အပိုင်း ၉၀
Viewers 15k

Chapter 90



လင်းရုဖေးကအပြင်းအထန်ငြင်းဆန်သည်။ သူကုယွိကိုအကျွမ်းတဝင်ကိုင်တွယ်နိုင်လျှင်ပင် ဓားပျံစီးရသည့်အခါတွင်ဓားကကွေးသွားနေဆဲဖြစ်ပြီး သစ်သားဒိုင်းအကာကမူပို၍တည်ငြိမ်သည်။ သစ်သားဒိုင်းအကာက သာမန်ဖြစ်သော်ငြား ချီစွမ်းအင်ကအားကောင်းသောလက်နက်ဖြင့်ချိတ်ဆက်ထားသည်။ အပြင်ဘက်အသွင်အပြင်ကကြည့်ရဆိုးသည့်တိုင် ပြဿနာကြီးမဟုတ်ပေ။

ကုရွှမ်းတုကလင်းရုဖေးခေါင်းမာနေသဖြင့်ဒေါသထွက်သွားသည်။

"သခင်လေးလင်း သခင်ငယ်လေးလင်းရေ...ခင်ဗျားတကယ်ကြီးဓားရေးလေ့ကျင့်နေပြီးမှတော့ ဘာလို့နေ့တိုင်းသစ်သားဒိုင်းအကာကြီးကိုင်ပြီးနေရာတကာလျှောက်သွားနေမှာလဲ"

သစ်သားဒိုင်းအကာကတကယ်ရုပ်ဆိုးသည်။ အနက်ရောင်၊ လေးထောင့်မဟုတ်ဘဲ လုံးလုံးကြီး။ လင်းရုဖေးက ရုပ်ရည်ချောချောလေးဖြင့်မွေးဖွားလာသူပင်။ ယခုကဲ့သို့သိမ်မွေ့ပြီးချုချာသောအလှလေးက သစ်သားဒိုင်းအကာကြီးကိုင်ပြီး နေရာအနှံ့ပတ်ပြေးနေပုံက တကယ်ကို မျက်စိနောက်စရာကောင်းလှသည်။ သစ်သားဒိုင်းအကာအကြောင်းပြောရလျှင် ၎င်းမော့ကျောက်ချိုင်ဆိုသည့်လူကိုသာအပြစ်တင်ရပေတော့မည်၊ ထိုသူသာ လင်းရုဖေးအားမလိမ်ညာခဲ့ပါက လင်းရုဖေးသည်လည်းဤလောကသစ်၏တံခါးကိုဖွင့်ဖြစ်မည်မဟုတ်ချေ။

သို့သော် ကုရွှမ်းတု၏သင်ပြပေးမှုကြောင့် အနည်းငယ်သုံးတတ်လာသယောင်ပင်။ လင်းရုဖေးသည် တစ်ဖက်ကမ်းခပ်မကျွမ်းကျင်သေးသည်အထိ ကုယွိအားကြမ်းတမ်းစွာမသုံးမိရန် ဆုံးဖြတ်ချက်ချထားသည်။ သည့်အပြင်ဓားကအလှလေးတစ်ယောက်နှင့်တူသည်၊ စံထိပ်ခေါင်တင်အလှလေးကို မီးကျွမ်းနေသောတုတ်တစ်ချောင်းအဖြစ်မသုံးမိစေရန် ကုရွှမ်းတုထံမှ အရှုပ်အထုတ်များအားသူမသင်ယူချင်ပေ။

ဖူမိသားစု၏တည်ဆောက်ပုံကကြီးမားလွန်းလှသည်။ ရက်အနည်းငယ်ရှာဖွေကြည့်ပြီးနောက် သူတို့သည်တည်ဆောက်ပုံဗဟိုချက်ဖြင့်အနည်းငယ်မျှနီးကပ်သည့်နေရာကိုသာတွေ့ပြီး အတိအကျမဖော်ထုတ်နိုင်သေးပေ။ ကံကောင်းထောက်မစွာဖြင့် ကုရွှမ်းတုကနောက်ရက်အနည်းငယ်အကြာတွင်ရှာတွေ့နိုင်မည်ဟု​ဆိုသည်။

လင်းရုဖေးကရှာတွေ့တော့မည်ဟုထင်လိုက်ချိန်တွင် မတော်တဆမှုလေးတစ်ခုဖြစ်လာသည် - ဖူယွိအစောကြီးပြန်ရောက်လာခြင်းပင်။

ဖူယွိပြန်ရောက်လာသည့်နေ့တွင် မိုးများသည်းကြီးမည်းကြီးရွာနေခဲ့သည်။

နွေရာသီတွင်ရွာသည့်မိုးက ဆောင်းလလယ်နှင့်နွေဦးတွင်ရွာသည့်မိုးနှင့်မတူပေ။ ရွာသည့်အခါတိုင်း မိုးကြိုးနှင့်လျှပ်စီးများပါ ပါလာတတ်သည်။ မိုးရေအမြောက်အများသည် နွေရာသီအပူဒဏ်ကိုဆေးချသွားပြီးလတ်ဆတ်အေးမြသောလေထုဖြင့် ခြောက်သွေ့နေသောဖူအိမ်ကိုထိတွေ့ပေးလိုက်သည်။ လင်းရုဖေးက ပြတင်းပေါက်တွင်ထိုင်ကာ မိုးရွာနေသောမြင်ကွင်းကိုကြည့်နေသည်။ သူ၏အနံ့ခံအာရုံ၌ မိုးရေစွက်နေသောမြေသင်းနံ့လေးရနေသည်။ မော့မော့က အနောက်ဘက်တွင်ဖူဟွား၊ ယွီရွေ့တို့နှင့်အတူတူကစားနေ၏။

ထိုကလေးက သည်ရက်ပိုင်းအတွင်းကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်သဖြင့် သူ့အားပထမဆုံးတွေ့သည့်အချိန်ကထက် သွက်လက်နေ၏။ သူ၏ပိန်ကျနေသောမျက်နှာလေးပင် အသားများပြည့်လာသယောင်။ လင်းရုဖေးက ဖူဟွား၏ကွယ်ရာတွင် အကြိမ်အနည်းငယ်ခန့်ညှစ်ကြည့်ပြီးနောက် ကျေနပ်သွားသည့်ပုံဖြင့်ခေါင်းတညိတ်ညိတ်လုပ်တတ်သည်။ သူအကြောင်းအရင်းကိုသေချာမသိသော်ငြား ထိုကလေး၏မျက်နှာကကိုင်၍ကောင်းသည်ကိုသာသိ၏။

၎င်းကချောမွေ့နူးညံ့ပြီး မျက်စိပသာဒဖြစ်သည်။ အရေးအကြီးဆုံးမှာ မော့မော့ကပါးဆွဲခံရတိုင်းမငိုတော့ပေ။ သူကလင်းရုဖေးဘာကြောင့်လုပ်ရသည်ကိုနားမလည်သဖြင့် ကြောင်တောင်တောင်ဖြင့်သာပြန်ကြည့်တတ်သည်။

လင်းရုဖေးကမော့မော့၏မျက်နှာကို ညှစ်ကြည့်သည့်အခါ ကုရွှမ်းတုကဘေးမှကြည့်နေတတ်သည်၊ ထိုသူ၏အမူအရာမှာဝေခွဲရခက်နေဟန်ဖြစ်နေသဖြင့် ကုရွှမ်းတုကပါလုပ်မည်စိုး၍ လင်းရုဖေးမှာထပ်မညှစ်ရဲတော့ပေ။ စိတ်ချရအောင် သူ၏စွဲနေသောအကျင့်ကိုမြိုသိပ်ထားရသည်။

ဖူမိသားစု၏အကြီးဆုံးသား ဖူယွိသည်မိုးရေထဲတွင်ပြန်လာသည်။ မိုးကြီးနေသောကြောင့် ထိုသူ၏မျက်နှာကိုသေချာမမြင်ရပေ၊ ဖူမိသားစု၏ခြံဝန်းထဲမှသူပြန်အလာကိုကြိုဆိုနေသောထီးများနှင့်လူစုကိုသာမှုန်ပြပြတွေ့မြင်ရသည်။ ထိုသူသည်မြောက်များလှသောကိုယ်လုပ်တော်များနှင့်ထီးကိုင်ထားသောအစေခံများ၏ဝန်းရံခံထားရပြီး ပလီနေသံများနှင့်ရယ်မောသံများက မိုးသံတဖျောက်ဖျောက်ကြားမှ လင်းရုဖေး၏နားအတွင်းသို့ ထိုးဖောက်လာသည်။

ထိုသူက ဖူမိသားစု၏ပင်မကျောရိုးထောက်တိုင် ဖူယွီပင်။ လင်းရုဖေးသည်ထိုသူကိုလှမ်းကြည့်ပြီးနောက် သူတွေးထားခဲ့သည့်ပုံစံဖြင့်အလွန်တရာကွာခြားနေသည်ဟု ခံစားလိုက်ရ၏။

ထိုသူတွင် အင်အားကြီးမားမှုနှင့်ဂုဏ်သိက္ခာများမရှိချေ။ တစ်ချက်ကြည့်ရုံဖြင့် အရည်အချင်းရှိသောသိုင်းသမားတစ်ယောက်မဟုတ်မှန်းရှင်းရှင်းလင်းလင်းသိနိုင်သည်။

အကြောင်းကြားစာအများစုသည် အစွမ်းအစရှိသောလူများထံသာပို့ပေးရသည်။ လျိုရုကုန်းတို့နှင့်မတူ သူ၏အရှေ့မှသာမန်ဆန်သောဖူယွိမှာ မြင်နေကျလူများအတိုင်းဖြစ်နေသောကြောင့် အတော်အတန်စိတ်ပျက်စရာကောင်းလှသည်။

လင်းရုဖေးက အပြင်ဘက်မှရယ်သံများကိုတားဆီးရန်တံခါးပိတ်လိုက်သည်။

သို့ထိတိုင် မော့မော့ကတစ်စုံတစ်ရာကိုခံစားမိသလို ခေါင်းမော့ကာအပြင်ဘက်သို့လှမ်းကြည့်သည်။ သူ၏ပါးစပ်ကတဝူးဝူးရွတ်နေပြီး ဖူဟွားဖက်ထားရာကနေ အပြင်သို့ခုန်ထွက်ချင်နေ၏။

ဖူဟွားမှာလည်းသေချာမသိသဖြင့် မော့မော့အားတွေ့သွားကြမည်ကိုစိုး၍တင်းတင်းသာဖက်ထားလိုက်သည်။ သူမသကြားလုံးထုတ်ကာ ငြိမ်သွားအောင်ကြိုးစားသေးသည်။ သို့သော် ပုံမှန်အသုံးဝင်နေကျသကြားလုံးက ဤတစ်ကြိမ်တွင်အသုံးမဝင်တော့။ မော့မော့ကမကျေမနပ်ဖြင့် စပြီးတရှုံ့ရှုံ့ဖြစ်လာသည်။ ရုန်းကန်နေသည့်အချိန်အတွင်းမှာပင် သူ၏မျက်လုံးအတွင်းမှ မျက်ရည်ပေါက်ကြီးများလိမ့်ဆင်းလာသည်။ ပြတင်းအပြင်မှလူကသာသူ၏တစ်ဦးတည်းသောကယ်တင်ရှင်နှယ်။


______


အဆုံး၌ ဖူယွိသွားသည်အထိ ဖူဟွားမှာလွှတ်မပေးရဲချေ။ ထိုအချိန်မှသာမော့မော့ငြိမ်ကျသွားသည်။ သူ၏လိမ္မာရေးခြားရှိသောပုံစံပြန်ရောက်သွားပြီး သကြားလုံးကိုအကိုက်သေးသေးကိုက်ကာ စကားထပ်မပြောတော့ချေ။

လင်းရုဖေး : "ဖူယွိပြန်လာပြီ"

ဖူဟွား: "ဖူယွိပြန်လာပြီလား... ဖူယွိပြန်လာတာကိုမော့မော့ကဘာလို့ဒီလောက် တုံ့ပြန်တာလွန်ကဲနေရတာလဲ"

လင်းရုဖေးမှာလည်းသေချာမသိ၍ခေါင်းသာယမ်းပြသည်။

ယွီရွေ့ကခန့်မှန်းသည်။ "မော့မော့ရဲ့မိဘတွေသေရတာ ဖူယွိနဲ့ပတ်သတ်နေလို့များလား ဒါကြောင့် မော့မော့ကအတင်းအပြင်ထွက်ဖို့လုပ်နေတာများလား"

သူတို့က မသိသလိုလုပ်နေသောမော့မော့ထံလှမ်းကြည့်ကြသည်။မည်သူမှမေး၍မရမှာအသေအချာပင်။

လင်းရုဖေး : "မနက်ဖြန်ဖူယွိက ငါ့ကိုစားသောက်ပွဲကိုခေါ်လိမ့်မယ် ငါသေချာလှည့်ပတ်ပြီးမေးကြည့်လိုက်မယ်"

၎င်းကအကောင်းဆုံးနည်းလမ်းပင်။

လင်းရုဖေးသည် မော့မော့ကဖူမိသားစု၏ပျောက်နေသောကလေးဖြစ်ပြီး ရန်သူမဟုတ်ရန်မျှော်လင့်သည်၊ သို့မှသာ သူတို့ထွက်သွားသည့်အခါ မော့မော့ကိုဖူမိသားစုနှင့်ထားခဲ့ရန်စိတ်ချရပေမည်။ ဖူမိသားစုချမ်းသာလာသည်မှာမကြာသေးသလိုထင်ရသော်ငြား အနည်းဆုံးသူတို့သည်ကလေးများကိုကောင်းကောင်းဆက်ဆံကြ၏။ မော့မော့ကဖူမိသားစုနှင့်ရန်ငြိုးရှိနေလျှင် သူမော့မော့ကိုဖူမိသားစုနှင့်ဝေးရာသို့တိတ်တဆိတ်ခေါ်သွားနိုင်သည်။ နောက်ကိစ္စက နောင်အခါရှင်းနိုင်သည်။ နည်းလမ်းကအမြဲတစေရှိသည်ပင်။

ယနေ့ညတွင် မိုးကြီးသော်ငြားဖူအိမ်တစ်အိမ်လုံးက တစ်ညလုံးနီးပါးမီးထွန်းထားပြီး ဆူညံနေသည်။ ဖူမိသားစုကလင်းရုဖေးကိုလာခဲ့ရန်ဖိတ်ခေါ်လင့်ကစား လင်းရုဖေးကနေမကောင်းဟုဆိုကာ ငြင်းပယ်လိုက်သည်။ ဖူမိသားစုက လင်းရုဖေး၏အစမှအဆုံးအထိ အေးတိအေးစက်သဘောထားကြောင့် အတင်းမခေါ်ကြတော့ပေ။

မိုးသံသည် ခွေးနှင့်မြင်းများ၏ဆူညံနေသောအသံများကိုမဖုံးကွယ်ထားနိုင်ပေ။ လင်းရုဖေးသည် သူအိပ်ပျော်နေသည့်အချိန် ဆူညံနေလျှင်စိတ်ရှုပ်တတ်၏။

ကုရွှမ်းတုသည် သူအိပ်မပျော်၍လူးလှိမ့်နေပုံကိုကြည့်ကာ မသာမယာဖြစ်လာသည်။ သူက အပြင်ထွက်ပြီးဖူအိမ်တစ်အိမ်လုံးကိုသတ်ပစ်မှအေးချမ်းမည်ဟု​ဆိုလာသည်။

လင်းရုဖေးမှာ တွန့်ဆုတ်ဆုတ်ဖြင့်တားရသည်။

ကုရွှမ်းတုသည် သူအလေးအနက်ဖြစ်နေပုံအားကြည့်ကာရယ်၍ : "နောက်တာပါ"

လင်းရုဖေး : "အင်းပါ...နောက်တာပဲကောင်းပါတယ်"

သူလည်းကုရွှမ်းတု၏စိတ်ကိုမည်သို့လုပ်ရမည်မှန်း အသေအချာမသိပေ။ သူရယ်စရာပြောသည်ဟုဆိုသော်ငြား သူသာတကယ်သဘောတူလိုက်လျှင် နောက်တစ်နေ့၌ဖူမိသားစု၏ရာချီသောအလောင်းများတွေ့မြင်ရမည်ဖြစ်ပြီး သူအော်ပင်အော်နိုင်တော့မည်မဟုတ်ချေ။

ကုရွှမ်းတု : "မင်းအိပ်မပျော်တော့ဘယ်လိုလုပ်မလဲ"

လင်းရုဖေးကခေါင်းခါပြီး : "ရပါတယ် အကျင့်ဖြစ်နေပါပြီ"

ခွန်းလွန်တောင်တွင် သူနေမကောင်းဖြစ်တိုင်း သုံးလေးရက်ခန့်အိပ်ရေးပျက်တတ်ပြီး ထိုပြဿနာသေးသေးလေးက ကိစ္စမရှိချေ။

ကုရွှမ်းတုကသက်ပြင်းသာချပြီး ဘာမှမပြောတော့ပေ၊ ပြတင်းအပြင်ဘက်သို့ကြည့်နေစဉ်တွင် သူ့မျက်၀န်း၌ ရေခဲတမျှ အေးစက်မှုများရှိနေ၏။

ယနေ့ည လင်းရုဖေးမှာမအိပ်သလောက်ပင်။ နံနက်အစောပိုင်းမှခဏတဖြုတ်မှေးကနဲအိပ်ပျော်သွားသည်။ မိုးသောက်ယံတွင် မိုးတိတ်သွားသည်။ လင်းရုဖေးသည် နေထိုင်မကောင်းစွာဖြင့်အိပ်ရာမှထလာပြီး ချောင်းအနည်းငယ်ဆိုးတော့သည်။ ဖူဟွားမှာစိုးရိမ်နေသောအကြည့်ဖြင့်ကြည့်လာပြီး လင်းရုဖေးထပ်ဖျားပြီမှန်းနားလည်သွားသည်။

နေထိုင်မကောင်းခြင်းက လင်းရုဖေးအတွက်ဖြစ်နေကျအရာဖြစ်သောကြောင့် စိတ်ရှုပ်ခံမနေပေ။ ဆေးတစ်ခွက်သောက်ပြီးနောက် ဖူဟွားအား ဖူယွီကိုခဏနေလာတွေ့မည့်အကြောင်းပြောခိုင်းလိုက်သည်။

ဖူဟွားကအတော်လေးစိုးရိမ်နေဆဲပင် : "သခင်လေး သမားတော်အရင်ခေါ်လိုက်ရအောင် သခင်လေးကအရမ်းအားနည်းနေတော့ အပြင်ထွက်လို့မဖြစ်ဘူး နောက်ရက်တွေမှအဲဒီဖူမျိုးရိုးကိုသွားတွေ့လို့ရတာပဲ"

လင်းရုဖေးကခေါင်းယမ်းသည်။ "ငါတို့ကဧည့်သည်တွေ ပြီးတော့ အိမ်ရှင်ကိုမျက်နှာသွားမပြဘဲနေရင်လည်းမဟုတ်သေးဘူး"

သူသည် ဖူမိသားစုနှင့်ဖူယွိကိုမနှစ်သက်သည့်တိုင် အခြေခံယဉ်ကျေးမှုကိုပြရပေမည်။

လင်းရုဖေး၏မယိမ်းမယိုင်သဘောထားကြောင့် ဖူဟွားက မဖျောင်းဖျတော့ဘဲ လက်ခံပြီးထွက်သွားသည်။

ယွီရွေ့ကမော့မော့ကိုစားဖိုဆောင်သို့ခေါ်သွားပြီး လင်းရုဖေးစားရန်ပေါ့ပေါ့ပါးပါးအစားအသောက်ပြင်ပေးသည်၊

လင်းရုဖေးမှာမူးဝေပြီးငိုက်မျဉ်းနေသည်။ သူမျက်လုံးများကိုမှိတ်ထားပြီး အိပ်ရာကိုမှီနေ၏၊ အပြင်ဘက်မှခြေသံတရှပ်ရှပ်ကြားမှ မျက်လုံးကိုဖွင့်ကြည့်လိုက်သည့်အခါ ဖူဟွားကစိတ်ရှုပ်နေသည့်မျက်နှာဖြင့်တံခါးတွင်ရပ်နေသည်ကိုတွေ့လိုက်ရ၏။

သူမကခေါ်လာသည်။ "သခင်လေး"

လင်းရုဖေးက 'အင်း' ဟုသာအသံပေးသည်။

ဖူဟွားကအသံကိုနှိမ့်ပြီး : "ဖူယွိ.. သခင်လေးဖူက သခင်လေးနေမကောင်းဘူးကြားလို့ ဒုက္ခမပေးချင်တော့ပါဘူးတဲ့...အဲဒါကြောင့်.. သူလူကိုယ်တိုင်ရောက်လာတယ်"

ပြောပြီးသည့်နောက် တံခါးတွင်ရပ်နေသောဖူယွိကိုလက်ညိုးထိုးပြသည်။

လင်းရုဖေးကမျက်မှောင်ကြုတ်သည်။ သူအိပ်ရာပေါ်တွင်လှဲနေဆဲဖြစ်ပြီး ကိုယ်လက်မသန့်စင်ရသေးတာကြောင့် ဧည်သည်ကိုဤပုံစံဖြင့်တွေ့လျှင်အလွန်အမင်းရိုင်းရာကျသည်။

သို့လင့်ကစား လူကတံခါးတွင်ရောက်နှင့်နေပြီ၊ မောင်းထုတ်၍မရ။ လင်းရုဖေးက ခေတ္တတွေးပြီးနောက် ဖူဟွားကိုအပြင်ထွက်ခိုင်းပြီး ဖူယွိအားခဏစောင့်နေရန်ပြောခိုင်းလိုက်သည်။ သူအိပ်ရာမှထ၊ အဝတ်အစားလဲကာ သူ၏ပုံစံကိုသပ်ရပ်အောင်ပြင်လိုက်သည်။

ပြီးမှ ဖူဟွားအား ထိုသူကိုအထဲခေါ်လာခိုင်းလိုက်၏။

ဖူယွိသည် ဖူဟွားအနောက်မှအခန်းထဲဝင်လာသည်။ သူကယဉ်ကျေးသောအမူအရာဖြင့် ကိုယ်ကိုကိုင်း၍ပြုံးကာ 'သခင်လေးလင်း' ဟုခေါ်လာ၏။

လင်းရုဖေးက ထိုင်ခုံတွင်မှီထိုင်နေရင်းမှ နှစ်ကြိမ်မျှချောင်းဆိုးပြီးနောက် ခေါ်လိုက်သည်။ "သခင်လေးဖူ"

နောက်ဆုံးတွင် သူသည်ဖူယွိ၏ပုံစံကိုမြင်ရချေပြီ။ မနေ့ညက သူ၏အသံသာကြားရပြီး မျက်နှာကိုမမြင်ခဲ့ရပေ။ ယနေ့တွင် အမြင်အရ နက်ရှိုင်းသောထင်မြင်ချက်မျိုးမရှိချေ။

ဤဖူယွိသည်အသက်ကြီးပုံမပေါ်။ သူ၏ပုံစံကလူကြီးလူကောင်းပုံဖြစ်ပြီး ဆိုးသွမ်းမနေပေ။ သူ၏မျက်ခုံးများကြားတွင် ရွှတ်နောက်နောက်ခံစားချက်များစီးဆင်းနေသည်။ လက်ရှိ၌ သူသည်လင်းရုဖေးရှေ့တွင်ရပ်နေကာငေးကြည့်နေပုံက ထိုရည်မွန်သောမျက်ခုံးများက လူကိုသနားစဖွယ်ကောင်းသည်ဆိုသော ပုံဖြင့်ကြည့်နေသည်။

ဖူယွိကပြုံးပြီး:"ခင်ဗျားအကြောင်းကိုကြားဖူးတာကြာပါပြီသခင်လေးလင်း ဒီနေ့တွေ့လိုက်ရတော့ ခင်ဗျားကတကယ်ကိုတစ်ခုခုပဲ ကျွန်တော်ရက်နည်းနည်းလောက်ခရီးတိုလေးထွက်လိုက်ရတယ် သခင်လေးလင်းကိုအကြာကြီးစောင့်ခိုင်းထားရသလိုဖြစ်သွားရင်တောင်းပန်ပါတယ် သခင်လေးလင်းက ဘာလို့ဒီလောက်ချောင်းဆိုးနေရတာလဲ နေမကောင်းဘူးလား"

လင်းရုဖေး : "ကျွန်တော်ရုတ်တရက် အအေးမိသွားလို့ပါ အပြင်းကြီးမဟုတ်ပါဘူး"

ဖူယွီ : "ရာသီဥတုကအရမ်းပူနေတာ ခင်ဗျားအေးတာလိုက်ရှာရင် အအေးမိတာမြန်တယ် သခင်လေးလင်း ခင်ဗျားပိုပြီးဂရုစိုက်သင့်တယ်"

လင်းရုဖေးက စကားအစပျိုးသည်မှာဆုံးခါနီးပြီမှန်းသိလိုက်၍ အကြောင်းကြားစာထုတ်ကာ ဖူယွိအားပေးလိုက်သည်။ ထိုအခိုက် အပြင်တွင်ဆန်ပြုတ်သွားလုပ်နေသည့် ယွီရွေ့ကပြန်ဝင်လာသည်။ သူမသည်တံခါးမှဝင်လာပြီး ဖူယွိအားအတွေ့တွင်အပြုံးကအေးခဲသွား၏။ ဖူယွိကလည်းသူမအားပြန်ကြည့်နေပြီး အကြည့်ကတဖြည်းဖြည်းဖြင့် သူမချီထားသောမော့မော့ထံရောက်သွားသည်။

ဖူယွိ၏အမူအရာကချက်ချင်းပြောင်းသွားကာ ဒေါသတကြီးအော်ဟစ်တော့သည်။

"မင်းကဘာလို့ဒီမှာရှိနေတာလဲ..."

ဖူယွိအအော်ခံလိုက်ရသောမော့မော့မှာ အားကုန်အော်ဟစ်လေတော့သည်။

...........


စာရေးသူမှာပြောစရာရှိတယ်~


ကုရွှမ်းတု : သူ့ပါးကိုဆွဲနေတာရပ်လိုက်တော့ ကိုယ်...ကုရွှမ်းတုရဲ့မျက်နှာက သူ့မျက်နှာထက်အဆတစ်သန်းလောက်ခံစားလို့ကောင်းတယ်...

လင်းရုဖေး : ခင်ဗျားက အသက်ရာချီတဲ့အဘိုးကြီးဖြစ်နေပြီး မရှက်ဘူးလား

ကုရွှမ်းတု : ဟမ့်...ကိုယ့်အသက်ကရာကျော်နေရင်တောင် ကိုယ့်မျက်နှာလေးကနူးညံနေပါသေးတယ်နော်...

လင်းရုဖေး : .......

_____


Translated By IQ-Team.