Chapter 93
အမှန်တရား
-----------------
ခွန်းလွန်တောင်မှအကြောင်ကြားစာကိုရယူရာတွင် ဖူယွိကအမှန်တကယ်စွမ်းရည်မြင့်သိုင်းသမားတစ်ယောက်ဖြစ်သင့်သည်၊ သို့ရာတွင် လင်းရုဖေးသည် ဖူယွိထံမှမည်သည့် ချီစွမ်းအင်အရှိန်အဝါကိုမှမခံစားရ၊ သူ၏ခါးပေါ်မှချိတ်ထားသောဓားကြောင့်သာမဟုတ်ပါက လင်းရုဖေးသည်လင်းမိသားစုကအကြောင်းကြားစာကို လူမှားပို့သည်ဟုထင်မိပေမည်။
သို့ရာတွင် တည်ဆောက်ပုံဗဟိုချက်၌ပိတ်မိနေသော သူ၏အရှေ့မှဖူယွိအားတွေ့လိုက်ရသည်တွင် သူ့ရဲ့သံသယရှိနေသောစိတ်ကအလုံးစုံရှင်းလင်းသွားပေသည်။
ဖူရွာတွင်ကျန်နေခဲ့သူမှာ တကယ့်ဖူယွိအစစ်အမှန်မဟုတ်။ သူ၏အရှေ့တွင်သေနေသူကသာ သိုင်းလောက၏နောက်ထပ်အခွင့်အလမ်းရှိသူဟုကောလဟလများထွက်ပေါ်ခဲ့သော စွမ်းရည်မြင့်သိုင်းသမားဖြစ်နိုင်၏။
လင်းရုဖေး : "ဘာလုပ်ကြမလဲ ဖူမိသားစုဆီကိုပြန်ပြီးအခြေအနေကြည့်ကြမလား"
ကုရွှမ်းတုကလက်ခံသလိုခေါင်းညိတ်ပြကာ : "အဲဒီလိုပဲလုပ်စရာရှိတော့တယ်"
သူတို့တည်ဆောက်ပုံဗဟိုချက်အားရွှေ့လိုက်လျှင် အဝေးမှဝိညာဉ်စုဆောင်းနေသောဖူယွိက ပြန်ပြင်မရအောင်ပျက်စီးသွားမည်ဖြစ်ကာ နောက်တစ်ကြိမ်ပြန်လုပ်လျှင်ပင်မလွယ်ကူတော့ပေ။ ယခု အရာအားလုံးက မြူထဲမှပန်းများကိုကြည့်နေရသယောင်၊ လင်းရုဖေးသည်ဖြစ်ပျက်နေသမျှကို မရေမရာခန့်မှန်းမိသော်ငြား အမှန်တရားကိုယခုထိမသိနိုင်သေးပေ။
လင်းရုဖေးနှင့်ကုရွှမ်းတုတို့သည် ၎င်းကိုနေရာတကျပြန်ထားပြီးနောက် တည်ဆောက်ပုံအတွင်းမှထွက်ခွာခဲ့ကြသည်။ သူတို့သည်ဖူရွာအားအလျင်ပြန်ရန်စီစဉ်ခဲ့ကြသည့်တိုင် မပြန်ခင်အလုပ်မရှိသော လယ်သမားအချို့ကိုတွေ့ခဲ့ရသည်၊ ထိုသူတို့အားရိက္ခာခြောက်များပေးကာ ဖူရွာ၏မတိုင်ခင်က ကိစ္စအချို့အားမေးမြန်းကြည့်၏။
"ဟိုးအရင်ကလား...အရင်ကလည်းဒီနေရာကဆင်းရဲတာပါပဲ"
လယ်သမားသည်လင်းရုဖေးအား သူသိချင်သည့်အကြောင်းစုံအားပြောပြနေစဉ် စားစရာကိုအားရပါးရစားနေသည်။
"နေရာတိုင်းကဆားပေါက်တယ်လေ စိုက်သမျှအပင်တွေလည်းသေတာပဲ ငါတို့မှာတခြားနည်းလမ်းမရှိတော့လို့ အသက်ရှင်ရဖို့အခြားအလုပ်တွေကိုရှာလုပ်ရတာပဲ နေ့ရက်တွေကခက်ခဲပေမဲ့ ရတော့လည်း.."
ပြောပြီးနောက် သူ့ထံတွင်ခါးသက်သက်အပြုံးပေါ်လာသည်။
"ဒါပေမဲ့အခုတော့ပိုကောင်းလာပါပြီ"
၎င်းကလင်းရုဖေးတွေးထားသည်နှင့်အတူတူပင် : "ဒါပေမဲ့ ကျွန်တော်မြင်ရသလောက် ဒီနားတဝိုက်ကအပင်တွေကကောင်းကောင်းထွားပါတယ်"
လယ်သမား : "အိုက်ယား..အဲဒါမကြာသေးခင်နှစ်တွေကပါ ဖူမိသားစုက အပင်တွေထွားအောင်ဆားပေါက်မြေကိုအပင်စိုက်လို့ကောင်းတဲ့မြေဖြစ်အောင်ပြောင်းပေးမယ်လို့ပြောတယ် ငါတို့ကသူတို့ရယ်စရာပြောနေတယ်ပဲထင်တာလေ တကယ်ကြီးဖြစ်လာမယ်လို့ဘယ်သူကထင်ခဲ့မှာလဲ"
သူသည်အစားကိုပြီးအောင်စားပြီး မည်သူမှသူ့အားမမြင်စေရန်သေချာအောင်စစ်ဆေးပြီးမှ ကျန်သောရိက္ခာခြောက်များကိုသူ၏အဝတ်များအတွင်းထိုးသိပ်ထည့်သည်။
လင်းရုဖေး : "ဒါဆိုခင်ဗျားတို့တွေဘာလို့ ဒီလိုဖြစ်နေရတာလဲ ပြောတော့ နေ့ရက်တွေကပိုကောင်းလာပြီဆို "
လယ်သမားကအရယ်တစ်ဝက်နှောကာ : "ကောင်လေး မင်းကအရမ်းရိုးတာပဲ...ဒါပေမဲ့ မင်းအပြစ်လည်းမဟုတ်ပါဘူး ငါတို့တွေ အဲဒီအချိန်ကတူတဲ့အတွေးကိုတွေးမိကြတယ် စိတ်မကောင်းစရာပဲ...မြွေကိုတစ်ခါမှမကြိုက်တဲ့လူက ဆင်အကောင်လိုက်ကိုမြိုချဖို့ကြိုးစားနေသလိုပဲ"
သူသည်မဖွယ်မရာလေသံဖြင့်ပြောပြီးနောက် သူ၏နောက်ဇာတ်လမ်းကိုဆက်သည်။
ဖူမိသားစုက ဤနည်းလမ်းဖြင့်မဖြေရှင်းခင် သူတို့သည်လယ်သမားများလက်ထဲမှ မြေယာများကိုအပိုင်အဖြစ်ဝယ်ယူသည်။ ဆားပေါက်မြေသည် မဖြစ်ထွန်းသောမြေဖြစ်ပြီး သူတို့ဆက်လက်ထိန်းသိမ်းထားလျှင်ပင် အသုံးမဝင်ပေ။ ထို့ကြောင့် လယ်သမားများကသူတို့ပိုင်ထားသောလယ်မြေများအားလုံးကိုထုတ်ရောင်းလိုက်သည်။ သို့သော် အချိန်အပိုင်းအခြားအတွင်း ဖူမိသားစုကမည်သို့သောနည်းလမ်းအားသုံးလိုက်သည်မသိ၊ မြေပေါ်မှသီးနှံပင်များကမွဲခြောက်မနေတော့ဘဲ အရောင်အသွေးစိုပြည်စွာဖွံ့ဖြိုးကြီးထွားလာသည်။
၎င်းသီးနှံပင်များကိုကြည့်ကာ လယ်သမားများအံ့အားသင့်သွားကြသည်။ မူလတွင် သူတို့သည်ဖူမိသားစုနှင့်ထိပ်တိုက်ရန်ပွဲနွှဲချင်ကြသည့်တိုင် ထိုသူတို့်တွင်သူတို့အားတားနိုင်သည့်အဆင့်မြင့်ကျင့်ကြံသူဖူယွိရှိနေသည်ကိုသတိရသွားကြ၏။
လယ်သမား : "အဲဒါနဲ့ပဲ ဖူမိသားစုကချမ်းသာပြီးရင်းချမ်းသာလာတာပဲ အဲဒီဖူယွိကအရင်ကတော့လူကောင်းလို့ထင်ရတာပဲ ဒါပေမဲ့ သူတို့မိသားစုကချမ်းသာလာလေ ရက်စက်လာလေပဲ သူ့ရဲ့ဓားစွမ်းရည်ကအရမ်းကောင်းပါတယ် မိုင်တစ်ရာပတ်လည်မှာသူ့ကိုရန်စရဲတဲ့သူဘယ်သူမှမရှိဘူး လူတွေကသူ့ကိုတွေ့ရင် မုန်းလွန်းလို့ရှောင်သွားကြတယ်...."
ကနဦး၌ ဖူယွိ၏ကျင့်ကြံဆင့်မှာ နည်းလမ်းတကျမဟုတ်သလိုခံစားရသည်။ သူအိမ်ပြန်ရောက်သည့်အခါ မိုင်တစ်ရာပတ်လည်မှကျင့်ကြံသူများကိုစိန်ခေါ် သည်။ ရလဒ်အနေဖြင့် လူများကသူ့အားပို၍ပင်ကြောက်ရွံ့သွားကြသည်။
လင်းရုဖေးသည်မျက်မှောင်ကြုတ်နားထောင်နေပြီးနောက် သတိရသွားသောအရာရှိလာ၍ မေးလိုက်သည်။
"ဖူမိသားစုမွာ ဖူယွိနဲ့မျိုးဆက်တစ်ခုတည်းဘယ်နှစ်ယောက်ရှိလဲ"
လယ်သမား : "ဘယ်နှစ်ယောက်လဲဆိုတော့ စုစုပေါင်းသုံးယောက်"
လင်းရုဖေး : "ဖူယွိကဘယ်နှစ်ယောက်မြောက်လဲ"
လယ်သမား : "ပထမဆုံးပဲ သူကဖူမိသားစုရဲ့အကြီးဆုံးသားပဲ"
အရေးမကြီးပါချေ၊ လယ်သမား၏ နောက်ထပ်စကားတစ်ခွန်းမှာကား လင်းရုဖေး၏မျက်လုံးများကိုပြူးထွက်သွားစေ၏။
"သူ့မှာဖူရွှေဆိုတဲ့အမြွှာညီအစ်ကိုတစ်ယောက်ရှိသေးတယ် ဖူယွိနဲ့ကွာတယ် ဖူရွှေကလည်းဓားရေးလေ့ကျင့်ပေမဲ့ နည်းနည်းပဲတတ်တယ်"
လင်းရုဖေး၏စိတ်ကဒိုင်းကနဲလှုပ်ရှားသွားသည်။
"ဖူရွှေက ဟိုခရမ်းရောင်ဝတ်နဲ့တစ်ယောက်လား"
"အဲဒါကတတိယသခင်လေး"
လယ်သမားမှာလည်း ခရမ်းရောင်အဝတ်အစားနှင့်ပေါ့ပြက်ပြက်လူကိုသိပုံရ၏။
"သူကလည်း....သိပ်ပြီးသဘောကောင်းလှတာမဟုတ်ဘူး..အိုက်ယား...ဖူမိသားစုက အဲဒီလိုပဲ...မိန်းမတွေကိုဆိုသေမတတ်သဘောကျတာ သူတို့က အနီးအနားရှိသမျှ အလှလေးတွေကိုလက်ထပ်ပြီးမိသားစုထဲခေါ်သွင်းချင်ကြတာလေ"
ထိုသူက စိတ်ပျက်နေသည့်ပုံစံဖြင့် ခေါင်းယမ်းသည်။
လင်းရုဖေးသည်ဖူရွှေအကြောင်းအားဖြည်းဖြည်းချင်းမေးမြန်းပြီး လယ်သမားထံမှ အသေးစိတ်အချက်အလက်များကိုတောင်းသည်။
လယ်သမားသည် လင်းရုဖေးကအဘယ်ကြောင့်ဖူရွှေအားစိတ်ဝင်စားနေမှန်းမသိသော်ငြား သူသိသမျှအကြောင်းအရာအားလုံးကိုပြောပြလိုက်သည်။ သူသိခဲ့ရသည်မှာ ဖူယွိနှင့်ဖူရွှေမှာအမြွှာညီအစ်ကိုများဖြစ်ကြပြီး ဖူယွိကအကြီးဖြစ်ကာ ဖူရွေကားအငယ်ဖြစ်၏။ နှစ်ယောက်လုံးကဓားရေးလေ့ကျင့်ခဲ့ကြလင့်ကစား အခြေအနေများကြောင့် သူတို့မှာအကြီးအကျယ်မထူးချွန်ခဲ့ပေ။ ယခုခေတ်တွင် လူငယ်များသည် ပင်ကိုယ်အစွမ်းအစမထူးချွန်ခြင်း သို့မဟုတ် ကြွယ်ဝသောမိသားစုမှပေါက်ဖွားလာခြင်းမဟုတ်လျှင် အမည်ကျော်ကြားရန်မတတ်နိုင်ပေ။ ထို့အတူ သာမညောင်ညမိသားစုလေးမှမွေးဖွားလာကြသော ဖူယွိနှင့်ဖူရွှေတို့မှာလည်း သူတို့ကိုယ်တိုင်အမည်ကျော်ကြားလာရန်မလုပ်နိုင်ကြပေ။
ကံကောင်းစွာဖြင့် နတ်ဘုရားများကညှာတာထောက်ထားပေးခဲ့၏။ ဖူယွိသည်မတော်တဆထူးဆန်းမှုဖြစ်ခဲ့ပြီး ရုတ်တရက်သူ၏ကျင့်ကြံဆင့်က တဟုန်ထိုးတက်သွားသည်။ မကြာခင်သူ၏ဓားစွမ်းရည်မှာလည်းပိုကောင်းလာသည်။
လယ်သမားကပြောပြသည်။
"ကောင်လေးနှစ်ယောက်ကြီးလာတာကိုငါမြင်ခဲ့ရတယ် ဖူယွိကတည်ငြိမ်ပြီးသဘောကောင်းတယ် ငါတို့သူ့အတွက်အရမ်းပျော်ခဲ့ကြပါတယ် ဒါပေမဲ့ ကံဆိုးချင်တော့ သူ့မိသားစုကချမ်းသာလာတော့သူလည်းပြောင်းလဲသွားတာပဲ"
လင်းရုဖေး : "ဖူရွှေကရော...ကျွန်တော်သူ့ကိုမတွေ့မိဘူး"
လယ်သမား : "သူကတော့ ဖူမိသားစုနဲ့စကားများပြီးထွက်သွားတယ်လို့ကြားတာပဲ သူကဖူယွိလိုထူးဆန်းတာတွေ့မလားဆိုပြီးလိုက်ရှာနေတယ်လို့ပြောကြတယ်"
ထိုသူကနှစ်ကြိမ်ခန့်သရော်တော်တော်ရယ်လိုက်ပြီး "အဲဒီလိုတွေ့ရဖို့ကလွယ်တာမဟုတ်ဘူး သူက လူတိုင်းဖူယွိလိုကံကောင်းမယ်များ ထင်နေလားမသိဘူး"
ထိုသူက စိတ်ပျက်လက်ပျက်ခေါင်းယမ်းသည်။ အနှီဖူရွှေအပေါ် ဆိုးရွားသောအမြင်ရှိနေသယောင်။
လင်းရုဖေးကမေးကြည့်လိုက်သည်။
"ဖူယွိမှာမော့မော့ဆိုတဲ့ကလေးရှိတာသိလား"
လယ်သမားကလက်ခါပြပြီး : "မော့မော့ ဟုတ်လား မသိဘူး ဖူမိသားစုကချမ်းသာလာတော့ ဖူယွိက မိန်းမတွေအများကြီးယူပြီး ကလေးတွေအပြုံလိုက်မွေးတယ်လေ နေ့မစေ့လမစေ့နဲ့သေသွားတဲ့ကလေးတွေတင် ငါးယောက်ခြောက်ယောက်လောက်ရှိတယ် ဘယ်ကလေးက ဘယ်သူဆိုတာ ဘယ်လိုလုပ်သိမှာလဲ"
လင်းရုဖေးသည် ဖူအိမ်ခြံဝန်းအတွင်းမြင်တွေ့ခဲ့ရသောကလေးအုပ်စုကိုသတိရသွားပြီး အပြင်လူများအနေဖြင့်မည်သည့်ကလေးကမည်သူမည်ဝါမှန်းမသိခြင်းကပုံမှန်ဟုသာတွေးလိုက်သည်။
"ဧည့်သည်လေး မေးချင်တာရှိသေးလား"
လယ်သမားကလက်များကိုပွတ်ကာ : "မရှိတော့ရင် ငါဟိုမှာရေသွားတောင်းတော့မယ်"
"သွားလေ"
လင်းရုဖေးကား သိချင်သမျှကိုသိလိုက်ရပြီဖြစ်၏။
လယ်သမားက ထကာထွက်သွားသည်။
လင်းရုဖေးက ထိုသူ၏ကျောပြင်ကိုကြည့်နေလျက် အတွေးနက်နေပြီးနောက် : "ဖူရွှေကဖူယွိမဟုတ်ဘူး ကျွန်တော်တို့ဒီကိစ္စကိုသက်သေပြချင်ရင် လွယ်လွယ်လေးပါပဲ ဟုတ်တယ်မဟုတ်လား"
ကုရွှမ်းတု : "အရမ်းကိုရိုးရှင်းတယ်"
သူကခဏခန့်စကားရပ်ပြီး လင်းရုဖေး၏စိတ်အားထက်သန်နေသောအကြည့်ကိုသတိထားမိသွားသည်နှင့် အလွန်အမင်းကူက်ရာမဲ့နေဟန်ဖြင့်ဆို၏။
"မင်း...ဒိုင်းအကာအကွယ်ကို မသုံးလို့မရဘူးလား"
လင်းရုဖေး : "ဒါပေမဲ့ အကာကသုံးရတာအရမ်းအဆင်ပြေတယ်"
ကုရွှမ်းတု : "ဒါပေမဲ့ အဲဒါက ရုပ်ဆိုးတယ်"
လင်းရုဖေး : "ဒါပေမဲ့ အရမ်းခိုင်တာ"
ကုရွှမ်းတု : "ဒါပေမဲ့ အရမ်းရုပ်ဆိုးတယ်"
လင်းရုဖေး : "ကျွန်တော်ကတော့သုံးရတာအရမ်းပျော်တယ်"
လင်းရုဖေး၏ ခေါင်းမာမှုနှင့်ရင်ဆိုင်ရသည့်အခါ ကုရွှမ်းတုရဲ့စော်ကားခံရသလိုခံစားချက်မှာ ပို၍ပင်သိသာလာနီပါးပင်။
သူသည်စိတ်ထဲ၌မော့ကျောက်ချိုင်ကိုဘယ်နှမြောက်ကြိမ်မှန်းမသိ ဆဲရေးလိုက်ပြီးမှသက်ပြင်းချကာ : "နေတော့...မင်းသုံးချင်တာပဲသုံးပါတော့"
လင်းရုဖေးကပျော်ရွှင်နေပုံဖြင့်ခေါင်းညိတ်ပြသည်။
နေ့လယ်ပိုင်းရာသီဥတုမှာပူပြင်းသည်။ လင်းရုဖေးသည် ကျဲကျဲတောက်နေရောင်အောက်မှဖူအိမ်တော်သို့ပြန်ရောက်လာကာ တစ်ကိုယ်လုံးချွေးများစိုရွှဲနေသည်။ သူ၏ခန္ဓာကိုယ်မှာပုံမှန်အရ အေးတတ်၍ နွေရာသီကပြဿနာမရှိပါချေ။ သူတံစက်မြိတ်အောက်တွင် ခဏနေလိုက်သည့်အခါ နွေရာသီအပူဒဏ်ကပျောက်သွားသည်။
မနက်က မော့မော့သည်ငိုယိုပြီး နေ့လယ်စာစားသောက်ပြီးသည့်နောက် သူတရေးအိပ်ပျော်သွားသည်၊ ယခုသူ့ခမျာ အိပ်ချင်မူးတူးဖြင့်နိုးလာ၏။ ထို့နောက် ဖူဟွားနွှေးပေးသော ကျောက်ပွင့်စွပ်ပြုတ်အား စားပွဲတွင်ငြိမ်ငြိမ်လေးထိုင်သောက်နေသည်။ လင်းရုဖေးကသူ၏ခေါင်းအားကိုင်လိုက်သည့်အခါ ခေါင်းမော့လာပြီး သူ့အားသတိထားနေသောအပြုံးမျိုးပြုံးပြလာသည်။
လင်းရုဖေးက အပြင်တွင်နေဝင်တော့မည်ကိုတွေ့ပြီး အချိန်ကျပြီဟုယူဆကာ အပြင်ထွက်ရန်စီစဉ်၏။
ဖူဟွားကသူအပြင်ထွက်တော့မည်ကိုတွေ့ပြီး အကျိုးအကြောင်းမေးမြန်းသည်။
လင်းရုဖေး : "ငါ ဖူမိသားစုကအကြီးဆုံးသားနဲ့စကားသွားပြောမလို့ မင်းတို့မော့မော့နဲ့ညစာစားနှင့် ငါ့ကိုမစောင့်နေကြနဲ့တော့"
ယွီရွေ့ကနှုတ်ခမ်းစူ၍ : "အဲဒီသခင်လေးဖူကအရမ်းစိတ်ရှုပ်ဖို့ကောင်းတာ သခင်လေးက ဘာလို့သူ့ကိုသွားရှာမှာလဲ"
လင်းရုဖေးကပြုံးကာ ဖူဟွားနှင့်အတူနေပေးလိုက်ရန်ယွီရွေ့အားပြောပြီး အထဲဝင်ခိုင်းလိုက်သည်။
ခြံဝန်းတွင်းမှထွက်လာပြီးနောက် ဖူအိမ်မှအစေခံတစ်ယောက်ကို ဖူယွိနေသည့်နေရာအားမေးမြန်းကြည့်ကာ အေးအေးဆေးဆေးလမ်းလျှောက်သွားသည်။ လမ်းတဝက်အရောက်တွင် ခရမ်းရောင်ဝတ်ထားသောဖူမိသားစု၏အငယ်ဆုံးသားလေးက အစေခံများနှင့်ကစားနေသည်ကိုတွေ့ရသည်။ ရယ်စရာကောင်းသည်မှာ သူတို့အကြိမ်ပေါင်းများစွာတွေ့ဖူးကြသော်ငြား လင်းရုဖေးက ထိုသူ၏အမည်ကိုပင်မသိသေးပေ။
လမ်းပြပေးသောအစေခံက နာခံတတ်ပြီး လင်းရုဖေးမေးမြန်းသည့်အခါထိုသူသည် မိသားစု၏သခင်အငယ်ဆုံးလေးဖူရှီဟုပြောပြသည်။
ဖူရှီဆိုသောအမည်က အတော်လေးအဓိပ္ပါယ်ပြည့်ဝသည်။ လင်းရုဖေးက တစ်ချက်ပြုံးလိုက်ပြီး အဆိုပါအမည်က ဤလူ၏အပြောချိုသောပုံရိပ်နှင့်တခြားစီဖြစ်နေသည်ဟုတွေးလိုက်မိ၏။
"သခင်လေးလင်းက ဘယ်နေရာကိုသွားမှာပါလဲ"
ဖူရှီသည်လင်းရုဖေးအားတွေ့သည့်အခါ လက်ပြတား၍ ယခင်အတိုင်းတက်ကြွစွာဖြင့်နှုတ်ဆက်သည်။
လင်းရုဖေး : "မင်းအစ်ကိုကိုလာရှာတာ"
ဖူရှီ : "အစ်ကို့ကိုလား...ဘာလို့အစ်ကို့ကိုရှာရတာလဲ'
လင်းရုဖေး : "သိုင်းပြိုင်ဖို့အတွက်"
ဖူရှီမှာ လင်းရုဖေးစကားကြောင့်အေးစိမ့်သွားပြီး လင်းရုဖေးကဤသို့သောစကားမျိုးပြောလာမည်ဟုမမျှော်လင့်ထားပုံပင်။
"သခင်လေးလင်းက သိုင်းပြိုင်ဖို့ဆိုပြီးဘာလို့ကျွန်တော့်အစ်ကိုကိုရှာရတာလဲ"
လင်းရုဖေးကသူ့အားအလေးအနက်ကြည့်လိုက်ပြီး : "သိုင်းသမားတစ်ယောက်ကသိုင်းပြိုင်တာ အကြောင်းပြချက်လိုလို့လား"
မလိုသည်မှာအမှန်ပင်။ သိုင်းလောက၏စည်းမျဉ်းမှာ ထိုအတိုင်းပင်။ လင်းရုဖေးသည် ဖူမိသားစု၏အဆင့်မြင့်ဧည့်သည်တော်ဖြစ်၍ ဖူယွိမှာငြင်းဆန်ရန်အကြောင်းမရှိပေ။
လင်းရုဖေးစကားကြောင့် ဖူရှီ၏မျက်နှာအမူအရာက အမြန်ပြောင်းသွားသည် - ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း၊ ထိတ်လန့်ခြင်းနှင့် သံသယများမှာ သူ့မျက်နှာထက် အလျင်အမြန်ဖြတ်ပြေးသွား၏။
သူက သက်ပြင်းတစ်ချက်ချပြီး : "မိုးရွာတော့မယ်ထင်တယ်"
သူကပြုံးလိုက်ပြီး လင်းရုဖေးအားဦးညွတ်ကာ : "ဒါဆိုရင် သခင်လေးလင်း တစ်ကြိမ်တည်းနဲ့အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်"
လင်းရုဖေး : "သခင်လေးဖူရဲ့ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ်"
ဖူယွိနေသည့်နေရာမှာ ဖူမိသားစုအိမ်တော်၏အလယ်တွင်ရှိပြီး ကြီးကျယ်မှုအရှိဆုံးဟုထင်ရသည်။ အပြင်ဘက်မှကြည့်လျှင် အိမ်မှာတစ်ဆယ့်သုံးလွှာရှိပြီး တစ်လွှာချင်းစီ၏တံစက်မြိတ်တိုင်းမှာ အလွန်တရာလှပသောရက်မများဖြင့်တန်ဆာဆင်ထားသည်။ အိမ်အတွင်းသို့မဝင်မီမျက်နှာချေမှုန့်၏အနံ့ပြင်းပြင်းကထွက်လာသဖြင့် လူကိုအတော်အတန်အသက်ရှူကျပ်စေ၏။
အစေခံသည် ဖူယွိအားသတင်းသွားပို့ပေးနေစဉ် လင်းရုဖေးအားအပြင်တွင်စောင့်နေစေသည်။ ဤတစ်ကြိမ်တွင်အခွင့်အရေးယူပြီး လင်းရုဖေးသည်သူ၏အရှေ့မှအဆောက်အဦးကိုသေချာစူးစမ်းကြည့်ပြီး မနေနိုင်ဘဲမျက်မှောင်ကြုတ်မိသွားသည်။ မည်သို့ပင်ကြည့်ပါစေ မျက်စိစူးဖွယ်ပင်။
ကုရွှမ်းတုသည်လင်းရုဖေး၏ ဆိုးရွားနေသောမျက်နှာထားကိုကြည့်ကာရယ်၏။
"ရှောင်ကျို့ မျက်နှာကဘယ်လိုဖြစ်ရတာလဲ"
လင်းရုဖေး : "ဒီအိမ်ကအရမ်းရုပ်ဆိုးတယ်လို့ မထင်မိဘူးလား"
ကုရွှမ်းတု : "ရုပ်ဆိုးတယ် ဟုတ်စ... အနည်းဆုံး မင်းရဲ့သစ်သားအကာထက်စာရင်တော့ ကြည့်ကောင်းပါသေးတယ်"
လင်းရုဖေး : "သစ်သားအကာကစိတ်ကျေနပ်စရာကောင်းတာ သိပြီလား"
ကုရွှမ်းတုကအလေးအနက်ဆိုသည်။
"လုံးဝစိတ်ကျေနပ်စရာမကောင်းဘူး"
လင်းရုဖေးက စကားတစ်ခွန်းမှမပြောတော့ပေ။ အကြီးအကဲက သစ်သားအကာကို မနှစ်သက်မှန်းသိသော်ငြား သုံးနေသူကသူလေ၊ ဒိုင်းအကာကိုထိတာက သူ့ကိုထိသလိုပဲ။
မကြာမီပင် အစေခံပြန်ထွက်လာပြီး အကြီးဆုံးသခင်လေးကအခန်းထဲတွင်စောင့်နေကြောင်းဆိုသည်။
လင်းရုဖေးကအခန်းထဲဝင်သွားပြီး ခန်းမအတွင်းရောက်သည်နှင့် ဖူယွိသည်အခန်းအလယ်တွင်ကိုယ်လုပ်တော်တစ်ယောက်ကိုဖက်ထားလျက်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ ကိုယ်လုပ်တော်သည်လင်းရုဖေးကိုတွေ့သော်ငြား ရှက်ရွံ့မသွားပေ၊ ချစ်စဖွယ်အပြုံးဖြင့် 'သခင်လေးလင်း' ဟုပင်ခေါ်လာသေး၏။
ဖူယွိကလင်းရုဖေးကိုကြည့်ပြီး : "သခင်လေးလင်း ဘာများလိုအပ်လို့လဲ"
လင်းရုဖေး : "ကျွန်တော်မနက်ဖြန်ထွက်သွားတော့မယ်"
ဖူယွိသည် လင်းရုဖေးကမော့မော့အကြောင်းပြောတော့မည်ထင်ကာမျက်လုံးများကအရောင်လက်သွားသည်။