Chapter 95
အမှန်တရား
-----------------------
လင်းရုဖေးက အားပျက်လုနီးနီးရှိနေသည့် ဖူရွှေအားကြည့်ပြီး သူ့ကို ခဏလွှတ်ပေးလိုက်၏။ သူက မျက်နှာချင်းဆိုင်ရှိ သစ်သားကုလားထိုင်အား မ၍ ထိုင်ချလိုက်သည်။
သူက သက်သောင့်သက်သာဖြစ်သွားစေရန် အနည်းငယ်ကိုယ်ကိုလျော့ရဲရဲဖြစ်စွာထိုင်လိုက်ပြီး :"ပြော"
ဖူရွှေသည်ကား မြေပြင်ပေါ်တွင် လဲနေပြီး သူ၏အသံမှာ အနည်းငယ်တိုးညှင်းလေသည်။
"ဖူယွိ..ဖူယွိက ငါ့အစ်ကိုကြီးပါ..."
လင်းရုဖေးက ဆိုလိုက်သည်။
"ကျယ်ကျယ်ပြော"
ဖူရွှေက ခါးသီးနေသည့် မျက်နှာဖြစ်သွားသော်လည်း လင်းရုဖေးအား ပြန်လည်မချေပရဲပေ။
သူက ခေါင်းညိမ့်ပြရုံသာ တတ်နိုင်ပြီး သူ၏အသံအား မြှင့်လိုက်ကာ :"ဖူယွိက ငါ့အစ်ကိုကြီး..ငါ့နာမည်က..ဖူရွှေ"
ဖူယွိမှာ ဖူရွှေ၏အစ်ကိုကြီးဖြစ်သည်။ သူ၏ဗီဇမှာ ဖူရွှေထက်ပိုမိုကောင်းမွန်ကာ ပင်ကိုယ်စွမ်းရည်သည်လည်း ဖူရွှေထက်သာလေသည်။ သူတို့က ဖူမိသားစုကျေးရွာ၏ ဆားသင့်နယ်မြေတွင်မွေးဖွားခဲ့ကြပြီး အသက်ရှင်သန်ရန် ကိုယ်ခံပညာဓားသိုင်းသင်သည့် ဆရာကြီး တစ်ယောက်နောက်လိုက်ကာ အခြေခံဓားသိုင်းပညာကိုလေ့လာသင်ယူခဲ့ကြသည်။ ဓားသိုင်းသင်ဆရာကြီးက နှစ်ပေါင်းငါးဆယ်ကျော် ကျင့်ကြံခဲ့ပြီးသော်ငြား သူ၏ကျင့်ကြံခြင်းအဆင့်မှာ အဆင့်သုံးတွင်သာ ရှိချေ၏။ သူ့အား ကျန်းဟူတွင်ထားပါက သွားကြားထဲတွင်ညှပ်နေသည့် ပုစွန်သေးလေးမျှပင် ထိုက်တန်မည်မဟုတ်ပေ။ သို့ရာတွင် ဖူမိသားစုကျေးရွာကဲ့သို့ နေရာတွင်မူ လုံလောက်ပေသည်။
ဖူယွိမှာ ဓါးသိုင်းလေ့ကျင့်ရန် ဖွားမြင်လာသူဖြစ်သည်။ သူနှင့်ဖူရွှေက ဓါးသိုင်းပုံစံတူညီစွာ လေ့ကျင့်ခဲ့ကြသော်လည်း သူ၏ကျင့်ကြံခြင်းမှာ မြန်ဆန်စွာပင် ခရီးပေါက်လာ၍မကြာမီပင် သူတို့၏ဆရာကြီးအား အမှီလိုက်နိုင်ခဲ့ပေသည်။ ဓါးဆရာကြီးမှာ ဖူယွိအား သင်ကြားပေးစရာများမရှိတော့၍ ကမ္ဘာမြေတွင် လှည့်လည်သွားလာရန် အကြံဥာဏ်ပေးလေ၏။
“ငါတို့က ဖူမိသားစုကျေးရွာမှာ အရမ်းဆင်းရဲခဲ့တယ် ဘ၀ကိုကောင်းကောင်းမွန်မွန်ဖြတ်သန်းနိုင်ဖို့ တစ်နည်းမဟုတ် တစ်နည်း စဥ်းစားဖို့လိုတယ်"
ဖူယွိက ဤစကားကိုသူ၏ညီငယ်အားပြောနေချိန်တွင် သူ့ဓါးအားသွေးနေခဲ့၏။
"ငါတို့ ဘာကိုများစဥ်းစားနိုင်မှာမို့လို့လဲ"
ဖူရွှေသည်ကား ဤသို့မတွေးချေ : "နေရာတိုင်းက ဆားပေါက်မြေတွေ...အစေ့တွေက ဘယ်လောက်စိုက်စိုက် အညွှန့်တောင်မပေါက်နိုင်ဘူး..."
“လောကမှာ အမြဲတမ်း နည်းတစ်ခုခုတော့ ရှိစမြဲပါ" ဖူယွိက ခေါင်းမာစွာပင် ကန့်ကွက်၏။
ဖူရွှေသည် ဤစကားလုံးများအား သူ့အစ်ကို၏ ကြီးပွားချမ်းသာလိုမှုကြောင့် ထင်ယောင်ထင်မှားဖြစ်နေခြင်းအနေနှင့်သာ ယူဆလိုက်သည်။ နည်းလမ်းသာရှိပါက လွန်ခဲ့သောအချိန်များစွာကတည်းကပင်ရှိလိမ့်မည်ဖြစ်ပြီး ဖူမိသားစုကျေးရွာသည်လည်း နှစ်ပေါင်းရာနှင့်ချီ ဆင်းရဲမွဲတေနေလိမ့်မည်မဟုတ်ပေ။ သူတို့က ဤနေရာမှအဝေးသို့ ပြောင်းရွှေ့ရန်အတွေးမရှိသည့် သဘောမျိုးမဟုတ်သော်ငြား သူတို့အားလက်သင့်ခံမည့် အနီးအနားရှိသင့်လျော်သော ကျေးရွာနှင့်နယ်မြေဟူ၍မရှိသောကြောင့်ပင်။ ထို့ကြောင့် မျိုးဆက်တစ်ခုပြီးတစ်ခုတွင် သူတို့တွင်ရှိသည့်အရာနှင့် လောက်ငှရုံလောက်သာ လုပ်ရန်တတ်နိုင်ကြ၏။
ဖူယွိက သူ့အသက်တစ်ဆယ့်လေးနှစ်တွင် အိမ်မှထွက်ခဲ့သည်။ နှစ်ဦးအစောပိုင်းအချို့၌ သူသည် သူ၏မိသားစုနှင့် အဆက်အသွယ်ရှိနေဆဲဖြစ်သော်ငြား နှစ်ပေါင်းအနည်းငယ်အကြာတွင် သတင်းကိုထပ်မကြားရတော့ချေ။ ကျန်းဟူသည် လိမ်လည်လှည့်ဖျားတတ်ကာ လူတိုင်းက ဖူယွိသေသွားပြီဟုထင်နေကြစဥ်တွင် သူက ကျင့်ကြံခြင်းအဆင့်ခြောက်ဖြင့် ရုတ်တရက်ပြန်လာခဲ့၏။
ဖူရွှေက ဤသို့ပြောနေရင်းဖြင့် လက်ကိုမြောက်လိုက်ကာ အနီရောင်သန်းနေသောမျက်လုံးများအား ပြင်းပြင်းထန်ထန်ပွတ်လိုက်ပြီး :"ငါတကယ်ကို နားမလည်နိုင်ဘူး..ငါ့အစ်ကိုလိုလူမျိုးက ဘယ်လိုကံကောင်းမှုတွေရှိပြီး အဲ့လိုကောင်းတဲ့အရာမျိုးကို ကြုံတွေ့နိုင်ရတာလဲဆိုတာ.."
လင်းရုဖေးက မေးလိုက်သည်။ "မင်း မနာလိုဖြစ်နေတာလား"
“ဘယ်သူက မနာလိုဘဲနေမှာလဲ"
ဖူရွှေက အလွန်မုန်းတီးနေသည့်ဟန်ဖြင့် ပြောလာသည်။
"မင်းသာဆိုရင်ရော...မင်းနဲ့အတူကြီးပြင်းလာတဲ့ အစ်ကိုက တအား အားကောင်းလာတာကို စောင့်ကြည့်နေရပြီး မင်းကိုယ်တိုင်က ဘာမှမလုပ်နိုင်ဘူးဆိုရင်..မနာလိုဖြစ်လာမှာပဲမို့လား"
လင်းရုဖေးက သူ၏စကားလုံးများအား တည်တည်ငြိမ်ငြိမ်စဥ်းစားလိုက်ကာ သူ၏အခြေအနေနှင့် ဖူရွှေ၏အခြေအနေတို့မှာ အမှန်ပင်ဆင်သည်အား တွေ့လိုက်ရသည်။ သို့သော် အတိတ်ကအနှစ်နှစ်ဆယ်တွင် သူ၏အစ်ကိုနှင့်အစ်မများအား မည်သည့်အခါမှ မနာလိုဖြစ်ခြင်းမျိုးမခံစားခဲ့ရပေ။ သူက ဓါးတစ်ချောင်းအားမ,မနိုင်သည်ကပင် ကိစ္စကြီးမဟုတ်ခဲ့။ နောင်တအချို့ရှိခဲ့သော်လည်း အန္တရာယ်ဖြစ်စေသည်အထိ မကြီးထွားခဲ့ချေ။ ဤသည်က လူနှစ်ဦးကြား ကွာခြားချက်ဖြစ်နိုင်၏။ သူက ဖူရွှေအား နားလည်မပေးနိုင်ကာ ဖူရွှေသည်လည်း သူ့အား နားလည်နိုင်မည်မဟုတ်ချေ။
သူက ဤသည်အား ရှင်းပြလိုခြင်းမရှိတာကြောင့် ထိုသူ၏ စကားတွေကို ထပ်ပြီးမနှောင့်ယှက်တော့ပေ။ လင်းရုဖေးက ပျင်းရိနေသည့်ဟန်ဖြင့် ဖူရွှေအား ဆက်ပြောရန်လက်ယမ်းပြလိုက်သည်။
ဖူရွှေက အသက်ပြင်းပြင်း ရှူလိုက်ပြီး အံကြိတ်ကာ သူ့ရဲ့စကားကိုဆက်သည်။
"သူပြန်လာပြီးတော့ ငါထင်ခဲ့တာ သူက ငါတို့အားလုံးကို ဖူမိသားစုကျေးရွာကနေခေါ်ထုတ်သွားမယ်လို့လေ..ဒါပေမယ့် သူက ငြင်းဆန်လိမ့်မယ်လို့ ဘယ်သူသိမှာလဲ...."
ကျင့်ကြံခြင်းအဆင့်ခြောက်ရှိသည့် ဓားသိုင်းကျင့်ကြံသူအနေနှင့် သူ၏မိသားစုအား မည်သည့်နေရာတွင်ဖြစ်စေ ချမ်းသာသည့်ဘဝတွင် နေထိုင်နိုင်စေရန်မှာ လုံလောက်သည်ထက်ပိုပေ၏။ သူတို့သာ အနှီမြက်ပင်တစ်လက်မ မကြီးထွားသည့် အသက်မဲ့ကုန်းမြေအား စွန့်ခွာနိုင်သရွေ့......ပေါ့....။
သို့သော်ငြား ဖူယွီသည် ဖူရွှေ၏ကမ်းလှမ်းချက်အား အမှန်ပင် ငြင်းပယ်ခဲ့သည်။ သူက တကယ်ပင် ဤနေရာမှ မထွက်သွားချင်ခဲ့ပေ။
"ရှောင်ရွှေ..ငါမထွက်သွားချင်ဘူး..."
သူ့ညီငယ်၏ အပြစ်တင်နေမှုအား မျက်နှာမူရင်း ဖူယွီက အလွန်တည်ငြိမ်စွာဖြင့် : "ဖူမိသားစုကျေးရွာမှာရှိတဲ့လူတွေက ခါးသီးလွန်းတယ်..အရင်က ဒီနေရာကိုပြောင်းလဲပစ်ဖို့နည်းလမ်းတွေကို စဥ်းစားကြည့်ဖူးတယ်..နောက်ဆုံးတော့ လမ်းစတစ်ခု ရှိလာပြီ..."
“အဲ့တာ ဘာလဲ" ဖူရွှေက မေးလိုက်၏။
"ငါ အဲ့ဒီအကြီးအကဲနဲ့ တည်ဆောက်ပုံတွေအများကြီးသင်ယူခဲ့တယ်...တစ်ခုက စိတ်ဝိဥာဥ်စုဆောင်းခြင်းတည်ဆောက်ပုံလို့ခေါ်တယ်...ဒီတည်ဆောက်ပုံနဲ့သာဆိုရင် မင်းတို့ဆားပေါက်မြေမှာ ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းနိုင်လိမ့်မယ်"
ဖူယွိက ပြုံးပြလိုက်ရင်း သူ့ညီငယ်၏ခေါင်းအား သူငယ်စဥ်ကပြုသကဲ့သို့ ညင်ညင်သာသာပွတ်သပ်ပေးလိုက်ရင်း : "မင်းက အဲ့တာကို မျှော်လင့်နေတာ မဟုတ်ဘူးလား"
ဖူရွှေမှာ အေးခဲသွားကာ မေးခွန်းထုတ်လာ၏။ "တကယ်လား"
ဖူယွိက ခေါင်းညိမ့်ပြလိုက်သည်။ "တကယ်ပေါ့ကွ"
ဖူရွှေက ဤသည်အားကြားချိန်တွင် သူပျော်ရွှင်သွားပေ၏။ အဆုံးတွင် သူတို့၏မွေးရပ်မြေအား ချမ်းသာကြွယ်၀လာသည်ကို မမြင်တွေ့ချင်သူဟူ၍မရှိပေ။ သူနှင့် ဖူယွိတို့နှစ်ဦးလုံးသည် ဤနေရာတွင်ပင် ကြီးပြင်းလာကြသူတွေပင်။သူတို့ငယ်ရွယ်စဥ်တွင် မိသားစုမှာဆင်းရဲလှကာ သူတို့၏အဖေက အပြင်ထွက်အလုပ်လုပ်ရပြီးမိခင်ကမူ မြစ်ကမ်းနဘေးတွင် တောင်းစားရန် ညီအစ်ကိုနှစ်ယောက်အား ခေါ်သွား၏၊ သူတို့မှာ ဆင်းရဲမွဲတေမှုအား လုံလုံလောက်လောက်ခံစားခဲ့ရပေသည်။
နောက်ပိုင်းတွင်မူ ညီအစ်ကိုနှစ်ယောက် အနည်းငယ်ကြီးလာချိန်တွင် ကိုယ်ခံပညာကျောင်းတွင် အလုပ်လုပ်နိုင်လာပြီး မိသားစုဘဝအခြေအနေ အနည်းငယ်ကောင်းမွန်လာခဲ့သည်။ ထိုသို့ဖြစ်လာသော်ငြား သူတိို့က တစ်ရက်တွင်သာ ဗိုက်ပြည့်ပြီး နောက်ရက်အတွက် စားသောက်ရန်မရှိချေ။ ထို့နောက် အသက်တစ်ဆယ်နှစ်အရွယ်တွင် ဖူရွှေက ပထမဆုံးအကြိမ် မုယောသကြားလုံးအားမြည်းစမ်းခွင့်ရခြင်းဖြစ်သည်။
ဖူယွိသည်ကား သူ့အတွက် မုယောသကြားလုံး ဝယ်လာပေးသည့်သူ ဖြစ်သည်။ ယင်းမှာ လက်မအရွယ် အပိုင်းလေးဖြစ်ပြီး ဖူယွီက မစားခဲ့ချေ။ သို့သော်ငြား သူက ဂရုတစိုက်ဖြင့် သူ့အတွက်တစ်ခု ဖူရွှေအတွက်တစ်ခု နှစ်ပိုင်းခွဲလိုက်လေသည်။
ဤနေ့အထိ ဖူရွှေမှာ ချိုမြသောအရသာအား မှတ်မိနေဆဲပင်။
ဖူယွိမှာ အမြဲတစေ သူ့ကတိအားတည်သူဖြစ်သည်။ သိပ်မကြာခင် သူတို့၏အိမ်သို့ ထူးဆန်းသော လူစိမ်းတစ်ယောက် ရောက်လာခဲ့ကာ ဖူယွီ၏တည်ဆောက်ပုံအား အကောင်အထည်ဖော်ရန် စတင်ကူညီပေး၏။
ဖူရွှေသည်လည်း ဖူယွိကသူ့အား ရုတ်တရက်ရှာပြီး ခဏမျှထွက်သွားရမည်ဟုပြောလာသည့်နေ့ထိတိုင် အလွန်ပင်ပျော်ရွှင်နေခဲ့သည်။
"ထွက်သွားမယ်...ဘယ်ကိုသွားမှာလဲ..."
ဖူရွှေက သူ၏အမြွှာအစ်ကိုအား ဗလာဖြစ်စွာကြည့်လိုက်ရင်း : "မင်း ကောက်ပဲသီးနှံတွေစိုက်နိုင်တဲ့ တည်ဆောက်ပုံတစ်ခု အကောင်အထည်ဖော်တော့မှာလို့ ပြောခဲ့တာမဟုတ်ဘူးလား..တည်ဆောက်ပုံက လုပ်ပြီးပြီလား ..ကောက်ပဲသီးနှံတွေစိုက်နိုင်ပြီလား..."
ဖူယွိက ခေါင်းညိမ့်ပြရင်း :"ပြီးခါနီးပါပြီ..အရေးကြီးဆုံးဖြစ်တဲ့ တည်ဆောက်ပုံပင်မမျက်လုံးပဲ ကျန်တော့တာ"
ဖူရွှေ : "တည်ဆောက်ပုံမျက်လုံးလား..."
ဖူယွီက ပြုံးလိုက်ရင်း :"ဟုတ်တယ်..တည်ဆောက်ပုံမျက်လုံး"
အခြားလူအချို့ဆိုပါက သူတို့သည် ဖူယွိထံမှအရူးလုပ်ခြင်းခံရပြီးလိမ့်မည်ဖြစ်၏။ သို့သော်ငြား သူတို့မှာ အမြွှာအဖြစ်မွေးဖွားလာ၍ သဘာဝအားဖြင့်သူတို့သည် ကမ္ဘာပေါ်တွင် တစ်ယောက်အကြောင်းတစ်ယောက်အသိဆုံး လူများဖြစ်ပေသည်။
ဖူရွှေက အားအတော်စိုက်ထုတ်ကာ အသံဖျော့ဖျော့ဖြင့် မေးလိုက်၏။
"မင်းငါ့ကိုလိမ်နေတာမို့လား...အစ်ကို မင်းဘယ်ကိုသွားမလို့လဲ.."
ဖူယွိက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
ဖူရွှေ : "အဲ့ဒီ တည်ဆောက်ပုံနဲ့ ပတ်သတ်ပြီးတစ်ခုခုမှားနေတာမို့လား"
ဖူယွိက ဖြေဆိုလာခြင်းမရှိဘဲ ထို့အစားမေးလာ၏။
"မင်း ငါတို့မိသားစုလယ်ကွင်းကနေ ကောက်ပဲသီးနှံတွေထွက်တာကို မမြင်ချင်ဘူးလား"
ဖူရွှေမှာ မည်သို့များမဖြစ်ချင်ဘဲနေပါမည်နည်း..။ကောက်ပဲသီးနှံများဖြင့်ဆိုလျှင် သူတို့မိသားစုမှာ စားစရာမရှိဖြစ်လာတော့မည်မဟုတ်ချေ။ ဤသည်မှာ သူတို့၏ကိုယ်ပိုင်နယ်မြေဖြစ်ကာ အစားအစာများစွာ ဖြစ်ထွန်းနိုင်ပြီး မျိုးဆက်သစ်များလည်း ဤနေရာတွင် ဆက်၍နေထိုင်နိုင်မည်ဖြစ်၏။ ဤသည်မှာ ဖူရွှေနှင့်ဖူယွိ၏ ကလေးဘဝကတည်းက အကြီးဆုံးအိပ်မက်ဖြစ်သည်။ သို့သော်လည်း ဤအချိန်တွင် ဖူယွီသည် အနှီအိပ်မက်မှာ မကြာမီစစ်မှန်လာလိမ့်မည်ဟု ကျိန်ဆိုပြောလာပေသည်။ ဖူရွှေက ဤသည်ကား အစစ်အမှန်မဟုတ်သည့် ထင်ယောင်ထင်မှားဖြစ်ခြင်းဟုသာ ခံစားနေရ၏။
"ဒါပေမယ့် အစ်ကို..မင်းက အဆင့်ခြောက်ရှိတဲ့ဓားသိုင်းကျင့်ကြံသူ ဖြစ်နှင့်ပြီးပြီလေ"ဖူရွှေက ဆိုလိုက်သည်။
"မင်း..ဒီနေရာကနေ တကယ်ပဲထွက်သွားလို့ရတယ်...သူတို့ကိုဂရုစိုက်စရာမလိုပါဘူး"
ဖူယွိက စကားပြောခြင်းမရှိဘဲ ဖူရွှေ့၏ခေါင်းကိုသာ ပုတ်ပေးလာ၏။
လုပ်ဆောင်ချက်မှာ အလွန်ပင် ညင်သာသော်ငြား စကားသံမှာ လုံလောက်အောင် ခိုင်မာ၏။
"ရှောင်ရွှေ မင်းနားမလည်ပါဘူး"
ဖူရွှေက ဖူယွိအား စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်သည်။ သူက မည်သည်ကြောင့် ဖူယွိက ထိုဆုံးဖြတ်ချက်အားချလိုက်သည်ကို အမှန်ပင် နားမလည်နိုင်ချေ။ သူ၏မျက်လုံးထဲတွင် အကြောတင်းလှသည့် ဖူယွိမှာ အရူးတစ်ယောက်နှယ်။ သို့သော် အရူးတစ်ယောက်က မည်သို့များ သန်မာသည့် ဓါးသိုင်းပညာအား သင်ယူနိုင်မည်နည်း။
ဖူယွိက ရှင်းပြရန် သူ၏ပါးစပ်အားထပ်၍ ဖွင့်မလာတော့ချေ။
နှစ်ဦးသားမှာ အမြွှာဖြစ်ကာ သန္ဓေတစ်ခုတည်းမှမွေးဖွားလာသော်ငြား ကွဲပြားသည့်အိပ်မက်များရှိလေသည်။
ထိုအရာပြီးနောက် မည်သည်များ အကျိုးသင့်အကြောင်းသင့် ဆက်ဖြစ်လာမည်နည်း။ တည်ဆောက်ပုံမှာ အောင်မြင်စွာ အခြေတည်ထားပြီးဖြစ်သော်လည်း ဖူယွိမှာ သူကိုယ်တိုင်ထွက်သွားရန် လိုအပ်ပေ၏။ သူမထွက်ခွာမီတွင် ဖူရွှေအားရှာကာ လက်ထဲရှိဓါးအား ကမ်းပေးလိုက်၏။ သူက အနှီဓါးအား ခေတ္တသိမ်းပေးထားရန် သူ့အား ဒုက္ခပေးဦးမည်ဟု ဆိုလာသည်။
"ဘာကြောင့် မင်းငါ့ကို အဲ့ဒီလိုအရေးကြီးတဲ့ပစ္စည်းကို ပေးရတာလဲ"
ဖူရွှေက မေးလိုက်သည်။ "မင်း ပြန်မလာတော့ဘူးလား"
ဖူယွိက ပြန်ဖြေသည်။
"ငါ ပြန်လာမှာပါ...လာမယ့်နှစ်ကောက်ပဲသီးနှံပေါ်ချိန်ကျရင် ငါပြန်လာမှာပါ"
ဖူရွှေက ဖူးယွိအား အံ့အားသင့်စွာစိုက်ကြည့်လိုက်ရင်း "တကယ်လား"
"တကယ်ပေါ့"
ထိုလက်များမှာ သူ၏ခေါင်းထက်သို့ ညှင်သာစွာတစ်ဖန်ကျလာပြန်၏။ သူ၏အရှေ့မှ လူသားရဲ့ ညင်သာသည့်အပြုံးက သူကလေးဘ၀က ဆာလောင်မှုကြောင့် အော်ဟစ် ငိုယိုနေချိန်တွင် သူ့အား နှစ်သိမ့်ချော့မြူပေးတတ်သော သူ့ ကလေးဘဝမှအစ်ကိုနှင့် တထေရာတည်းပင်။
"ရှောင်ရွှေ အစ်ကို ပြန်လာတာကိုစောင့်နေ..ဟုတ်ပြီလား"
"အစ်ကို ငါမင်းကိုစောင့်နေမှာပါ မင်း...ပြန်လာဖို့ သတိရရမယ်နော်"
သူက ဖူယွိ၏ဓါးကို ဆုပ်ကိုင်ထားလိုက်သည်။ ခရီးဝေးသွားမည့်ဓါးသမားတစ်ယောက်က သူ့ဓါးကိုပင် ယူမသွားခဲ့သည်ကို တွေဝေစွာစဥ်းစားမိသည်..သူတကယ်ပင် ပြန်လာနိုင်မည်လား...။
ဖူယွိမှာ ထွက်သွားချိန်တွင် အတော်လေးကိုတောက်ပရွှင်မြူးနေသော အမူအရာဖြင့် ထွက်သွားခဲ့ခြင်းပင်။ မထွက်ခွာမီ သူက ဖူမိသားစုအား အစေ့များများဝယ်ရန်နှင့် ရာသီချိန်ရောက်ပါက ပေါပေါများများဆွတ်ခူးနိုင်ရန်အတွက် ယင်းတို့အား လာမည့်နွေဦးတွင် စိုက်ပျိုးရန်တိုက်တွန်းခဲ့လေ၏။
ဤနေရာတွင်သာ အဆုံးသတ်သွားပါက ယင်းမှာပုံပြင်ငယ်လေးတစ်ပုဒ်ဖြစ်သွားပေလိမ့်မည်။ သို့သော်ငြား ကံမကောင်းစွာဖြင့် ပုံံပြင်လေးမှာ ထိုနေရာတွင် အခြားဖြစ်အင်တစ်ခုနှင့်ရောနှောပြီး ဇာတ်အရှိန်တက်သွားပေသည်။
ဖူယွိနှင့်အတူ တည်ဆောက်ပုံအားအကောင်အထည်ဖော်မည့် လူက ဖူမိသားစုလူကြီးများအား လာရှာကာ သီးသန့်ဆွေးနွေးချက်များပြုလုပ်ပြီးနောက် ရုတ်တရက်ပင် ဖူမိသားစုအား ငွေပမာဏများစွာချေးငှားပေးလာ၏။
_______
“အဖေ ဘယ်ကနေပိုက်ဆံအများကြီးရလာတာလဲ"
ဖူရွှေက သူ၏ဖခင်လုပ်မည့်အရာအား နားမလည်သဖြင့် မေးလိုက်သည်။
"ပိုက်ဆံတွေအများကြီးပဲ...အဲ့တာတွေနဲ့ဘာလုပ်တော့မလို့လဲ"
ဖခင်က ပြောလာသည်။ "အဲ့ဒီလူက အဖေတို့ကို ဒီနားတစ်ဝိုက်က နယ်မြေတွေအကုန်ဝယ်ဖို့ တောင်းဆိုထားတာ"
ဖူရွှေ : "ဝယ်ခိုင်းတယ် ဟုတ်လား..."
ဖခင်ဖြစ်သူက ခေါင်းညိမ့်ပြရင်း : "အဖေ အဲ့ဒီလိုခန့်မှန်းမိတာပဲ...ဖူယွိက သူတည်ဆောက်ပုံတစ်ခု ချထားချင်တယ်..ပြီးတော့ချပြီးရင် မြေပြင်ကနေ ကောက်ပဲသီးနှံတွေစိုက်ပျိုးနိုင်တော့မှာလို့ မပြောခဲ့ဘူးလား ..အဲ့လိုလုပ်ပြီးရင် နယ်မြေက ပိုပြီးတန်ဖိုးရှိလာမှာလေ.."
သူက လက်များအားပွတ်လိုက်ကာ သားအငယ်ဆုံးလေးနှင့် ဆွေးနွေးလိုက်သည်။
"မင်း အဲ့တာက သူတို့ဆိုလိုချင်တဲ့အရာလို့ မတွေးမိဘူးလား"
ဖူရွှေက သူ၏ဖခင်မျက်နှာထက်ရှိစိတ်အားထက်သန်မှုများအား ကြည့်ကာ ခဏကြာသည်အထိ မေးခွန်းအားဖြေနိုင်ခြင်းမရှိသည်အား ခံစားမိလိုက်ရသည်။ သူသည် ဖူယွီလောက် မြင့်မြတ်ခြင်းမရှိသည့်အပြင် သူ၏စိတ်ထဲရှိ အရေးအကြီးဆုံးအရာသည်လည်း သူ့ကိုယ်သူအား မည်သို့ဗိုက်ဝရန်လုပ်မည့်အရာပင်ဖြစ်၏။
“ပြီးတော့လေ အဲ့ဒီလူက အဖေတို့ကို ပိုက်ဆံအများကြီး ချေးပေးလိုက်သေးတယ်"
ဖခင်က ဆက်ပြောလေ၏ : "အဲ့ဒီပိုက်ဆံနဲ့သာဆို ပတ်ပတ်လည်မှာရှိတဲ့ နယ်မြေတွေကို ဝယ်ဖို့ လုံလောက်တယ်မဟုတ်လား...."
ဖူရွှေက အနည်းငယ် တုံ့ဆိုင်းမိသွားသော်လည်း အဆုံးတွင် အမှန်တကယ်ပင် သူသဘောတူလိုက်မိသည်။
"ဒါဆို ဝယ်ပါ"
ဝယ်..ဒီနေရာအနီးတဝိုက်မှာရှိသမျှ နယ်မြေတွေအားလုံးကိုဝယ်...။
ထို့အပြင် ယင်း တည်ဆောက်ပုံအားချခဲ့သည့် သူက သူ့အစ်ကိုဖြစ်တာကြောင့် သူတို့မိသားစုဖြင့် ထိုက်တန်ပေ၏...ဤသည်မှာ ဖူရွှေက သူ့ကိုယ်သူ အယုံသွင်းကာပြောနေသည့်စကားများပင် ဖြစ်၏။
သို့သော်ငြား လယ်သမားများကမူ ဖူမိသားစုက နယ်မြေများစွာဝယ်ယူရန် ငွေအမြောက်အများသုံးလိုက်၍ အံ့အားသင့်ကုန်ကြသည်။ ဆားပေါက်မြေမှာ တန်ဖိုးနည်း၍ ရောင်းချ၍ပင်မရနိုင်ချေ။ ယခုတွင်မူ တစ်စုံတစ်ယောက်က ဝယ်ချင်နေပြီး ဤသည်မှာသဘာဝအားဖြင့် ကောင်းမွန်သည့်အရာပင်ဖြစ်သည်။
ထိုနှစ် ဆောင်းရာသီတွင် နယ်မြေများမှာ တစ်ခုပြီးတစ်ခု ဖူမိသားစုလက်တွင်းသို့ လက်၀ယ်ကျရောက်သွားပေ၏။
“နောက်ပိုင်းနွေဦးရောက်လာတဲ့အချိန် ငါက အစေ့ချဖို့သွားခဲ့တယ်"
ဖူရွှေက လင်းရုဖေး၏မျက်နှာအား ရုန်းမထွက်နိုင်သည့် မှတ်ဥာဏ်တွင် ဖမ်းမိသွားသည့်နှယ် တဖြည်းဖြည်းမသေချာမရေရာ ရောထွေးမှုများနှင့်ကြည့်လာပြီး : "ငါအရင်က တစ်ခါမှလယ်မလုပ်ဖူးဘူး ဒါကြောင့် အစေ့တွေကို မှန်မှန်ကန်ကန်စိုက်ထားရဲ့လားလို့တောင် မသိခဲ့ဘူး...ဒါပေမယ့် ကိစ္စရှိပုံမပေါ်ပါဘူး ဘာလို့ဆို ရက်နဲနဲကြာတော့ မြေကြီးကနေအစိမ်းရောင်တောက်တောက်အညွန့်လေးတွေ ထွက်လာတယ်လေ...ဆားပေါက်မြေက ...ကောက်ပဲသီးနှံတွေ ကြီးထွားလာခဲ့တယ်..အဲ့တာက အရမ်း လှပတယ်..ငါအဲ့ဒီလို လှပတဲ့မြင်ကွင်းမျိုးကို အရင်က တစ်ခါမှမမြင်ခဲ့ဖူးဘူး ..မြေကြီးက မြစိမ်းရောင်လွှမ်းနေမယ့်အချိန်အထိ ရက်ပေါင်းတစ်ဒါဇင်လောက်ပဲကြာတယ် ..လေလေးတိုက်လိုက်တဲ့အချိန်ဆိုရင် ဂျုံစိုက်ခင်းတွေက လေနဲ့အတူယိမ်းပြီး ကျိုးတိုးကျဲတဲလေးတွေဖြစ်သွားတတ်တယ်...ပြီးတော့ အဲ့ဒီက ဝါစိုက်ခင်းတွေကလည်း လူ့တစ်ရပ်လောက် မြင့်လာတယ်လေ ..တစ်ယောက်ယောက်က နေရောင်အောက်က လယ်ကွင်းထဲမှာ တစ်နေ့လုံးလှဲနေရင်တောင် ငြီးငွေ့သွားမှာမဟုတ်ဘူး..."
ဖူရွှေက ဤအရာအားလုံးအား ပြန်လည်တွေးတောနေရင်းမှ သူ့အသံမှာ တဖြည်းဖြည်း အေးစက်လာသည် : "ကံမကောင်းစွာနဲ့ပဲ အဲ့ဒီလိုရှုခင်းအလှအပတွေကလည်း ငြီးငွေ့သွားဖို့အရမ်းလွယ်ကူလွန်းနေခဲ့တယ်လေ"