အပိုင်း ၉၂
Viewers 14k

Chapter 92



လင်းရုဖေး : "နောက်ဘဝကူးဖို့အတွက်မန္တာန် ဟုတ်လား"

ကုရွှမ်းတု : "ပုံမှန်တော့ သေပြီးရင်တဖက်ကမ်းကိုကူးပေးဖို့အတွက်သုံးတာ ဒါပေမဲ့....ဒီမှာသုံးထားတာက..."

သူကလက်ဆန့်ကာကျောက်တုံးကိုထိကြည့်လိုက်သည်။ သူ၏နဂိုမူရင်းလက်ချောင်းဖြူလေးများက ချက်ချင်းပင်မီးကျွမ်းခံရသည့်ပုံစံဖြင့်မည်းနက်သွားသည်။

"ကျိန်းသေပေါက် ကောင်းတဲ့ရည်ရွယ်ချက်အတွက်တော့မဟုတ်နိုင်ဘူး"

လင်းရုဖေးက ကုရွှမ်းတု၏အပြုအမူကြောင့်မှင်သက်နေသည်။

"အကြီးအကဲ....လက်...."

ကုရွှမ်းတုက ၎င်းကိုဆက်ကိုင်ထားအုံးမည့်ပုံပေါ်သည်၊ သူတုံ့ဆိုင်းဆိုင်းဖြစ်နေပြီးမှ ချက်ချင်းပင် ကုရွှမ်းတု၏လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်၏။

"မကိုင်နဲ့တော့"

လင်းရုဖေးကကုရွှမ်းတု၏လက်ကိုလှမ်းဆွဲပြီး မျက်လုံးလွှဲသွားကာ နာသွားမည်စိုးတာကြောင့် ကျစ် တစ်ချက်စုပ်သပ်လိုက်သည်။

လင်းရုဖေးသည် ကုရွှမ်းတု၏အမူအရာပြောင်းသွားသည်ကိုသတိမထားမိချေ။

ကုရွှမ်းတု၏လက်မှဒဏ်ရာကအတော်လေးဆိုးတာကိုမြင်ပြီးရေးကြီးသုတ်ပျာဆိုသည်။

"အကြီးအကဲနဲ့ကွဲနေတဲ့ဝိညာဉ်ရဲ့ဒဏ်ရာလားဟင် အဲဒါကသက်ရောက်တာရှိလားဟင် အရမ်းနာနေလားဟင်"

ကုရွှမ်းတု : "အင်း နည်းနည်းတော့နာတယ်"

လင်းရုဖေး : "ဒါဆိုဘယ်လိုလုပ်ကြမလဲ..."

ဝိညာဉ်တွင်ဒဏ်ရာရခြင်းက ကိုယ်ပေါ်တွင်ဖြစ်ပြီးပြန်လည်ကုသနိုင်သောဒဏ်ရာဖြင့်မတူညီဘဲ ပြင်းထန်တတ်သည်၊ သေးငယ်သည့်ဒဏ်ရာလေးဖြစ်လျှင်ပင် နောက်ဆက်တွဲများကအတော်လေးပြင်းထန်တတ်၏။

ကုရွှမ်းတုအတည်ကြီးပြောလာသည်။

"လူသားတွေရဲ့တံတွေးက အပူလောင်တာသက်သာစေတယ်တဲ့ ဘယ်လိုလဲ....ရှောင်ကျို့ ကိုယ့်လက်ကိုစုပ်ပေးပါလား"

လင်းရုဖေးမှာအေးခဲသွား၏။ "အာ..."

ကုရွှမ်းတုကအတင်းမလုပ်ခိုင်းပေ။

သူကစိတ်ပျက်သွားသည့်ပုံစံဖြင့်သက်ပြင်းချကာ : "မင်းမလုပ်ချင်ရင်လည်းထားလိုက်ပါ"

ကုရွှမ်းတု၏လက်ချောင်းများကရှည်ပြီးသေးသွယ်သည်။ အတော်လေးလည်းလှသည်၊ ယခုအပူလောင်ထား၍သွေးစုနေသောအကွက်ကြီးက အမြင်ဆိုးစေ၏။ စိတ်ထိခိုက်ဖွယ်ရာပင်။

လင်းရုဖေးကတောင့်တောင့်ကြီးဖြစ်နေပြီး သူ့အားသံသယဝင်နေသယောင်ရှိသည်။

"စုပ်ပေးတာက တကယ်အကူအညီဖြစ်မှာလား"

ကုရွှမ်းတုကခေါင်းညိတ်သည်။

ကုရွှမ်းတုကသေချာနေသည်နှင့် လင်းရုဖေးကသူ၏လက်ချောင်းကိုဆွဲကာပါးစပ်ထဲထည့်လိုက်တော့သည်။ သူ၏လျှာထိပ်လေးကညှီစို့စို့နှင့်ကုရွှမ်းတု၏လက်ချောင်းများအတွင်းစီးနေသောသွေးများ၏ ချိုမြိန်သောအရသာကိုအံ့အားသင့်ဖွယ်ရလိုက်သည်။ ကုရွှမ်းတုကလင်းရုဖေးအားကျီစယ်နေခြင်းသာ။ အနှီသူကအနည်းငယ်ပင်မတွေဝေဘဲ သူ၏လက်ချောင်းကိုပါးစပ်ထဲထည့်လိုက်မည်ဟုမမျှော်လင့်ထားခဲ့ပေ။ သူ၏လက်ချောင်းထိပ်ကလင်းရုဖေး၏ပူနွေးသောလျှာဖြင့် ထိတွေ့မိသွားချိန်တွင် သူ၏မူလကကြည်လင်နေသောမျက်လုံးနက်များမှာ မိုးရွာတော့မည့်အတိုင်းအုံ့မှိုင်းလာ၏။

လင်းရုဖေးကားသတိမထားမိ။ သူသည်အလေးအနက်ဖြင့် ကုရွှမ်းတု၏လက်ချောင်းထိပ်မှညှီစို့စို့နှင့်ချိုသောအရာသာပျောက်သွားသည်အထိ ပါးစပ်ထဲမှမထုတ်ဘဲလျက်နေလေသည်။

ထို့နောက် အနီးကပ်ကြည့်ပြီး အံ့အားသင့်စွာဖြင့် အော်ပြောတော့သည်။

"တကယ်ပျောက်သွားပြီ..."

အပူလောင်သည့်အမှတ်အသားကပျောက်သွားပြီး ကုရွှမ်းတု၏လက်ချောင်းများက ကြက်သွန်၏အမြစ်ကဲ့သို့နောက်တဖန်ဖြူဖွေးလာ၏။ သူသည်တံတွေးက ကုသပေးနိုင်မည်ဟုမမျှော်လင့်ထားမိပေ။ ကုရွှမ်းတုက သူ့အားမနောက်ပေ။

ကုရွှမ်းတု၏မျက်လုံးများကမည်းမှောင်နေပြီး လင်းရုဖေးအားစကားမပြောဘဲစိုက်ကြည့်နေသည်။

လင်းရုဖေးသည်သူ၏အကြည့်ကြောင့်ကျောချမ်းလာသဖြင့် ခပ်တိုးတိုးလေးခေါ်လိုက်၏။

"အကြီးအကဲ..."

' အကြီးအကဲ ' ဆိုသောစကားလုံးက ကုရွှမ်းတုအားတစ်ခုခုကိုသတိပေးလိုက်ပုံရသည်။

သူသည်အကောင်းပကတိဖြစ်သွားသောလက်ကိုကြည့်ကာ သက်ပြင်းချလျက် : "ထားလိုက်တော့ ဘာမှမဖြစ်တော့ဘူး"

လင်းရုဖေးကလက်နောက်ပစ်ကာ သူ၏အရှေ့မှကျောက်တုံးကိုနောက်တစ်ကြိမ်လေ့လာသည်။

"ဒီတည်ဆောက်ပုံဗဟိုချက်မှာ တမလွန်ကိုကူးဖို့ မန္တာန်တွေအများကြီးကို ခွဲထားတာကဘာရည်ရွယ်ချက်နဲ့လဲ တစ်ခုခုကိုထိန်းချုပ်ထားဖို့များလား"

ကုရွှမ်းတု : "သေချာထပ်ကြည့် ဒီနေရာတဝိုက်မှာနောက်ထပ်သဲလွန်စတွေရှိနိုင်တယ်"

တည်ဆောက်ပုံပြုလုပ်လျှင် နေရာကျယ်ကျယ်လိုအပ်သည်။ ပတ်ဝန်းကျင်တွင်သီးနှံပင်များက အုတ်နံရံကြီးပမာမြင့်နေပြီး တည်ဆောက်ပုံပြုလုပ်ရန်မသင့်တော်ပေ။ တစ်ခုကိုပြုလုပ်လိုလျှင် ပတ်ဝန်းကျင်မှအပင်အချို့ကိုရှင်းလင်းရန်လိုအပ်သည်။ ကုရွှမ်းတုသတိပေး၍ လင်းရုဖေးသည်ဘေးရှိကျောက်တုံးအနီးမှ သဲလွန်စတစ်ခုကိုတွေ့သွားသည်။ ကျောက်တုံးဘေးမှမြေပြင်သည်မည်သည့်အရာမှမရှိ၊ မြေဆီလွှာသာအုပ်ထားပြီး သံသယဖြစ်ဖွယ်ကောင်းသည်။

ကုရွှမ်းတု၏အကူအညီမဲ့နေသောအကြည့်အောက်တွင် လင်းရုဖေးသည်ပျော်ပျော်ကြီးသစ်သားဓားအိမ်ကိုထုတ်ကာ မြေကြီးကိုဆွတော့သည်။ မြေကြီးအောက်တွင်သံပြားတစ်ပြားရှိသည်။ သံပြားပေါ်၌လက်စွပ်ငယ်လေးတစ်ကွင်းအားတန်ဆာတပ်ထား၏။ လင်းရုဖေးသည်လက်စွပ်ကွင်းကိုအားပြင်းပြင်းဖြင့်ဆွဲလိုက်သည့်အခါ အနက်ရောင်အပေါက်တစ်ခုပေါ်လာသည်။

လင်းရုဖေးကအံ့ဩတကြီးဆိုသည်။

"လှိုဏ်ခေါင်းပဲ"

ကုရွှမ်းတု : "တည်ဆောက်ပုံတွေကလှိုဏ်ခေါင်းတွေထဲမှာအများဆုံးရှိတတ်တယ် အထဲဝင်ကြည့်ကြမလား"

အတွင်းအနက်အထဲသို့ ဝင်ကြည့်ရန်ကားအမှန်တကယ်မသင့်လျော်ပေ။ သို့သော် လင်းရုဖေးသည်လှိုဏ်ခေါင်းနံရံမှလှေကားကိုတွယ်ကာ ဖြည်းဖြည်းချင်းအောက်ဆင်းနေချေပြီ။

----------------------


လှိုဏ်ခေါင်းအတွင်းဘက်တွင် အလင်းရောင်မရှိပေ။ လင်းရုဖေးကသိုလှောင်လက်စွပ်အတွင်းမှမီးတုတ်ကိုထုတ်ကာ မီးညှိပြီး သူ၏ပတ်ဝန်းကျင်မှအခြေအနေကိုသိရန်ကြိုးစားသည်။ ဥမင်လှိုဏ်ခေါင်းရှိခဲ့သည်မှာ နှစ်အနည်းငယ်ကြာနေပုံပင်။ မြေကြီးများကမသန့်ရှင်းတော့ဘဲ ခြေရာများကိုကြည့်လျှင် လူများမကြာခဏလာလေ့မရှိမှန်းသိနိုင်သည်။ လှိုဏ်ခေါင်းကကျဉ်းလွန်းပြီးလူတစ်ယောက်သာဖြတ်၍ရသည်။ လင်းရုဖေးကအရပ်သိပ်မရှည်သောကြောင့် ကုရွှမ်းတုကခေါင်းငုံ့သွားနေရချိန်တွင် သူကအတော်လေးအဆင်ပြေနေ၏။

လင်းရုဖေးက ဥမင်တစ်လျှောက် ဖြေးဖြေးပုံမှန်လေးလျှောက်လာခဲ့သည်။ လမ်းတွင်ရိုးရှင်းသောထောင်ချောက်များနှင့်တွေ့ခဲ့ရပြီး အလွယ်တကူရှောင်နိုင်ခဲ့သည်။ ထောင့်ချိုးအားကွေ့လိုက်သည့်အခါ လမ်းကျဉ်းလေးကပွင့်သွားပြီး လင်းရုဖေးကအခန်းကျယ်တစ်ခုအတွင်းသို့ရောက်ပြီဟုထင်သွားသည်။ သို့ရာတွင်အခန်းကကျယ်လွန်းပြီး သူ၏လက်ထဲမှမီးတုတ်ပင်နေရာအစုံအားအလင်းမရောက်နိုင်ပေ။ ကောင်းသည့်အချက်မှာဘေးမှနံရံတွင်မီးတုတ်များတန်းစီတပ်ထား၍ လင်းရုဖေးကတစ်ခုချင်းစီမီးညှိသောကြောင့်အခန်းတစ်ခန်းလုံးအားရှင်းရှင်းလင်းလင်းမြင်နိုင်သွားသည်။

အလွန်အမင်းရိုးရှင်းလှသောရွှံ့နှင့်လုပ်ထားသောအိမ်တစ်အိမ်ပင်။ မြေပေါ်တွင် ကြီးမားလှသောဝိညာဉ်စုဆောင်ရေးမန္တာန်အားဆွဲထားပြီး သည်တစ်ကြိမ်တွင် ဝိညာဉ်စုဆောင်းရေးတည်ဆောက်ပုံက လုပ်လက်စသာရှိသေးသည်။ ဘေးတွင်ရပ်နေသော လင်းရုဖေးမှာ များပြားသောဝိညာဉ်စွမ်းအင်ပမာဏက ဤတည်ဆောက်ပုံအတွင်းနစ်ဝင်နေသည်ကိုခံစားလိုက်ရ၏။

လင်းရုဖေးက ဝိညာဉ်စုဆောင်းသောတည်ဆောက်ပုံအား ခေတ္တငုံ့ကြည့်သည့်အခါ တည်ဆောက်ပုံကကြီးမားသော်ငြားထူးခြားသောအခြားလက္ခဏာများမတွေ့ရပေ။ သူတွေးနေစဉ် ခေါင်းပေါ်မှဆူညံသံတစ်ခုထွက်လာသည်။ သံကြိုးများအပြန်အလှန်ပွတ်တိုက်နေသလိုအေးစက်လှသည့်အသံပင်။

လင်းရုဖေးကဖျတ်ကနဲခေါင်းမော့ကြည့်လိုက်ချိန်တွင် သူ၏ခေါင်းပေါ်၌တွဲလောင်းကျနေသောအရာတစ်ခုကိုတွေ့လိုက်ရသည်။

ကတ္တရားစေးနှယ်မည်းနက်နေသောလေထုအလယ်တွင် ကြီးမားသောအနက်ရောင်သံလှောင်အိမ်တစ်ခုကိုတွဲလောင်းချိတ်ထားပြီး လှောင်ချိုင့်အတွင်းမှအရာက တမင်လှုပ်ယမ်းနေပုံရသည်။ လှောင်အိမ်ကယမ်းနေ၍ အပေါ်တွင်ဆွဲထားသောသံကြိုးများမှတဆင့် တချွင်ချွင်အသံများထွက်နေခြင်းဖြစ်မည်။

"အဲဒါက....."

လင်းရုဖေး၏မျက်လုံးများကသံလှောင်အိမ်ထဲမှအရာကိုမြင်ချင်လွန်း၍ ကျယ်ကျယ်ပွင့်နေသည်။ သို့ရာတွင် မီးအလင်းရောင်ကမှိန်လွန်းနေ၍ မည်သို့ပင်မြင်အောင်ကြည့်နေပါစေ သူအတပ်မပြောနိုင်ပေ။

ကုရွှမ်းတု၏မျက်ခုံးများက ကျုံ့သွားသည်။ လှောင်အိမ်ထဲမှအရာကိုသူသေချာမြင်လိုက်သော်ငြား လင်းရုဖေးကိုမပြောပြပေ။ သူနံရံများကိုလျှောက်ကြည့်ပြီးနောက် သူရှာဖွေနေသည့်နံရံပေါ်မှ စက်ကိုအမြန်ရှာတွေ့သွား၏။

လင်းရုဖေးသည်ကုရွှမ်းတုကလက်ကုပ်လိုက်၍ စက်အနားသွားကာဖိကြည့်လိုက်သည်။ စက်အားဖွင့်လိုက်သည်နှင့်သံလှောင်အိမ်ကတဂျုံးဂျုံးမြည်လာပြီး ဖုန်မှုန့်များနှင့်အတူအောက်ပြုတ်ကျလာသည်။

လှောင်အိမ်တွင်းမှအရာက မှိန်ပြပြအလင်းရောက်တွင်လင်းရုဖေး၏မြင်ကွင်းအတွင်းသို့ဝင်လာသည်။ လှောင်အိမ်ထဲမှအရာကိုအတိအကျမြင်လိုက်ရပြီးသည့်နောက် သူကြက်သေသေသွား၏။

သံလှောင်အိမ်ကြီးအတွင်း လူတစ်ယောက်လှဲနေသည်။ ၎င်းကအသိရှိပုံမရတော့သည့်အပြင် အနည်းငယ်လှုပ်ရှားမှုမျိုးပင်မတွေ့ရပေ။ အသက်မရှိတော့သည့်အလောင်းကောင်ပမာ။ သို့သော်ငြား လင်းရုဖေးအားအထိတ်တလန့်အဖြစ်စေဆုံးသောအရာမှာ ထိုသူ၏ဖူယွိနှင့်အတိအကျတူနေသောမျက်နှာပင်။

လင်းရုဖေးကအော်သည်။

"ဖူယွိက ဘယ်လိုလုပ်ဒီမှာရှိနေရတာလဲ"

ကုရွှမ်းတုသံလှောင်အိမ်ရှိရာသို့လျှောက်သွားသည်။ ရွှမ်ကျန်းအားဆွဲထုတ်ကာ လှောင်အိမ်အပေါ်မှသံကြိုးများကိုဖြတ်လိုက်သည်။ ထို့နောက် လှောင်အိမ်တံခါးအားဖွင့်လိုက်၏။ သူသည်အတွင်းဘက်သို့သတိထားဝင်သွားပြီး အတွင်းဘက်တွင်လှဲနေသောဖူယွိနှင့်တထပ်တည်းတူ သောလူကိုအသေအချာစစ်ဆေးကြည့်ပြီး ခေါင်းယမ်းသည်။

"နောက်ကျသွားပြီ"

လင်းရုဖေးမှာလည်းအတော်အတန်အံ့အားသင့်နေသည်။

ဖူယွိ၏နှာခေါင်းပေါက်ကိုစမ်းကြည့်ပြီး : "အသက်တောင်မရှူတော့ဘူးလား"

ကုရွှမ်းတု : သူ့ခန္ဓာကိုယ်ကတော့ဒီနေရာမှာရှိနေတယ် ဝိညာဉ်ကတော့ခွာသွားတာကြာပြီ ကိုယ်တို့သာသူ့ကိုစောစောလေးတွေ့ရင်အခွင့်အရေးရှိသေးတယ်...ကံမကောင်းစွာနဲ့ပဲ...."

လင်းရုဖေးက ကုရွှမ်းတုဆိုလိုချင်သည့်အဓိပ္ပါယ်ကိုသိသည်၊ သူသည်ခြေထောက်အောက်မှ ဝိညာဉ်စုဆောင်းသည့်တည်ဆောက်ပုံကြီးအားကြည့်ကာ စိတ်ထိန်းထားရသောအသံဖြင့်​မေးလိုက်သည်။

"တည်ဆောက်ပုံရဲ့အမြုတေက ဖူယွိတဲ့လား"

ကုရွှမ်းတုကခေါင်းညိတ်သည်။

စွမ်းအားကြီးသောကျင့်ကြံသူတစ်ယောက်သည် သူ၏ကိုယ်ထဲတွင်ထောင်နှင့်ချီသောချီစွမ်းအင်များရှိနေသည်။ ဝိညာဉ်စုဆောင်းသည့်တည်ဆောက်ပုံတွင် ဝိညာဉ်စွမ်းအင်များဖြစ်သောချီစွမ်းအင်များတဟုန်ထိုးထွက်လာခဲ့လျှင် အာဟာရသိဒ္ဓိမြောက်သည်။ ထို့ကြောင့် ဖူရွာပတ်ဝန်းကျင်မှ သီးနှံပင်များမှာ ဆားပေါက်သောမြေပေါ်တွင်ပင် ချီစွမ်းအင်ပြည့်ဝနေမှုကြောင့် ကောင်းစွာကြီးထွားနိုင်ကြခြင်းဖြစ်၏။ ယခုချီစွမ်းအင်အရင်းအမြစ်ကသူတို့၏မျက်စိရှေ့တွင်ရှိနေချေပြီ။

လင်းရုဖေး : "ဒါဆို ဖူရွာကဖူယွိကရော သူ့မှာလည်းဓားစွမ်းအင်ရှိတာလား"

ကုရွှမ်းတုသည် သူ၏အရှေ့မှသေနေပြီးသားဖူယွိအားစေ့စေ့ကြည့်နေသည်။ သက်ပြင်းယဲ့ယဲ့ချကာခေါင်းယမ်း၏။ အကြိမ်တိုင်းသူသည်စကားပြောချင်သည့်ပုံဖြစ်နေပြီးမှ ဘာမှမပြောလာတော့ပေ။

လင်းရုဖေးသည် ဖူယွိအသက်ရှင်နေမှန်းသေချာအောင် သွေးခုန်နှုန်းစမ်းကြည့်နေသည်။ သို့သော် ကုရွှမ်းတု၏ပြောစကားအရ သူအသက်ရှင်လာလျှင်ပင် လမ်းလျှောက်နေသောအလောင်းကောင်သာဖြစ်လာပေလိမ့်မည်။

လင်းရုဖေး : "သယ်သွားကြမလား"

ကုရွှမ်းတုကတွေဝေနေပြီးမှ : "မသယ်ဘူး ကိုယ်တို့အဲဒီလိုလုပ်သင့်တယ်လို့မထင်ဘူး"

လင်းရုဖေး : "ဘာလို့လဲ"

ကုရွှမ်းတုကသက်ပြင်းရှည်ကြီးချကာ : "ဖူယွိရဲ့ကိုယ်ကသန်စွမ်းလွန်းတယ် သူ့ကိုယ်ပေါ်မှာဒဏ်ရာတစ်ချက်တောင်မရှိဘူး ပြီးတော့ သူ့ကိုထိန်းချုပ်ထားတာမျိုးလည်းမတွေ့ရဘူး"

လင်းရုဖေး : "ဆိုတော့..."

ကုရွှမ်းတုကသူ့အားကြည့်ကာ : "ဆိုတော့ သူ့ကိုဒီမှာပဲစေတနာအရနေခိုင်းရမှာပဲ"

လင်းရုဖေးကဆွံ့အနေပြီးမှ : "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဘယ်သူက ဒီလိုနေရာကြီးမှာစေတနာထားပြီးနေချင်မှာလဲ"

ကုရွှမ်းတု : "မင်းမဖြစ်နိုင်ဘူးလို့ဘယ်လိုလုပ်ပြောနိုင်တာလဲ"

လင်းရုဖေးက စိတ်ရှုပ်ထွေးသွားသည်။

ကုရွှမ်းတုသည်အင်မတန်အောရှသည့်အသံဖြင့် : "အများကြီးတော့မဟုတ်ပေမဲ့ နောက်ဆုံးကျရင်တော့ ဒီလောကကြီးမှာ နားလည်ရခက်တဲ့အရူးတစ်ယောက်စနှစ်ယောက်စတော့အမြဲရှိစမြဲပဲ"

............


စာရေးသူမှာပြောစရာရှိတယ်~


ကုရွှမ်းတု : တကယ်တော့ ဒဏ်ရာကုဖို့တခြားနည်းလမ်းရှိသေးတယ်

လင်းရုဖေး : ရှိရင်ပါးစပ်နဲ့ပြောလေ ဘာကိစ္စကျွန်တော့်အဝတ်အစားတွေကိုချွတ်နေတာလဲ???

----------------

Translated By IQ-Team.