အပိုင်း ၈၆
Viewers 14k

Chapter 86



မူလ၌ ယွီရွေ့သည်အပြင်တွင်လှည်းမောင်းနေရာမှ ထိုသူတို့၏မျက်လုံးအကြည့်များကိုကြောက်လာသဖြင့် နေရာလဲရန်ဖူဟွားအားလှမ်းခေါ်လိုက်သည်။

ယွီရွေ့ကတုန်ယင်စွာဖြင့်ဆိုသည် : "ဖူရွာကထူးဆန်းနေတယ် ဒီလူတွေကရွာသားတွေလား ဘာမှမလုပ်ဘဲလမ်းဘေးမှာဘာထိုင်လုပ်နေနေကြတာလဲ"

လင်းရုဖေးမှာလည်း သူ မခန့်မှန်းတတ်ကြောင်းခေါင်းယမ်းပြသည်။

လှည်းသည်ဘီးဆက်လှိမ့်လာပြီးနောက် မကြာခင် တံတိုင်းအမြင့်ကြီးကာရံထားသော အစောင့်အကြပ်ရှိနေသည့် ဖူရွာ၏အဝင်ဝသို့ရောက်လာသည်။ အစောင့်များမှာ နံဘေးတွင်ရွာသားများနှင့်စောင့်ကြပ်နေသည်။ သူတို့သည်ထူးထူးခြားခြားဝတ်ဆင်ထားပြီး ဓားရှည်များကိုင်ထား၏။

"မင်းတို့ဘယ်သွားကြမှာလဲ ဖြတ်သန်းခွင့်လက်မှတ်ပါလား"

အစောင့်သည်လှည်းကိုတားသော်ငြား ရှိန်လောက်သောပြင်ဆင်မှုကိုမြင်ရပြီးနောက် သူတို့၏လေးစားမှုသဘောထားကိုပြလာသည်။

ဖူဟွား: "မပါပါဘူး ကျွန်မတို့ကခွန်းလွန်တောင် လင်းမိသားစုကပါ ဖူရွာကိုအကြောင်းကြားစာလာပို့ပေးတာပါ"

၎င်းစကားကြောင့် အစောင့်သည်ပျာယာခတ်သွား၍ ဘေးမှတစ်ယောက်အားဖူမိသားစုသို့အခြေအနေကိုသွားရောက်ပြောပြခိုင်းပြီး သူတို့အားခဏခန့်စောင့်နေစေသည်။ အခြေအနေအားသွားရောက်စုံစမ်းသူသည်မကြာလိုက်ဘဲ သုတ်တိသုတ်ပျာဖြင့်ပြန်ရောက်လာသည်။ ပြေးလာရင်းမှ အနှီသူသည်အစောင့်အားအဓိပ္ပါယ်တစ်မျိုးဖြင့်ကြည့်လိုက်၏။

အစောင့်သည် ၎င်းကိုမြင်တွေ့ပြီး သူ၏သဘောထားကချက်ချင်းပြောင်းသွားသည်။

သူကလှိုက်လှဲဝမ်းမြောက်ဟန်ပြုံး၍စကားဆိုသည်။

"အထဲကိုကြွပါ အထဲကိုကြွပါ"

ဖူဟွားသည် ကြိမ်ကိုဝှစ်ကနဲမြည်အောက်လွှဲယမ်းပြီး ဖူရွာ၏အဝင်ဝသို့မောင်းဝင်လိုက်သည်။

မြင့်မားလှသောအဝင်တံခါးကိုဖြတ်လာပြီးနောက် ဖူဟွားသည်မှင်သက်နေဟန်ဖြင့် : "ဘယ်လိုဖြစ်ပြီး..."

လှည်းပေါ်မှလင်းရုဖေးသည်လည်း ဖူဟွားနည်းတူ၊ နှစ်ယောက်စလုံးမှာကြက်သေသေလျက်ပင်။

သူတို့သည် တံတိုင်းကိုကျော်ပြီးနောက် မြင့်မားကာ ခမ်းနား၍ရှေးဟောင်းဆန်သောအိမ်များကိုသာမြင်တွေ့လိုက်ကြရသည်။ အပြင်ဘက်နံရံတွင် အမျိုးစုံဆေးရေးပန်းချီများခြယ်သထား၏။ သူတို့သည်ကား အပြင်ဘက်မှနေ အင်အားပြင်းထန်သော အဆင့်အတန်းမြင့်မှုကိုခံစားလိုက်ရသည်။ ဖူရွာ၏လမ်းငယ်နှစ်ဖက်တွင် ကုန်စုံဆိုင်အမျိုးမျိုးရှိပြီးအများစုက လှပစွာဆင်ယင်ထားသည်။ လင်းရုဖေးသည် သာမန်ခန့်ကြည့်ပြီးနောက် အတွင်းဘက်မှရောင်းချသည့်ပစ္စည်းများက ဈေးမပေါမှန်းသိသွား၏။

လမ်းမကြီးဘေးတွင်လျှောက်နေသော လူတိုင်းသည် ဈေးကြီးအဝတ်အစားများကိုဝတ်ဆင်ထားသည်။ မည်သူမှ တံတိုင်းအပြင်မှရွာသားများနှင့်သူတို့သည် တစ်ရွာတည်းနေထိုင်သည်ဟုထင်ကြမည်မဟုတ်ချေ။

လင်းရုဖေးကားသက်ပြင်းအသာချကာ : "ဖူရွာကဘယ်နှယ့်လုပ် ဒီလိုဖြစ်နေရတာလဲ သိုင်းလောကရဲ့ကြီးမြတ်မှုကဘာမှမထူးဆန်းဘူးဆိုတာအမှန်ပဲ"

ကုရွှမ်းတု : "အံ့ဩစရာပဲ ကိုယ်လည်းအရင်က ဒီလိုမျိုး တစ်ခါမှမမြင်ဖူးဘူး"

ရွာအဝင်မှအစောင့်၏ပြောပြချက်အရ ဖူရွာတွင် ဖူမိသားစု၏ဘိုးဘေးအိမ်တော်က အမြင့်ဆုံးဖြစ်သည်။ လင်းရုဖေးသည် ဖူမိသားစု၏ဘိုးဘေးအိမ်တော်ကို အမြန်တွေ့သွားပြီး ၎င်းကအင်မတန်လေးစားဖွယ်ကောင်းသည်။ ခြံဝန်း၏တံတိုင်းကို စကျင်ကျောက်များဖြင့်လှပသောပုံစံဖော်ထားပြီး အတွင်းဘက်မှ အိမ်မကြီးကား မြင့်မားထည်ဝါသည်။ ရွာထဲမှနေရောင်ကိုပင် ကွယ်လုနီးပါး။ အိမ်တံစက်မြိတ်များကငှက်များအလား ခုံးနေသည်။ အမိုးသည်ရစ်ငှက်၏အရောင်နှင့်တူပြီးရေညှိတစ်စပင်မတွေ့ရချေ။

ဤသို့သောအဆောက်အအုံမျိုးတွေ့ပါက မည်သို့ပင်ကြည့်ပါစေ ကောင်းကင်ဘုံပေါ်ရောက်နေသယောင်ထင်ရပေလိမ့်မည်။

ဖူဟွားမှာလည်း အေးခဲနေသည်။ သူမသည်ဤအိမ်မျိုးက ခွန်းလွန်တောင်ရှိအိမ်များထက်ပင် ကြီးကျယ်လွန်းနေသည်ဆိုလာ၏၊ ရွာဟုများမည်သို့ခေါ်နိုင်မည်နည်း။

လင်းရုဖေးလည်းမရှင်းပြနိုင်တော့သည့်ပုံဖြင့် ခေါင်းတွင်တွင်ခါပြလိုက်သည်။

ဖူဟွားကစမ်းသပ်သလိုမေးသည်: "ကျွန်မတို့ဝင်ကြမလား"

လင်းရုဖေးကတွေးဆနေပြီးမှ: "စားသောက်ဆိုင်ကိုအရင်သွားရအောင် မင်းရောဖူမိသားစုနဲ့နေချင်လို့လား"

ဖူဟွားကချက်ချင်းခေါင်းယမ်းပြသည်: "ဟင့်အင်း ဒီနေရာကြီးကကြီးကျယ်လွန်းတယ် အဲဒီမှာသာနေရရင် ကျွန်မသည်းခံနိုင်မှာမဟုတ်ဘူး"

ခမ်းနားမှုကိုပြောရမည်ဆိုလျှင် မုန့်လန်ရော့အိမ်ဖြစ်ပါစေ၊ လျိုရုကုန်း၏အိမ်ဖြစ်ပါစေ။ နှစ်အိမ်လုံးကခမ်းနားသည်သာ။ သို့ရာတွင် ခမ်းနားမှုနှစ်ခုစလုံးကကွဲပြားသောခံစားချက်များပေးသည်။ မုန့်လန်ရော့၏အိမ်သည် လက်မှုပညာနှင့်ပန်းများအပြည့်ဖြစ်ကာ ကြော့ရှင်းသပ်ရပ်သည်။ လျိုရုကုန်း၏မိသားစုကမူပို၍ကျော်ကြားသည်။ ခြံဝန်းထဲမှအမျိုးမျိုးသောရှုခင်းများက လိုက်ဖက်ညီမှုရှိကာဟိတ်ဟန်မကြီးပေ။ သူ၏အရှေ့မှဤအဆောက်အအုံက ပြောမပြတတ်လောက်အောင် အပ်စပ်မှုမရှိသောအာရုံခံစားမှုပေးနေသည်။

ဖြစ်နိုင်သည်မှာ...။

ကုရွှမ်းတုကခေါင်းထဲသို့သံမှိုရိုက်ထည့်လိုက်သလို စွဲနေအောင်သင်ပေးလာသည်။

"လူတစ်ယောက်က ရုတ်တရက်ကြီးချမ်းသာလာတော့ ပိုက်ဆံကိုဘယ်လိုသုံးရမလဲဆိုတာမသိသလိုမျိုးပေါ့"

လင်းရုဖေးသည်လည်း ထိုသို့သာ အတွင်းတကျခံစားမိ၏။

ထို့ကြောင့် အဖွဲ့သည်စားသောက်ဆိုင်တွင်သာ ယာယီတည်းခိုရန်စီစဉ်ကြသည်။ သူအစီအစဉ်များမချရသေးခင် အခြေအနေကိုစုံစမ်းချင်သေးသည်။

သူတို့စားသောက်ဆိုင်သို့လှည့်ဝင်သည်နှင့် လူအချို့တားသည်ကိုခံလိုက်ရ၏။ ထိုသူများမွာ ဖူအိမ်မှအစေခံများဖြစ်ပြီးမိသားစုခေါင်းဆောင်က အစားအသောက်များတည်ခင်းပြီးဖြစ်၍စောင့်နေပါတယ်ဟု တလေးတစားဆိုလာသည်။

လင်းရုဖေးသည် ထိုသူများနှင့်အငြင်းမပွားချင်သော်ငြား စကားအနည်းငယ်အကြောင်းပြကာ ငြင်းဆို​ပြီးသည့်နောက် သူတို့ကခေါင်းမာလွန်းလှသဖြင့် အဆုံးတွင်သဘောတူလိုက်ရသည်၊ လှည်းကိုပြန်လှည့်ကာ ၎င်းကြီးကျယ်လှသည့်ဘိုးဘေးအိမ်ကိုဦးတည်လိုက်ကြတော့သည်။

........


လှည်းကအိမ်ထဲဝင်သည်နှင့် ထောင့်တွင်အိပ်မောကျနေပြီး စကားသိပ်မပြောသောမော့မော့သည် ရုတ်တရက်တုံ့ပြန်လာသည်။ သူ၏အမူအရာကကြောက်ရွံ့ဟန်ပြလာပြီး သူ၏ပါးစပ်ကစကားပြောချင်သယောင်ပွင့်လိုက်ပိတ်လိုက်ဖြစ်လာသည်။ သူကကြောက်နေသောကြောင်လေးတစ်ကောင်ကဲ့သို့ဘောလုံးလေးအဖြစ်ကွေးသွားသည်။

လင်းရုဖေးကယင်းကိုမြင်သည်နှင့်တိုးတိုးလေးခေါ်လိုက်၏: "မော့မော့..."

လင်းရုဖေးသည် ထိုကလေးသူ့ကိုယ်သူထိခိုက်အောင်လုပ်မိမည်စိုး၍စောင်ကိုလှမ်းဖယ်ကာ သူ့ကိုဆွဲထုတ်ပြီး လက်မောင်းထဲပွေ့ဖက်ထားလိုက်သည်။

မော့မော့က တဝူးဝူးအော်ကာလင်းရုဖေးကိုတွန်းထုတ်နေသည်။ လင်းရုဖေးသည် အခြေအနေကိုမြင်တွေ့ပြီးနောက် ယွီရွေ့အားစောင်ကိုယူခိုင်းလိုက်သည်။ သူမက မော့မော့တစ်ကိုယ်လုံးအားစောင်ဖြင့်ပတ်ကာ မျက်လုံးနက်လေးနှစ်လုံးသာဖော်ထားလိုက်၏။

မော့မော့သည် နဂိုကတည်းက သေးကွေးသဖြင့် စောင်ဖြင့် လုံး၍ဘောလုံးတစ်လုံးပမာနစ်ဝင်နေချိန်တွင် ဘောလုံးဟောင်းလေးတစ်လုံးနှင့်ပင်တူနေသည်။ ကောင်းသည့်အချက်မှာ သူ၏စိတ်ကတည်ငြိမ်သွားခြင်းပင်။ အနှီသူလေးသည် တဟင့်ဟင့်ရှိုက်နေပြီး သူ့မျက်နှာကိုစောင်ဖြင့်အုပ်ထားသည်။

လင်းရုဖေးသည် သူစိတ်တိုင်းကျလုပ်ခွင့်ပေးထားလိုက်၏။

ဖူဟွား: "မော့မော့ကဘာဖြစ်တာလဲ ဘာလို့ဒီလောက်တုံ့ပြန်မှုကကြီးရတာလဲ...."

"ငါလည်းမသိဘူး ဖူမိသားစုနဲ့တစ်ခုခုပတ်သတ်လို့ဖြစ်မယ်"

လင်းရုဖေးက တဒင်္ဂတွေဝေနေမိသည်။ မော့မော့အား ဖူမိသားစုထံခေါ်လာမိသည်မှာ အနည်းငယ်ဂရုမစိုက်မိသလိုဖြစ်သွားသည်ဟုခံစားလိုက်ရ၏။ ပထမတစ်ချက် သူသည်မော့မော့နှင့်ဖူမိသားစုတို့ဆက်နွယ်နေမှုကိုမသိခဲ့ပေ။ အခွင့်အရေးအရ ရန်သူရှိလာလျှင် သူတို့ပါရောယောင်ပြီးဒုက္ခရောက်နိုင်သည်။ ဒုတိယအချက် မော့မော့၏စိတ်အခြေအနေကမကောင်းပေ၊ သက်ဆိုင်မှုသာရှိနေလျှင် ပိုဆိုးလာလေမလား...။

ဖူဟွားသည်လည်း သူ၏အတွေးကိုတစ်လုံးမလွဲတွေးမိကာ ဖူမိသားစုအားလက်ရှိအချိန်တွင် မော့မော့၏တည်ရှိမှုကိုမပြောပြခြင်းကပိုကောင်းပြီး အရာအားလုံးရှင်းလင်းသွားချိန်အထိစောင့်ရန်ပြောလာသည်။

လင်းရုဖေးကခေါင်းညိတ်ပြီး ထိုသို့သောချဉ်းကပ်မှုမျိုးက ပိုသင့်လျော်သည်ဟုတွေးလိုက်သည်။

မော့မော့နေမကောင်းဖြစ်နေချိန်တွင် ကုရွှမ်းတုကဘေးတွင်စကားတစ်လုံးမှမပြောဘဲ မှီပြီးကြည့်နေသည်။ သူ၏အကြည့်မှာတည်ငြိမ်လွန်းနေပြီး တစ်စုံတစ်ခုအားချုပ်တည်းထားပုံဖြစ်နေသော အခိုက်အတန့်အချို့ကိုပြသလာသည်။ လင်းရုဖေးသည် မော့မော့အပေါ်တွင်သာအာရုံရောက်နေသဖြင့် ကုရွှမ်းတု၏ထူးဆန်းသောအကြည့်ကိုတခဏမျှမမြင်တွေ့လိုက်ပေ။

အိမ်တော်ထိန်းက သူတို့အားဖူမိသားစု၏အိမ်တော်သို့ခေါ်သွားပြီးနောက် သူတို့နေထိုင်ရမည့်ဧည့်တည်းခိုခန်းသို့ခေါ်သွားသည်။ လင်းရုဖေးသည် မော့မော့ကိုဖူဟွားအားပေးထားခဲ့ပြီး ယွီရွေ့အား သူ ဖူမိသားစုအားအရင်သွားတွေ့နေသည့်အချိန်တွင် သူတို့အားစောင့်ရှောက်ထားရန်မှာသည်။

သူတို့ဖူမိသားစုဘိုးဘေးအိမ်တော်ကို အပြင်မှကြည့်ပြီးတည်းက ပုံကြီးချဲ့လွန်းထားသည်ကိုမြင်တွေ့ခဲ့ပြီးဖြစ်၏။ သူတို့ဝင်သွားပြီးမှ ၎င်းသည်နွားကိုးကောင်၏အမွှေးများမျှသာဖြစ်နေမှန်းသိလိုက်ရ၏။ အိမ်အတွင်းဘက်၌ တန်ဆာဆင်ထားမှုသည် ခမ်းနားသည်ဟူသောစကားလုံးဖြင့်ပင်ဖော်ပြ၍မရချေ။ ထောင့်တိုင်းနီးပါးတွင် အလှဆင်ထားမှုအမျိုးစုံဖြင့်ပြည့်နှက်နေသည်။ ၎င်းသည် ကျောက်မျက်ရတနာ၊ ကျောက်ဆစ်အနုပညာ သို့မဟုတ် ကြွေပန်းအိုးများလည်းမဟုတ်၊ အတိုချုံးပြောရသော် ၎င်းသည်ဧည့်သည်များကြည့်နိုင်ရန် အလှပြထားသည့် ပိုင်ရှင်၏တိုးချဲ့ရတနာခန်းပင်။

ဤသို့သောအလှဆင်မှုမျိုးသည် စီးပွားရေးအကြောင်း တတ်သိသူ၏အမြင်ထဲတွင် တနည်းတဟန် စိတ်ရှုပ်စရာကောင်းသောလူပြိန်းအကြိုက်မျိုးဖြစ်နေ၏။

လင်းရုဖေးကထိုသို့သောပစ္စည်းမျိုးများကို စိတ်မဝင်စား၍သာ တော်သေးသည်၊ ဖူမိသားစု၏ရသအားခံစားတတ်မှုကနားလည်ရန်ခက်သည်ဟုသူတွေးမိသည်။

ပင်မခန်းဆောင်သို့လာသည့်လမ်းတွင် လင်းရုဖေးသည်ပုံမှန်ထက်ကျယ်လွန်းနေသောရယ်သံများကိုအဝေးမှကြားနေရသည်၊ ရယ်သံများတွင်ယောကျ်ားလေးရော မိန်းကလေးအသံများပါ ပါသည်။ ထိုအသံကပရောပရည်လုပ်နေသည်ဟုထင်ရပြီး အသံကလည်း တစ်ယောက်တည်း အသံမဟုတ်ချေ....။

လင်းရုဖေးက ခြေလှမ်းများကိုရပ်လိုက်တန့်လိုက်ချင်သော်လည်း ပင်မခန်းဆောင်ကိုဖြတ်နေရဆဲပင်။ အတွင်းဘက်၌ သူသည်ခရမ်းရောင်ဝတ်စုံဖြင့်လူတစ်ယောက် အလှလေးတစ်ယောက်တစ်ဖက်စီဖြင့် စပျစ်သီများခွံ့ကျွေးနေတာကိုခံနေသည်ကိုတွေ့လိုက်ရ၏။

လင်းရုကုန်းအိမ်တော်မှာကအတိုင်း ကျွေးနေသည့်ပုံစံကအစတစ်ပုံစံတည်းပင်၊ အပြောချိုပြီးအသုံးအဖြုန်းကြီးသော သားတစ်ယောက်၏ပုံစံက လင်းရုဖေးအားမျက်မှောင်ကြုတ်လာစေသည်။

ဤလူ၏အသွင်အပြင်က အတော်လေးကြည့်ကောင်းသော်ငြား တစ်ကိုယ်လုံးကမျက်နှာချေမှုန့်ကန်ထဲနစ်နေသည့်အတိုင်း ရွံစရာကောင်းနေသည်။

အနှီသူသည် လင်းရုဖေးအားတွေ့သည့်အခါ တံခါးမကြီးသို့လျှောက်လာပြီး မျက်ခွံပင့်ကာဆိုသည်။

"ရို့...ဒီအလှလေးကိုဘယ်သူတွေ့လာတာလဲ ပုံစံလေးကအရမ်းကြည့်ကောင်းတာပဲ....ဆုကြီးကြီးပေးရမယ်"

အိမ်တော်ထိန်းကသူ့စကားကြောင့် အရှက်ကြီးရှက်သွားပြီးအမြန်ပြောလိုက်ရသည်။

"သခင်လေး သခင်လေးလိုချင်တဲ့အလှလေးက မလာသေးဘူး ဒါကလင်းမိသားစုကဧည့်သည့်ပါ"

ဖူအိမ်တော်သခင်လေးကသံသယရှိစွာဖြင့်: "လင်းမိသားစုကဧည့်သည် ဘာလို့ငါကမသိရတာလဲ ဘယ်အချိန်ကရောက်လာတာလဲ လက်ဆောင်ရောယူလာလား"

အိမ်တော်ထိန်း : "သခင်လေး ဒါကသခင်ကြီးရဲ့ဧည့်သည်ပါ"

ဖူမိသားစု၏သခင်လေးကချက်ချင်းပင် သူ၏အပြုံးကိုသိမ်းလိုက်သည်။ သူက ပါးစပ်တပြင်ပြင်လုပ်နေပြီး အဆုံးတွင်ကားမည်သည်ကိုမှပြောမလာတော့ပေ။

အိမ်တော်ထိန်းကလင်းရုဖေးအားတောင်းပန်သလိုပြုံးပြကာ သခင်လေးကိုအပြစ်မယူရန်နှင့် သူ၏သခင်လေးက ထိုအတိုင်းသာဖြစ်ကြောင်းရှင်းပြသည်။

လင်းရုဖေး : "ဖူယွိကမင်းတို့ရဲ့အကြီးဆုံးသခင်လေးလား"

အိမ်တော်ထိန်း : "ဟုတ်ပါတယ်"

လင်းရုဖေး : "ဘာလို့သူ့ကိုမတွေ့ရတာလဲ"

အိမ်တော်ထိန်း : "သခင်လေးကအိမ်တော်ရဲ့အငွေ့အသက်ကိုမကြိုက်လို့ အပြင်ဘက်ကိုခရီးထွက်နေပါတယ် ဒါပေမဲ့ ကျွန်တော်တို့စာပို့ထားပြီးပြီဆိုတော့ မကြာခင်ပြန်လာတော့မှာပါ"

လင်းရုဖေးက 'အို့' ဟုသာအသံပြန်ပေးလိုက်သည်။

အိမ်တော်ထိန်းသည် လင်းရုဖေးအားစားသောက်ပွဲတည်ခင်းကျင်းပနေသောအနောက်ဘက်ခြံဝန်းထဲသို့ခေါ်ဆောင်သွားသည်။ ဖူမိသားစုသည်ထိုင်ခုံတွင်နေရာယူထားကြပြီးဖြစ်ကာ လင်းရုဖေးလာသည်ကိုတွေ့သည်နှင့် ပြုံးရွှင်စွာနှုတ်ဆက်ကြ၏။

လင်းရုဖေးသည်ပုံမှန်အတိုင်းပြန်လည်နှုတ်ဆက်ကာ ဖူမိသားစု၏ခေါင်းဆောင်ခုံဘေးတွင်၀င်ထိုင်လိုက်သည်။

ဖူမိသားစုခေါင်းဆောင်က တစ်ခေါင်းလုံးဖြူနေပြီးမုတ်ဆိတ်မွှေးများလည်းဖွေးစွတ်နေသည်၊ သို့သော် သဘောကောင်းသည့်ပုံရှိသည်။လလင်းရုဖေးထိုင်သည်ကိုမြင်သည်နှင့် ထိုသူကနွေးနွေးထွေးထွေးကြိုဆို၏။ ဖူမိသားစုသည် တစ်ခါပင်မကျင့်ကြံဖူးသယောင်ထင်ရပြီး စားပွဲတွင်ထိုင်နေသည့်မည်သူမှ ချီစွမ်းအင်နှင့်ဓားမရှိဘဲ သာမန်လူများဟုသာထင်ရသည်။

"သခင်လေးလင်းက ကျွန်တော်တို့ဖူမိသားစုအတွက်ဂုဏ်ယူစရာဧည့်သည်ပဲ"

ဖူမိသားစုခေါင်းဆောင်ကလှိုက်လှိုက်လှဲလှဲပြုံးကာ "ကျွန်တော်တို့တွေသခင်လေးအတွက် အရသာရှိတဲ့ဟင်းတွေပြင်ထားပါတယ် မြည်းကြည့်ပါ"

လင်းရုဖေးဖြေတော့မည့်အချိန်တွင် အလွန်တရာမှလှပသောမြင်းအနက်တစ်ကောင်သည်ဘေးမှခုန်ထွက်လာပြီး ၎င်းမြင်း၏ဘေးတွင်မူ ပွက်ပွက်ဆူနေသော စွပ်ပြုတ်အိုးတစ်အိုးရှိနေ၏။


...........


စာရေးသူမှာပြောစရာရှိတယ်~


လင်းရုဖေး : ခင်ဗျားမပျော်ဘူးလား

ကုရွှမ်းတု : မပျော်ဘူး

လင်းရုဖေး : တကယ်လား

ကုရွှမ်းတု : မဟုတ်ဘူး

လင်းရုဖေး : တကယ်နော်

ကုရွှမ်းတု : မဟုတ်ဘူး

လင်းရုဖေး : မဟုတ်ရင် ခင်ဗျားမော့မော့ကိုချပေးလိုက်....

ကုရွှမ်းတု : ကိုယ်ပေါက်စီစားမယ်လို့ပြောမိလို့လား

လင်းရုဖေး : ......

မော့မော့ : ဝူး...ဝူး....ကျွန်တော်ကအရသာမကောင်းဘူး... မစားပါနဲ့....

----------------

Translated By IQ-Team.