အပိုင်း ၉၆
Viewers 14k

Chapter 96


လင်းရုဖေးက မေးခွန်းထုတ်လိုက်သည် : "ခင်းဗျား အဲ့တာကို ငြီးငွေ့သွားတာလား"

"အဲ့တာကို ငြီးငွေ့သွားတာက သဘာဝပဲလေ မှန်တယ်မို့လား"

ဖူရွှေက နှာမှုတ်လိုက်ရင်း "ချမ်းသာတဲ့နေ့ရက်တွေကို မြင်ဖူးသွားတဲ့သူတွေက ကောက်ပဲသီးနှံစိုက်ခင်းအလှတွေကို စိတ်ဝင်စားနေဦးမှာလား"

သူက လက်မြောက်ကာ တောက်ပြောင်နေသည့်အစေခံများနှင့် အတွင်းသို့ဝင်မလာရဲကာ တံခါးတွင်ရပ်နေကြသော ကိုယ်လုပ်တော်များရှိရာတံခါးကိုညွှန်ပြလိုက်ရင်း "ကြည့်လိုက်...သူတို့အားလုံးက ဖူမိသားစုကတွေ ..သူတို့အားလုံးက ငါ့ရဲ့အစေခံတွေပဲ..ငါသူတို့ကို ..ရှင်လိုရှင် သေလိုသေ ခိုင်းလို့ရတယ်.."

သူကဤသို့ပြောရင်း ခံစားချက်အတိုင်း ဆိုလာ၏ : "ပြီးတော့ ဒီရွာ ဒီဝင်းထဲကြီးက ..မလှဘူးလား အဲဒီကောက်ပဲသီးနှံကွင်းတွေက ဒီအရာတွေနဲ့ ယှဥ်စရာကိုမရှိဘူး"

လင်းရုဖေးက ဖူရွှေအား ထူးဆန်းစွာကြည့်ပြီးနောက် အသံညင်းညင်းလေးဖြင့် ဆိုလိုက်သည် : "ငါမင်းစကားကို ငြင်းတာပြုတာလည်းမလုပ်ပါဘူး...မင်းက ဘာလို့အရမ်းတွေ စိတ်လှုပ်ရှားနေရတာလဲ"

ဖူရွှေက သက်ပြင်းချလိုက်သည်။

လင်းရုဖေးက မေးလိုက်၏။

"ဒါမဟုတ် မင်းလည်းတစ်ခုခုက အတော်လေးမူမမှန်ဖြစ်နေတယ်လို့ ခံစားနေရတာလား"

ဖူရွှေက လင်းရုဖေး၏မျက်လုံးများနှင့် ဆုံရန် မလိုလားသဖြင့် ခေါင်းကိုစောင်းကာ လွှဲဖယ်လိုက်လေ၏။

"ဆက်ပြော"

လင်းရုဖေးက ဆိုလိုက်သည်။

"မော့မော့က ဘယ်သူလဲ..ပြီးတော့ သူက မင်းနဲ့ဘယ်လိုပတ်သတ်လဲ"

“မော့မော့က အဲဒီလူ ခေါ်လာတဲ့ကလေး သူပြောတာက အဲ့တာက ငါ့အစ်ကိုရဲ့မျိုးဆက်တဲ့"

ဖူရွှေက ​တည်ငြိမ် အေးစက်စွာဆိုလာသည်။

"သူ့ရဲ့ ဆွံ့အနေတဲ့ပုံက ကြည့်ရတာ အတော်လေးစိတ်ပျက်စရာကောင်းတယ်...ဒါပြီးတော့...ဒါပြီးတော့..."

လင်းရုဖေး : "ဒါပြီးတော့ ဘာဖြစ်တာလဲ"

ဖူရွှေက ရှူးရှူးရှဲရှဲဖြင့်ဆိုလာသည်။

"အဲ့ဒါအပြင် ငါ့အစ်ကိုကြီးကလည်း လူလိမ်တစ်ယောက်ပဲ..သူက လာမယ့်ဆောင်းဦးနဲ့ ဆောင်းရာသီမှာ ပြန်လာမယ်လို့ပြောခဲ့တယ် ...ဒါပေမယ့် သူပြန်လာလို့လား..မလာဘူး...ငါသိနေတယ် သူကဖူမိသားစုလုပ်ထားတာတွေကို ကြိုက်မှာမဟုတ်ဘူး အဆုံးကြတော့ သူကလည်း ဖူမိသားစုဝင်ပဲလေ..ဘာကြောင့်သူက ငါတို့အပေါ်အထင်သေးရတာလဲ..ဘာကြောင့်သူ ..ပြန်မလာချင်ခဲ့တာလဲ.."

လင်းရုဖေးက မေးထောက်လိုက်ကာ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည့် ဖူရွှေအား ကြည့်လိုက်ရင်း : "မင်းကတကယ်ကို ထူးဆန်းတာပဲ"

ဖူရွှေက ပင့်သက်ရှိုက်ကာ သူ၏မျက်လုံးများမှာ နီရဲလာ၏။

“မင်းက သူ့ကို ပြန်လာစေချင်တာလား ဒါမှမဟုတ် သူ့ကို ပြန်မလာစေချင်တာလား"

လင်းရုဖေးက မေးလိုက်၏ : "မင်းကသူ့ကို သဘောကျတာလား..ဒါမဟုတ် သေလောက်အောင် မုန်းနေတာလား သူယူလာတဲ့အရာတိုင်းကို နှစ်သက်တာလား..ဒါမဟုတ် မုန်းတီးပြီးတော့ ကြောက်တောင်ကြောက်နေတာလား..."

ဖူရွှေမှာ မဖြေနိုင်တော့ချေ။

လူများတွင် ကောင်းခြင်းနှင့် ဆိုးယုတ်ခြင်းဟူသည့် ရိုးရှင်းသော ရည်ညွှန်းချက်မျိုးရှိပေသည်။

ဖူယွိသည်မှု ကွဲပြားသည်..သူက သန့်စင်သည့်ပုဂ္ဂိုလ်မျိုးပင်။ထိုသို့သောသူသာလျှင် ပြိုင်ဘက်ကင်းဓားသမားတစ်ယောက်ဖြစ်နိုင်ပေ၏။ သို့သော်ငြား ထိုသို့သောလူများမှာ အလွန်နည်းပါးလာကာ ရှားပါးလျက်ရှိပြီး ကျန်းဟူတစ်ခွင်ကြည့်မည်ဆိုပါက အနည်းငယ်သာရှိပေလိမ့်မည်။

ထို့အစား ကျန်းဟူတွင် ဖူရွှေကဲ့သို့ သာမန်လူများသာ များပြားလေ၏။

ဖူရွှေ : "ငါမော့မော့ကို မကြိုက်ပေမယ့် ငါသူ့ကို နှိပ်စက်တယ်လို့ မဆိုလိုဘူး..ဒါပေမယ့် မိသားစုအစေခံတွေက သူ့ကိုဂရုမစိုက်ကြဘူးလေ..ဒါကြောင့် သူက မတော်တဆ ပျောက်သွားတာ.."

လင်းရုဖေးက ထပ်မေးလိုက်သည်။ "ပျောက်သွားတာလား"

ဖူရွှေက ခေါင်းညိမ့်ပြသည်။ "ပျောက်သွားတာ"

လင်းရုဖေးက ဆိုလိုက်သည်။ "ဒါက မင်းအစ်ကိုရဲ့ တစ်ဦးတည်းသော မျိုးဆက်လေ..ပြီးတော့ သူက ဒီလိုမျိုးပျောက်သွားတယ်လား မင်းက သူ့ကိုရှာတောင်မရှာဘူးပေါ့လေ"

ဖူရွှေက တိတ်ဆိတ်နေကာ လင်းရုဖေး၏ အမေးအား မဖြေနိုင်ပုံပေါ်၏။

"အဲ့ဒီလိုမျိုးနဲ့ မင်းက မင်းအစ်ကိုပြန်လာဖို့ မျှော်လင့်နေသေးတယ်လား.."

လင်းရုဖေးက မေးခွန်းထုတ်လိုက်သည် : "သူ့ဓါးကိုယူ ...အဆက်အသွယ်ကောင်းကောင်းသုံးပြီးတော့ လူတွေကို ခြိမ်းခြောက်အနိုင်ကျင့်တယ်ပေါ့လေ...တကယ်တမ်းတော့ မင်းက သူ့ကို ပြန်မလာစေချင်ဘူးမလား"

“ပါးစပ် ပိတ်ထားစမ်း!"

ထိုစကားလုံးများမှာ ဖူရွှေ၏အဆုတ်ထဲသို့ ထိုးနှက်နေသကဲ့သို့ပင်။

သူက ဟိန်းဟောက်လိုက်ကာ လင်းရုဖေးအား ရပ်သွားစေရန် ထိုးပစ်ချင်လုနီးနီးပင် : "သူက ငါ့အစ်ကို ...ဘာကြောင့်ငါက သူ့ကိုပြန်မလာစေချင်ရမှာလဲ"

"ငါမှန်းကြည့်မယ်"

လင်းရုဖေးက ဖူရွှေအားကြည့်ရင်း သူ့အတွက် အနည်းငယ်သော သနားမှုတချို့ကို ခံစားလိုက်ရသည်။

"သူက ပြန်လာတဲ့အခါမှာ မင်းမှာရှိတဲ့အရာမှန်သမျှ ပျောက်ကွယ်သွားနိုင်လို့လား..လူတွေကိုအနိုင်ကျင့်ပြီး ရွာထဲမှာလုပ်ချင်သလိုလုပ်နေတယ်..မင်းနဲ့မင်းအစ်ကိုက တကယ်ကို ကွဲပြားတဲ့လူနှစ်ယောက်ပဲ"

ဖူရွှေမှာ ငြင်းဆန်ခြင်းမပြုနိုင်ဘဲ သူ၏နှုတ်ခမ်းမှာ ထိန်းချုပ်မရစွာ တွန့်ရှုံ့နေ၏။

“မင်းက သေရမှာကို ကြောက်နေတာမို့လား "

လင်းရုဖေးက ဆက်ပြော၏ : "ဖူယွိလိုမျိုးလူက ဓါးသိုင်းမလေ့ကျင့်ရင်တောင် မင်းဘဝတစ်သက် သူ့ကိုမှီနိုင်မှာမဟုတ်ဘူး"

ဖူရွှေက အော်လိုက်သည် : "တော်လိုက်တော့"

လင်းရုဖေးက ညင်သာစွာဆက်ပြောလေ၏ : "မင်းက သူ့ဓါးကိုထိဖို့တောင် မတန်ဘူး"

ဖူရွှေက ရုတ်တရက် အော်ပြောသည် : "တော်လိုက်တော့..မင်းဘာမှမသိပါဘူး..ဖူရွှေက အရှုံးသမား ဒါပေမယ့် သူပြန်မလာသရွေ့ ငါက ဖူယွိပဲ...ငါက ဖူယွိ"

သူက ဤကဲ့သို့ပြောနေရင်း နာကျင်မှုဖြင့် စတင်အော်ငိုတော့၏။သူသည်ကား ယခုတွင် မြေပြင်ထက်၌ အရိုးမရှိသော မြွေတစ်ကောင်ကဲ့သို့ လှဲနေပေ၏။

_____

လင်းရုဖေးက နားထောင်ရသည်မှာ ပင်ပန်းလာကာ သူ၏လက်နှင့် မျက်နှာဘေးဘက်အား ညင်ညင်သာသာ ပွတ်လိုက်၏။ ဖူရွှေကငိုနေသောကြောင့် ခဏကြာမျှစောင့်ဆိုင်းပြီးနောက် သူ၏စိတ်ခံစားချက်များမှာ ဗလာကျင်းစွာ ရှင်းလင်းသွားလျက် တွေးတွေးဆဆလေးမေးလိုက်၏။

"မင်း ဖူယွိနဲ့အတူ တည်ဆောက်ပုံကို အကောင်အထည်ဖော်ခဲ့တဲ့ လူကို မြင်ဖူးလား"

ဖူရွှေ : "ငါသူ့ကို အကြိမ်အနည်းငယ်လောက် မြင်ဖူးတယ်"

လင်းရုဖေး : "သူက ဘယ်လိုပုံစံမျိုးရှိတာလဲ"

ဖူရွှေက ပြန်ဖြေလိုက်သည် : "ငါသူ့ရဲ့ပုံပန်းသွင်ပြင်ကို မမြင်နိုင်ဘူး.."

သူက မျက်နှာထက်ရှိမျက်ရည်များအား သုတ်လိုက်ကာ ပင်ပန်းနွမ်းနှယ်မှုကြောင့် ခြေကုန်လက်ပန်းကျလျက်ဖြင့် : "သူက မျက်နှာမှာ ပိတ်စအဖြူပတ်ထားတာ..မျက်လုံးတစ်စုံပဲဖော်ထားတယ်..ဒါပေမယ့်.."

လင်းရုဖေးက မေးခွန်းထုတ်လိုက်သည် : "ဒါပေမယ့်...?"

"ဒါပေမယ့် သူ့လက်ထဲမှာ မြွေအမည်းတစ်ကောင်ရှိတယ်"

ဖူရွှေက ဖြေလိုက်သည်။ "အဲ့ဒီမြွေက ကြောက်စရာကြီး သူ့ကိုယ်ပေါ်မှာ ခွေနေတာ"

လင်းရုဖေးမှာ ချက်ချင်းပင်စိတ်ဝင်စားလာကာ အသေးစိတ်မေးတော့၏။ သို့သော်ငြား ကံဆိုးစွာဖြင့် ဖူရွှေသည် ထိုလူအားမသိပေ..သူက ထိုလူအား အကြိမ်ရေအနည်းငယ်ခန့်သာမြင်ဖူးကြောင်းသာ ပြောနိုင်၏။ မော့မော့အား ပြန်ပို့လာသောသူမှာလည်း ထိုလူပင်ဖြစ်ကာ ထိုအချိန်၌ မော့မော့မှာ အလွန်ပိန်လှီနေပြီး အရူးတစ်ယောက်ကဲ့သို့ပင်အထင်မှားမိစေ၏။ ဖူရွှေက မော့မော့အား မကြိုက်ရသည့်အကြောင်းအရင်းသည်ကား သူက သူကိုယ်သူအားကြည့်မိသည့်အခါ အားနည်းသည်ဟုခံစားရပြီး ဤကလေးတွင် သူ့အစ်ကို၏အရိပ်အား မြင်နိုင်သကဲ့သို့ ခံစားနေရ၍ပင်။

ဤခံစားချက်မှာ အလွန်ကို ဆိုးဝါးပေ၏၊ တမင်တကာဖြင့်ပင် သူက ဤကလေးအား အေးတိအေးစက် စတင်ဆက်ဆံလာတော့၏။ ထို့နောက် မော့မော့ပျောက်သွားသောအချိန်တွင် သူက ပူပန်ရမည့်အစား စိတ်သက်သာရာရသွားသည်။

မော့မော့သည်ကား သူ့ကိုယ်သူပျောက်သွားခြင်းဖြစ်ကာ သူ၏အမှားမဟုတ်ဟူ၍ ဖူရွှေက သူ့ကိုယ်သူဤသို့ ပြောဆိုနေခဲ့ပေသည်။

လင်းရုဖေးက လမ်းဘေးတွင် အစာတောင်းနေသည့် မော့မော့၏ပုံသဏ္ဌာန်လေးအား သတိရလာ၏။ သူက မျက်မှောင်ကြုတ်လျက်နားထောင်နေပြီး လူသားသဘာဝရှိ ကောက်ကျစ်စဥ်းလဲမှုများမှာ ပုံမှန်နည်းဖြင့် တွေးတော၍မရနိုင်ကြောင်း ခံစားမိလာသည်။ တစ်နည်းအားဖြင့် ပို၍စဥ်းစားလာလေလေ ပို၍စက်ဆုပ်ဖွယ်ကောင်းလာလေလေဟုသာ ခံစားလာသည့်အတွက်ဖြစ်ပေ၏။

ဖူရွှေမှာ စကားပြောလာရင်းမောပန်းလာကာ သူ၏နှုတ်ခမ်းများအား မလျက်ရမနေနိုင်သည်အထိဖြစ်လာ၏။ သူက လင်းရုဖေးအတွေးထဲနစ်မြုပ်နေသည်အား တွေ့လိုက်သောအခါ တွန့်ဆုတ်စွာဖြင့် ပြုံးပြလာပြီး : "လင်းကုန်းဇီ..ငါလက်ဖက်ရည်တစ်ခွက်လောက် သောက်ချင်တယ်"

လင်းရုဖေးက သူ့အား စောင်းကြည့်လိုက်ကာ:"လက်ဖက်ရည်သောက်ချင်တယ်လား"

“ငါ...စကားပြောရတာ နဲနဲပင်ပန်းနေပြီ" ဖူရွှေက ရှက်ရွံ့စွာပြောလာ၏။

လင်းရုဖေး : "ဒါလေးကို ပင်ပန်းနေတာလား"

သူက ဖွဖွပြုံးလိုက်ကာ : "ငါ မင်းကို ခဏနေတုန်းက ခုန်ကျော်လာပြီး ငါ့ကို ရိုက်ချင်နေတာကို တွေ့လိုက်ပါတယ် ငါတော့ မင်းပင်ပန်းနေတယ်လို့ မထင်မိပါဘူး...အာ..."

ဖူရွှေသည် လင်းရုဖေးက သူ့အားမျက်နှာသာပေးလိမ့်မည်မဟုတ်မှန်း သိလိုက်ရ၏။ သူက တစ်ခုခုပြောချင်သေးသော်လည်း ပြန်၍မြိုချလိုက်ရကာ တွေဝေစွာဖြင့် မြေကြီးပေါ်တွင်သာဆက်ထိုင်နေလိုက်သည်။

သိသင့်သည့် ကိစ္စများအား သိလိုက်ရပြီးသည်တွင် ဤဖူရွှေသည်လည်း အသုံးမလိုတော့ချေ။ မော့မော့၏ကိစ္စကြောင့် ထိုသူ့အားလင်းရုဖေးသည် မနှစ်မြို့စွာကြည့်မိသော်ငြား သူ့ဘဝအားယူလောက်သည်အထိ မဖြစ်သေးချေ။ ထပ်ပြောရသော် ဖူမိသားစုမှာ ဖူယွိအားဆန့်ကျင်၍ လျှို့ဝှက်ကြံစည်နိုင်ခြင်းမရှိပေ။ အများဆုံးအနေဖြင့် ငွေများ ထပ်ကာ ထပ်ကာစုဆောင်းရင်း သူတို့ဘေးပတ်လည်ပတ်၀န်းကျင်ရှိလူများကို ဖျစ်ညှစ်ထားရုံ[1]သာတတ်နိုင်ပေသည်။

လင်းရုဖေးက သူထွက်သွားနိုင်ကြောင်း လက်ယမ်းပြလိုက်သည်။ဖူရွှေက အခြေအနေအားမြင်သည်နှင့် အလွန်ပင် ပျော်ရွှင်သွား၏။ သူက ထိတ်ထိတ်ပျာပျာဖြင့်ပင် အပြင်ဘက်သို့သွားရန်ပြင်လိုက်သော်လည်း လမ်းတစ်ဝက်၌ လင်းရုဖေးတားတာကိုခံရပြန်သဖြင့် ကြောက်ရွံ့မှုကြောင့် အေးခဲသွားသည်။

“လင်း..လင်းကုန်းဇီ"

ဖူရွှေက နေရာတွင်ပင် တောင့်သွားကာ မေးလာ၏။

"ဘာကြောင့် ဖူမိသားစုကျေးရွာမှာ ပန်းလေးတစ်ပွင့် အပင်လေးတစ်ပင်တောင်မရှိရတာလဲ"

“ဒါက..ဒါက ငါမသိဘူး.."

ဖူရွှေက ခေါင်းခါပြကာ : "မြက်ပင်တွေ သစ်ပင်တွေအတွက် အစေ့တွေ မကျန်ခဲ့လို့ ဖြစ်မှာပေါ့"

လင်းရုဖေးက သူမသိသည်အားတွေ့သောအခါ သွားနိုင်ပြီဖြစ်ကြောင်း အချက်ပြလိုက်၏။ ဖူမိသားစုကျေးရွာတွင် မြက်တစ်ပင်၊ သစ်ပင်တစ်ပင်မျှပင်မရှိခြင်းမှာ တခြားသောအကြောင်းပြချက်ကြောင့်လည်း ဖြစ်နိုင်ကာ ထိုသို့မဟုတ်ပါက အနည်းဆုံးပေါင်းပင်အချို့အား မြင်တွေ့ရလိမ့်မည်ပင်။ လင်းရုဖေးက တွေဝေစဥ်းစားနေသဖြင့် သူ့ဘေးရှိ အနားယူနေသည့် ပုံမပေါ်သော ကုရွှမ်းတုအား သတိမထားမိပေ။

တစ်ခုခုက သူ့အား စိတ်ခံစားချက်အရ ရန်စနေသည့်ပုံပေါ်နေ၏။

ယခုလက်ရှိလေးမှ ရန်ပွဲကြောင့် အခန်းမှာရှုပ်ပွနေသော်ငြား မည်သူမှ သန့်ရှင်းရေးလုပ်ရန် ဝင်မလာရဲချေ။

----

လင်းရုဖေးက နောက်ဆုံးထွက်ခွာလာမှသာ ဖူမိသားစုရှိလူတိုင်းမှာ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့၏။

အစေခံတစ်ဦးက ခပ်တောင့်တောင့်ဖြင့် ရောက်လာကာ မေးလေ၏ : "လင်း လင်းကုန်းဇီ.. မနက်ဖြန်ထွက်သွားတော့မှာပါလား ကျွန်တော်တို့ ရထားလုံးက အဆင်သင့်ဖြစ်နေပါပြီ..သခင်လေးဘာများ..."

လင်းရုဖေးက သူ့အားတစ်ချက်စွေကြည့်လိုက်သည်နှင့် သူက အမြန်ပင် အသံတိတ်လိုက်ရင်း ရှက်ရွံ့စွာ တိုးတိုးပြောလာသည် : "တောင်းပန်ပါတယ်..တောင်းပန်ပါတယ် သခင်ကြီးက မေးဖို့ ကျွန်တော့်ကို ပို့လိုက်လို့ပါ"

ယခင်က ဖူမိသားစုက လင်းရုဖေးအား ရန်မစနိုင်သည့် မြင့်မြတ်သည့်ဧည့်သည်အနေနှင့်သာ ဆက်ဆံခဲ့ပါလျှင် ယခုတွင်မူ လင်းရုဖေးက သူတို့မျက်လုံးထဲ၌ လူများအားစိတ်ရှိသလိုသတ်ဖြတ်ပစ်နိုင်သည့် ငရဲမင်းကြီးဖြစ်လာသည်ပင်။ ကိစ္စအားလုံးပြီးသွားသည်အထိ ဖူမိသားစုရှိလူအများစုမှာ ဖူရွှေ၏အကြောင်းအား မသိကြသေးချေ။ သူတို့၏ယူဆချက်အရ လင်းရုဖေးမှာ သူ့ဓါးအားဆွဲထုတ်ရန်ပင်မလိုအပ်ဘဲ ကျင့်ကြံခြင်းအဆင့်ခြောက်ရှိသူ ဖူယွီအား ထက်ခြမ်းပိုင်း၍သေသွားစေနိုင်သည်အထိ ရိုက်ချလိုက်နိုင်ခြင်းပင်။ ဤသည်မှာ ရိုးရိုးရှင်းရှင်းဖြင့် ကြောက်စရာကောင်းလွန်းလှ၏။

လင်းရုဖေးက ရှင်းပြခြင်းမရှိသလို ထိုသူတို့၏တုန်ယင်နေသည့်သဏ္ဌာန်အား ကြည့်ရင်းဖြင့် ပျော်မြူးလာသည်ဟုခံစားနေရသည်။

သူက ဖြေးညှင်းစွာဖြင့် ဂရုတစိုက် မေးလိုက်သည် : "ရထားလုံးက အဆင်သင့်ဖြစ်နေပြီလား"

“အဆင်သင့်ပါပဲ ..အဆင်သင့်ပါပဲ.."

အစေခံက လျင်မြန်စွာပင် ပြန်ဖြေလာ၏။

"အို့ ..ဒါဆို မင်းက မလိုတာတွေအတွက် ပြင်ထားတာပဲ"

လင်းရုဖေးက ပေါ့ပေါ့ပါးပါးလေးပြုံးပြရင်း : "ငါ ထွက်သွားဦးမှာမဟုတ်ဘူး"

အစေခံလေးများ : "......."

“ဖူမိသားစုရဲ့ ဒီအကြီးဆုံးသခင်ငယ်လေးက ပြန်လာရုံပဲရှိသေးတာလေ...ပြီးတော့ ငါက အိမ်ယာအကြီးကြီးထဲက ရှုခင်းတွေကိုလည်း ၀အောင် မကြည့်ရသေးဘူးလေ...ဒီလိုမျိုးထွက်သွားရတာက အရမ်း သနားစရာမကောင်းလွန်းဘူးလား"

လင်းရုဖေးက ဖူရွှေအား ယင်းအတိုင်း ပြောပြရန် အစေခံလေးများအား တောင်းဆိုလိုက်သည် : "မင်းတို့ရဲ့အကြီးဆုံးသခင်ငယ်လေးကို ပြောလိုက်..လင်းကုန်းဇီက ရှုခင်းတွေကနေဖမ်းစားခံလိုက်ရတာမို့ မထွက်သွားခင် ဒီနေရာမှာ တစ်နှစ်ခွဲလောက်နေဖို့ ဆန္ဒရှိတယ်လို့လေ..."

အစေခံက သူ၏စကားလုံးများကြောင့် ခါးသက်စွာပြုံးလိုက်ချင်မိသော်ငြား ယင်းအား မပြသရဲချေ။ သူက လှည့်ထွက်သွားလေ၏။

လင်းရုဖေးက ထိုသူ၏ဝမ်းနည်းနေသည့် မျက်နှာအားကြည့်ရင်း မရယ်ဘဲမနေနိုင်ချေ။

သူက သူ့ဘေးရှိကုရွှမ်းတုအား ပြောလိုက်သည် : "ဒီလို အကြိုဆိုမခံရတဲ့ ဧည့်သည်မျိုးဖြစ်ရတာ ကျွန်တော့်အတွက် ပထမဆုံးအကြိမ်ပဲ"

ကုရွှမ်းတု : "မင်းက လူတွေကို ခြောက်နေတာကိုလည်း ထည့်တွက်ဦးလေ"

သူက ထိုသို့ပြောလိုက်သော်လည်း လင်းရုဖေးနှင့်အတူ လိုက်ပါရယ်မောနေလေ၏။

ရယ်မောပြီးနောက် လင်းရုဖေး၏ မျက်နှာကတည်သွားပြီး : "ကျွန်တော်တို့က ဖူယွိရဲ့လက်ရှိအခြေအနေနှင့်ပတ်သတ်ပြီး သေချာသွားပြီဆိုတော့ သူ့ကို အရင်ဆုံး ဒီကနေခေါ်ထုတ်ရမလား ... ပြောရရင် သူ့ရဲ့ အနှိုင်းမဲ့စိတ်ဝိဥာဥ်ကို ပြန်ဆင့်ခေါ်ဖို့ တခြားနည်းလမ်းများ မရှိနိုင်ဘူးလား"

ကုရွှမ်းတုက တုံ့ပြန်လိုက်သည် : "နည်းလမ်းတစ်ခုတော့ရှိတယ် ဒါပေမယ့် ကိုယ် တို့မစခင် တိတိကျကျ အခြေအနေတစ်ခုကို မြင်ဖို့လိုသေးတယ်"

လင်းရုဖေးက ကုရွှမ်းတုတွင် နည်းလမ်းရှိသည်ကို သိလိုက်သည်နှင့် တွေးတွေးဆဆဖြင့် မေးလိုက်သည်။

"ဥပမာတစ်ခုလောက်ပေးပါလား"

ကုရွှမ်းတု : "ဥပမာအနေနဲ့ သူ့ရဲ့စိတ်ဝိဥာဥ်က ပြန်မလာချင်ဘူးဆိုရင်ပေါ့"

လင်းရုဖေးက သိချင်စိတ်ဖြစ်စွာဖြင့် ထပ်မေး၏။

"သူက ပြန်မလာချင်ဘူးတဲ့လား"

ကုရွှမ်းတုက ခေါင်းခါပြကာ စကားစဖြတ်လိုက်သည်။

လင်းရုဖေးက တစ်ခုခုအား သတိထားမိသွားပြီး ဆက်​မေးပြန်၏။

"ခင်ဗျား သဲလွန်စတစ်ခုခုများ သတိထားမိခဲ့တာလား"

ကုရွှမ်းတုက မျက်တောင်တဖြတ်ဖြတ်ခပ်လိုက်ရင်း : "ဟင့်အင်း..."

လင်းရုဖေး : "အကြီးအကဲ....."

ကုရွှမ်းတု : "ကိုယ်တကယ်ကို မသိဘူး"

လင်းရုဖေးက မျက်နှာတည်တည်ဖြစ်သွားကာ : "ခင်ဗျား ကျွန်တော့်ကို ပြောပြရင် နောက်တစ်ကြိမ်ကျ ဒိုင်းအကာအကွယ်ကို မသုံးတော့ဘူး"

ကုရွှမ်းတု၏ မျက်နှာမှာ ​အံ့သြမှုကြောင့် အရောင်တလက်လက်ဖြစ်သွားပြီး ချက်ချင်းပင် မေးလာ၏။

"မင်း သေချာလား"

လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်သည်။

ကုရွှမ်းတုက သက်ပြင်းချလိုက်ကာ : "ဟုတ်ပြီ ..တကယ်တော့ အဲ့ဒီမော့မော့ ကိုယ်သူ့ကို ခန့်မှန်းတာ နည်းနည်း လွဲသွားခဲ့တယ်"

“ဘာက ခင်ဗျားကို အဲ့လိုပြောစေတာလဲ"

လင်းရုဖေးက မျက်မှောင်ကြုပ်လိုက်သည်။

“သူက ဖူယွိနဲ့ ဆက်စပ်နေတာဖြစ်ရမယ်"

ကုရွှမ်းတုက ဆိုလိုက်သည်။

လင်းရုဖေးက သိချင်လာ၏။

"သူက ဖူယွီရဲ့သား မဟုတ်ဘူးလား"

ကုရွှမ်းတုက ခေါင်းခါပြကာ : "အဲ့တာထက် ပိုနိုင်တယ်"

လင်းရုဖေးက သူ၏ကောက်ချက်ချမှုအား ကြားရာတွင် သူက တစ်ခဏမျှ သေသေချာချာ တွေးဆလိုက်သည်။ ထို့နောက် လင်းရုဖေးက တွေဝေနေသည့်ဟန်ပြလာပြီးနောက် ကုရွှမ်းတုရဲ့ ခန့်မှန်းချက်မှာ ဖြစ်နိုင်ချေမရှိသလို ခံစားလိုက်ရသည်။

"ဒါက.....အရမ်း..."

ကုရွှမ်းတုက သက်ပြင်းချလိုက်ကာ : "မှန်တယ်မို့လား"

ဤသည်ကား အလွန်ပင် ခက်ခက်ခဲခဲဖော်ထုတ်လိုက်ရသည့် အမှန်တရားပင်...။

မသိသည်က ပိုကောင်းသေး၏။


****

စာရေးသူမှာပြောစရာရှိတယ်~

ကုရွှမ်းတု : ကိုယ့်အတွက် ရှောင်ကျို့လေး အကာအကွယ်မသုံးစေဖို့အတွက် ပြသနာတွေအများကြီး ဖြတ်ကျော်ခဲ့ရတယ်...

လင်းရုဖေး : အကာအကွယ်သုံးတဲ့ ဓါးသမားတစ်ယောက်[2]က အတော်လေး မကောင်းဘူးလား...

ကုရွှမ်းတု : ......ပေါင်ပေ့.....ကိုယ်မှားသွားပါတယ်

─────────────────────────────────────────────────

[1]ဘေးပတ်၀န်းကျင် ဆီကနေ တန်ကြေး/ ပိုက်ဆံကို ဖျစ်ညှစ်ခြင်းပါ

[2]"ဓါးသမား" 剑人 အတွက် စကားလုံးက ဆဲတဲ့စကား(ခွေးမ)နဲ့အသံထွက်ဆင်တယ်...ဒီနေရာက အပိုင်းက 剑人持盾 ပါ..တည့်ပြန်ရရင် "ဓါးသုံးတဲ့ဓါးသမား"ဒါပေမယ့် 持盾 စကားလုံးကလည်း 迟钝 လို့အသံထွက်ပါတယ်(ပင်းယင်းနဲ့ tonationအတူတူပါပဲ)"နှေးကွေးသော"လို့အဓိပ္ပါယ်ရပါတယ်...ဒါကြောင့် စကားစုလိုက်အသံထွက်မယ်ဆို"နှေးလိုက်တဲ့ ခွေးမ.."လို့အဓိပ္ပါယ်ရပါတယ် သနားစရာကောင်းလိုက်တဲ့ GXD 🤦‍♀️🤦‍♀️ ↩

___


Translated By IQ-Team.