Chapter 87
မြက်ခင်းပြင်နှင့်သစ်ပင်တို့ကင်းမဲ့၍
----------------
ဖူမိသားစုသည် မြင်းနက်ကအနောက်အရပ်ဘက်မှဝယ်လာခြင်းဖြစ်ပြီး လွင်ပြင်တွင်ကျက်စားသောမြင်းကောင်းမြင်းသန့်မျိုးဖြစ်ကြောင်းအားတက်သရောရှင်းပြသည်။ ၎င်းကကြည့်ကောင်းကာ အင်မတန်လျှင်မြန်ရုံသာမက စိတ်လည်းရှည်တတ်သည့်အကြောင်းလည်းပါသည်။ သို့သော် ယနေ့တွင် သူတို့က လင်းရုဖေးအားမြင်းအကြောင်းရှင်းပြချင်၍မဟုတ်ဘဲ အသစ်အဆန်းတစ်ခုကိုမြည်းစမ်းစေချင်၍ဖြစ်၏။
သူတို့ပြောပြီးပြီးချင်း ဘေးတွင်ရပ်နေသောအစေခံကယောက်ချိုဇွန်းကိုကိုင်သည်။ စွပ်ပြုတ်ပူကိုတစ်ဇွန်းအပြည့်ခပ်ကာ မြင်းနက်ထံသို့သွား၏။
လင်းရုဖေးကချက်ချင်းမျက်မှောင်ကြုတ်ကာ 'နေဦး' ဟုပြောလိုက်ပြီး ဖူမိသားစု၏ခေါင်းဆောင်ဘက်သို့လှည့်ကာ : "ခင်ဗျားအခုမြင်းအသားပြုတ်ရည်ဆမ်းလုပ်မလို့လား"
ဖူမိသားစု၏ခေါင်းဆောင်သည် သူ၏စကားကြောင့်ပျော်သွားရပုံဖြင့်: "သခင်လေးလင်းကအရမ်းအမြင်ကျယ်တာပဲ ဒီလိုမျိုးတောင်သိတယ်"
မြင်းအသားပြုတ်ရည်ဆမ်းဟင်းလျာမှာ အမည်ကျော်ဟင်းလျာတစ်မျိုးပင်၊ ထူခြားကောင်းမွန်သောအရသာကြောင့်သာမက ဟင်းကိုချက်ပြုတ်ရာတွင် သုံးသောနည်းလမ်းကလည်းရက်စက်လွန်းသည်။ ပထမဆုံး သူတို့သည်စွပ်ပြုတ်ရည်အိုးတစ်အိုးအားကျိုက်ကျိုက်ဆူသည်အထိတည်ရပြီး ၎င်းကိုမြင်းတစ်ကောင်၏အပေါ်သို့လောင်းချရသည်။ သူတို့သည်မြင်းအသားကျက်သွားသည်အထိစောင့်ပြီးမှ ၎င်းအသားအားဓားဖြင့်လွှာရ၏။ ချက်ပြုတ်နေစဉ်အတွင်း မြင်းသည်အသက်ရှင်နေရပေမည်။ ထိုအခါမှ အရသာလတ်ဆတ်မှုကအထွတ်အထိပ်တွင်ရှိနေမည်ပင်။ နည်းလမ်းကအင်မတန်မှရက်စက်စေကာမူ အချို့လူများမှာမြည်းစမ်းချင်နေကြဆဲပင်။
လင်းရုဖေးသည်စာအုပ်များတွင် ထိုအကြောင်းကိုဖတ်ဖူးပြီး ထိုသူတို၏လှုပ်ရှားမှုကိုမြင်ပြီးနောက် သူတို့လုပ်ချင်နေသည့်အရာကိုနားလည်သွားသည်။
ဖူမိသားစုခေါင်းဆောင်ကရယ်ကာ: "ကျွန်တော်တို့ကမြင်းအသားကိုစားချင်ရုံပါပဲ အဲဒီတော့ ကျွန်တော်တို့ကတစ်ခုကိုစမ်းကြည့်ဖို့စဉ်းစားကြတယ် ဒီမြင်းကမြင်းချောမြင်းလှဆိုတော့ အရသာလည်းကောင်းမှာပေါ့ ဖြစ်ချင်တော့ ဒီနေ့အရေးကြီးဧည့်သည်လည်းရောက်လာတယ်လေ ဒါကြောင့် ကျွန်တော်တို့က စားတော်ကဲကိုဒီဟင်းစီစဉ်ခိုင်းလိုက်ရတာ"
လင်းရုဖေးကသူ့အားရပ်ရန်လက်ဟန်ပြပြီး: "မလိုပါဘူး"
ဖူမိသားစုသည် နောက်တဖန်စည်းရုံးချင်သေးသော်ငြား လင်းရုဖေး၏မတုန်မလှုပ်အေးစက်သောမျက်နှာထားကိုမြင်တွေ့သွားပြီးနောက် ရှက်ရှက်ဖြင့်ဆိုလာသည်။
"သခင်လေးလင်းကမကြိုက်ဘူးဆိုမှတော့လည်း မစားကြပဲနေတာပေါ့ ဒါပေမဲ့ ဒီကောင်ကမြက်စားပြီးလူတွေက တိရစ္ဆာန်ကိုပြန်စားတယ်လေ အားလုံးကသံသရာပဲမဟုတ်ဘူးလား"
မိသားစုခေါင်းဆောင်သည် လင်းရုဖေးစိတ်အနှောင့်အယှက်ဖြစ်သွားမည်ကိုစိုးရိမ်၍ ထပ်ဖြည့်ပြော၏။
"သခင်လေးလင်း စိတ်ထဲအရမ်းမထားပါနဲ့"
"ဟုတ်ကဲ့ပါ"
လင်းရုဖေး၏မျက်နှာအမူအရာကပုံမှန်အတိုင်းဖြစ်ပြီး သူ၏အသံမှာလည်းပေါ့ပါးနေသည်။
"မြက်ကိုမြင်းကစားပြီး မြင်းကိုလူကပြန်စားတာက မှားတာမရှိပါဘူး ဒါပေမဲ့ ခေါင်းဆောင်တစ်ယောက်တင်မက လူတစ်ယောက်မှာပါ ထုံးတမ်းနည်းနာနဲ့ကိုယ်ချင်းစာတရားလေးတော့ရှိသင့်တယ် အရိုင်းတောထဲကနေ လူမဆန်တဲ့တိရစ္ဆာန်တွေလိုမျိုး သူတို့ရဲ့အာသီသပြေဖို့အတွက်နဲ့ ရက်စက်တဲ့နည်းလမ်းကိုသုံးပြီး ပညာမဲ့တဲ့ဥပမာနောက်ကိုတော့မလိုက်မိပါစေနဲ့"
သူက ဤတစ်ကြိမ်တွင်ဖူမိသားစုအားမျက်နှာသာမပေးတော့ဘဲစကားလုံးများကပါပြင်းထန်သွားသည်။
ဖူမိသားစု၏ခေါင်းဆောင်အပြုံးမှာတောင့်ခဲသွားရကာ အချိန်အတန်ကြာပြောစကားမဲ့သွားလေ၏။
ထိုအဖြစ်ကြောင့် လင်းရုဖေးသည်စားသောက်ပွဲတလျှောက်လုံးမျက်နှာမကောင်းပေ။ သည့်အပြင် စားပွဲပေါ်မှဟင်းပွဲများမှာလည်းသူ၏ပါးစပ်နှင့်မကိုက်ချေ။ အများစုက ဇိမ်ခံလွန်အဆီများသည့်ဟင်းပွဲများဖြစ်နေသည်။ ဖူမိသားစုခေါင်းဆောင်က အစတွင်သူ့အားအကြိမ်ရေအနည်းငယ်စည်းရုံးသေးလင့်ကစား သူမျက်နှာသာမပေးသဖြင့်စကားပြောရပ်သွားသည်။
ညစာစားပြီးသည့်အခါ လင်းရုဖေးသည်ဖူယွိပြန်ရောက်လာလျှင်သူ့အားပြောရန်မှာပြီး ထရပ်ကာနှုတ်ဆက်ပြီးထွက်လာလိုက်၏။ သူပင်မခန်းဆောင်ကိုဖြတ်သွားသည့်အခါ ခရမ်းရောင်ဝတ်စုံဖြင့်လူကနေရာတွင်ရပ်နေဆဲဖြစ်ပြီး သူ့အားမှုန်ကုပ်ကုပ်ဖြင့်ငေးနေသည်။
လင်းရုဖေးကမျက်နှာသေဖြင့်ပြန်စိုက်ကြည့်လိုက်သည်။
ထိုလူကရယ်ပြီး : "သခင်လေးလင်းကဒီလိုမျိုးပေါ့"
လင်းရုဖေးကခေါင်းညိတ်ပြပြီး ထွက်သွားတော့မည့်အချိန်တွင် အနောက်မှလူက : "ကျွန်တော်ကတော့ သခင်လေးကသဘောကောင်းတယ်ထင်တာပဲ"
"ခင်ဗျားနဲ့ဘာဆိုင်လဲ"
လင်းရုဖေးကား အေးစက်စက်ဖြင့်ပြောလိုက်သည်။ သူကသည်းခံနိုင်သော်ငြား လူတစ်ယောက်ကအနားတွင်ဝေ့လည်ကြောင်ပတ်လုပ်နေသည်ကိုဖြင့်လက်မခံနိုင်ပေ။ သူဖူမိသားစု၏သခင်ငယ်လေးအားစတွေ့သည့်ပထမတစ်ကြိမ်တွင်ပင် မပျော်မရွှင်ဖြစ်ခဲ့သဖြင့် သူယခုပြောလိုက်စဉ်တွင်လည်း မျက်နှာသာတစ်ချက်ပင်မပေးချေ။
ဖူမိသားစု၏သခင်ငယ်လေးကအပြုံးတစ်စဖြင့် : "မြည်းဖြစ်ဖြစ် မြင်းဖြစ်ဖြစ် သူတို့ကအစားခံရဖို့မွေးလာတာလေဗျာ ဒီလိုစားမှလည်း စားတဲ့သူတွေကလွတ်လပ်မှာပေါ့ စားစရာဖြစ်ဖြစ် သိုင်းလောကဖြစ်ဖြစ် အကုန်လုံးက အတူတူပါပဲ"
လင်းရုဖေးက ဖူမိသားစုသခင်လေး၏စကားကိုနားလည်သည်။ သူသည်မျက်ခုံးများကိုပင့်ပြီး အတင်းအားယူပြုံးလိုက်ကာ: "ဒါဆို သခင်လေးဖူက လူတစ်ယောက်ကအစွမ်းအစကြီးနေသရွေ့ဘာမဆိုလုပ်နိုင်တယ်လို့ဆိုလိုတာများလား"
ဖူမိသားစု၏သခင်ငယ်လေး : "ဒီလိုသဘောပါပဲ"
လင်းရုဖေးကပြန်လှည့်ပြီး သူ၏အရှေ့သို့လျှောက်သွားသည်။
"ဖူမိသားစုရဲ့သခင်လေးက စွမ်းအားအကြီးဆုံးလူကအလေးစားခံရဆုံးလို့ဆိုလိုချင်တာဆိုတော့ ကျွန်တော်ကသခင်လေးကိုဒီနေရာမှာတင်အမှိုက်ဖြစ်သွားအောင်ပြောင်းနိုင်ရင် သခင်လေးမှာထပ်ပြောစရာရှိတော့မှာမဟုတ်ဘူးမဟုတ်လား"
ပြောပြီးသည့်နောက် သူသည်ခါးထက်မှကုယွိအားဆွဲထုတ်လိုက်သည်။ နောက်အခိုက်အတန့်တွင် အေးစက်သောဓားသွားက ဖူမိသားစုသခင်လေး၏ပုခုံးထက်သို့ကျဆင်းသွား၏။
သခင်ငယ်လေးဖူက လင်းရုဖေးအား ဇဝေဇဝါဖြင့်ကြည့်နေသည်။ အနှီအားနည်းသိမ်မွေ့သောလင်းမိသားစုမှ သခင်လေးလင်းသည်ယခုကဲ့သို့ ရုတ်တရက်အလွန်အကျွံလုပ်မည်ဟုမမျှော်လင့်ထားခဲ့ပေ၊ သခင်လေးတစ်ယောက်အနေနှင့် မျက်နှာသာလေးပင်မပေးချေ။
"ငါဒီကိုလာတာဖူယွီကို အကြောင်းကြားစာလာပို့ပေးရုံပဲ"
လင်းရုဖေး၏မျက်နှာက အမူအရာကင်းမဲ့နေသည်။ သူ့မျက်လုံးထဲတွင်အေးစက်စက်မြူခိုးများ လွှမ်းခြုံနေလျက်ဖြင့် ဆက်ပြောလာသည်။
"ရေတွင်းထဲကရေက မြစ်ရေနဲ့မရောဘူး ငါကမင်းတို့နဲ့ဘာအကြောင်းမှမရှိဘူး...ငါ့ကိုလည်းအကြောင်းပြချက်တွေလာမပေးနဲ့..."
ပြောပြီးသည်နှင့် သူ့ဓားကိုဓားအိမ်ထဲသို့ပြန်ထည့်ကာနှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
"ငါစိတ်ထဲထားမိနေမှာစိုးလို့ မင်းရဲ့အကြောင်းပြချက်နဲ့ မင်းကို'ဆက်ဆံ' ပေးလိုက်ပြီ"
သခင်ငယ်လေးဖူသည် ပြီတီတီအပြုံးမျိုးမရှိတော့ပေမယ့် ထိတ်လန့်သွားပုံလည်းမရပေ။ သူသည်သက်ပြင်းချလိုက်မိပြီး သခင်လေးက ယခုလိုဗြုန်းစားကြီးဒေါသကြီးသွားသဖြင့်အံ့ဩနေမိသည်။
လင်းရုဖေးသည်သူနှင့်စကားထပ်ပြောရမည်ကိုပင် ပျင်းလာသဖြင့် လှည့်ထွက်လာလိုက်သည်။
ဤတစ်ကြိမ်သည် လင်းရုဖေးခွန်းလွန်တောင်မှထွက်လာပြီးသည့်နောက် ပထမဆုံးအကြိမ် စိတ်ဆိုးဒေါသထွက်ရခြင်းဖြစ်သည်။ ဖူမိသားစုသည် မည်သည့်နေရာကြည့်ပါစေ ထူးဆန်းနေသည်။ အပြင်ဘက်တွင်ဆာလောင်လွန်း၍သေသွားတော့မယောင်ထင်မှတ်ရသောလယ်သမားများ သို့မဟုတ် အတွင်းဘက်တွင်ကြီးကျယ်စွာဖြင့်ဆောက်ထားသောအိမ်တော်ကြီး အားလုံးက လူများကိုစိတ်မသက်မသာဖြစ်စေ၏။
လင်းရုဖေး ဤနေရာသို့ရောက်လာပြီးတည်းက သူ၏စိတ်အခြေအနေမှာမကောင်းတော့ပေ။
သခင်လေးဖူကသူ၏ဒေါသများကို စကားလုံးများဖြင့်မီးမွှေးပေးလိုက်သဖြင့် သူ့ဒေါသများကိုဖွင့်အန်လိုက်ပြီးနောက် အနည်းငယ်နေထိုင်ရကောင်းသွားသည်။
ကုရွှမ်းတုသည်လင်းရုဖေး၏စိတ်ဆိုးနေသောမျက်နှာကိုကြည့်ပြီး မထိန်းနိုင်တော့ဘဲရယ်လေ၏။
"မင်းကဘာလို့ဒီလောက်တောင် စိတ်ဆိုးနေရတာလဲ"
လင်းရုဖေး : "ကျွန်တော့်စိတ်ကိုလာဆွနေကြတာကိုး"
ကုရွှမ်းတုသည်ဘေးဘီကိုလှည့်ကြည့်ပြီး : "ဒီနေရာက အိမ်တော်ဆောက်လုပ်ဖို့မသင့်တော်ဘူး"
နေရာတိုင်းတွင်ဇိမ်ခံအဆင်တန်ဆာများရှိနေသော်ငြား ခြံဝန်းတစ်ခုလုံးကအရောင်တောက်လွန်းနေသည်။ ကျောက်တုံးအများစုကအနက်ရောင်များဖြစ်နေ၍ လူများမှာအနှီရှုခင်းကိုကြည့်ကာ ခြောက်ကပ်ကပ်နှင့်စိတ်ဓာတ်ကျဖွယ်ခံစားချက်ကို အလိုလိုရနေသည်။
လင်းရုဖေး : "ဖူယွိကနောက်ဆယ်ရက်လောက်အထိ ပြန်လာသေးမှာမဟုတ်ဘူး ဒီအကြောင်းကြားစာကို သူ့မိသားစုကိုပေးခဲ့ဖို့ကလည်းစိတ်ထဲအဆင်မပြေပြန်ဘူး"
မိသားစုများနှင့်မသင့်မြတ်ပုံရသဖြင့် အကြောင်းကြားစာအား ဖူယွိကိုကိုယ်တိုင်ပေးမှသာလျှင်ပိုကောင်းပေလိမ့်မည်။
ကုရွှမ်းတု : "မင်းပြောတာမှန်တယ် ဒါဆို နောက်ထပ်ရက်နည်းနည်းလောက်ဒီမှာဆက်နေကြရအောင်"
လင်းရုဖေးကမျက်မှောင်ကြုတ်ပြီး: "ဒါမှမဟုတ် အပြင်မှာသွားနေကြမယ်လေ ကျွန်တော်ဒီမှာသာ နေ့တိုင်းနေနေရရင်...."
ကုရွှမ်းတုကမရယ်ရမနေနိုင်ဖြစ်လာကာ : "ဓားဆွဲထုတ်ပြီး သူတို့ခေါင်းကိုဖြတ်မိတော့မှာလား"
နှစ်ဦးသားအခန်းသို့ပြန်လာကြသည့်အခါ ဖူဟွားနှင့်ယွီရွေ့တို့ကမော့မော့ကို စနေသည်ကိုတွေ့လိုက်ကြရသည်။ မော့မော့၏အခြေအနေက ယခင်ကထက်ပိုကောင်းလာသည်။ စောင်ထဲတွင်သာရှိနေသေးသော်ငြားအနည်းဆုံး ထပ်ပြီးတုန်ယင်နေခြင်းမျိုးမရှိတော့ပေ။
ဖူဟွားကလင်းရုဖေးပြန်လာသည်ကိုမြင်သည့်အခါပြုံးပြလာ၏။
"သခင်လေးပြန်လာပြီ ဘာလို့မပျော်မရွှင်ဖြစ်တဲ့ပုံပေါက်နေတာလဲ"
လင်းရုဖေးကသူအဆင်ပြေသည့်အကြောင်းခေါင်းသာခါပြလိုက်သည်။
"မင်းတို့စားပြီးကြပြီလား"
ဖူဟွား : "ဟုတ်ကဲ့ အခုလေးတင် အစေခံတစ်ယောက်က စားစရာ
တွေလာပို့ပေးသွားလို့ မော့မော့လည်းအများကြီးစားတယ် သခင်လေးသူတို့စားစရာတွေမကြိုက်ရင် ကျွန်မဆန်ပြုတ်သွားလုပ်ပေးမယ်လေ ဟင်းပွဲလေးနှစ်ပွဲလောက်ရော လုပ်ပေးရမလား"
သူမသည် လင်းရုဖေး၏တူသိပ်မလှုပ်လျှင် ဖြစ်နိုင်ချေကိုချက်ချင်းပြောနိုင်သည့်အတွက် အတွေ့အကြုံမှာအတော်လေးရှိနေပြီဟုဆိုနိုင်၏။
လင်းရုဖေး : "အင်း"
ဖူဟွားနှင့်ယွီရွေ့တို့က ထွက်သွားကြပြီး လင်းရုဖေးနှင့်အလိမ္မာတုံးလေးမော့မော့ကိုထားရစ်ခဲ့သည်။ လင်းရုဖေးကမနေနိုင်မထိုင်နိုင် မော့မော့၏ပါးကိုဆွဲညှစ်လိုက်ပြီး ပါးဆွဲခံရသည့်မော့မော့ကရုန်းကန်ခြင်းမျိုးမလုပ်ပေ။ လင်းရုဖေးအားသည်အတိုင်းပြန်ကြည့်နေပြီး သူ၏မဟူရာမျက်လုံးရွဲကြီးများကို အပြစ်ကင်းစွာပုတ်ခတ်ပြလာသည်။
ပါးဆွဲလိုက်ရသဖြင့် စိတ်ပျော်သွားသောလင်းရုဖေးသည်ဝတ်ရုံလက်ကြားမှသကြားလုံးကိုထုတ်၍ မော့မော့ပါးစပ်ထဲထည့်ပေးကာ : "မော့မော့ မင်းကို ငါ ပါးဆွဲညှစ်တဲ့အကြောင်း မင်းရဲ့အစ်မတွေကိုပြန်မပြောနဲ့နော်"
မော့မော့ကသဘောတူလက်ခံပါကြောင်းအသံပြု၍ ပါးစပ်ထဲမှသကြားလုံးကိုအမြန်ဝါးစားပစ်လိုက်သည်။
လင်းရုဖေးကပြုံးသည်။
ဘေးတွင် ကလေးတစ်ယောက်အားအနိုင်ကျင့်နေသည့်လင်းရုဖေးကိုကြည့်နေသောကုရွှမ်းတုကအချဉ်ပေါက်စွာဖြင့် : "ပါးဆွဲညှစ်ရတာပျော်စရာကောင်းတာလား"
လင်းရုဖေး : "သိပ်တော့မကောင်းဘူး...အသားနည်းလွန်းတယ်..."
ကုရွှမ်းတုကအနည်းငယ်ပျော်သွားသည်။
"ကိုယ့်ကိုဆွဲကြည့်ရင်ရော...ကိုယ်ကအသားများတော့ သူ့ကိုဆွဲတာထက်ပိုပျော်စရာကောင်းမယ်ဆိုတာ အာမခံတယ်"
ပြောနေရာမှ သူ၏မျက်နှာချောချောလေးအားအရှေ့တိုးပေးလာသဖြင့် အမြန်လုပ်ရန်ပြောနေသယောင်။
လင်းရုဖေးသည် ကူကယ်ရာမဲ့နေသောမျက်နှာက 'အကြီးအကဲအသက်ကဖြင့် နှစ်ရာချီနေပြီ ဘာလို့လက်တောက်လောက်လေးရှိသေးတဲ့အရုပ်လေးနဲ့ဖက်ပြိုင်နေရတာလဲ' ဟု အဓိပ္ပါယ်ဖော်နေသည်။
ကုရွှမ်းတုသည် ကြက်သေသေသွားပြီး 'အသက်ကရာချီနေပြီ' ဆိုသောစကားလုံးနှင့်အရှိုက်ထိသွားပုံရသည်။ သူသည်လင်းရုဖေး၏မျက်နှာကိုသာကြည့်နေပြီး စကားတစ်လုံးပင်မပြောတော့ပေ။ လင်းရုဖေးသည် သူ၏မျက်နှာအနေအထားကိုကြည့်ပြီး သူ၏မည်သည့်စကားလုံးကအလွန်အကျွံရက်စက်သွားခြင်းလည်းဆိုတာကို ပြန်စဉ်းစားနေမိသည်။ သို့သော် ကြည့်နေရာမှ သူ၏အိန္ဒြေကြီးလှသောအကြီးအကဲကုရွှမ်းတုသည် လျှပ်စီးအလျှင်ဖြင့် မော့မော့၏ပါးကို ခပ်ကြမ်းကြမ်းဆွဲညှစ်လိုက်တော့၏။
မော့မော့ကား သကြားလုံးစားနေဆဲဖြစ်သောကြောင့်သူ၏ပါးကဖောင်းကားနေပြီး ယခုကုရွှမ်းတုကြောင့် သူ၏ပါးတွင်လက်ချောင်းရာထင်သွားတော့သည်။ ထိုသို့ပါးကိုညှစ်လိုက်သည့်တိုင် သူမငိုပေ။ အလွန်အမင်းမနာကျင်သွား၍ဖြစ်နိုင်စေကာမူ မျက်လုံးတွင်အရည်ကြည်တစ်ထပ်ကဝေ့ဝဲနေဆဲပင်။ ပါးစပ်အပြည့်ဖြင့် သကြားလုံးစားနေပြီးနောက် မနာကျင်သည့်အကြောင်းသူ့ကိုယ်သူ ဗလုံးဗထွေးပြောနေသယောင် ၎င်းအကြည်လွှာလေးမှာတမဟုတ်ချင်းပျောက်သွားလေသည်။
ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် သူ၏အစေခံဖူဟွားကပြန်ရောက်လာသည်။
မော့မော့မျက်နှာပေါ်မှလက်ရာကြီးကိုမြင်ရသည်နှင့် : "သခင်လေး နည်းနည်းတော့ညင်သာသင့်တယ်...ကလေးအသားအရေကအရမ်းနူးညံ့တာ အရမ်းမဆွဲပါနဲ့"
လင်းရုဖေးက ပြန်မငြင်းနိုင်သဖြင့် ကလေးဆန်လွန်းသည့်ကုရွှမ်းတုကိုသာ လှမ်းကြည့်လိုက်မိသည်။
ကုရွှမ်းတုကဟက်ဟက်ပက်ပက်ရယ်ပြီး "ကြည့်ရတာ ခံစားချက်ကကောင်းသလိုလိုပဲ"
လင်းရုဖေးက တိုးတိုးလေးပြောလိုက်သည်။
"ခင်ဗျားလုပ်တာလွန်လွန်းတယ်"
ကုရွှမ်းတုကအရှက်မရှိစွာဖြင့် : "ကိုယ်ဘာအားမှမသုံးထားဘူး"
လင်းရုဖေးစိတ်ထဲတွင်တွေးနေမိသည်မှာ: ဘယ်သူကရောခင်ဗျားရဲ့အားကိုခံနိုင်မှာလဲ သူကအသက်ဘယ်လောက်မှမရှိသေးတဲ့ကလေး ခင်ဗျားသာအားသုံးလိုက်ရင် သူ့မျက်နှာတစ်ပြင်လုံးကျွတ်သွားလိမ့်မယ်ဗျ...။
ဗိုက်ပြည့်သွားသည့်အခါ မော့မော့တစ်ယောက်အိပ်ငိုက်လာသည်။ ဖူဟွားနှင့်ယွီရွေ့က သူ့အားရေချိုးပေးရန်အတွက် အစေခံအားရှာကာရေနွေးယူလာခိုင်းလိုက်သည်။ အသေအချာရေချိုးသန့်စင်ပြီးနောက် ကလေးကအလွန်အမင်းချစ်စရာကောင်းနေသည်ကိုတွေ့လိုက်ကြရသည်။ သူ၏မျက်နှာကိုကောင်းစွာမမြင်ရစေသော မျက်နှာပေါ်မှအရာကိုမသိကြသော်ငြား မသန့်ရှင်းလိုက်ကြပေ။ ကလေးကပိန်လွန်းပြီးလက်နှင့်ခြေထောက်များမှာကောက်ရိုးမျှင်များပမာ လူများကိုစိတ်မကောင်းဖြစ်ရစေ၏။
ကလေးအဝတ်အစားများမရှိလေရာ မော့မော့မှာလျော့တိလျော့ရဲနှင့်အပြင်အဝတ်သာဝတ်ထားရသည်။ သူသည်ဖူဟွားလက်မောင်းကြားတွင်လှဲနေပြီး သူမက ယနေ့ညကိုသူနှင့်အတူအိပ်မည်ဟုပြော၏။
လင်းရုဖေးမှာမော့မော့နှင့်အိပ်ချင်လင့်ကစား သူ၏ဘေးတွင် သူနှင့်အိပ်ချင်လွန်း၍အရောင်တဖျတ်ဖျတ်တောက်နေသောမျက်လုံးများဖြင့် အကြီးအကဲတစ်ယောက်ရှိနေသေးသည်။ နောက်တစ်နေ့နံနက်၌ မော့မော့တွင်ထပ်လောင်းအနီမှတ်များမရှိလာရစေရန် လင်းရုဖေးမှာမနေသာတော့ဘဲ ဖူဟွားနှင့်အိပ်ခိုင်းလိုက်ရသည်။ သို့ထိတိုင် မိန်းကလေးများ၏စိတ်က ယောကျ်ားလေးများထက်အသေးစိတ်စီစဉ်တတ်သည်။ သူမတို့နှစ်ယောက်သည် လက်မထပ်ရသေးသော်လည်း မော့မော့လေးအားဂရုစိုက်နိုင်ကြသည်။
ညမှောင်လာသည့်တိုင် ဖူမိသားစုသည်နိုးကြားနေဆဲပင်။ နံရံကိုဖြတ်၍အပြင်ဘက်မှရယ်သံများကိုပင်ကြားနေရသည်။ လင်းရုဖေးသည် ခြံဝန်းထဲမှသူနေသည့်အခန်းတွင်ပင် လူးလှိမ့်နေမိပြီးဤခြံဝန်းကထူးဆန်းနေသည်ဟုအမြဲခံစားရ၏။ သို့ရာတွင် တစ်ချိန်တည်း၌ မည်သည့်အရာကထူးဆန်းနေမှန်းလည်းအတိအကျမသိပေ။
အဆုံးတွင် သူ့အားကုရွှမ်းတုကနှိုးလာသည်။
"ခြံဝန်းထဲမှာ မြက်ချွန်းပင်တွေပဲရှိနေတာမဟုတ်တော့ နေရတာသက်သောင့်သက်သာမရှိဘူး"
လင်းရုဖေးသည်လည်း တခြံလုံးတွင်ပေါင်းပင်တစ်ပင် ပင်မရှိဘဲသစ်ပင်များသာရှိသည်ကိုသိသွားချိန်တွင် မှင်သက်သွားမိသည်။
"ထူးဆန်းတယ်"
လင်းရုဖေးကငုံ့ပြီး မြေကြီးကိုပွတ်သပ်ကြည့်သည်။ အသေအချာကြည့်ပြီးနောက် သူရှုပ်ထွေးသွားသည်။
"မြေကြီးကပုံမှန်မဟုတ်ဘူး"
အနက်ရောင်မြေကြီးသည် ဆားနှင့်တူသောအဖြူတောက်တောက်အရာအချို့နှင့်ရောနေ၏။
"ဆားက....မြေကြီးထဲမှာလား"
ကုရွှမ်းတု : "ထင်ရတာပဲ"
လင်းရုဖေး : "မြေကြီးထဲမှာဘယ်လိုလုပ်ဆားရှိနေတာလဲ"
Xxxx