အပိုင်း ၈၈
Viewers 15k

Chapter 88



သူတို့နေသည့်စီရင်စုတွင် ဆားသည်ရှားပါးပစ္စည်းမဟုတ်၊ သို့ထိတိုင်ဈေးကြီးပေးဝယ်နေရဆဲပင်။ မည်သူကများဆားများကိုမြေကြီးထဲတွင်တမင်ပစ်ချထားခဲ့ပါသနည်း။

တစ်ချက်တွေးတော့ကြည့်ပြီးမှကုရွှမ်းတုက : "ကိုယ်ဆားပါတဲ့မြေကြီးမျိုးမြင်ဖူးတယ် မိုးရွာရင် အဲဒါကမြေကြီးနဲ့အတူအပေါ်တက်လာတယ်လေ"

လင်းရုဖေးကမျက်မှောင်ကြုတ်ကာ : "မြေကြီးထဲကနေလား"

ကုရွှမ်းတု : "ဟုတ်တယ် ဒီလိုမြေကြီးမျိုးကမြက်ပင်မပေါက်နိုင်ဘူး မြေကြီးကိုကုပ်တွယ်ထားတဲ့ပေါင်းပင်မျိုးလည်း ရှင်ဖို့မဖြစ်နိုင်ဘူး"

မြက်ပင်နှင့်သစ်ပင်များမရှိသောအကြောင်းအရင်းကိုရှာတွေ့သွားပြီး လင်းရုဖေးကသူ၏လက်မှညစ်ပတ်နေသည်ကိုခါထုတ်ကာဆို၏။

"မြေကြီးဒီလိုမျိုးဖြစ်နေတာ ဖူအိမ်တစ်အိမ်တည်းလား"

ကုရွှမ်းတုက သူမသိကြောင်းခေါင်းယမ်းပြသည်။

လင်းရုဖေးသည် မနက်ဖြန်တွင်အချိန်ကောင်းရှာ၍ဖူအိမ်မှထွက်ကာအပြင်တွင်လျှောက်ကြည့်ရန် စီစဉ်ထားသည်။ ဖူယွိပြန်လာရန်ဆယ်ရက်ခန့်လိုနေသေးသည်။ သူနေ့တိုင်းသာဖူအိမ်တွင်နေရလျှင် ရူးသွားမည်ကိုစိုးရိမ်ရ၏။

ညဥ့်နက်ချိန်တွင် အပြင်ဘက်မှအသံများလျော့သွားသည်။ လင်းရုဖေးသည်ကုတင်ပေါ်တွင်လှဲလျက် အိပ်ပျော်သွားသည်။

နွေရာသီရောက်လာပြီဖြစ်ရာ ရာသီဥတုမှာနေ့စဉ်ပူပြီးရင်းပူလာသည်။ နေရောင်ခြည်သည်မနက်ခင်းတွင်ဖြာ၍ လူတိုင်းအား အားအင်အပြည့်ဖြစ်စေ၏။ သည့်အပြင် ခြံဝန်းသည်အရိပ်မရှိ၍တကယ်ကိုပူအိုက်လေသည်။

ဤရာသီဥတုကြောင့် လင်းရုဖေးမှာခံတွင်းပျက်လာပြီး ဘာကိုမှမစားတော့ပေ။ မနက်စာအဖြစ် ဆန်ပြုတ်အနည်းငယ်ကိုပင်စားရန်ခက်ခဲလာပြီး တူကိုပင်မကိုင်တော့ပေ။

သူမစားနိုင်သည့်တိုင် မော့မော့၏စားသောက်နိုင်စွမ်းမှာလက်ဖျားခါလောက်သည်။ စားပွဲပေါ်ကျန်သမျှဟင်းတိုင်း သူ၏ဗိုက်ထဲအကုန်ရောက်သွားခဲ့၏။ လင်းရုဖေးသာ လွှတ်ထားရင် ထိုကလေးကအိုးဖင်ကိုပင်လျက်နိုင်သည်။ သူ၏ဝမ်းဗိုက်သေးသေးလေးကတစ်ခုခုနှင့်ဆက်သွယ်နေပုံရပြီး ပြည့်ကျပ်နေလျှင်ပင်ဝင်ဆံ့ရန်နေရာလွတ်ကျန်နေသေးသည်။

လင်းရုဖေးစားသောက်ပြီးနောက် အစေခံများကိုဖူအိမ်အပြင်ဘက်ခေါ်ထုတ်သွားရန်နည်းလမ်းရသွားသဖြင့် မော့မော့အတွက်မူ ဖူဟွားကိုအိတ်တစ်အိတ်ထဲထည့်ခိုင်းကာ အတူအပြင်သို့သယ်သွားကြ၏။

လမ်းပေါ်ရောက်သည်နှင့် သူတို့သည်ဖူအိမ်၏အသက်ရှူကျပ်ဖွယ်လေထုမှလွတ်မြောက်လာကြသည်။ လမ်းမပေါ်မှအဆောက်အအုံများက ကြီးကျယ်နေသေးသော်ငြား ဖူအိမ်၏ဘိုးဘေးစံအိမ်လောက်မဆိုး၀ါးပေ။

လင်းရုဖေးက ဆိုင်တစ်ဆိုင်သို့အလျင်သွားပြီး မော့မော့အတွက်အင်္ကျီအချို့ဝယ်သည်။ အဝတ်လဲနိုင်မည့်ထောင့်တစ်ထောင့်ကိုရှာတွေ့သွားသည့်အခါ စိတ်ဝင်စားစရာသရေစာမုန့်ရှိမရှိလိုက်ကြည့်လိုက်သည်။

သို့သော် လင်းရုဖေးသည်တစ်ရွာလုံးအနှံ့လျှောက်သွားပြီးမှစိတ်ဝင်စားစရာမတွေ့၍ စိတ်ပျက်သွားသည်။ ဆိုင်များမှာကျောက်စိမ်း သို့မဟုတ် ပိုးထည်များသာရောင်းချပြီး အားလုံးနီးပါးကဈေးကြီးကြသည်။ စားသောက်ဆိုင်များမှာလည်း ကိန်းကြီးခမ်းကြီးနိုင်ကာ လမ်းပေါ်တွင်ပျံကျဈေးသည်လည်းမတွေ့ရပေ။ လင်းရုဖေးကားစိတ်မဝင်စားတော့ပေ။ သူသည်ငြီးငွေ့စွာဖြင့်လျှောက်သွားနေပြီးနောက် လက်ဖက်ရည်ဆိုင်ရှာတွေ့သွားသဖြင့် အပူငြိမ်းရန်လက်ဖက်ရည်အချို့မှာသောက်လိုက်၏။

"ဒီဖူရွာကဘယ်လိုမျိုးကြီးလဲ အစာပြေမုန့်လေးတောင်မရှိဘူး"

လင်းရုဖေးခမျာ ကူးစူးမြို့မှသကြားလုံးကိုစလွမ်းလာမိသည်။

ကုရွှမ်းတုကလည်းထောက်ခံသည်။

ဖူဟွားနှင့်ယွီရွေ့တို့မှာအပူဒဏ်ကြောင့်စိတ်ကြွလာကြကာ: "အစာပြေမုန့်မပြောနဲ့ သစ်ပင်လေးတစ်ပင်တောင်မရှိဘူး"

လင်းရုဖေးက လက်ဖက်ရည်တစ်ငုံစုပ်သောက်လိုက်သည်။

"အပင်မပြောနဲ့ မြက်တောင်မရှိဘူး ငါတို့အကုန်လုံးကန္တာရထဲရောက်နေသလိုပဲ"

ယွီရွေ့ : "ဟုတ်တယ် ရွာအပြင်မှာကျတော့ မြက်လေးတွေကိုစိမ်းနေတာပဲ အရမ်းလည်းသဘာ၀ကျတယ် တံတိုင်းအထဲမှာကျတော့ ဘယ်လိုဖြစ်ရတာလဲ"

လင်းရုဖေးကလည်းမသိ၍ခေါင်းယမ်းလိုက်၏။

ထို့နောက် သူတို့သည်ရွာခံဖြစ်သည့်မော့မော့ကိုကြည့်လိုက်ကြပြီး ထိုကလေးမူကား အနည်းငယ်ပင်မသက်သာခြင်းမျိုးဖြစ်မနေပေ။ သူသည်လက်ဖက်ရည်ပန်းကန်လုံးအားကိုင်ကာ မသိလိုက်ခင်မှာပင်မော့သောက်လိုက်သည်။ တကယ်တမ်း၌ လက်ဖက်ရည်အရသာကမကောင်းပေ။ ခါးရုံတင်မက သောက်၍လည်းမကောင်းပေ။ စကားပုံအရ ကလေးများမှာလက်ဖက်ရည်မကြိုက်သည့်တိုင် မော့မော့ကမူသာမန်ကလေးမျိုးမဟုတ်ပေ။ အလုံအလောက်အရသာခံပြီးသည်ကိုပင် လက်ဖက်ရည်ကြောင့်မသက်မသာဖြစ်သွားခြင်းမျိုးမခံစားရ။ တစ်ကျိုက်တည်းကုန်အောင်သောက်လိုက်နိုင်သည်။

လင်းရုဖေးသည် ထိုကလေး ပါးလေးဖောင်းကာလက်ဖက်ရည်သောက်လိုက်သည်ကိုကြည့်နေရင်း သူ၏လက်ချောင်းများယားကျိကျိဖြစ်လာ၏။ သို့ထိတိုင် သူ၏နံဘေးတွင်ပြဿနာရှာရသည်ကိုကြိုက်သောအကြီးအကဲတစ်ယောက်ရှိနေ၍ သူ၏လက်များကိုမဆန့်ရဲပါချေ။

ဖူဟွား : "ဘာလို့လဲသခင်လေး အိပ်ငိုက်လို့လား"

"အင်း ပင်ပန်းနေလို့ပါ"

လင်းရုဖေးကမျက်လုံးထောင့်ကိုပွတ်သပ်ပြီးအားမရှိစွာဖြင့်ပြော၏။ "ပူလွန်းလို့များလား"

ဖူဟွား: "ပူလို့ဖြစ်မယ် ကျွန်မနောက်မှ သူတို့ဆီကနေရေခဲတောင်းကြည့်မယ်လေ အခန်းကိုအေးအောင်အရင်လုပ်ကြတာပေါ့"

လင်းရုဖေးကခေါင်းညိတ်ကာ 'အင်း' ဟုပြောလိုက်သည်။

ဖူမိသားစု၏ဘိုးဘေးအိမ်တော်သည်စိတ်ဝင်စားစရာမရှိ၊ စံအိမ်ကပို၍ပျင်းစရာကောင်းသောကြောင့် လင်းရုဖေးကခေတ္တလျှောက်ပတ်ကြည့်နေလိုက်သည်။ သူပြန်လာချိန်တွင်နေလုံးကတဖြည်းဖြည်းကြီးလာနေချေပြီ။


___

အိမ်အပြန်လမ်းတွင် ဝဝကစ်ကစ်ကလေးတသိုက် ဖူအိမ်တော်ထောင့်တွင်ကစားနေသည်။ သူတို့၏အဝတ်အစားများကိုကြည့်ရုံဖြင့် ဖူအိမ်တော်မှမိသားစုဝင်မှန်းသိနိုင်၏။ သူတို့၏အနောက်တွင်အစေခံများလိုက်နေကာ ပိုးထည်များနှင့်ခါးတွင်လည်းကျောက်စိမ်းခါးပတ်များကိုတခမ်းတနားဝတ်ဆင်ထားသည်။

လင်းရုဖေးကသူတို့အားအကြိမ်ရေအနည်းငယ်ကြည့်လိုက်သည်။ အစေခံများကသူ၏အကြည့်ကိုခံစားမိ၍ ဖျတ်ကနဲလှမ်းကြည့်ကြသည်။ လင်းရုဖေးအားတွေ့ကြသည့်အခါ သူတ်ို့ကလှိုက်လှဲစွာပြုံးပြလာပြီး 'သခင်လေးလင်း' ဟုလှမ်းခေါ်ကြသည်။

လင်းရုဖေးကအနည်းငယ်အံ့အားသင့်သွားသည်။

"မင်းတို့ငါ့ကိုသိကြတာလား"

သူဖူမိသားစုတွင်နေထိုင်သည်မှာတစ်ရက်ပင်ရှိသေးသော်ငြား လူတိုင်းကသူ့ကိုမှတ်မိနေကြ၏။

အစေခံကခယသောအပြုံးဖြင့်: "ကျွန်မတို့အိမ်ကိုဂုဏ်သရေရှိဧည့်သည်တွေအများကြီးလာကြတယ်လေ သခင်က ကျွန်မတို့ကိုကောင်းကောင်းဆက်ဆံရမယ်လို့မှာထားပါတယ်"

လင်းရုဖေးကပုံမှန်အတိုင်းမေးလိုက်သည်။ "ဒီကလေးတွေကလည်းဖူမိသားစုကပဲလား"

အစေခံ : "ဟုတ်ပါတယ် ဟုတ်ပါတယ် အကြီးဆုံးသခင်လေးဖူယွိရဲ့ကလေးတွေပါ"

လင်းရုဖေးခ: "ဖူယွိရဲ့ကလေးတွေ ဘယ်တစ်ယောက်လဲ"

အစေခံကတွန့်ဆုတ်နေပြီးနောက် တိုးတိုးလေးပြန်ဖြေသည်။

"အားလုံးပါ"

လင်းရုဖေးမှာတောင့်တင်းသွားသည်။ ကလေးများကငါးယောက်ဖြစ်ကာ အားလုံးမှာတရွယ်တည်းဖြစ်နေသော်ငြား အကုန်လုံးက ဖူယွိ၏ကလေးများဖြစ်နေ၏။ ဤဖူယွိကအမှန်တကယ်ပင်ထူးဆန်းလှသည်။

အစေခံကလင်းရုဖေးအား အံ့အားသင့်စွာကြည့်ကာ ရှင်းပြသည်။ "သခင်လေးလင်း...မသိဘူးလား...ကျွန်မတို့ရဲ့သခင်လေးကဇနီးတွေအများကြီးလေ...အဲဒါကြောင့်...."

တပြိုင်တည်းကလေးငါးယောက်ရှိသည်မှာ မထူးဆန်းတော့။

လင်းရုဖေးသည် ထိပ်တန်းသိုင်းသမားဖူယွိကတမျိုးတဖုံကွဲပြားလိမ့်မည်ဟု မူလကထင်ခဲ့သော်ငြား ယခုအစေခံ၏စကားကိုနားထောင်ကြည့်ပြီးနောက် သူ၏မျှော်လင့်ချက်များက အောက်ဆုံးအထိထိုးဆင်းသွားသည်။ လင်းရုဖေးသိခဲ့သောသိုင်းသမားအများစုမှာသူ၏ဒုတိယအစ်ကိုကဲ့သို့ တကိုယ်တည်းရည်ရွယ်ချက်တွင်သာနှစ်မြုပ်ထားသည်။ သူတို့အနက်မှအလွန်အမင်းနည်းပါးသောလူနည်းစုလေးသာ သူလိုကိုယ်လိုတဏှာစိတ်ပြင်းပြတတ်လင့်ကစား ဖူယွိသည် ထိုချွင်းချက်မျိုးဖြစ်နေလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။

အဆုံးတွင် သူတို့သည်သူများနေထိုင်ရာအိမ်တွင်ရှိနေသေးသည်။ လင်းရုဖေးသည်ဤကိစ္စကိုမပြောတော့ဘဲခေါင်းညိတ်ပြီးထွက်သွားတော့၏။

"မိန်းမတွေအများကြီးယူတယ်...သူကတကယ်ကိုတစ်ခုခုပဲ"

ယွီရွေ့သည်ပြောနေရင်းစိတ်တိုတိုဖြင့် ကျစ် တစ်ချက်စုပ်သပ်လိုက်သည်။

"ကျွန်မသာမိန်းမတွေအများကြီးရှိနေရင် ဓားရေးကျင့်နေမှာကိုမဟုတ်တော့ဘူး"

ပြောပြီးနောက်သူမသည်လင်းရုဖေးအားကြည့်ကာမျက်လုံးတစ်ဖက်မှိတ်ပြပြီး : "ပြောမှ သခင်လေးလည်း လက်ထပ်ရမယ့်အရွယ်ရောက်ပြီနော်"

လူတစ်ယောက်ကအသက်နှစ်ဆယ်ကျော်ပြီး ကျင့်ကြံဆင့်ပဥ္စမ သို့ရောက်လျှင် လက်ထပ်ရန်အရေးကိုစတင်စဉ်းစားရပေတော့မည်။ သို့သော် လင်းရုဖေး၏အခြေအနေကထူးခြားသည်။ သူ၏ကျန်းမာရေးကမကောင်းသလို သူ၏မိသားစုမှာလည်းလက်မခံချင်ပေ။ သူဇနီးတစ်ယောက်လိုချင်လာလျှင် သူ၏မိသားစုကသူ့အတွက်ကျိန်းသေတစ်ယောက်ကိုရှာပေးလိမ့်မည်။ သူမလိုချင်လျှင်လည်း သူ၏မိသားစုကဖိအားပေးမည်မဟုတ်ပေ။

"နောက်မှပေါ့"

လင်းရုဖေးကစိတ်မဝင်စားသေးချေ။

"ငါ့မှာအဲဒီအတွက်အားလပ်ချိန်ရှိနေရင်..."

ကုရွှမ်းတုနဲ့ပဲဓားရေးကောင်းကောင်း ကစားနေလိုက်တော့မယ်...။

ကျန်သည့်အပိုင်းကိုမူ သူထုတ်မပြောနေတော့ပေ။

ကလေးအချို့က အပြင်လူဖြစ်သောလင်းရုဖေးအားစပ်စုချင်သလိုကြည့်နေကြသည်။ သူတို့၏လုံးကစ်သောမျက်နှာများက ယှဉ်ကြည့်လျှင်မော့မော့နှင့်တူသည်။ သို့ရာတွင် လင်းရုဖေးသည် ဖူအိမ်မှကလေးများနှင့်မျက်လုံးကြာကြာမဆုံချင်သောကြောင့် နှုတ်ပင်မဆက်ဘဲတန်းထွက်လာလိုက်သည်။

သူသည်တောက်ပသောနေရောင်အောက်မှ အခန်းသို့ပြန်ရောက်လာချိန်၌ တစ်ကိုယ်လုံးချွေးများရွှဲနေ၏။ ဖူဟွားသည်လင်းရုဖေးအတွက်ရေခဲသွားတောင်းသည့်အခါ သူနှင့်သင့်လျော်မည့်ချိုးရေတစ်ပုံးကိုပါတစ်ခါတည်းတောင်းလာခဲ့သည်။

မော့မော့ကအိတ်ထဲမှတိုးထွက်လာကာ ဘေးတွင်ဝင်ထိုင်သည်။ သူပျင်းနေသည်ကိုတွေ့သည့်အခါ ဖူဟွားကသူ့အားစားပွဲပေါ်မှအစာသွပ်မုန့်တစ်ခုပေးပြီး ကစားစရာလည်းပေးထားလိုက်သည်။ စားစရာနှင့်သာဆို မော့မော့၏အာရုံကတစ်နေ့လုံးထိုအထဲတွင်သာရှိနေလိမ့်မည်ပင်။ သူဗိုက်မဆာသေး၍ယခင်ကအတိုင်း တစ်ခါတည်းမြိုမချလိုက်ဘဲနည်းနည်းချင်းစီကိုက်ကာ ဇိမ်ပြေနပြေစားနေ၏။ အစာသွပ်မုန့်စား၍တစ်ဝက်ကုန်သည့်အခါ ဘေးဘီကိုကြည့်၍ ကျန်သည်ကိုသူ၏အိတ်ထဲထိုးထည့်နေသည်။ ဖူဟွားနှင့်ကျန်သူများအကုန်လုံးကအလုပ်များနေကြ၍ထိုအပြုအမူလေးကိုမမြင်လိုက်ကြချေ။ တွေ့လိုက်ကြပါက သူတို့ထပ်ပြီးအသည်းယားလာကြပေလိမ့်မည်။

လင်းရုဖေးကရေချိုးပြီးနောက် အဝတ်အစားအသစ်များလဲဝတ်နေပြီးမော့မော့ကို ယွီရွေ့ကပါးစပ်သုတ်ပေးနေသည်။

သူကမော့မော့ကြည့်ကာ : "မော့မော့ မွေးနာမည်ကိုမှတ်မိသေးလား"

မော့မော့ကလင်းရုဖေးအား အူကြောင်ကြောင်ကြည့်သည်။

လင်းရုဖေး : "နာမည်သုံးလုံးလေ"

မော့မော့ : "မမှတ်...မမှတ်မိဘူး"

လင်းရုဖေး : "ဒါဆိုမော့မော့ဆိုတဲ့နာမည်ဘယ်သူပေးတာလဲ"

မော့မော့က ခဏစဉ်းစားလိုက်ပြီး : "ပေးတာ...ဖေဖေပေးတာ..."

လင်းရုဖေး : "ဖေဖေဟုတ်လား မင်းအဖေကရှိနေသေးတယ်လား"

မော့မော့ကခေါင်းညိတ်ပြီး တစ်ဖန်ခေါင်းပြန်ယမ်းသည်။

သူကအလွန်အမင်းစိတ်ရှုပ်နေဟန်ဖြင့် ခေါင်းလေးအားစောင်းကာ : "ဖေဖေကမော့မော့လို့ပေးခဲ့တာ...ဒါကြောင့်...ကျွန်တော့်နာမည်ကမော့မော့"

သူစကားပြောပုံကထူးဆန်းနေစေကာမူ လင်းရုဖေးကနားလည်သည်။ ဖြစ်နိုင်သည်မှာ မော့မော့၏အဖေကသူ့အားလက်ထဲတွင်ပေါက်စီနှင့်ထားရစ်ခဲ့ပြီး ထိုအမည်ကိုပေးခဲ့ခြင်းဖြစ်နိုင်သည်။ မော့မော့ကငယ်လွန်းသေး၍ထိုအရာမျိုးကိုမမှတ်မိခြင်းကပုံမှန်ပင်။

သူတွေးနေစဉ် အနားတွင်ရပ်နေသောကုရွှမ်းတုကသက်ပြင်းဖွဖွချသည်။

လင်းရုဖေး : "အကြီးအကဲဘာဖြစ်လို့လဲ"

ကုရွှမ်းတု : "ဒီကလေးကဖူမိသားစုနဲ့မျိုးနွယ်တူနိုင်တယ်"

လင်းရုဖေး : "ဘာလို့အဲဒီလိုပြောနိုင်တာလဲ"

ကုရွှမ်းတု : "မော့မော့ကဒီကလေးတွေကိုတွေ့တော့တုန်နေတယ်လေ"

လင်းရုဖေး : "တုန်နေတယ်လား..."

သူကသတိမထားမိသော်ငြား ကုရွှမ်းတုကသတိထားမိသည်။

ကုရွှမ်းတု : "မော့မော့သာဒီကလေးတွေကိုမသိရင် အဲဒီလိုဖြစ်မှာမဟုတ်ဘူး"

ထိုစကားကြောင့် လင်းရုဖေး၏အမူအရာက ချက်ချင်းလေးနက်သွားသည်။ မော့မော့သာ ဖူမိသားစုဝင်တစ်ယောက်အမှန်တကယ်ဖြစ်နေခဲ့လျှင် ဒုက္ခများလာပေတော့မည်။ ရွာကသူ့အားအကြောင်းအချို့ကြောင့်နှင်ထုတ်ထားပြီး သူ့ကိုယ်သူကာကွယ်နိုင်ရန်ထွက်လာခြင်းဖြစ်နိုင်သည်။ သူကားမော့မော့ကိုအလျင်စလိုပြန်ခေါ်လာမိသည်။ ဖူမိသားစုကသာ၎င်းကိုတွေ့သွားခဲ့ပါက အငြင်းပွားစရာများဖြစ်လာပေတော့မည်...။


...........


စာရေးသူမှာပြောစရာရှိတယ်~


ကုရွှမ်းတု : မင်းညှစ်တဲ့သူတိုင်းကို ကိုယ်ကညှစ်မှာပဲ

လင်းရုဖေး : တကယ်လား

ကုရွှမ်းတု : အင်း...

လင်းရုဖေး : (ကုရွှမ်းတု၏ပါးကိုဆွဲ) ကလေးကိုအနိုင်ကျင့်လို့ရတယ်လို့ ခင်ဗျားကိုဘယ်သူပြောတာလဲ....

ကုရွှမ်းတု : ......

_____

Translated By IQ-Team.