အပိုင်း ၉၄
Viewers 15k

Chapter 94



"သခင်လေးလင်းက မနက်ဖြန်ထွက်သွားတော့မှာလား မော့မော့ကိုသခင်လေးလင်းနဲ့ထည့်ပေးလိုက်ဖို့တော့အဆင်မပြေဘူး ကျွန်တော့်မှာကလေးတွေအများကြီးရှိတော့ကျွန်တော်က ကလေးတွေကိုသိပ်ဂရုမစိုက်မိဘူး ဒါပေမဲ့ သခင်လေးကကျွန်တော့်ကိုသတိပေးထားမှတော့ အနာဂတ်မှာ ကျွန်တော်မော့မော့ကိုကောင်းကောင်းဆက်ဆံမှာပါ"

လင်းရုဖေး : "ကျွန်တော်ဒီကိုလာတာ မော့မော့အကြောင်းပြောဖို့မဟုတ်ဘူး"

အစတွင် ဖူယွိသည်စိတ်လှုပ်ရှားလွန်း၍ မတ်တပ်ရပ်မိသွား၏၊ သို့သော်လင်းရုဖေးစကားကြောင့် သူ၏ထိုင်ခုံတွင်သာပြန်ထိုင်လိုက်ပြီးအေးစက်စက်ဖြင့်ပြော၏။

"ဒါဆိုသခင်လေးလင်းက ဘာလာလုပ်တာလဲ"

လင်းရုဖေးကသူ့အားကြည့်ကာ တဆက်တည်းပြောလိုက်သည်။

"ကျွန်တော်ဒီကိုလာတာ ခင်ဗျားနဲ့သိုင်းပြိုင်ဖို့"

ဖူယွိမျက်နှာကချက်ချင်းအေးခဲသွားသည်။

"သခင်လေးလင်း....ဘယ်လိုပြောလိုက်တာလဲ"

လင်းရုဖေး : "ကျွန်တော် ဒီနေရာကိုလာတာ မင်းနဲ့ပြိုင်ဖို့"

လင်းရုဖေးသည် ဓားရေးပြိုင်ရန်လူတစ်ယောက်ရှာခြင်းက ဤသည်မှာပထမဆုံးအကြိမ်ဖြစ်သည်။ ၎င်းမတိုင်ခင် ဝမ်ထန်းနှင့်လျိုရုကုန်းတို့ကသာ တိုက်ရန်တွန်းအားပေးသူများဖြစ်ခဲ့သည်။ ဤတစ်ကြိမ်တွင်မူ တိုက်ခိုက်ရန်တောင်းဆိုလာသူက လင်းရုဖေးဖြစ်နေ၏။

ဖူယွိ၏မျက်နှာပေါ်မှအပြုံးသည် မယုံကြည်နိုင်စရာကောင်းသည့်အရာကြောင့် တောင့်တင်းနေပုံပင်။

"ဘာလို့ အဲဒီလိုပြောနိုင်တာလဲသခင်လေးလင်း ကျွန်တော်တို့ဖူမိသားစုကဧည့်ခံတဲ့နေရာမှာချို့ယွင်းသွားလို့လား"

လင်းရုဖေး : "ဟုတ်တယ် မင်းတို့ဖူမိသားစုဧည့်ခံတာက စုတ်ပြတ်လွန်းတယ်"

လိုရင်းရောက်လာပြီဖြစ်၍ သူ့ထံတွင်ဖူယွိအားမျက်နှာသာပေးစရာအကြောင်းမရှိတော့ပေ။ သည့်အပြင် သူ၏အရှေ့မှလူကဖူယွိ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ၎င်းကနောက်ထပ်ကိစ္စတစ်ခုပင်။ သူသည်မေးစေ့ကိုပင့်မြောက်ထားကာ သူ့စကားလုံးများကမူ လူမဆန်ဘဲအေးစက်နေ၏။

"ငါကသခင်လေးဖူယွိ ကိုအကြောင်းကြားစာပို့ပေးဖို့ဒီနေရာကိုလာခဲ့တယ် သခင်လေးဖူက လင်းမိသားစုရဲ့မျက်နှာကိုတောင်မထောက်ဘဲအကြောင်းကြားစာကိုဖြဲပစ်ခဲ့တယ် ဒါကြောင့် မင်းမှာအစွမ်းအစရှိရမယ် ငါ လင်းရုဖေးက လင်းမိသားစုရဲ့အသိသက်သေအဖြစ် ရပ်တည်တယ်"

အကြောင်းကြားစာကိစ္စမှာ လင်းရုဖေးရှာတွေ့သော သာမန်အကြောင်းပြချက်သာဖြစ်ပြီး ၎င်းကအလွန်တရာအကျိုးအကြောင်းစီလျော်နေလေရာ ဖူယွိမှာမည်သို့မှငြင်းပယ်မရတော့ပေ။

ဖူယွိ၏အသားအရေကခရမ်းရောင်ပေါက်လာပြီး တစ်ကိုယ်လုံးတုန်ယင်လာလေသည်။

"ဘာလို့ဒီလိုလုပ်ရတာလဲ သခင်လေးလင်း လင်းမိသားစုကအရမ်းစွမ်းအားကြီးနေတော့ အခြားသူတွေကိုအနိုင်ကျင့်တာလား"

အခြားသူတွေကိုအနိုင်ကျင့်တယ် ဟုတ်စ...

လင်းရုဖေးသည် ထိုစကားကိုတွေးကြည့်ပြီးနောက် ရုတ်ချည်းရယ်မောမိသွားသည်။ သူကအမြဲတစေ ညင်သာခဲ့ပြီးလူတိုင်းကိုညီတူညီမျှသာဆက်ဆံခဲ့သည်။ အနှစ်နှစ်ဆယ်ကျော်နေထိုင်လာပြီးနောက် ထိုစကားမျိုးကိုအခြားသူထံမှ ကြားရခြင်းမှာပထမဆုံးအကြိမ်ပင်။ သူဒေါသထွက်ရုံတင်မက အလွန်တရာသစ်လွင်သလိုပါ ခံစားလိုက်ရသည်။

သူကရယ်မောပြီးနောက် ဖူယွိအား မျက်လုံးထောင့်မှကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။

"အဲဒီတော့ဘာဖြစ်လဲ တကယ်လို့ ငါ လင်းရုဖေးက ငါ့စွမ်းအားကိုအသုံးချပြီး အခြားသူတွေကိုအနိုင်ကျင့်ဖို့ဆုံးဖြတ်ထားရင် မင်းငါ့ကိုဘာလုပ်နိုင်မှာမို့လဲ"

သူကသဘောကောင်းသည့်တိုင် အလွယ်တကူဖိချေခံတတ်သည့်ဂျုံလုံးမဟုတ်။ သူကလင်းမိသားစုတွင် အနှစ်နှစ်ဆယ်ခန့်ရင်နှစ်သည်းချာရတနာလေးဖြစ်ခဲ့သည်။ လင်းမိသားစု၏အမည်ကိုသုံးကာ အပြင်တွင်အခြားသူများကိုအနိုင်ကျင့်လျှင်ပင် သူ၏အစ်ကိုများနှင့်အစ်မကစိတ်ဆိုးမည်မဟုတ်ဘဲ ပြောင်းပြန်အနေဖြင့် အလွန်ပျော်ရွှင်ကြလိမ့်မည်ပင်။

ထို့အပြင် သူ၏အရှေ့မှလူကသိုးရေခြုံထားသောဝံပုလွေတစ်ကောင်၊ လင်းရုဖေးကား မစိုးရိမ်မိ။

သူကဖူယွိအားလက်ယမ်းပြကာ : "ဖူမိသားစုရဲ့ အကြီးဆုံးသခင်လေး ခင်ဗျားပြောချင်တာရှိရင် ပြောလိုက်ပါ နောက်တစ်ခါအခွင့်အရေးမရှိတော့မှာစိုးရင် တစိခါတည်းသာပြောလိုက်"

ဖူယွိ၏လည်စလုတ်က အထက်အောက်လှုပ်ရှားသွားကာ သူ့ကိုယ်သူတည်ငြိမ်အောင်​မနည်းလုပ်ယူလိုက်ရသည်။

"သခင်လေးလင်းက အရမ်းကိုစိတ်ပါလက်ပါရှိနေမှတော့ ကျွန်တော်မငြင်းနေတော့ပါဘူး ဒါပေမဲ့ ကျွန်တော်ကမကြာသေးခင်ကမှနေမကောင်းဖြစ်ထားတာဆိုတော့ နည်းနည်းလောက်လျှော့ပေါ့ပေးလို့ရမလား"

လင်းရုဖေး : "နေမကောင်းဘူးလား"

ဖူယွိ : "ဟုတ်ကဲ့"

လင်းရုဖေး၏မျက်လုံးများကကျဉ်းမြောင်းသွားပြီး အပြုံးဖျော့ဖျော့လေးသန်းလာသည်။

"ဒီလိုဆိုမှတော့လည်း ကျွန်တော်ကနားလည်ပေးရမှာပေါ့"

ဖူယွိသည်ထိုစကားကြောင့် အနည်းငယ်စိတ်သက်သာရာရသွားစေကာမူ သူအသက်ပင်မရှူထုတ်ရသေးခင် ချောက်ထဲကျသွားသလိုခံစားရစေသည့်စကားအားကြားလိုက်ရ၏။

လင်းရုဖေး : "နေမကောင်းဖြစ်နေတာ ဖူယွိ လား ဒါမှမဟုတ် ဖူရွှေများလား"

"ဖူရွှေ" ဆိုသောစကားလုံးက လင်းရုဖေး၏ပါးစပ်မှထွက်လာသည်နှင့်ဖူယွိ၏မျက်နှာက အလွန်အကျွံပြောင်းလဲသွားသည်။ သို့သော် ခဏတွင်းချင်းပင် သူသည်မူမမှန်ဖြစ်သွားပုံကိုဖုံးကွယ်နိုင်ရန် အားယူပြုံးကာအမြန်တုံ့ပြန်လိုက်၏။

"သခင်လေးလင်းကဘာကိုဆိုလိုချင်တာလဲ အဲဒီဖူရွှေက မွေးရကျိုးမနပ်တဲ့သားပါ ဖူမိသားစုကသူ့ရဲ့နာမည်ကိုမေ့ထားခဲ့တာကြာပါပြီ...."

လင်းရုဖေးသည်စကားထပ်ပြောရမည်ကိုပင်ငြီးငွေ့လာ၏။

သူကကုယွိကိုဆွဲထုတ်ပြီး သူ့အရှေ့မှဟန်ဆောင်နေသူအား ဓားဖြင့်ထိုးချိန်လိုက်ပြီး "မင်းကိုယ်မင်းဖူယွိလို့ခေါ်တယ်ဆိုရင် မင်းရဲ့ဓားကို အခုချက်ချင်းဆွဲထုတ်လိုက်!"

ဖူယွိမျက်နှာမှအသွေးအရောင်များအားလုံး ပျောက်သွားလေသည်။ လင်းရုဖေးကသူ့အားအချိန်ဆွဲခွင့်မပေးတော့မှန်းသိနေ၍ သူ၏တုန်ခါနေသောလက်ဖြင့် ခါးမှဓားရှည်ကိုခက်ခက်ခဲခဲကိုင်လိုက်ရသည်။ သူသည်ဓားရိုးကိုတင်းကျပ်စွာကိုင်ထားပြီး ဓားအိမ်တွင်းမှဓားကိုလုံးဝဆွဲမထုတ်ပေ။


ထိုအချိန်မှာပင် ဖူယွိ၏တုံ့ပြန်မှုတိုင်းက လင်းရုဖေးသိချင်နေသောမေးခွန်း၏အဖြေများကို ပေးလိုက်သယောင်ပင်။ သူကဓားပင်ဆွဲမထုတ်နိုင်သော သိုင်းသမားဟုခေါ်သည့်လူကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး ကုယွိအားဓားအိမ်ထဲသို့ပြန်ထည့်လိုက်သည်။

"ဖူရွေ့ မင်းကငါ့ဓားနဲ့မတန်သေးဘူး"

ဖူယွိ....မဟုတ်သေး၊ ဖူရွေ့၏အပြုအမူများက သိသိသာသာအလွန်အကျုးဖြစ်လာသည်။

သူသည်လင်းရုဖေးအားမခံမရပ်နိုင်ဖြစ်ဟန်ဖြင့်ကြည့်ပြီး "သခင်လေးလင်း အဓိပ္ပါယ်မရှိတာတွေမပြောပါနဲ့ ဖူရွေ့ကဘယ်သူလဲ ကျွန်တော်ကဖူယွိဗျ!"

လင်းရုဖေး : "မင်းကများ...တန်လို့လား"

ထိုစကားကဖူယွိအား ဒေါသတချောင်းချောင်းထွက်သွားစေသည်။ သူကရှူးရှူးရှားရှားဖြစ်လာပြီး လင်းရုဖေးထံသို့လျှပ်တပြက်ခုန်ဝင်လာသည်။ လင်းရုဖေးကအလျင်မလိုဘဲ သူ၏သိုလှောင်လက်စွပ်အတွင်းမှသစ်သားအကာကိုတုံ့နှေးမနေဘဲဆွဲထုတ်သည်။ သူကတည်ငြိမ်မှန်ကန်စွာဖြင့် ဖူရွေ့ထံအမြန်တွန်းပို့လိုက်၏။ ဖူရွေ့သည်လင်းရုဖေး၏ရုတ်တရက်ဆန်သောလှုပ်ရှားမှုကြောင့် ကြိုးပြတ်သွားသောစွန်လေးပမာလွင့်သွားပြီးသူ၏အနောက်မှသစ်သားထိုင်ခုံနှင့်အပြင်းအထန်ရိုက်မိကာဝုန်းကနဲကျသွားသည်။

လင်းရုဖေးကသူ၏သစ်သားအကာကို ကျေနပ်စွာထိကိုင်နေချိန်တွင် ကုရွှမ်းတုမှာမူ ခေါင်းကိုက်နေသည့်နှယ်မျက်ခုံးနှစ်ခုကြားအားနှိပ်နေသည်၊ သူအမှန် ၎င်းသစ်သားအကာအကွယ်ကိုသိမ်းပစ်ချင်သည်၊ မဟုတ်လျှင်လင်းရုဖေးက ပြန်လမ်းမရှိသောထူးဆန်းသည့်လမ်းကိုရောက်သွားမည်အားစိုးရိမ်မိ၏။

လင်းရုဖေးသည် ဖူရွေ့အားသေသွားအောင်လုပ်မိမည်ကိုစိုးရိမ်သောကြောင့် သူချီစွမ်းအင်ကိုအများကြီးမသုံးခဲ့လင့်ကစား ဖူရွေ့ကားမေ့မြောသွားခဲ့သည်။ သူ့ဘေးမှ ကိုယ်လုပ်တော်သည်ကြောက်ရွံ့နေပြီးထောင့်တွင်ပုန်းနေ၏။ သူမ၏အရှေ့မှ အဖြစ်အပျက်ကိုမြင်သွားပြီးနောက် အသံနက်ဖြင့်အော်ဟစ်ကာအပြင်သို့ပြေးထွက်သွားသည်။ လင်းရုဖေးက သူမကိုတစ်ချက်သာကြည့်ကာ လျစ်လျုရှုလိုက်ပြီး ဖူရွှေ့ထံလျှောက်သွားလိုက်သည်။

ဖူရွှေ့သည်ကြမ်းပြင်တွင်လဲနေပြီး သူသေသွားပြီလား၊ အသက်ရှင်နေသေးလားမသိရပေ။ လင်းရုဖေးသည်ထိုသူ၏အသက်ရှူနှုန်းကိုစမ်းသပ်ကြည့်ပြီးမှ စိတ်သက်သာရာရသွားသည်။

သူ့ဘေးမှထိုင်ခုံတွင်ဝင်ထိုင်ကာသက်ပြင်းချလိုက်၏။

"သူဘာလို့ဒီလောက်တောင် အားနည်းရတာလဲ"

သူ့ခမျာ အားအင်ကို အတော်လေးပင်လျှော့ထားရသည်။

ကုရွှမ်းတု : "ကိုယ် မင်းကိုဓားပဲသုံးပါလို့ပြောထားတယ်လေ"

လင်းရုဖေးသည် ကုရွှမ်းတု၏ယုတ္တိမရှိသောစကားကိုမယုံကြည်ပေ။

"သူက ကျွန်တော်အကာလေးသုံးတာတောင်မေ့သွားတာကို ဓားသာသွားသုံးလိုက်ရင်သေသွားမှာပေါ့"

ကုရွှမ်းတု : "သူသေလည်း သေတယ်ပေါ့ ကိစ္စကြီးမှမဟုတ်တာ"

လင်းရုဖေး : "....."

အဲဒီတော့ ခင်ဗျားကကျွန်တော့်ကို ဒိုင်းအကာအကွယ်ကို လုံး၀မသုံးစေချင်ဘူးပေါ့...။

နှစ်ယောက်သားမှာ ကျယ်ကျယ်လောင်လောင်စကားပြောနေပြီး ဖူမိသားစုဝင်များမှာ အပြင်တွင်စုနေကြသည်။ သို့သော် တံခါးမကြီးအပြင်ဘက်မှနေကာ ဖူရွေ့၏ မေ့မြောနေသောအခြေအနေကိုမြင်တွေ့ကြရသည်။ သူတို့၏ခေါင်းများကိုပြူကာ လှမ်းကြည့်နေကြပေမယ့် အထဲသို့ဝင်လာချင်ကြသော်လည်းမဝင်ရဲကြပေ။

လင်းရုဖေးကသူတို့အားလျစ်လျူရှုထားသည်။ ဖူရွေ့သတိမရလာသည့်အခါ သူထိုင်ခုံမှထပြီး ဆောင်ေ့ကြာင့်ထိုင်ချလိုက်သည်။ ဖူရွေ့၏အင်္ကျီလည်ပင်းစကိုဆွဲ၍ မျက်နှာကိုအချက်ရေအနည်းငယ်ခန့်ရိုက်လိုက်သည်။ ကုရွှမ်းတုသည် လင်းရုဖေး၏စိတ်မြန်လက်မြန်နှင့် အားသိပ်မပါသော်ငြား ကြမ်းတမ်းသောအပြုအမူကြောင့် ကြောင်အန်းသွားရပြီးလင်းရုဖေးထံမှ မျက်လုံးကြီးပြူးကာသင်ယူလိုက်ရသည်။

လင်းရုဖေး : "ကျွန်တော့်ရဲ့တတိယအစ်မလုပ်တတ်တာ"

ကုရွှမ်းတု: "အတော်လေးမိုက်တယ် ကိုယ်သင်ယူလိုက်ရတယ်"

လင်းရုဖေး : "သူ မနိုးလာရင်ဘယ်လိုလုပ်မလဲ"

ကုရွှမ်းတုသည်ခဏတဖြုတ်စဉ်းစားနေပြီးမှ သူ၏ဝတ်ရုံလက်များကိုပင့်တင်ပြီး: "ရပါတယ် အခုကစပြီးမင်းသေချာကြည့်နေ ကိုယ်လုပ်ပြမယ်"

ဤလိုခပ်ကြမ်းကြမ်းအလုပ်မျိုးဆို သူကပိုကောင်းအောင်လုပ်နိုင်သည်။

လင်းရုဖေးကပြုံးပြီး အကြိမ်ရေအနည်းငယ်ခန့်ချောင်းဆိုးမိသည်။

သူ၏ မရေမတွက်နိုင်သောအရိုက်အပုတ်အားခံလိုက်ရသော ဖူရွေ့သည်ရီဝေဝေဖြင့်မျက်လုံးများကိုဖွင့်လာသည်။ ထိုသူသည် လင်းရု၏မျက်နှာက သူဖြင့်ကပ်နေသည်ကိုမြင်ပြီး မတုံ့ပြန်နိုင်ခင် ခဏတာအေးခဲသွားသည်။ သူသည်ထွက်ပြေးရန်အနောက်သို့ အမြန်လှည့်လိုက်သည့်တိုင် လင်းရုဖေး၏ အင်္ကျီလည်ပင်းမှအနောက်ပြန်ဆွဲခြင်းကိုခံလိုက်ရသည်။

လင်းရုဖေး : "ဘယ်သွားမလို့လဲ"

သို့တစေ ဖူရွေ့သည်ကျောရိုးမရှိသောသတ္တဝါတစ်ကောင်ကဲ့သို့ တွန့်လိမ်နေကာ သနားညှာတာပေးရန်တောင်းပန်နေသည်။ ဖူယွိအကြောင်းထပ်မပြောတော့ဘဲ လင်းရုဖေးကိုသာ ဖူမိသားစုအားညှာတာပေးပြီးသူ့အားအသက်ချမ်းသာပေးရန်တောင်းပန်နေရှာသည်။

လင်းရုဖေး : "ဖူယွိဘယ်မှာလဲ မင်းဘာလို့သူ့နေရာမှာဝင်နေရတာလဲ"

"ဖူယွိ....ဖူယွိက....သေသွားပြီ"

ဖူရွေ့သည် ခေါင်းငုံ့ထားသည်။ သူတို့ပထမဆုံးစတွေ့စဉ်ကအတိုင်း အခွံမရှိသော လိပ်တစ်ကောင်ကဲ့သို့ စိတ်ကြီးဝင်ထောင်လွှားနေမှုများကလုံးဝပျောက်ကွယ်သွားသည်။

လင်းရုဖေး၏အမေးကိုဖြေနေစဉ်မှာပင်သူ၏အသံမှာခြင်တစ်ကောင်၏အသံအတိုင်းတိုးဖျနေ၏။

"ငါလည်းမလုပ်ချင်ပါဘူးဒါပေမဲ့ ဖူမိသားစုမှာသိုင်းသမားတစ်ယောက်ပဲရှိတယ် သူသေသွားရင်ဖူမိသားစုလည်း ဒုက္ခရောက်လိမ့်မယ်...."

လင်းရုဖေး : "ဒုက္ခရောက်မယ် ဟုတ်လား မင်းလူတစ်ယောက်ကိုသတ်လိုက်ပြီးမှ ဒုက္ခရောက်မှာကြောက်နေတာလား"

ဖူရွေ့မှာ ပြောရမည့်စကားကင်းမဲ့နေသည်။

လင်းရုဖေးသည် အဓိကမေးခွန်းကိုသာမေးလိုက်သည်။

"ရွာအပြင်ကတည်ဆောက်ပုံကိုဘယ်သူလုပ်တာလဲ"

ဖူရွေ့သည် အတုန်တုန်အယင်ယင်ဖြင့်ပြန်ဖြေ၏။

"ငါ့ရဲ့အစ်ကိုကြီး အစ်ကိုကြီးပါ တည်ဆောက်ပုံလည်းပြီးသွားရော သူလည်းပျောက်သွားခဲ့လို့ ငါကသူ့လိုဟန်ဆောင်နေရတာ"

လင်းရုဖေးကသူ့အား တစ်ချက်ပိတ်ရိုက်လိုက်သည်။ တစ်ချက်တည်းနှင့် ဖူယွိ၏မျက်နှာကဘေးသို့လည်ထွက်သွားပြီး ပါးစပ်ထောင့်မှသွေးများစီးကျလာသည်။ သူပြန်လှည့်လိုက်သည့်အခါ သူ၏မျက်နှာတွင်ဖုံးဖိမရသောအလျင်လိုမှုများဖြင့်ဖုံးလွှမ်းနေ၏။

သူကအော်ဟစ်လာသည်။

"မင်း...ဘာကိစ္စနဲ့ငါ့ကိုရိုက်တာလဲ"

လင်းရုဖေး၏မျက်နှာမှာမည်းမှောင်နေသည်။

"မင်းကိုရိုက်တယ် ဘာဖြစ်လဲ မင်းငါ့ကိုအမှန်အတိုင်းမပြောသေးသ၍ ငါမင်းကိုရိုက်ဦးမှာပဲ ငါမင်းရဲ့ခွေးလိုအသက်ကိုလည်းနှုတ်ပစ်မယ် မင်းငါ့ကို ဖူယွိနဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေရယ် တည်ဆောက်ပုံအကြောင်းရယ်ကို ရိုးရိုးသားသားပြောပြရင် ငါမင်းကိုအသက်ရှင်ခွင့်ပေးမယ် မဟုတ်ရင်တော့..."

သူ၏မျက်လုံးများကိုမှေးကျဥ်းလိုက်ပြီး အေးစက်စက်ဖြင့် : "မင်းရဲ့အသက်ကအဖိုးမတန်ဘူးဆိုတာသိထားလိုက်"

ဖူရွေ့သည် လင်းရုဖေး၏စကားကိုနားထောင်ပြီးနောက် ဖြည်းဖြည်းချင်းခေါင်းညိတ်ပြသည်။

သူကရှိုက်ကြီးတငင်ဖြင့် : "ငါ...ငါ...တကယ်..."

ထိုနေရာအရောက်မှာပင် လင်းရုဖေး၏အသံတိုးတိုးဖြင့်စုတ်သပ်သည့်အသံထွက်လာသည်။

ရုတ်တရက် ထိုသူမှာ တဆတ်ဆတ်တုန်လာပြီး အော်ဟစ်လေတော့သည်။

"ငါပြောမယ် ငါအကုန်လုံးကိုပြောပြပါ့မယ် ငါ့ကိုမသတ်ပါနဲ့ ငါ့ကိုမသတ်ပါနဲ့..."

ထိုအခါမှ လင်းရုဖေးကကျေနပ်သောအမူအရာပြလာသည်။

သူကအမြန်ပင် ကုရွှမ်းတုထံ 'တွေ့လား၊ ကျွန်တော်ကဒီလိုမျိုးစွမ်းအားကြီးလို့လူတွေကိုငိုအောင်လုပ်နိုင်တယ်' ဆိုသောသဘောဖြင့်တစ်ချက်ကြည့်လိုက်သည်။

ကုရွှမ်းတုမှာ သူ့မိသားစုမှသခင်လေး၏သားနားသောအကြည့်ကိုလှမ်းကြည့်ပြီးနောက် လက်သီးဆုပ်ဖြင့်သူ့နှုတ်ခမ်းကိုဖိကပ်ထားကာ ပါးစပ်ထောင့်မှအပြုံးကို အတင်းဖုံးထားလိုက်ရ၏။


........


စာရေးသူမှာပြောစရာရှိတယ်~


ရင်ဘတ်ကိုပုတ်နေတဲ့လင်းရုဖေး : ကျွန်တော်ကမိုက်တယ်မလား!

ကုရွှမ်းတယ် : မိုက်တယ် မိုက်တယ်

လင်းရုဖေး : အကြီးအကဲ ကျွန်တော့်ကိုဘယ်လိုဆုချမှာလဲ

ကုရွှမ်းတု : ကိုယ်မင်းကိုအာဘွားအကြီးကြီးပေးမယ်!


____

Translated By IQ-Team.