အပိုင်း ၈၉
Viewers 15k

Chapter 89
မဟာတည်ဆောက်ပုံ

----------------


အကြောင်းစုံသိလိုက်ရပြီးသည့်အခါ လင်းရုဖေးမှာမော့မော့ကိုအပြင်ထွက်ခွင့်မပေးတော့ချေ။ တစ်အချက်၊ မော့မော့သည်လူကပ်တတ်ပြီးဘာမှမသိပေ။ အနှီကောင်လေးမှာယခုကဲ့သို့လမ်းဘေးတွင်နေရပြီး မည်သည့်အချိန်အထိအသက်ရှင်နိုင်မည်မှန်းမသိချေ။
နှစ်အချက်မှာဖူမိသားစုသည် မော့မော့နှင့်ရန်စရှိနေပါက ကောင်လေးကိုဖူအိမ်နှင့်အနီးတွင်ထားနေလျှင် အန္တရာယ်ပေးနေသည်နှင့်တူချေမည်။

စဉ်းစားကြည့်လျှင် လတ်တလော၌မော့မော့ကိုသူတို့နှင့်အတူနေခိုင်းခြင်းကအသင့်တော်ဆုံးနည်းလမ်းဖြစ်ပေလိမ့်မည်။ သူတို့မသွားခင်အထိ ဖူမိသားစုကသူ့အားမမြင်တွေ့ခဲ့လျှင်ပိုကောင်းပေမည်။

သို့ရာတွင် ၎င်းကိစ္စကို ဖူဟွားနှင့်ယွီရွေ့တို့အားမဖြစ်မနေပြောပြထားရမည်။ အချိန်အများစုတွင် မော့မော့ကသူတို့နှင့်အတူရှိနေတတ်၏။

ဖူဟွားသည် မော့မော့ကဖူမိသားစုနှင့်ဆက်ဆံရေးမကောင်းမှန်းသိသွားသည့်အခါ ထိုကလေးကိုချက်ချင်းဆွဲ၍လက်မောင်းကြားထဲ၌တယုတယ ပွေ့ဖက်ထားသည်။ သူမသည်မော့မော့ကလူကောင်သေးလွန်း၍ သူမတို့အားဘာမှလုပ်နိုင်မည်မဟုတ်ကြောင်းကိုပြောနေ၏။ ဖူရွာကထူးဆန်းသောကြောင့် ဖြစ်နိုင်လျှင်သူမတို့အမြန်ထွက်သွားချင်နေပေပြီ။

လင်းရုဖေးမှာလည်း သူမတို့နှင့်အတွေးတူသည်။ သူလည်းအကြောင်းကြားစာပို့ပေးပြီးသည်နှင့် ချက်ချင်းထွက်သွားရန်စိတ်ကူးထားသည်။ ကံမကောင်းစွာဖြင့် ဖူယွိကနောက်ထပ်ဆယ်ရက်အထိပြန်လာမည်မဟုတ်သောကြောင့် သူတို့ရက်အနည်းငယ်ခန့်ထပ်စောင့်ရပေမည်။

ဖူမိသားစုနှင့်ပထမဆုံးအကြိမ်တွေ့ဆုံမှုက မကောင်းခဲ့၍ နောက်ရက်များတွင် လင်းရုဖေးသည်ဖူမိသားစုအားအရင်မဆက်သွယ်တော့ပေ။ သို့ထိတိုင် ဖူမိသားစုသည်ညစာစားရန် မပြတ်လာခေါ်တတ်သည်။ အထူးသဖြင့် ပထမတစ်ရက်က လင်းရုဖေးတွေ့ခဲ့ရသော ခရမ်းရောင်ဝတ်စုံနှင့်သခင်လေးဖူပင်။ ထိုသူသည်လင်းရုဖေးအားစိတ်ဝင်စားနေပုံရပြီး အချိန်တိုင်းအငြင်းခံနေရသည်ကိုပင် ဇွဲမလျှော့တမ်းပြန်ရောက်လာတတ်သည်။ အနှီသူသည် လင်းရုဖေးအား သေရည် သို့မဟုတ် လက်ဖက်ရည်သောက်ရန် ဖိတ်တတ်သည်။ လင်းရုဖေးမှာလည်းအချိန်တိုင်း ယတိပြတ်ငြင်းတတ်ပြီး တစ်စက်လေးပင်မညှာတာပေ။

လင်းရုဖေးမှာ မည်သည်ကိုမှလုပ်စရာမရှိသလို ဖူအိမ်ခြံဝန်းထဲတွင်လည်းမနေချင်ပေ။ သူကအမြဲအိမ်အပြင်ကိုလမ်းလျှောက်ထွက်သည်။ အပြင်ဘက်တွင် နွမ်းဖတ်နေသောလယ်သမားများသာရှိသည့်တိုင် အရိပ်ရသည်။ ကျယ်ပြန့်သောလယ်ကွင်းပြင်များက စပါးခင်းများနှင့်ပြည့်နေပြီး အနည်းဆုံး နေရာတိုင်း၌သက်ရှိ၏အငွေ့အသက်ကိုခံစားနိုင်သည်။

သို့သော် ၎င်းကလင်းရုဖေး၏ကိုယ်ပိုင်အမြင်သာဖြစ်နေ၏။ ရွာအပြင်ဘက်၌စိုက်ထားသောလယ်ခင်းများအကြောင်းပိုသိလိုက်ရသည်တွင်သူရုတ်ချည်းတုန်လှုပ်ဖွယ်တစ်ခုကိုရှာတွေ့သွား၏။

ရွာအပြင်လယ်ကွင်းမှမြေကြီးများမှာလည်း ရွာထဲမှမြေများနှင့်တူညီသည်။ ၎င်းအပေါ်တွင် မြင်သာသောပြောင်လက်လက်အလွှာတစ်ခုကရောနှောနေ၏။ လင်းရုဖေးက မြေကြီးအားလက်ဖြင့်ကိုင်ကာဖျစ်ညှစ်ကြည့်ပြီး ၎င်းကဆားများဖြစ်နေမှန်းသိလိုက်ရသည်။

လင်းရုဖေးကမယုံကြည်နိုင်မှုအပြည့်ဖြင့်ဆို၏။ "ဆားပေါက်နေတဲ့မြေ ဘယ်လိုလုပ်ပြီး အပြင်မှာပါ မြေကြီးကဆားပေါက်နေတာလဲ"

ကုရွှမ်းတုသည်လည်း အံ့ဩသွားဟန်ဖြင့် 'ဟမ်' ဟူသောအသံထွက်လာသည်။

နှစ်ခုလုံးကဆားပေါက်နေသောမြေကြီးများပင်၊ သို့သော် ရွာအတွင်းဘက်တွင် မြက်ပင်များမပေါက်နိုင်ဘဲ ရွာအပြင်၌မူအပင်များကောင်းစွာကြီးထွားနိုင်ခြင်းအားဖြင့် ၎င်းကအပင်များအပေါ်မသက်ရောက်နိုင်ကြောင်းထင်ရှားသည်။

ကုရွှမ်းတု : "ကိုယ်ထင်သလိုပဲ ဖူရွာက မရိုးရှင်းဘူးပဲ"

လင်းရုဖေး : "ဘယ်လိုမျိုးလဲ"

ကုရွှမ်းတု : "ကိုယ်တို့စရောက်လာတုန်းက စုဆောင်းခြင်းအဆင့်ရှိနေတဲ့ဝိညာဉ်ရှိနေတာကိုခံစားမိတယ် ဒါပေမဲ့ ဖြစ်နေကျပဲဆိုတော့ ကိုယ်လည်းစိတ်ထဲသိပ်မထည့်ထားမိဘူး အခုတော့ ပုံမှန်စုဆောင်းခြင်းအဆင့်မဟုတ်တာသေချာသွားပြီ"

ဝိညာဉ်စုဆောင်းခြင်းအဆင့်မှာ မြင်တွေ့ရလွယ်ကူသည်။ ၎င်းမှာလယ်သမားများ၏လယ်ခင်းများတွင် ပုံမှန်အားဖြင့်အသုံးပြု၏။ အနားမှဝိညာဉ်စွမ်းအင်များကိုစုဆောင်းပြီး အပင်များကြီးထွားလာခြင်းမျိုးပင်။

သို့သော် ယေဘူယျတွင်ဝိညာဉ်စုဆောင်းခြင်း၏သက်ရောက်မှုကသိမ်မွေ့ကာ လယ်ခင်းအပေါ်လွှမ်းမိုးနိုင်မှုက လယ်သမား၏တည်ရှိနေမှုအပေါ်မှီတည်နေ၏။

ဝိညာဉ်စုဆောင်းခြင်းအဆင့်က ဆားပေါက်သည့်မြေပေါ်မှာပင် သီးနှံပင်များကိုစိုက်ပျိုးနိုင်ခြင်းက ပုံမှန်မဟုတ်ပေ။

လင်းရုဖေးကမျက်မှောင်ကြုတ်ကာ : "ဖူမိသားစုကဝိညာဉ်စုဆောင်းတဲ့အဆင့်ကိုသုံးပြီး ငွေရှာချင်နေတာများလား"

ကုရွှမ်းတု : "ဒါပဲဖြစ်နိုင်တာရှိတယ်"

ပြောပြီးပြီးချင်း သူသည်လင်းရုဖေးအားဘေးပတ်ဝန်းကျင်အားကြည့်ခိုင်းသည်။ အမှန်ပင်၊ များပြားလှသောတည်ဆောက်ပုံဗဟိုချက်များကိုတွေ့ရသည်။ ကုရွှမ်းတုပြောသည်မှာ ၎င်းဗဟိုချက်များက ဝိညာဉ်စုဆောင်းခြင်း၏အစိတ်အပိုင်းများမျှသာရှိသေးသည်။ တည်ဆောက်နေသူမှာ အဆင့်မြင့်ဆရာသခင်တစ်ယောက်ဖြစ်နိုင်ပြီး မြင့်မားသောတည်ဆောက်ပုံရရန် မရေတွက်နိုင်သောတည်ဆောက်ပုံအငယ်စားလေးများကိုအသုံးပြုနေခြင်းဖြစ်လိမ့်မည်။ သို့သော် ပိုမိုကြီးမားသောဗဟိုချက်တည်ဆောက်ပုံကိုရှာတွေ့ရန်မှာခက်ခဲသည်၊ ၎င်းကသူတို့၏ပတ်လည်မိုင်ရာချီအတွင်းမည်သည့်နေရာ၌မဆိုရှိနေနိုင်၏။

လင်းရုဖေးသည် ဖူမိသားစုတွင်ရက်အနည်းငယ်မျှနေထိုင်ခဲ့သည်။ အနီးပတ်ဝန်းကျင်မှလူတိုင်းသည် မသေမျိုးကျင့်ကြံခြင်းမျိုးမရှိကြဘဲ အများစုမှာသေမျိုးများသာဖြစ်သည်။ ယခုကဲ့သို့ကြီးမားသောတည်ဆောက်ပုံသည် လတ်တလောဤနေရာတွင်မရှိနေသည့်ဖူယွိနှင့်အလွန်ဆုံးသက်ဆိုင်နေသည်။

လင်းရုဖေးကပြောင်းခင်းတစ်ပတ် ပတ်ကြည့်သည်။ ရာသီဥတုကအလွန်ပူပြီး သူ၏နဖူးတွင်ချွေးတစ်လွှာစို့လာသည်။

လင်းရုဖေးကအကြိမ်ရေအနည်းငယ်ခန့်ချောင်းဆိုး၍ : "ကြည့်ရတာ ဒီဖူယွီဆိုတဲ့လူက အတော်လေးစွမ်းအားကြီးမယ်ထင်တယ်"

ယခုကဲ့သို့ ဝိညာဉ်စုဆောင်းခြင်းအားလုပ်မည်ဆိုပါက ထိုသူထံ၌စွမ်းအားအများအပြားရှိနေမှရပေမည်။

ကုရွှမ်းတုကဝေဖန်၏။ "ဒီလိုစုဆောင်းမှုမျိုးလုပ်နိုင်မှတော့ စွမ်းအားကြီးတာအမှန်ပဲ ဒါပေမဲ့ အရမ်းထူးဆန်းနေတုန်းပဲ ဝိညာဉ်စုဆောင်းမှုမျိုးလုပ်ရင်တောင် စွမ်းအင်အရင်းအမြစ်တွေအများကြီးလိုတယ် အပင်တွေထွားဖို့ ဆားပေါက်မြေကိုသုံးမယ်ဆိုရင် ကိုယ်တော့မလွယ်ကူမှာစိုးရိမ်တယ်"

အရာရာတိုင်း၌ ညီမျှမှုရှိပြီး ဝိညာဉ်စွမ်းအင်မှာလည်းအဆုံးမရှိပေ။ ဝိညာဉ်ငယ်လေးများကိုစုဆောင်းခြင်းက အနီးမှပါးလွှာသောဝိညာဉ်စွမ်းအင်များကိုစုဆောင်းခြင်းဆိုသော်ငြား ကြီးမားသောဝိညာဉ်စုဆောင်းမှုကိုကားပြောရန်ခက်သည်။

လင်းရုဖေး : "ဝိညာဉ်ကျောက်တုံးများဖြစ်မလား"

ကုရွှမ်းတုကခေါင်းယမ်းပြပြီး : "ဝိညာဉ်ကျောက်တုံးတွေကဈေးကြီးတယ် သေမျိုးတွေသုံးဖို့တတ်နိုင်တာမျိုးမဟုတ်ဘူး လျိုမိသားစုလိုမိသားစုကြီးတောင် ဒီနေရာကိုထောက်ပံ့ဖို့ဝိညာဉ်ကျောက်တုံးတွေအများကြီးမရှိဘူး"

ကိစ္စကထူးဆန်းပြီးရင်းထူးဆန်းလာသည်။ လင်းရုဖေးကမျက်မှောင်သာကြုတ်ထားပြီး စကားမပြောတော့ပေ။

ကုရွှမ်းတုကား ပို၍စိတ်ဝင်စားလာသည်။ "ဘာပဲဖြစ်ဖြစ် ကိုယ်တို့လည်းလုပ်စရာမရှိမှတော့ အချိန်ပိုယူပြီး စုဆောင်းခြင်းဗဟိုချက်ကိုတွေ့အောင်ရှာပြီးရင် ဒီကြီးမားတဲ့တည်ဆောက်ပုံရဲ့ထူးခြားတဲ့အကြောင်းကိုရှာကြတာပေါ့"

လင်းရုဖေး : "ကောင်းပြီလေ"

ထို့ကြောင့် နေ့စဉ်ပျင်းရိနေတတ်သည့်လူနှစ်ယောက်က အပြင်ကိုနေ့တိုင်းထွက်ကြသည်။ တစ်ဖက်၌ ဖူဟွားနှင့်ယွီရွေ့တို့ကမူ မော့မော့ကိုစောင့်ရှောက်ပေးနေကြ၏။ မော့မော့ကနေ့တိုင်း အစားဝအောင်စားသည်။ ပြောရလျှင် သူအလွန်ပျော်နေသည်။ သို့ရာတွင် သူတစ်ခုခုအားသတိရသွားတိုင်းမှုန်ကုပ်နေတတ်သည်။ ဖူဟွားနှင့်ယွီရွေ့တို့ကမေးမြန်းသည့်အခါတွင်လည်း အကြောင်းအရင်းအားသေချာမပြောပြဘဲ ပါးစပ်မှနားမလည်နိုင်သည့်စကားလုံးများသာထွက်လာလေ၏။

နောက်ဆုံးတွင် လင်းရုဖေးမှာတည်ဆောက်ပုံနှင့်ပထမဆုံးအကြိမ် အပြန်အလှန်ဆက်သွယ်မိသည်။ ကုရွှမ်းတုကသင်ပြနေသော်ငြား သူကအလွန်အမင်းနမော်နမဲ့နိုင်နေသေးသည်။ ကုရွှမ်းတုကားစိတ်ရှည်ပါ၏။ နည်းနည်းချင်းစီ လင်းရုဖေးအား ဝိညာဉ်စွမ်းအင်အရင်းအမြစ်အားမည်သို့ရှာပြီး တည်ဆောက်ပုံ၏ဗဟိုချက်အားဖရဲသီးခူးရန်နွယ်ပင်တလျှောက်လိုက်သွားရသလိုလုပ်ရမည့်အကြောင်းအား အသေးစိတ် သင်ပြပေးသည်။

"အံ့ဩစရာပဲ"

လင်းရုဖေးက ကုရွှမ်းတုထံမှသင်ယူနေရင်းမှ အံ့ဩနေဟန်ဖြင့်ဆိုသည်။

"အကြီးအကဲက အားလုံးကိုသိနေတာပဲ"

ကုရွှမ်းတု : "သူကလည်း ကိုယ့်ကိုကောင်းကောင်းသင်ပြပေးခဲ့လို့ပါ"

လင်းရုဖေး : "သူ...?"

ကုရွှမ်းတုကမျက်လုံးပင့်ပြီးသူ့ကိုကြည့်ကာ : "ကိုယ့်ရဲ့...မိတ်ဆွေဟောင်း"

မိတ်ဆွေဟောင်းဟုပြောပြီးနောက် တခစ်ခစ်ရယ်မောနေပြီး ခဏအကြာမှဆက်ပြောလာသည်။

"ဆရာမကျ...မိတ်ဆွေမကျပေါ့"

လင်းရုဖေးသည် ကုရွှမ်းတုကထိုလူအကြောင်းပြောနေချိန်တွင်ဖြစ်သွားသည့်မျက်နှာထားက ထူးဆန်းမှုစွာကွဲပြားနေသည်ကို သိသာစွာခံစားလိုက်ရသည်။

လင်းရုဖေးကခေတ္တတွေဝေနေပြီးမှ အကဲစမ်း၍မေးကြည့်လိုက်သည်။

"အကြီးအကဲနဲ့အဲဒီလူကအရမ်းရင်းနှီးကြတယ်မဟုတ်လား"

"ပုံမှန်ပါပဲ"

ကူရွှမ်းတုကပြုံးနေပြီး ပိုပြောရလျှင်ပင်ကိစ္စမရှိသည့်ပုံဖြင့် : "ဘယ်သူမှကိုယ့်လောက် သူနဲ့ဆက်ဆံရေးမကောင်းကြဘူး"

ထို့နောက် ကုရွှမ်းတုကသူ၏အတိတ်အကြောင်းကို လက်လွတ်စပယ်ပြောပြသည်။ သူ့မိဘများကိုအစောကြီးဆုံးရှုံးခဲ့ရပြီး အဆိုပါမိတ်ဆွေဟောင်းက မွေးစားခြင်းကိုခံခဲ့ရသည်။ ထိုမိတ်ဆွေဟောင်းက သူ့အား ရေးတတ်၊ ဖတ်တတ်အောင်သင်ပြပေးပြီး ဓားရေးကိုလည်းတစ်ဆင့်ချင်းဆီသင်ပြပေးခဲ့သည်။

"သူကအရမ်းသဘောကောင်းပြီး စိတ်ဆိုးခဲတယ် ကိုယ်ဘယ်လောက်ဗရုတ်ကျကျ ဘာမှမဖြစ်ဘူး...."

စကားလုံးအနည်းငယ်မျှဖြင့် မသေမျိုးတစ်ပါး၏ပုံရိပ်က မျက်စိတစ်မှိတ်အတွင်းထွက်ပေါ်လာသည်။ ကုရွှမ်းတုကထိုအကြောင်းပြောနေသည့်အခါ သူ၏မျက်လုံးနှင့်နှုတ်ခမ်းများကဖွဖွလေးပြုံးနေတတ်သည်ကို သူ့ကိုယ်သူပင်သိမည့်ပုံမပေါ်ပေ။

"ကိုယ်အဲဒီအချိန်တုန်းက တော်ပေမဲ့ တဇွတ်ထိုးနိုင်တဲ့အကျင့်ရှိတယ်၊ တစ်ခါက ကိုယ်ဓားရေးလေ့ကျင့်နေတုန်း သူ့ကိုဒဏ်ရာရအောင်လုပ်မိသွားတယ် သူ့ရဲ့လက်အောက်မှာတပည့်တွေအများကြီးရှိတော့ မတော်တဆဖြစ်တုန်းက ကိုယ်နှင်ထုတ်ခံရသင့်ပေမဲ့ သူက ကိုယ့်ကိုကာကွယ်ပေးခဲ့တယ်"

လင်းရုဖေးကတုံ့ပြန်စကားဆိုသည်။ "သူကဆရာသခင်ကောင်းတစ်ယောက်ပဲ"

"ဟုတ်တယ် သူကဆရာကောင်းတစ်ယောက်ပဲ"

ကုရွှမ်းတု၏ခံစားချက်ကဖြည်းဖြည်းချင်း မတည်မငြိမ်ဖြစ်လာ၏။ သူ၏မျက်လုံးများကိုမှိတ်ကာ နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်သည်တွင် တည်ငြိမ်မှုသာကျန်ရစ်တော့၏။ သူကအားစိုက်၍နောက်တစ်ကြိမ်​ထပ်ဆိုသည်။

"ဆရာသခင်ကောင်း..."

ပြောပြီးနောက် သူသည်လင်းရုဖေးကိုသာ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေ၏။

အချို့အကြောင်းအရင်းများကြောင့် လင်းရုဖေးသည် ကုရွှမ်းတု၏အကြည့်များတွင်းမှ နားလည်ရခက်ခဲသော အန္တရာယ်အငွေ့အသက်ကိုခံစားလိုက်ရသည်။

သူကတည်ငြိမ်စွာဖြင့်ချက်ချင်းအကြည့်လွှဲလိုက်ပြီးခေါင်းစဉ်ပြောင်းလိုက်၏။

"အကြီးအကဲကျွန်တော်တို့တည်ဆောက်ပုံဗဟိုချက်ရောက်ဖို့ဘယ်လောက်လိုသေးလဲ"

ကုရွှမ်းတုကဖျော့ဖျော့လေးပြုံးကာ : "နောက်ပိုင်းဘာဆက်ဖြစ်သွားလဲမသိချင်ဘူးလား"

လင်းရုဖေး : "ဒါတွေအကုန်လုံးက အကြီးအကဲရဲ့ကိုယ်ရေးကိုယ်တာတွေပါ....အကြီးအကဲမပြောချင်ရင် ကျွန်တော်လည်းမေးဖို့မသင့်တော်ပါဘူး"

သူသည်ကုရွှမ်းတု၏အကြည့်ကြောင့် ပျာယာခတ်နေမိပြီး မသိလိုက်ခင်မှာပင်အနောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်မိသည်။

သူကချောင်းနှစ်ချက်မျှဆိုးလိုက်ပြီး : "အတင်းပြောပြစရာမလိုပါဘူး"

ကုရွှမ်းတုက ကောက်ကာငင်ကာရယ်မောတော့သည်။ ရယ်နေရာမှ လင်းရုဖေးထံလျှောက်လာကာ လင်းရုဖေး၏နှာတံထိပ်လေးသို့ထိလုနီးပါးအထိကိုယ်ကိုကိုင်း၍တိုးကပ်လာပြီး : "မင်းကတော်သားပဲ"

လင်းရုဖေး : "....."

ကုရွှမ်းတုသည်အဘယ်ကြောင့်သူ့အားတော်သည်ဟုချီးမွမ်းနေမှန်းမသိသည့်တိုင် သူသည် မကောင်းသည့်အရာတစ်ခုကိုရှောင်ရှားလိုက်နိုင်သည်ဟု ခံစားလိုက်ရ၏။

ကုရွှမ်းတုက သူ့သို့ကျောပေးပြီး လက်ယမ်းပြသည်။ သူ၏ကိုယ်ပေါ်မှအန္တရာယ်ရှိသောအရှိန်အဝါများကပျောက်ကွယ်သွားကာ ထိုအခိုက်အတန့်မှာပင် သူ၏ပုံမှန်မြင်တွေ့နေကျ ဒေါသအိုးအကြီးအကဲပုံစံသို့ပြန်ပြောင်းသွားသည်။

"ထားလိုက်တော့...ထားလိုက်တော့ မင်းဘယ်လောက်တောင် ကြောက်နေလဲဆိုတာ ကြည့်ပါဦး..."

နောက်ပိုင်း၌ သူသည်ထိုသူအကြောင်းကိုထပ်မပြောတော့ဘဲ သူ၏ငယ်ဘဝအတွေ့အကြုံများကိုသာပြောပြလာသည်။ သူ၏အတွေ့အကြုံမှာ တစ်နည်းအားဖြင့်မော့မော့နှင့်ဆင်တူ၏။ သူသည်ငယ်ငယ်လေးနှင့်မိဘများကိုဆုံးရှုံးလိုက်ရပြီး ရာနှင့်ချီသောမိသားစုများထံမှစားစရာများတောင်းစားရင်း တစ်ယောက်တည်းကြီးပြင်းလာရသည်။ ကလေးတစ်ယောက်အနေဖြင့် ထိုသို့သောခက်ခဲကြမ်းတမ်းမှုမျိုးမှာ ပုံဖော်ကြည့်၍ပင်မရချေ။ နွေရာသီကားပြဿနာမဟုတ်သေးသော်ငြား ဆောင်းရာသီဆိုလျှင်သေမင်းကိုလက်ယပ်ဖိတ်ခေါ်နေသည့်အတိုင််းဖြစ်နေလိမ့်မည်ပင်။

စားစရာအလုံအလောက်မရှိ၊ နွေးထွေးမှုအလုံအလောက်မရှိ၊ သူက တံတားအောက်မှနှင်းများအကြားတွင်ပုန်းကွယ်နေခဲ့ရသည်။ နွေးအောင်လုပ်ရန်မီးသွေးပင်မရှိသဖြင့် နေ့စဉ်ထင်းရရန်သစ်ခုတ်ထွက်ရသည်။ သို့သော် လူကြီးများထံမှလုယက်ခံရမည်လည်းစိုးရိမ်၍ထင်းအများအပြားလည်းမခုတ်ရဲချေ။ ကုရွှမ်းတုသည်ထိုအကြောင်းများကိုပြောပြပေးနေချိန်တွင် အခြားသူတစ်ယောက်၏ဇာတ်လမ်းကိုပြောပြပေးနေသကဲ့သို့ မျက်နှာအမူအရာကတည်ငြိမ်နေသည်။ သို့သော် လင်းရုဖေး၏နှလုံးသားမှာနာကျင်နေရပြီး ဖူရွာမှမော့မော့၏ခေါင်းလေးအားပွတ်သပ်ပေးချင်လာသည်။

ကုရွှမ်းတုကသူတွေးနေသည့်အတွေးကိုသိပုံရပြီး ပျင်းရိပျင်းတွဲဖြင့်ဆို၏။

"ဒါပေမဲ့ ကိုယ်ကငတုံးလေးမော့မော့လိုမဟုတ်ဘူး ကိုယ်ကကောင်းကောင်းသိတယ် ဘယ်လိုလူတွေက ကိုယ့်ကိုအနိုင်ကျင့်ပြီး ဘယ်လိုလူက ကိုယ့်ကိုကူညီနိုင်လဲဆိုတာသိတယ်"

လင်းရုဖေးခမျာ မငြင်းနိုင်တော့သဖြင့်ဘေးတွင်သာ ငြိမ်၍ 'အင်း' ဟူ၍ထောက်ခံပေးလိုက်သည်။

ကုရွှမ်းတုက သူဟာသူ သဘောတူဟွခေါင်းညိတ်လိုက်ပြီး: "ကံကောင်းချင်တော့ နောက်ဆုံးမှာနတ်ဘုရားကဘာမှမလုပ်နိုင်တော့ဘူးလေ ကိုယ်ကစိတ်ပျက်စရာကောင်းတဲ့ဘဝမှာမွေးလာရပေမယ့် ကောင်းတဲ့အရိုးတွေရှိရုံသာမကဘူး သူ့ရဲ့တပည့်လည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားသေးတယ်လေ အဲဒါကမော့မော့ထက်ပိုကောင်းတယ်မဟုတ်ဘူးလား...မင်းရောအဲဒီလိုမထင်ဘူးလား"

လင်းရုဖေးက၎င်းကိုကြားပြီးနောက် စိတ်ထဲတွင်တိတ်တိတ်လေးဆဲရေးလိုက်မိသည်။

'ဘာလို့ ဒီအကြီးအကဲက ဒီလောက်ကလေးဆန်နေရတာလဲ...အသက်ဖြင့်ရာချီနေပြီကို ဘာမှဂဃနဏမသိတဲ့ကလေးတစ်ယောက်နဲ့လိုက်ပြိုင်နေရတယ်လို့'

သူသည်အဆိုပါစကားများကို ထုတ်မပြောရဲသောကြောင့် မော့မော့ကသူ၏ ဉာဏ်ကောင်းလှသည့်အကြီးအကဲဖြင့်မည်သို့များနှိုင်းယှဉ်နိုင်မည်နည်းဟု အခြေအမြစ်မရှိလှည့်ပတ်ပြောလိုက်ရသည်။

ကုရွှမ်းတု : "နောက်တော့ ပိုကောင်းလာပါတယ် ကိုယ်စားစရာလည်းရှိလာတဲ့အပြင် နွေးနွေးထွေးထွေးအဝတ်အစားတွေလည်းဝတ်နိုင်သွားတယ် တံတားအောက်မှာခဲပြီးသေမှာကိုစိတ်ပူစရာမလိုတော့ဘူးပေါ့"

လင်းရုဖေးသည်မေးခွန်းတချို့ထပ်မေးချင်သေးသည့်တိုင် သူ၏မေးခွန်းများကစည်းကျော်သယောင်ဖြစ်နေမည်စိုး၍ မမေးတော့ပေ။ ကုရွှမ်းတုသည် အတွင်းကျကျပြောပြထားပြီးသားဖြစ်၍ တည်ဆောက်ပုံနှင့်ဓားသိုင်းအကြောင်းကိုသာမေးမြန်းလိုက်သည်။

သူကလင်းရုဖေး၏အနက်ရောင်သစ်သားဒိုင်းအကာကိုလွှင့်ပစ်ခိုင်းနေသည်။ လူများက လင်းမိသားစု၏တတိယမြောက်သားသည် သစ်သားအကာအားဓားသဖွယ်ကိုင်ကာလူများကိုတိုက်ခိုက်နေပုံအားမြင်လျှင် လင်းမိသားစုတဖြစ်လည်း အမတဓားအရှင်သခင်များအနေဖြင့် မည်သည့် ဂုဏ်သိက္ခာများကျန်ပါဦးမည်နည်း။