Chapter 91
ဖူယွိ
----------------------
ဖူဟွားမှာ ဤအခြေအနေကြောင့်ကြက်သေသေသွားသည်။ သူမကအမြန်သွားကာမော့မော့အားချီလိုက်ပြီး ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်၏။ ကောင်လေးအားကြည့်နေသောဖူယွိထံမှ ကောင်လေးအားကာကွယ်ထားလိုက်သည်။
ဖူယွိကားဖူဟွားအား မမြင်သလိုပင်။ သူ၏မျက်လုံးများကမော့မော့ထံတွင်သာအသေကပ်နေပြီး နှုတ်ခမ်းထောင့်များကအပေါ်ဘက်သို့တက်သွားကာ လုပ်ယူထားသောအပြုံးတစ်ခုပေါ်လာ၏။
"မင်းတို့သူ့ကိုဘယ်နေရာကရှာတွေ့တာလဲ"
သူသည် အလွန်အကျွံစိတ်လှုပ်ရှားပြခြင်းက မသင့်လျော်သလိုဖြစ်နေပြီး အခြေအနေကိုလိုက်လျောညီထွေဖြစ်ရန် ကြိုးစားနေသည်။ သို့ရာတွင်သူ၏အစောပိုင်းအပြုအမူက ရှေးရိုးစွဲအတွေးများကိုဖော်ထုတ်ပေးလိုက်ပြီးဖြစ်ကာ သူရှေ့တိုးလာသည်နှင့် ဖူဟွားကသူ့အားတိုက်ရိုက်ရှောင်၍လင်းရုဖေးအနားကပ်သွားလေသည်။
လင်းရုဖေးက ဖူဟွားထံမှမော့မော့ကိုခေါ်ပြီးချီထားလိုက်၏။ မော့မော့မွာ ဖူယွိ၏ကနဦးအော်ကြီးဟစ်ကျယ်ငေါက်ငမ်းမှုကြောင့် တဆတ်ဆတ်တုန်သည်အထိကြောက်ရွံ့နေရှာ၏။ တုန်ယင်နေလျက် လင်းရုဖေး၏လက်မောင်းများအကြားမြုပ်နေသည်။ ကျို့ထိုးခြင်းနှင့်ရှိုက်ခြင်းပင်မလုပ်နိုင်ရှာ။ သို့သော်ငြား လူတစ်ယောက်သည် နားလည်နိုင်စွမ်းနိမ့်ကျလျှင်ပင် မော့မော့၏ဖူယွိကြည့်ကိုနေသည့်မျက်လုံးများ၌စိတ်အားထက်သန်မှုတချို့ပါနေတာကိုမြင်တွေ့နိုင်သည်။ သူက ဖူယွိအားထပ်ခါထပ်ခါ လှည့်တကြည့်ကြည့်လုပ်နေ၏။
ဖူယွိသည်အံကြိတ်၍:"သခင်လေးလင်း...သူ့ကိုဘယ်နေရာကရှာတွေ့တာလဲ သူကဖူအိမ်က ကလေးပါ"
လင်းရုဖေး : "ဖူအိမ်ရဲ့ကလေးက ဘယ်လိုလုပ်အပြင်မှာရောက်နေရတာလဲ"
ဖူယွိ : "ပြောရရင်တော့အရှည်ကြီးပဲဗျာ"
သူ၏ရှူးရှူးဒိုင်းဒိုင်းနှင့်ဒေါသကိုပြန်ထိန်းလိုက်ပြီး ဘေးမှခုံတစ်လုံးတွင်ဝင်ထိုင်သည်။
"သူက ကျွန်တော့်ကလေးပါ ဒါပေမဲ့ ပြန်ပေးဆွဲခံလိုက်ရတယ် ကျွန်တော်ဘယ်တော့မှရှာမတွေ့လောက်တော့ဘူးလို့ထင်ထားတာ သခင်လေးလင်းကတွေ့လိမ့်မယ်လို့တော့မထင်ထားခဲ့ဘူး"
နားထောင်ကြည့်ရသလောက် ကျက်သရေရှိပြီးအကျင့်သိက္ခာနှင့်ပြည့်စုံနေသယောင်၊ သို့သော် ဖူယွိ၏မူလတုံ့ပြန်ပုံကိုကြည့်ပြီး လင်းရုဖေးမှာတစ်လုံးသော်မျှမယုံကြည်နိုင်ပေ။ မော့မော့သာဖူယွိ၏ကလေး အဟုတ်အမှန်ဖြစ်သည်ဆိုပါက သူမော့မော့ကိုတွေ့သည့်အချိန်တွင်ပထမဆုံးတုံ့ပြန်မှုကမည်သို့များ ဒေါသအလျောက်ပေါက်ကွဲခြင်းဖြစ်နိုင်မည်နည်း။ ထပ်လောင်းဆိုရလျှင် မော့မော့အားရှာတွေ့သည့်နေရာကဖူအိမ်နှင့်မဝေးပေ၊ ဖူမိသားစုကလိုက်ရှာချင်လျှင် ရှာတွေ့နိုင်သည်။
သို့ရာတွင် ဤပုံစံနှင့်မော့မော့၏နောက်ခံအမှန်ကိုအတည်ပြုလိုက်နိုင်သည်။ ကောင်လေးကဖူမိသားစုနှင့်ပတ်သတ်ပြီး ကောင်းသောပတ်သတ်မှုမျိုးတော့မဟုတ်ချေ။
ဖူယွိ : "ဘယ်လိုဖြစ်ဖြစ် မော့မော့ကိုသခင်လေးလင်းတို့ပြန်ခေါ်လာပေးတာပဲကျေးဇူးတင်လှပါပြီ...မော့မော့..ဒီကိုလာ..."
သူကလက်ကိုဆန့်၍ ကြင်နာသောအပြုံးမျိုးဖြင့် : "ဒီကိုလာ...ဖေဖေ့ဆီလာ...."
မော့မော့က ဖူယွိ၏အပြုံးကိုတွေ့ပြီး သူ၏မျက်နှာတွင်တွေဝေနေမှုအနည်းငယ်ပေါ်လာသည်။ သူ့လက်ကိုဖူယွိထံပြန်ဆန့်ပေးသင့်၊ မပေးသင့်ချင့်ချိန်နေဟန်။
ဖူယွိကနောက်တစ်ကြိမ်ထပ်ခေါ်သည်။
"မော့မော့ ဒီကိုလာ ဧည့်သည်တွေနဲ့နေတာမကောင်းဘူးလေ"
မော့မော့က ဖူယွိကိုတစ်လှည့်၊ လင်းရုဖေးအားတလှည့်ကြည့်သည်။ လင်းရုဖေးကရုတ်တရက်ဝမ်းနည်းလာ၏။ သူသည်ခိုးကွယ်၍ ဝတ်ရုံလက်စတွင်းမှသကြားလုံးပျော့ကိုထုတ်ကာ မော့မော့ပါးစပ်ထဲထည့်ပေးလိုက်သည်။ သကြားလုံးရသွားသောမော့မော့က ချက်ချင်းပုန်ကန်သည်။ သူက ဖူယွိအားခေါင်းခါပြပြီး လင်းရုဖေး၏ရင်ဘတ်ကြားတွင်ခေါင်းနှစ်ထားလိုက်တော့သည်။
ဖူယွိ၏အမူအရာက အပြောင်းကြီးပြောင်းသွားပြီးစိတ်ဆိုးမာန်ဆိုးအော်ခေါ်သည်။ "မော့မော့"
မော့မော့ကသူ့အားအရေးမလုပ်။
မော့မော့ကသူ့အားဂရုမစိုက်သည်ကိုမြင်သည့်အခါ အုံ့မှိုင်းနေသောအရောင်ကမျက်ခုံးနှစ်ခုအကြားပေါ်လာ၏။
"မော့မော့ မင်းတကယ်မလာဘူးလား"
မော့မော့ကကြောက်လွန်း၍ တုန်ယင်လာပြန်သည်။ နောက်တစ်ခါ ထပ်ငိုတော့မည့်ပုံပင်။
လင်းရုဖေး : "သခင်လေးဖူကမော့မော့အဖေဆိုရင် ကလေးကိုဒီလိုကြောက်အောင်မလုပ်သင့်ဘူးထင်တယ်နော်"
ဖူယွိကခပ်ပြတ်ပြတ်သာပြော၏။ "သခင်လေးလင်း ဒါကဖူမိသားစုရဲ့ကိစ္စပါ သခင်လေးကဂုဏ်သရေရှိဧည့်သည်တော်ဖြစ်တာကြောင့် အဆောတလျင်ဝင်ပါတာမျိုးက မကောင်းဘူးထင်ပါတယ်"
လင်းရုဖေး : "ဒါပေါ့ မသင့်တော်ဘူး"
လင်းရုဖေး၏ပြောစကားကြောင့် ဖူယွိမှာစိတ်အေးသွားသည့်နှယ် : "သခင်လေးလင်းကနားလည်ပေးတတ်တဲ့လူပါပဲ"
လင်းရုဖေးက အာမခံလိုက်သည်ဟုထင်ကာ အနှီသူသည်မော့မော့အားပေးရန် လင်းရုဖေးကိုအရိပ်အကဲပြသည်။
လင်းရုဖေး : "ဒါပေမဲ့ အခုလိုအချိန်မှာ ကျွန်တော်ကအကျိုးအကြောင်းသင့်တွေးတဲ့လူမဟုတ်တော့တာတော့ အခက်သားဗျ"
သူကကောင်လေးကို လက်မောင်းကြားထဲ၌တင်းတင်းဖက်ထားပြီး ဖူယွိအား : "တောင်းပန်ပါတယ် သခင်လေးဖူ"
ဖူယွိမျက်နှာကဖြူရော်သွားသည်။ သူသည်စာအုပ်ကြီးအတိုင်းပြောဆိုချင်သေးသော်ငြား လင်းရုဖေး၏ပုံရိပ်ကြောင့်နောက်ပြန်ဆုတ်ကာအံကြိတ်လိုက်ပြီး : "သခင်လေးလင်းက ဖူမိသားစုကိုမညှာတာပေးတော့ဘူးလား"
လင်းရုဖေး : "သခင်လေးဖူစကားကလွန်နေပါပြီ မော့မော့ကိုကြည့်ပါဦး သူ့ကိုကြည့်ရတာအပြင်မှာနေခဲ့တာတစ်ရက်နှစ်ရက်တည်းမဟုတ်ဘူးထင်တယ် ဒီကိစ္စမှာ သခင်လေးဖူကပဲနောက်ဆုတ်ပေးနိုင်မလား"
ဖူရွေ့သည် တခဏမျှအာစေးမိနေပြီးနောက် ဒေါသကိုထိန်းချုပ်ထားရလျက်ပြောလာ၏။
"သခင်လေးလင်းကဘာလုပ်ချင်နေတာလဲ"
လင်းရုဖေး : "ဘာမှမလုပ်ချင်ပါဘူးဗျာ...သခင်လေးဖူမှာ သားတွေသမီးတွေအများကြီးရှိတာပဲ မော့မော့မရှိလည်းဖြစ်မှာပါ ဟုတ်တယ်မလား"
ထိုသူသည်ဓားအားဆွဲထုတ်တော့မည်ဟု ထင်ရသော်ငြား နောက်ဆုံးတွင် စိတ်ထိန်းထားပေသည်။
သူကတောင့်တင်းနေသောအပြုံးကိုဖျစ်ညှစ်ထုတ်ကာ : "သခင်လေးလင်း ဘာလို့ဒီလိုမျိုးလုပ်ရတာလဲ"
လင်းရုဖေးက ထိုသူ့စကားတွေကို မသိကျေးကျွန်ပြု၍ အကြောင်းကြားစာအားထုတ်ကာ ဖူဟွားကိုဖူယွိထံပေးခိုင်းသည်။
ဖူယွိကမယူဘဲအေးစက်စက်ဖြင့်တုံ့ပြန်၏။
"သခင်လေးလင်းက ကျွန်တော်တို့ဖူမိသားစုအပေါ်မလေးမစားဆက်ဆံတယ် ကျွန်တော်ဒီသိုင်းပြိုင်ပွဲကိုမသွားဘူး"
လင်းရုဖေး : "ကျွန်တော့်မှာအကြောင်းကြားစာလာပို့ပေးဖို့ပဲတာဝန်ရှိတာ သခင်လေးဖူဘက်ကအကြောင်းကြားစာကိုဘယ်လိုပဲလုပ်လုပ် သခင်လေးသဘောပါ"
ဖူယွိကထိုစကားကိုကြားသည့်အခါ အကြောင်းကြားစာအားလှမ်းယူပြီးဖြဲပစ်လိုက်သည်။ မျက်တောင်တခတ်အတွင်းအကြောင်းကြားစာမှာစက္ကူစများဖြစ်ကုန်၏။ သူဖြဲလိုက်သည့်အခါ လင်းရုဖေး၏လက်မောင်းကြားများမှမော့မော့က ရုတ်တရက်အော်ငိုသည်။ မျက်ရည်ပေါက်ကြီးများကျနေရာမှ မရေမရာစကားလုံးများကိုအော်ပြောနေ၏။
ဖူဟွားသည် ဖူယွိ၏ထိုအပြုအမူကြောင့် သူမခါးထက်မှဓားကိုချက်ချင်းဆွဲထုတ်ကာ: "သခင်လေးဖူ ရှင်လွန်သွားပြီ"
ဖူယွိကနှာမှုတ်၍လက်များကိုဖြန့်သည်။
"မင်းတို့လင်းမိသားစုက ငါတို့ဖူမိသားစုကိုအရင်စော်ကားတာလေ"
သူကလင်းရုဖေးဘက်သို့လှည့်ကြည့်ပြီး လင်းရုဖေးကအကြောင်းကြားစာဖြဲခံရ၍ဒေါသထွက်လာမည်ဟုထင်နေဟန်ရသည်။ သို့သော် လင်းရုဖေးကသူ့အားမထူးမခြားနား တည်တည်ငြိမ်ငြိမ်ကြည့်နေသည်။ ၎င်းကဖူယွိအား ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့အကြည့်ခံနေရသည့်နှယ် စိတ်မသက်မသာဖြစ်လာစေ၏။
"သခင်လေးလင်း"
ဖူယွိသည်လင်းရုဖေး၏အကြည့်အောက်တွင်တုန်လှုပ်သွားသည်။ ဘာကြောင့်ရယ်မသိ၊ သူ၏အကဲပိုသောအပြုအမူကြောင့်ရုတ်တရက်နောင်တရလာသည်။ သူ အခြေအနေကိုပြန်ထိန်းနိုင်ရန် စကားပြောရန်ကြိုးစားစေကာမူ လင်းရုဖေးကလက်ယမ်းပြကာသူ့အားထွက်သွားခိုင်းသည်။
"သခင်လေးဖူ ပြိုင်ပွဲမှာပါတာမပါတာ သခင်လေးသဘောပါ အကြောင်းကြားစာလည်းပေးပြီးပြီဆိုတော့ ကျွန်တော်တို့မနက်ဖြန်ထွက်သွားပါ့မယ်"
ဖူယွိ : "ဒါဆို မော့မော့...."
လင်းရုဖေး : "ဒါပေါ့ ကျွန်တော်တို့မော့မော့ကိုလည်းအတူခေါ်သွားမှာပါ"
ဖူယွိက ဝုန်းကနဲထရပ်သည်။
လင်းရုဖေး : "သခင်လေးဖူလက်မခံရင် သခင်လေးကိုဆုံးမဖို့ ကျွန်တော်လင်းမိသားစုကိုအသုံးမချပါဘူး ဓားနဲ့ပဲရှင်းကြတာပေါ့ တိုက်ကြမယ်လေ သခင်လေးရှုံးသွားရင်တော့ ပါးစပ်အသာပိတ်နေလိုက်ပါ"
ဖူယွိ၏လည်စလုတ်ကအပေါ်အောက်ခုန်နေပြီး သူ၏အမူအရာမှာလည်းတစ်ခုခုပြောချင်သေးသည့်ပုံစံဖြစ်နေသည်။
သို့သော် နောက်ဆုံး၌သက်ပြင်းရှည်ကြီးသာထွက်လာသည်။
"ကိစ္စတွေကိုဘာလို့ရှုပ်ထွေးအောင်လုပ်နေမှာလဲ သခင်လေးလင်း"
လင်းရုဖေး : "လုပ်ချင်လို့လေ"
ဖူယွိကဆွံ့အသွားရပြီး လင်းရုဖေးအားအကျိုးအကြောင်းသင့်စွာရှည်ရှည်ဝေးဝေး ပြောရန်စကားဦးသန်းလိုက်သည်။ သို့တစေ လင်းရုဖေးက မေးကိုပင့်ကာစကားလုံးသုံးလုံးတည်းနှင့် တစ်ဖက်လူဆက်မပြောနိုင်ရန်ပိတ်ပစ်လိုက်၏။
'ထောင်ချီသောရွှေများဖြင့်သူ၏ဆန္ဒကိုမဝယ်ယူနိုင်'
လင်းရုဖေးသာဆန္ဒရှိပါက မည်သူမှသူ့အားတားမရချေ။
လင်းရုဖေး "သခင်လေးဖူ ကြွပါ"
သူသည်ဖူယွိနှင့်ထပ်ကာစကားမပြောလိုတော့သောကြောင့် ဖူဟွားအားဧည့်သည်ကိုပြန်ပို့ပေးရန်လက်ပြလိုက်သည်။
ဖူယွိကအတော်လေးကိုအလိုမကျဖြစ်နေလင့်ကစား လင်းရုဖေးကသူ့အားနှင်ထုတ်ချင်နေသောအခိုင်အမာသဘောထားကြောင့် စကားမဆိုတော့ချေ။ ထရပ်ကာထွက်သွားလေ၏။ သူထွက်သွားချိန်တွင် ဓားအားကိုင်ထားသောသူ၏လက်မှသွေးကြောများမှာ ပေါက်ထွက်လာတော့မည်ဟုထင်ရသည်အထိပင်။ သို့ထိတိုင် သူဓားကိုတစ်ကြိမ်ပင်ဆွဲမထုတ်ခဲ့ပေ။
"ဒီဖူယွိဆိုတဲ့လူကကောင်းကိုမကောင်းဘူး"
ဖူယွိအားလိုက်ပို့ပေးပြီးနောက် သူတို့၏အသည်းနှလုံးကိုမော့မော့ထံ၌မြုပ်နှံထားသောအစေခံများက ရေရွတ်ကြသည်။
"မော့မော့ကိုပျောက်သွားတယ်လည်းပြောသေးတယ် ပျောက်သွားတော့လည်းဘာလို့တွေ့အောင်မရှာကြတာလဲ ဒီနေရာကမော့မော့ကိုရှာမတွေ့နိုင်လောက်အောင်ကြီးနေတာလည်းမဟုတ်ဘူး ကလေးက အပြင်ရောက်နေတာတစ်ရက်နှစ်ရက်တောင်မဟုတ်ဘူးထင်တယ်...."
မော့မော့သည် လင်းရုဖေး၏လက်ကြားထဲတွင်မြုပ်နေလျက် လက်ထဲမှသကြားလုံးပျော့လေးကိုသာစားနေသည်။ သူသည်သကြားလုံးထဲသာစိတ်ရောက်နေပြီး လူကြီးများပြောနေသည့်စကားများကိုသိပုံမရ။
လင်းရုဖေးက ထိုကလေး၏ဆံပင်များကိုဖွပေးပြီး : "တကယ်တော့ အရမ်းထူးဆန်းတယ်"
ဖူယွိကမော့မော့ကိုလိုက်မရှာသည်မှာထူးဆန်းလင့်ကစား ဖူယွိကအရေးမကြီးသောကလေးတစ်ယောက်အတွက်ဖြင့် လင်းမိသားစုကိုတမင်တကာရန်စခြင်းမှာ ပို၍ထူးဆန်းပေ၏။ မော့မော့ကအချစ်မခံရသည့်ကလေးဖြစ်လျှင်ဖူယွိ၏တုံ့ပြန်မှုကဤမျှပြင်းထန်မည်မဟုတ်။ သို့ရာတွင် သူသာအချစ်ခံနေရပါက ဖူယွိက သူ့အားအပြင်တွင် မည်သို့များပစ်ထားရက်မည်နည်း။
အလွန်အမင်းရှုပ်ထွေးလှသောကိစ္စပင်။
ယွီရွေ့ : "ဒါဆို သခင်လေး ကျွန်မတို့မော့မော့ကိုတကယ်ခေါ်သွားကြမှာလား ပြီးတော့ မော့မော့ကလည်းဖူမိသားစုရဲ့ကလေးဆိုတော့ မသင့်လျော်ဘူးမဟုတ်လား"
လင်းရုဖေးကဘာမှမပြောဘဲခေါင်းသာယမ်းပြ၏။
"စောင့်ကြည့်ကြတာပေါ့"
သူမော့မော့ကိုခေါ်သွားရလို့လည်းစိတ်မရှိချေ။ ဖူမိသားစု၏အရည်အချင်းနှင့်သာဆိုပါက သူတို့အနေဖြင့်ဤကလေးကိုစောင့်ရှောက်နိုင်ကြမည်မဟုတ်။ မော့မော့ကဒီမှာဆက်နေပြီးတောင်းစားနေရအုံးမည်ဆိုလျှင် ခေါ်သွားလိုက်သည်ကပိုကောင်းပေမည်။
ဖူမိသားစုသည် ညနေပိုင်းတွင် လင်းရုဖေးနှင့်ဖူယွိအကြားမှ စိတ်မချမ်းမြေ့ဖွယ်ဆက်ဆံရေးအားပြီးဆုံးစေရန်အတွက်စားသောက်ပွဲကြီးအားကျင်းပသည်။ လင်းရုဖေးကား စားသောက်ပွဲအားစိတ်မဝင်စားသည်က ကောင်းသည့်အချက်ဖြစ်သွား၏။
ဖူယွိထွက်သွားပြီးမကြာခင် မော့မော့၏စိတ်အခြေအနေကအမြန်ပြန်ကောင်းလာကာ ဖူဟွားနှင့်အတူကစားရင်းခြံဝန်းထဲတွင်ကျန်နေခဲ့၏။ လင်းရုဖေးမှာ အိမ်ထဲနေရသည်ကိုငြီးငွေ့လာ၍ကုရွှမ်းတုနှင့်အတူလမ်းလျှောက်ရန်အပြင်ထွက်လာသည်။
သူတို့နှစ်ယောက် ဖူမိသားစု၏ဘိုးဘေးပိုင်အိမ်တော်မှလမ်းအတိုင်းထွက်လာရာလမ်းတွင် ဒုတိယမြောက်ဖူသခင်လေးသည်အချို့အမျိုးသမီးများနှင့်အတူရယ်မောနေသည်ကိုတွေ့ရ၏၊ သူကားခရမ်းရောင်အဝတ်အစားများကိုဝတ်ထားနေဆဲပင်။ ထိုသူသည်လင်းရုဖေးအားသတိထားမိသွားသည်တွင် ပြုံးကာနှုတ်ဆက်၏။
လင်းရုဖေးကသူ့အားပြန်နှုတ်ဆက်ပြီး ထွက်သွားမည်အပြုတွင်အနောက်မှစကားသံကိုကြားလိုက်ရသည်။
"မော့မော့ကိုသခင်လေးပြန်ခေါ်လာတာလား"
လင်းရုဖေးကဖြည်းဖြည်းချင်းရပ်လိုက်၏။
"ဘာဖြစ်လို့လဲ"
"ဒါဆိုရင်တော့ သခင်လေးလင်းပိုသတိထားနေရတော့မယ် အဲဒီမော့မော့က ကျွန်တော့်အစ်ကိုကြီးအချစ်ဆုံးကလေးဗျ"
ဒုတိယဖူသခင်လေးက 'အချစ်ဆုံး' ဟူသောနေရာတွင်လေသံကိုဖိပြောလိုက်သည်။
လင်းရုဖေးကသူ့အားလှည့်ကြည့်သည်။
"ခင်ဗျားသူ့ကိုဒီလိုမျိုးခေါ်သွားတာကို ကျွန်တော့်အစ်ကိုကြီးကလုံးဝသဘောတူမှာမဟုတ်ဘူး"
သူသည်သူ၏လက်မောင်းတွင်မှီနေသော ကိုယ်လုပ်တော်၏နူးညံ့သောခါးလေးအားဖိကိုင်ရင်း ကျယ်လောင်လှသောရယ်သံကိုဟိန်းထွက်လာစေသည်။
လင်းရုဖေး : "မော့မော့ရဲ့အမေကဘယ်မှာလဲ"
ဒုတိယသခင်လေးဖူ : "သေပြီလေ လူတိုင်းကသူ့ကိုသေပြီလို့ပြောကြတာပဲ ကျွန်တော်ကတော့သူ့ကိုမမြင်ဖူးပေမဲ့...."
သူသည်မျက်လုံးများကိုကျဉ်းကာ ပုံမှန်ထက်ပိုသောပြောင်ချော်ချော်အပြုံးဖြင့်ဆို၏။
"ဒါပေမဲ့ သူလည်းအလှလေးပါပဲ"
လင်းရုဖေးကသူ့အားစိုက်ကြည့်ပြီး : "နားလည်ပါပြီ ဒုတိယသခင်လေးဖူကိုကျေးဇူးတင်ပါတယ်"
ဒုတိယသခင်လေးဖူသည်ပျင်းရိလေးလံစွာဖြင့် : "ရပါတယ် သခင်လေးလင်း တစ်ရက်ပြီးတစ်ရက်ပျင်းစရာကောင်းလာတယ်လေ ကျွန်တော်ကတစ်ခါတစ်လေပျင်းလာပြီဆိုတာနဲ့ တစ်ခုခုရှာကြံလုပ်တတ်တယ်"
ပြောပြီးသည်နှင့်သူကမိုးပေါ်မော့ကြည့်ကာ : "နောက်ထပ်မိုးကဘယ်တော့မှရွာမှာလဲ"
ဒုတိယသခင်လေးလင်းအားနှုတ်ဆက်ပြီးနောက် လင်းရုဖေးနှင့်ကုရွှမ်းတုတို့ ရွာအတွင်း လျှောက်သွားရန်ထွက်လာကြသည်။
မနေ့ညက ကြိုးစားမှုအပြင်ယနေ့တွင်ထပ်ကြိုးစားမှုကြောင့် သူတို့တည်ဆောက်ပုံအကြီး၏ဗဟိုချက်မကိုရှာတွေ့နိုင်လောက်သည်။
"တကယ်ကိုထူးဆန်းတယ် ဒီလိုတည်ဆောက်ပုံကြီးကို ဖူယွိကတကယ်လုပ်နိုင်လို့လား"
လွန်ခဲ့သောရက်အနည်းငယ်က လင်းရုဖေးသည် အဆိုပါတည်ဆောက်ပုံကြီးကိုဖူယွိကလုပ်ခဲ့ခြင်းဖြစ်မည်ဟုထင်ခဲ့သည်၊ သို့သော် ယနေ့ထိုသူနှင့်တစ်ကြိမ်တွေ့ပြီးနောက် သူ၏ထင်မြင်ချက်များမှာဂျွမ်းထိုးမှောက်ခုံဖြစ်ကုန်သည်။ ဖူယွိ၏ကိုယ်ပေါ်တွင်ချီစွမ်းအင်ရှိနေသည်မှာမှန်လင့်ကစား ပါးလွှာလွန်း၍ ကောလဟလများပျံ့နေသလို စွမ်းအားကြီးသိုင်းသမားတစ်ယောက်ပုံနှင့်တူမနေချေ။ ထိုသို့သောလူမျိုးက မည်သို့များယခုကဲ့သို့တည်ဆောက်ပုံကိုလုပ်နိုင်မည်နည်း။
ကုရွှမ်းတု : "မှန်တယ် ဒီလိုတည်ဆောက်ပုံကသူလုပ်တာနဲ့မတူဘူး လုပ်တဲ့သူကိုသိချင်ရင် ဗဟိုချက်ကအဓိကပဲ"
လင်းရုဖေးကအံ့ဩသွားပြီး : "တည်ဆောက်ပုံဗဟိုချက်ကဒီနားမှာမဟုတ်လား"
ကုရွှမ်းတု : "ဖြစ်နိုင်တယ်"
အနီးနားတွင်လယ်ကွင်းများဖြင့်သာ ပြည့်ကျပ်နေသည်။ ဆန်၊ ပြောင်းနှင့်အခြားသောအပင်များ။ တစ်ချက်ကြည့်လိုက်သည်နှင့်အခြားနေရာများနှင့်ကွာခြားမှုမရှိပေ။ သို့သော် အသေအချာအာရုံစိုက်ကြည့်လျှင်ဤနေရာမှဝိညာဉ်စွမ်းအင်များမှ ဘေးပတ်ဝန်းကျင်ထက်ပိုသိပ်သည်းနေသည်၊ စိုက်ပျိုးထားသောသီးနှံပင်များကအခြားနေရာများထက် ပိုသန်၏။
ကုရွှမ်းတု : "ဒီနေရာကတည်ဆောက်ပုံရဲ့ဗဟိုချက်က ကျန်နေရာတွေနဲ့မတူဘူး သေချာကြည့် မင်းကွာခြားနေတာကိုတွေ့လိမ့်မယ်"
လင်းရုဖေးသည်ကုရွှမ်းတုပြောသည့်အတိုင်း ပတ်ဝန်းကျင်ကိုဂရုတစိုက်ကြည့်သည်။ မကြာခင်ပင် သူကွာခြားနေသည့်အရာကိုရှာတွေ့သွားသည်။
ပြည့်သိပ်နေသောသီးနှံပင်များအတွင်း မြင်ရလွယ်သောကျောက်တုံးကြီးများရှိသည်။ တစ်ချက်ကြည့်လျှင် ၎င်းတို့ကမထူးခြားစေကာမူ ဂရုတစိုက်ကြည့်ပါက ၎င်းတို့မှာရှေးဟောင်းဒဏ္ဏာရီကျမ်းစာအသွင် အတွဲလိုက်တစ်စုတစ်စီးတည်းရှိနေသည်။ လင်းရုဖေးကနားမလည်သော်ငြား ကုရွှမ်းတုကနားလည်သဘောပေါက်သည်။
သူ၏အမူအရာမှာအနည်းငယ်လေးနက်နေပြီး : "ဗဟိုချက်ကဒီနားမှာတင်ရှိတယ်"
လင်းရုဖေး : "ကျမ်းစာထဲမှာဘာရေးထားလဲ"
ကုရွှမ်းတု : "နောက်ဘဝကူးဖို့အတွက်မန္တာန်"