်သူသိုင်းလောကတွင်အမည်တွင်စေခဲ့သည်။ ထိုမတိုင်ခင်အထိ မည်သူမှ ဖူရွာကိုမသိကြဘဲ သူ၏ဖူယွိဟူသောအမည်ပေါ်ပေါက်လာမှသာ ဖူရွာမှာလည်းတဖြည်းဖြည်းကျော်ကြားလာတော့၏။

သို့သော် ဖူရွာ၏အခြေအနေအားတစ်ချက်ကြည့်ရုံဖြင့် ဖူယွိ၏ကျော်ကြားမှုကြောင့် ရွာရှိလူတိုင်းကမတိုးတက်လာတာကိုတွေ့နိုင်သည်။ သူတို့မှာ မစားနိုင်မဝတ်နိုင်သောစိတ်ပျက်ဖွယ်ရာအခြေအနေတွင်ဆက်ရှိနေကြဆဲပင်။

လင်းရုဖေးမတိုင်ခင် ခွန်းလွန်တောင်ရှိမည်သူမှဖူရွာအကြောင်းမသိကြချေ၊ လင်းရုဖေးကသာပထမဆုံးတစ်ယောက်ဖြစ်လာခဲ့သည်။

သို့ဖြစ်၍ ဤအခြေအနေကိုမြင်လိုက်ရချိန်တွင် သူအံ့ဩသွားခဲ့ရခြင်းဖြစ်သည်။

ကုရွှမ်းတုသည် လင်းရုဖေးပြောသမျှကိုနားထောင်နေသည်။ သူသည် ထိုဖူယွိကိုစိတ်မဝင်စားသောကြောင့် ပျင်းရိငြီးငွေ့စွာသမ်းဝေ၍ လင်းရုဖေးအားအိပ်ချင်လားဟုမေးလာ၏။

လင်းရုဖေး : "အင်း ကျွန်တော်အိပ်ချင်လာပြီ ပြန်ပြီးအနားယူရအောင်"

လင်းရုဖေးက အပြင်တွင်အညောင်းအညာဆန့်ပြီး၍ ဆေးကြောကာလှည်းထဲဝင်၍လှဲချလိုက်သည်နှင့် တချိုးတည်းအိပ်ပျော်သွားသည်။

ညကား တိတ်ဆိတ်လွန်းလှသည်။ လင်းရုဖေးသည်နေရောင်အောက်တွင်ငြိမ့်ညောင်းစွာထွက်လာသည့် ငှက်ကလေးများ၏နံနက်ခင်းတေးဆိုသံကြောင့် ရီဝေနေသောမျက်လုံးများကိုဖွင့်လိုက်သည်။ သူ၏မျက်လုံးများက သူနှင့်မျက်နှာချင်းဆိုင်၌ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောမော့မော့ထံရောက်သွား၏။

' မော့မော့....ချစ်စရာကောင်းတဲ့နာမည်ပဲ... '

လင်းရုဖေး၏ဦးနှောက်အတွင်းသို့ အတွေးတစ်စဝင်လာသည်။

ဖူဟွားသည် လင်းရုဖေးနိုးလာသည်ကိုမြင်သည့်အခါ ဆေးကြောသုတ်သင်ရန် ရေနွေးယူလာပေးပြီး မနက်စာစားချင်လားဟုမေးသည်။

လင်းရုဖေး : "ပေါက်စီဆိုရင်ရော..."

ဖူဟွားကရယ်၍ : "သခင်လေးကရုတ်တရက်ကြီး ဘာလို့ပေါက်စီစားချင်လာတာလဲ"

လင်းရုဖေးက ကလေးကိုလက်ညိုးထိုးကာ : "သူ့နာမည်မော့မော့မဟုတ်လား"

ကလေးမှာ ၎င်းစကားကြားရသည့်အခါ နှစ်စက္ကန့်ခန့်အေးခဲသွားသည်။

ထိတ်လန့်နေသောအမူအရာဖြင့် ဝူးဝူးဝါးဝါးအော်ဟစ်လာသည်မှာ : "မဟုတ်ဘူး....မော့မော့ကိုမစားပါနဲ့...မစားပါနဲ့...အရသာမကောင်းဘူး...."

သူက သေချာပေါက်လင်းရုဖေးစကားကိုအဓိပ္ပါယ်ကောက်လွဲသွားကာ လင်းရုဖေးကသူ့အားစားချင်နေသည်ဟုထင်သွား၏။

လင်းရုဖေးမှာ သူ၏အပြုအမူကြောင့်ကြောင်အသွားရသည်။

ထိုကလေး၏ရဲတွက်နေသောမျက်နှာကို ခပ်ဖွဖွလေးဆွဲညှစ်၍ခ: "ငါမင်းကိုစားတောင်မစားကြည့်ရသေးဘူး မကောင်းဘူးဆိုတာ ဘယ်လိုလုပ်သိမှာလဲ"

မော့မော့၏မျက်လုံးဝိုင်းလေးများက ပြူးလာသည်။

သူကစတင်ပြီး တဟင်းဟင်းနှင့်ငိုယိုတော့၏ : "မဟုတ်ဘူး...အရသာမကောင်းဘူး....ဝူး...ဝူး..ဝူး"

ပြောနေသော်ငြား သူသည်မရုန်းရဲရှာချေ။ သူ၏ကြောက်နေသောပုံစံက ကြောက်လန့်နေသော ယုန်လေးတစ်ကောင်လိုဖြစ်နေသည်။

လင်းရုဖေးက မထိန်းနိုင်တော့သဖြင့် အော်ရယ်မိတော့သည်။

ဖူဟွားသည် သူတို့မိသားစုမှသခင်ငယ်လေးက ကလေးတစ်ယောက်အားအရုပ်တစ်ရုပ်နှယ်ကျီစယ်နေသည်ကိုတွေ့ရသည့်အခါ 'သခင်လေး' ဟုခေါ်ပြီး ကလေးက အားနည်းချုချာ၍ကြောက်အောင်မခြောက်ရန်သတိပေးရ၏။

ထိုအခါ လင်းရုဖေးကဆက်မလုပ်တော့ပေ။ မော့မော့၏ပါးကိုပွတ်သပ်ပေးပြီး ကလေးအားချော့ရန်သကြားလုံးထုတ်လိုက်သည်။ အကြီးမားဆုံးယုံကြည်ချက်က သကြားလုံးပေါ်တွင်မူတည်သည်။ သကြားလုံးပါးစပ်ထဲရောက်သည်နှင့်ကလေးကအငိုတိတ်သွားသည်။ မျက်လုံးထဲမျက်ရည်များ၀ဲနေလျက်ဖြင့် ရှိုက်နေရင်းကျေးဇူးတင်စကားကို မမေ့မပျောက် ဆို​သေး၏။

လင်းရုဖေးသည် ကလေးတစ်ယောက်အားအနိုင်ကျင့်မိသလိုဖြစ်၍ အပြစ်မကင်းသလိုခံစားရသည်။

သူက ချောင်းအသာဟမ့်၍ : "ဒါဆို မော့မော့ကိုမစားတော့ဘူး အစာကြေလွယ်တဲ့ဆန်ပြုတ်ပဲစားတော့မယ်"

ကလေးသည်မနေ့ညက အစားအလွန်အကျွံစားထား၍ မနက်စာအားအများကြီးကျွေးမိလျှင် ထိုကလေး၏အစာအိမ်ပွလာပေလိမ့်မည်။

ဖူဟွားကလက်ခံပြီး ယွီရွေ့နှင့်အတူဆန်ပြုတ်လုပ်ရန်အောက်ဆင်းသွားသည်။

ကလေးက ပြောင်းဖူးအရသာသကြားလုံးအားမြိန်ရေယှက်ရေစားနေသည်။ ဖူဟွားနှင့်ယွီရွေ့ကမီးမွှေးရန်ပြင်နေသည်ကိုမြင်သည်တွင် သူလှည်းထဲမှဖြည်းဖြည်းချင်းထွက်လာသည်။ သူတို့အနားမှတောအုပ်လေးထဲသွားပြီး ပြန်လာသည့်အခါသူ၏လက်ထဲတွင်ထင်းတစ်စည်းပါလာသည်။ သူသည်ဖူဟွားနှင့်ယွီရွေ့တို့အနားသို့ လှုပ်လီလှုပ်ယဲ့သွားကာ ထင်းစည်းအားချပြီးရှက်နေဟန်ဖြင့်ဆို၏။

"အစ်မ"

ဖူဟွားနှင့်ယွီရွေ့သည် ၎င်းမြင်ကွင်းကြောင့် သူတို့၏မိခင်စိတ်များပွင့်ထွက်လာကြသည်။ သူတို့သည် ကောင်လေးအားဖက်၍အနမ်းကြမ်းကြမ်းပေးကြတော့သည်။ မော့မော့သည် အနမ်းခံလိုက်ရ၍ဘာပြောရမှန်းမသိတော့ချေ၊ အမှန်တွင်သူကစိုးရိမ်နေခဲ့သည်။ သူက ညစ်ပတ်ပေရေနေပြီးပိန်သေးလွန်းသောကြောင့် အရသာမရှိဟူ၍အထစ်ထစ်အငေါ့ငေါ့ပြောနေသေးသည်။

လင်းရုဖေးကကြည့်ကာဝါးလုံးကွဲရယ်မောတော့သည်။

သူရယ်ပြီးလှည့်လိုက်သည်တွင် ကုရွှမ်းတုသည်ထိုကလေးအားမည်းမှောင်နေသောအမူအရာဖြင့်ကြည့်နေသည်အားမြင်လိုက်ရသည်။ သူ့အားသတိထားမိသွားချိန်၌ မည်းမှောင်နေသောပုံစံကတမဟုတ်ချင်းပျောက်သွားကာ ယခင်ကအတိုင်းအားမရှိသောအကြည့်မျိုးပြန်ဖြစ်သွားသည်။ သူတွေ့လိုက်ရသော အုံ့မှိုင်းနေသောမျက်နှာကထင်ယောင်ထင်မှားဖြစ်သွားခဲ့သလိုမျိုးပင်။

လင်းရုဖေး : "အကြီးအကဲ"

ကုရွှမ်းတုက ညင်လှသော 'အင်း' ဆိုသောအသံဖြင့်တုံ့ပြန်သည်။

လင်းရုဖေး : ".....ကလေးမှာဘာပြဿနာရှိလို့လဲဟင်"

၎င်းက ကုရွှမ်းတုအား သံသယရှိနေသောအကြည့်မျိုးဖြစ်စေသည်။ ရှဲ့အိမ်တော်တွင်ရှိနေစဉ်ကပင် ကုရွှမ်းတုထံတွင်ထိုသို့သောအကြည့်မျိုးကိုမမြင်ခဲ့ရချေ။

မည်သူကထင်ပါမည်နည်း၊ ကုရွှမ်းတုကထိုမေးခွန်းကိုခေါင်းယမ်းကာ : "ဘာမှမဖြစ်ပါဘူး ဒီကလေးက သာမန်အတိုင်း....လိမ္မာတဲ့ကလေးပဲ"

အဆိုပါ "လိမ္မာတယ်" ဆိုသောစကားလုံးသုံးလုံးတွင် လေသံအနေအထားကအနည်းငယ်မာရေကြောရေဖြစ်နေသည်။

လင်းရုဖေးသည် ထို "လိမ္မာတယ်" ဆိုသောစကားကြောင့် သူ၏အသည်းနှလုံးကလှုပ်ခါသွားရပြီး : "သူကတကယ် ဘာမှမဖြစ်ပါဘူးနော်"

ကုရွှမ်းတု : "သာမန်ကလေးပါပဲ ဘာလဲ မင်းကမှားနေတယ်ထင်လို့လား"

လင်းရုဖေးသည် ကုရွှမ်းတုတစ်ယောက်ကလေးအပေါ်ရန်လိုနေစိတ်အားလုံးဝသတိမထားမိပုံအားကြည့်ပြီနောက် ဆွံ့အသွားလေသည်။

ကုရွှမ်းတုသည် လင်းရုဖေးတိတ်ဆိတ်သွားသောကြောင့်တစ်ခုခုအားအာရုံရသွားကာ ပေါ့ပေါ့ပါးပါးလေးပြောလာ၏။

"ဒါပေမဲ့ အဲဒီကလေးကိုတွေ့ရတော့ ကိုယ့် အတိတ်က ကိစ္စတစ်ခုကိုသတိရမိတယ်"

လင်းရုဖေးခ: "အတိတ်ကကိစ္စလား"

ကုရွှမ်းတု : "အင်း သိပ်ပြီးကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး ဒါပေမဲ့ ကလေးနဲ့လည်းမဆိုင်ပါဘူး"

လင်းရုဖေးကသက်ပြင်းချပြီး သူ့စိတ်ထဲတွေးနေမိသည်မှာ: ကုရွှမ်းတုက ကလေးတွေနဲ့ဆက်ဆံခဲလို့ သူ့အရှေ့မှာကလေးတွေမြင်ရင်ရန်လိုတတ်တာများလား။ သို့သော် ကုရွှမ်းတုကလည်း မပြောချင်၍ လင်းရုဖေးမှာ အတည်ပြုနိုင်မည့်အဖြေကိုမရနိုင်ပေ။

ဖူဟွားနှင့်လင်းရုဖေးဘက်တွင် ဆန်ပြုတ်ကျက်သွားချေပြီ။ သူတို့သည်လင်းရုဖေးအတွက်ပန်းကန်လုံးလေးအတွင်းထည့်ကာ အလျင်ယူလာပေးသည်။ ကျန်တာကို မော့မော့နှင့်အတူစားကြသည်။ ဆန်ပြုတ်ကမပျစ်ပေ။ ဘာလီဆန်အချို့၊ စွံပလွန်သီးနှင့်အခြားဟင်းခတ်အမွှေးအကြိုင်များလည်းပါသည်။ လင်းရုဖေးကစိတ်ပါဝင်စားခြင်းမရှိစွာစားနေပြီး မော့မော့ကားအကြိုက်တွေ့နေသည်။ ကျန်သည့်ဆန်ပြုတ်များအကုန်လုံးကိုသူသာအပြတ်ရှင်းသွားခဲ့ခြင်းပင်။

စားပြီးသည့်နောက် လှည်းကဆက်သွားသည်။ လမ်းမကြီးကားအရှေ့တွင်ဖြောင့်ဖြူးနေ၏။

သူတို့သည် ဖူမိသားစု၏ရွာနှင့် တဖြည်းဖြည်းနီးကပ်လာသည်။ လမ်းဘေးနှစ်ဖက်မှလူများနှင့်အဆောက်အအုံများထူထပ်လာသည်။ သို့သော် သက်ကယ်အမိုး သို့မဟုတ် ရွှံ့နှင့်ဆောက်ထားသောအိမ်၊ အုတ်နှင့်ဆောက်ထားသည့်အိမ်များကိုမူမတွေ့ခဲ့ရပေ။ သူတို့မြင်တွေ့ရသည့်လူများမှာ ပို၍ပင်ကြောက်စရာကောင်းလာသည်။ အနှီသူတို့သည်လမ်းဘေးတွင်ထိုင်နေပြီးဘာမှမလုပ်ကြချေ။ သူတို့၏ငြိမ်သက်နေသောအကြည့်သည် လှည်းသွားရာအနောက်သို့လိုက်နေပြီး လုံးဝမလှုပ်ရှားသဖြင့်ပို၍ပင်ထူးဆန်းနေသည်။