Chapter 97
ငါပြန်လာပြီ
-----------------------
လင်းရုဖေး၏နှာဖူးမှာ မျက်ခုံးနှစ်ခုထိကပ်မတတ်တွန့်ကြုပ်နေသည်။ သူက အိပ်ဆောင်တော်သို့ ပြန်လာသည်ထိတိုင် စကားတစ်လုံးမျှ မပြောချေ။
ဝင်းထဲတွင်မူ ဖူဟွားမှာ မော့မော့နှင့် ကစားနေဆဲပင်။ မော့မော့က ဖူဟွားလက်များအကြားတွင် လှဲနေကာ မြေပြင်ပေါ်တွင် လိမ့်နေသော ဘောလုံးလေးအား စူးစိုက်စွာစိုက်ကြည့်နေပေသည်။
လင်းရုဖေးက ဤသည်အား သတိထားမိသွားရာ သူက ဘောလုံးမည်သည်မှရောက်လာသနည်းဟု ပုံမှန်အတိုင်းမေးလိုက်၏။
ဖူဟွားက ပြန်ဖြေလိုက်၏။
"ဒါက ဖူမိသားစုရဲ့ အငယ်ဆုံးသခင်လေးဆီကနေ အထူးပို့လိုက်တာပါ မော့မော့ကတအား ကြိုက်နေတာကိုတွေ့တာနဲ့ သိမ်းထားပေးလိုက်တာ"
လင်းရုဖေးက မေး၏။ "သူက ဘာလို့ ရုတ်တရက် အရုပ်တစ်ခုပို့ဖို့ တွေးမိတာတဲ့လဲ"
ဖူဟွားသည်လည်း အမှန်ပင် မသိချေ။
"သူပြောတာ..မော့မော့ပျင်းနေမှာစိုးလို့တဲ့...."
မော့မော့မှာ အမှန်ပင် နွယ်ရက်ဘောလုံးလေးအား ကြိုက်နှစ်သက်သော်ငြား လင်းရုဖေးက သူ့လက်ဆန့်ထုတ်လာသည်ကို မြင်သည့်အခါ ကြောက်ရွံ့သည့်ပုံပြလာ၏။
"လာပါ..တော်လိုက်တဲ့မော့မော့လေး..ဒီကိုလာပြီး ဖက်ပါရစေဦး"
လင်းရုဖေးက သူ့အားလက်ယပ်ခေါ်လိုက်၏။
မော့မော့က တစ်ခဏမျှတုံ့ဆိုင်းသွားပြီးနောက် သူ့ရဲ့ ပထမဆုံးတုန့်ပြန်မှုမှာ ဖူဟွားအား ကြည့်လိုက်ခြင်းဖြစ်သည်။ သူက ဖူဟွားမှ အားပေးတိုက်တွန်းနေသည့်ဟန်အား တွေ့လိုက်မှသာလျှင် လင်းရုဖေးထံ ဂရုတစိုက်လက်ဆန့်တန်းလာ၏။ မသိလိုက်စွာနှင့်ပင် မော့မော့အား အမြဲဂရုစိုက်ပေးသည့် ဖူဟွားက အနှီကောင်ငယ်လေး၏ နှလုံးသားလေးထဲတွင် သူ မကြောက်နေစေရန် အားပေးတတ်သည့် နွေးထွေးသူကြီးဖြစ်သွားသည်။
လင်းရုဖေးက မော့မော့၏လက်ကလေးအား ဆုပ်ကိုင်လိုက်ပြီး သူလေးအား သူ၏လက်မောင်းထဲသို့ ဆွဲယူလိုက်သည်။ မော့မော့မှာ အမှန်ပင်ပေါ့ကာ သနားစဖွယ်ကြောင်ပေါက်လေးနှယ် လူကို အတော်လေးဂရုဏာသက်စေမိ၏။
သူက သနားစရာကောင်းတဲ့ ကောင်ငယ်လေးလေ..သူက တကယ်ပဲ ဖူယွိနဲ့ ခွဲခြားလို့မရနိုင်သည့် ဆက်နွယ်မှုမျိုး ရှိပါ့မလား.....။
လင်းရုဖေးမှာ မည်သို့ပင် ပြောရမည်မှန်း မသိတော့ချေ။
မော့မော့အား ခဏအကြာမျှ ထွေးပွေ့ထားပြီးနောက် လင်းရုဖေးက သူ့အားဖူဟွားထံပြန်ပေးကာ အခန်းဆီသို့ တစ်ယောက်တည်း ပြန်သွားလိုက်သည်။ သူက ချောင်းနိမ့်နိမ့်ဆိုးလိုက်ချိန်တွင် ခပ်ယဲ့ယဲ့လေးဖြင့် လဲကျတော့မည့်ပုံပေါ်နေ၏။
ကုရွှမ်းတုက သူသက်တောင့်သက်တာမရှိသည်အား သတိထားမိသွား၍ သူ့အတွက် လက်ဖက်ရည်ပူပူလေးတစ်ခွက် ငှဲ့ပေးလာသည်။
လင်းရုဖေးက လက်ဖက်ရည်ခွက်အား ကောက်ကိုင်လိုက်ကာ နှစ်ကျိုက်မျှသောက်လိုက်လေသည်။
သူက လည်ချောင်းယားနေတာ သက်သာလာသည်နှင့် တိုးတိုးလေးဆိုလိုက်သည်။
"ဖူယွိသာ ဖူမိသားစုလုပ်ခဲ့တာကို သိလို့ကတော့ ပထမဆုံးအနေနဲ့ အဲ့ဒီဆုံးဖြတ်ချက်ကိုချခဲ့မိတဲ့အတွက် နောင်တရသွားလိမ့်မယ်လို့ ခင်ဗျားထင်လား"
ကုစွှမ်းတုက သူသည်လည်း မသိကြောင်းပြရန် ခေါင်းခါပြလေ၏။
“ကျွန်တော်ထင်တာကတော့ သူနောင်တရသည်ဖြစ်စေ..မရသည်ဖြစ်စေ...အဲ့ဒါက နောင်တရဖို့ အခွင့်အရေးရှိဦးမှလေ.."
လင်းရုဖေးက ဆက်ပြောသည်။
"မကောင်းတဲ့အရာတွေလုပ်တဲ့ အုပ်စုတစ်ခုတစ်ခုကြီးလိုဖြစ်နေတဲ့ ဒီဖူမိသားစုထဲမှာ ကောင်းတဲ့လူလည်း ရှိမှာပါ...ကျွန်တော်တို့က လူကောင်းတွေကို သနားစရာကောင်းအောင် အဆုံးသတ်ခွင့်မပြုနိုင်ဘူးလေ..."
သူက ညင်သာစွာအသက်ရှုသွင်းလိုက်ချိန်တွင် ချောင်းဆိုးမှုကြောင့် ပုခုံးများကပါ လှုပ်ခါလာ၏။
"အကြီးအကဲလည်း အဲဒီလို တွေးထားတယ်မို့လား"
ကုရွှမ်းတုက ညင်သာစွာ ဆိုသည်။
"ရှောင်ကျို့ပြောသမျှ အကုန်မှန်တယ်"
"အခုက အရေးအကြီးဆုံးပြဿနာက ဖူယွိရဲ့အနှိုင်းမဲ့စိတ်ဝိဥာဥ်က သူ့ကိုယ်ထဲကို ပြန်မလာချင်မှာကိုပဲ စိုးရိမ်မိတယ်"
လင်းရုဖေးက ဆက်၍ဆိုသည်။
"ဒါပေမယ့် မော့မော့ကို ကြည့်ပြီး ကျွန်တော်တို့အနည်းဆုံးတော့ စမ်းကြည့်ရမယ်လို့ ကျွန်တော် တွေးမိတယ်"
"အဲ့ဒါဆိုရင်...စမ်းကြည့်ကြတာပေါ့"
ကုရွှမ်းတုက လင်းရုဖေးအား တိုတိုတုတ်တုတ်ပြောကာ သဘောတူလိုက်၏။
"မင်းလုပ်ချင်တဲ့အရာတိုင်း ကိုယ်မင်းနဲ့အတူလိုက်လုပ်ပေးမယ်"
လင်းရုဖေးမှာ သူ၏နှုတ်ခမ်းများအား အပြုံးလေးတစ်ပွင့်ဖြစ်လာသည်အထိ ကော့ညွတ်လိုက်ပြီး : "ကောင်းပါပြီ"
ထို့ကြောင့် အကြောင်းအရာမှာ အတည်တကျဖြစ်သွားလေသည်။
နေက အပြင်တွင် မပူသေးသဖြင့် လင်းရုဖေးက မထွက်မီပို၍နေအေးသည်အထိစောင့်ရန် အစီအစဥ်ချထား၏။ ယွီရွေ့က လင်းရုဖေးအခန်းထဲတွင်ရှိနေဆဲဖြစ်သည်အား အခွင့်ကောင်းယူကာ ကျိုချက်ထားသည့် ဆေးခါးကို အမြန်ယူလာကာ လင်းရုဖေးအား ပြင်ပေးလေ၏။
လင်းရုဖေးက ဆေးအား လျှို့ဝှက်စွာ သွန်ထုတ်ပစ်ချင်ပါသော်လည်း ယွီရွေ့မှာ လင်းရုဖေးမသောက်သေးသ၍ ထွက်သွားမည်မဟုတ်ကြောင်းဆိုလာသည်။ အဆုံးသတ်တွင်မူ လင်းရုဖေးက နှာခေါင်းအားညှစ်၍ မျက်နှာမသာမယာဖြင့် သောက်လိုက်ရသည်။ သောက်ပြီးသည်နှင့် သူက စတင်တိုင်တန်းတော့သည်။သူက ဆေးသောက်သည်ဖြစ်စေ၊ မသောက်သည်ဖြစ်စေ ဖျားလေ့ရှိတတ်ကာ အဆုံးတွင်ဖြင့် သူ ပြန်ကောင်းလာရန်အတွက် ရက်အနည်းငယ်ကြာဦးမည်ဖြစ်ကြောင်း အထွန့်တက်လိုက်၏။
ယွီရွေ့က ဆေးရည်ပန်းကန်လုံးအား သိမ်းဆည်းနေရင်းဖြင့် လင်းရုဖေးအား သူမ၏သခင်လေးဖြစ်သူမှာ အသက်ကြီးပြီဖြစ်သော်လည်း ဆေးခါးအား ကြောက်နေဆဲဖြစ်သည်ဟုပြောကာ ရယ်မောလာသည်။
လင်းရုဖေးမှာ သူ၏ကုလားထိုင်တွင် နုံးချိစွာဖြင့် လှဲလျောင်းရင်းဖြင့် သူ အသက်ခြောက်ဆယ်အရွယ်အထိ ဤအရာအား မသောက်ရပါစေနှင့် ဟူသာ ညီးညူလိုက်တော့သည်။
ယွီရွေ့က နားထောင်နေရင်း ပျော်မြူးစွာ တခစ်ခစ်ရယ်မောပြီး လင်းရုဖေး၏ပါးစပ်အား စိုစိုစွတ်စွတ်ဖြစ်သွားစေရန် သကြားလုံးနှင့် ဇီးသီးအချဥ်တစ်ပန်းကန်အား ယူလာပေး၏။
လင်းရုဖေးက ဇီးသီးပန်းကန်အား မထိချေ။ သူက ကုလားထိုင်တွင် ကျုံ့ကျုံ့လေးထိုင်လျက်ဖြင့် မှိုင်တွေကာ အိပ်ပျော်သွားတော့သည်။ ကုရွှမ်းတုက သူ့အား တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ဘေးတွင်ရပ်ကြည့်နေသည်။ သူအရှေ့ရှိ လင်းရုဖေးနှင့် သိပ်မကြာခင်က ဖူရွှေအရှေ့မှ လင်းရုဖေးမှာ မတူညီသည့် လူနှစ်ယောက်ကဲ့သို့ပင်။ သူက လရောင်ဖြူဝတ်စုံအား ဝတ်ဆင်ထားကာ အနက်ရောင်ဆံနွယ်များမှာ မချည်နှောင်ထားရုံသာမက ရိုးရိုးရှင်းရှင်း သစ်သားဆံထိုးလေးဖြင့်ထုံးဖွဲ့ကာ ပုံးကွယ်နေသည့် လည်တိုင် ဖြူဖြူသွယ်သွယ်လေးအား ပြထားလေ၏။
သူက အမှန်ပင် နက်မှောင်နေသည့်ဆံပင်နှင့် နှင်းဖြူရောင်အသားအရေရှိသည့် အလှလေးဖြစ်ကာ အလွန်ပင် မျက်လုံးဖမ်းစားထားနိုင်သည်။ လင်းရုဖေး၏ အသားရောင်မှာ လွန်စွာဖျော့တော့သောကြောင့် သူ့ကိုယ်ထက်ရှိ အားလုံးထဲတွင် မျက်၀န်းအရောင်လေးမှာ မျက်လုံးဖမ်းစားစရာအကောင်းဆုံးဖြစ်နေပေသည်။
မဲနက်နေသည့်အတောင်များနှယ် ထူစိပ်နေသော မျက်တောင်ရှည်ရှည်လေးကြောင့်ပဲလား ...အရောင်ဖျော့ဖျော့ နှုတ်ခမ်းများကြောင့်ပေလား ...သူ၏ပုံစံလေးမှာ ရေထဲတွင်နစ်နေသည့် ကျောက်စိမ်းပျော့နှယ် ကြည်လင်ပေါ့ပါးနေသည်။ အတော်အတန် အေးစက်သည်ဟု ထင်ရသော်ငြား ဆုပ်ကိုင်လိုက်သည့်အခါ အေး၍မနေချေ...သူက အမှန်ပင် နွေးထွေးမှန်း နားလည်လိုက်ကြပေလိမ့်မည်။
မည်သူက ထိုကဲ့သို့ ချစ်စရာကောင်းသည့် သခင်ငယ်လေးအား မချစ်ဘဲနေနိုင်မည်နည်း ဟု ကုရွှမ်းတု တွေးမိသည်။ သူပင် ထိုကျော့ကွင်းထဲမှ မလွတ်မြောက်နိုင်ပေ။
သူက လင်းရုဖေးထံ ကြည့်နေသည်အား ရုတ်သိမ်းကာ ပြတင်းပေါက်အပြင်ကို ကြည့်ရန် မျက်လုံးပင့်လိုက်၏။ သူသာ ကြားနိုင်လောက်မည့် သက်ပြင်းဖျော့ဖျော့ တစ်ချက်ကိုချမိလေသည်။
လင်းရုဖေးမှာ ဖူဟွား သူ့ကို လာနှိုးသည့် ညနေစောင်းအချိန်အထိ အိပ်ပျော်နေခဲ့မိသည်။
သူက မှုန်မှိုင်းတွေဝေစွာဖြင့် အိပ်မက်ကမ္ဘာမှ နိုးထလာပြီး စားပွဲတွင် ထုံထိုင်းစွာထိုင်လိုက်ပြီးနောက် ညစာအတွက် စွပ်ပြုတ်တစ်ဇွန်းခန့်သောက်ပြီးသည်တွင် ကြည်ကြည်လင်လင် နိုးသွားပြီဖြစ်သဖြင့် မေးလိုက်သည်။
"ဘယ်အချိန်ရှိပြီလဲ"
“နှစ်ဆယ့်တစ်နာရီ ရှိပါပြီ သခင်လေး"
ဖူဟွားက ပြန်လည်ဖြေကြားသည်။
လင်းရုဖေးက ပြတင်းပေါက်အပြင်ဘက်အား မျက်လုံးဝင့်ကြည့်လိုက်သည်။ နေဝင်သွားပြီဖြစ်ကာ စူးရှသည့်နေရောင်က ကမ္ဘာမြေအား လွှမ်းခြုံလျက် လိမ္မော်ရောင်ပူပူနွေးနွေးရာသီဥတုလေး အဖြစ်ပြောင်းပေးသွားသည်။ ကောင်းကင်ယံတွင် တိမ်တောက်နေပြီး လိမ္မော်နီရောင်သန်းကာ မျောလွင့်တိမ်တိုက်တွေက အကန့်အသတ်မရှိပေ...မူးမေ့ဖွယ်လှပလွန်းပေသည်။
လင်းရုဖေးက ရိုးရိုးရှင်းရှင်းညစာတစ်ခု စားလိုက်ပြီးနောက် လုပ်ငန်းစရန်အစီအစဥ်စဆွဲတော့သည်။
ဖူဟွားလက်ထဲတွင် ရှိနေဆဲဖြစ်သော မော့မော့က ရုတ်တရက် အော်ငိုလာသည်။ သူက နားမလည်နိုင်သည့် စကားများအား ပြောဆိုလာကာ ဖူဟွားက သူ့အား သူမလက်မောင်းအတွင်းသို့ ထွေးပွေ့ပိုက်ထားရုံသာတတ်နိုင်၏။
သူမက သူ့ပါးစပ်ထဲသို့ မုယောသကြားလုံးတစ်ပိုင်းအား သေသေချာချာထည့်ပေးလိုက်ကာမှ အငိုရပ်သွားပေသည်။
“သူက ဘာလို့ရုတ်တရက်ကြီး အော်ငိုတာလဲ"
ယွီရွေ့က စဥ်းစားမရဖြစ်ကာ "ပုံမှန်ဆို သူက အရမ်းငြိမ်ပြီးကောင်းကောင်းနေပါတယ်"
“ငါလည်းမသိဘူး..တစ်နေရာရာများ မသက်မသာခံစားရလို့များလား.."
ဖူဟွားက သူ ဖြစ်ပျက်နေသည့်အခြင်းအရာများအား မသိကြောင်း ခေါင်းယမ်းပြလိုက်သည်။
လင်းရုဖေးက မော့မော့၏မျက်ရည်တို့ ခိုတွဲနေသည့် မျက်ဝန်းများအားကြည့်ကာ သက်ပြင်းဖွဖွချမိသည်။
"မစိုးရိမ်ပါနဲ့...မကြာခင်ပြန်လာမှာပါ"
မော့မော့က မည်သည်မျှပြန်မပြောဘဲ စိုက်၍သာကြည့်နေ၏။
“ပြောမရဘူး..ငါမင်းအတွက် လက်ဆောင်သေးသေးလေးတွေ ယူချင် ယူခဲ့မှာ...."
လင်းရုဖေးက ဆက်၍ဆိုသည်။
"ငါ မင်းကြိုက်လိမ့်မယ်လို့မျှော်လင့်တယ်"
မော့မော့မှာ လင်းရုဖေးပြောသွားသည်များအား နားမလည်နိုင်သဖြင့် အံ့အားသင့်စွာကြည့်နေလေ၏။
လင်းရုဖေးက ဖူမိသားစုမှ ထွက်ခွာလာခဲ့ပြီး ယခင်က ရှာတွေ့ခဲ့သော တည်ဆောက်ပုံမျက်လုံးထံ တည့်တည့်သွားလိုက်သည်။ သူက မှောင်မိုက်နေသော ဥမင်လှိုဏ်ခေါင်းထဲသို့ ပြန်၍လျှောက်သွားကာ စက်အားဖွင့်လိုက်သည်။
သံလှောင်အိမ်က တုန်ယင်စွာဖြင့် နိမ့်ဆင်းလာသည့်အခါ လင်းရုဖေးက ဖူယွီ၏အိပ်ပျော်နေသော ကိုယ်ခန္ဓာအား တွေ့လိုက်ရသည်။ သူက လက်ကိုမြောက်လိုက်၍ လှောင်အိမ်အားဖွင့်လိုက်ပြီး ဖူယွီ၏ကိုယ်အား အပြင်သို့ထုတ်လိုက်သည်။
"ဒါနဲ့ ဘာလုပ်ရမှာလဲ"
လင်းရုဖေးက နဖူးပေါ်ရှိ ချွေးစတို့အား သုတ်လိုက်ပြီး ကုရွှမ်းတုအား မေး၏။
"ကျွန်တော်က စိတ်ဝိညာဥ်ကို ဘယ်လိုပြန်ခေါ်ရမှာလဲ"“
ကုရွှမ်းတုက ဖြေသည်။
"ကိုယ်တို့ အရင်ဆုံး တည်ဆောက်ပုံကို ချထားဖို့လိုတယ်"
လင်းရုဖေးက လှည့်ပတ်ကြည့်လိုက်ကာ : "ကျွန်တော်တို့ ဒီနေရာမှာ ချရမှာလား"
ကုရွှမ်းတုက ခေါင်းညိမ့်ပြသည်။
"ဟုတ်တယ်"
ကုရွှမ်းတုက လင်းရုဖေးအား တည်ဆောက်ပုံချရန် စတင်လမ်းညွှန်ပေး၏။ သူက ဤသည်မှာ လုပ်ကိုင်ရလွယ်ကူပြီး အရေးကြီးသည့် ကိရိယာမှာ တည်ဆောက်ပုံမျက်လုံး တစ်ခုသာရှိသည် ဟုဆိုသည်။
သာမန်လူထက် လင်းရုဖေးလုပ်သည်က ပို၍လွယ်ကူစေလိမ့်မည်..။ ဆိုရသော် သူသည် အခြေခံအားဖြင့် လမ်းလျှောက်နေသည့် လူပုံသဏ္ဌာန်ဓါးတစ်လက်ပင်။ သူက အသေးစိတ်အချက်အလက်အား အာရုံစူးစိုက်နေသရွေ့ တည်ဆောက်ပုံမှာ အလွန်ပင်ရိုးရှင်းသည့် ကိစ္စဖြစ်လာမည်ပင်။
သို့ထိတိုင် အဆုံးတွင်ဖြင့် ထိုသို့သောအရာမျိုးလုပ်ရသည်က သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ လင်းရုဖေး၏လှုပ်ရှားမှုများမှာ အတွေ့အကြုံမရှိသေးသော်ငြား ကံကောင်းစွာဖြင့် သူသည် ပန်းချီဆွဲတတ်သူ တစ်ယောက်ဖြစ်နေ၏။ ထို့ကြောင့် တည်ဆောက်ပုံအား ဆွဲချိန်တွင် အရမ်းကြီးမခက်ခဲတော့သော်လည်း အနည်းငယ်တော့ နှောင့်နှေးသေးသည်။
____
သူက ဆွဲနေသည်ကို ကုရွှမ်းတုက စောင့်ကြည့်နေကာ အမှားများကို ထိုးပြလာ၏။
သူတို့နှစ်ဦးအတွက် နောက်ဆုံး အဆုံးသတ်ရန် နာရီဝက်မျှကြာသွားလေသည်။
လင်းရုဖေးမှာ မောပန်းပြီး ချွေးထွက်လွန်နေချေပြီ။
"အဆင်သင့်ဖြစ်ပြီလား....အကြီးအကဲ"
ကုရွှမ်းတုက သေသေချာချာ တစ်ကြိမ်စစ်ဆေးကြည့်ပြီးနောက် ခေါင်းညိမ့်ပြလိုက်သည်။
"ပြီးသလောက်နီးနီးပဲ...ခဏလောက်နားပြီးရင် ကိုယ်တို့အသက်သွင်းလို့ရပြီ"
လင်းရုဖေးမှာ စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ရှိုက်ထုတ်လိုက်လေသည်။ နဖူးမှကျဆင်းလာသည့် ချွေးစတို့က ဖုန်မှုန့်ပေါ်သို့အမှတ်အသားမှိန်မှိန်လေးအဖြစ်မသက်ဆင်းမီ မေးစေ့တလျှောက် စီးသွားလေ၏။
သူက ပုံမှန်အခြေအနေသို့ ရောက်စေရန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး : "ကျွန်တော်တို့ တည်ဆောက်ပုံကို ဘယ်လိုအသက်သွင်းကြမလဲ"
"အရင်ဆုံး ဖူယွိကို တည်ဆောက်ပုံရဲ့ အလယ်ဆီဆွဲခေါ်သွားလိုက်"
ကုရွှမ်းတုက ညွန်ကြား၏။
လင်းရုဖေးက သဘောတူလိုက်သည်။
ဖူယွိ၏ကိုယ်အား တည်ဆောက်ပုံအလယ်တွင် ထားပြီးနောက် ကုရွှမ်းတုက မန္တန်ရွတ်ဆိုလိုက်သည့်အခါ တည်ဆောက်ပုံအလယ်မှ အလင်းဖျော့ဖျော့ ထွက်လာသည်။ သိပ်မကြာခင် ပြင်းထန်ကြမ်းတမ်းသည့်လေပြင်းများက ဥမင်ဝင်ပေါက်တစ်လျှောက် စတင်တိုက်ခတ် မလာသည်။ အချက်ကျကျပြောရပါက သူတို့က လှိုဏ်ခေါင်းထဲတွင်ဖြစ်နေသဖြင့် လေတိုက်ရန်မဖြစ်နိုင်ပေ။သို့သော် ဤလေက ရုတ်တရက်ရောက်လာ၏။
လေပြင်းများမှာ မြေပြင်မှဖုန်မှုန့်များအား သယ်လာခဲ့ပြီး လင်းရုဖေး၏အင်္ကျီလက်အနားသို့ ခပ်ပြင်းပြင်း တိုက်သွားလေသည်။လင်းရုဖေးက မျက်လုံးထဲသို့ သဲမှုန်များ ၀င်လာမည်စိုး၍ ပိတ်ထားလိုက်ရသည်။ သူက လေတိုက်သံနှင့်အတူ ကြေကွဲစွာအော်ငိုသံများအား တစ်ချက်နှစ်ချက်ကြားနေရသဖြင့် ထပ်၍သေသေချာချာ နားထောင်ကြည့်ပါမှ စိတ်ထင်သည်သာ ဖြစ်ကြောင်းသိလိုက်ရသည်။
ကုရွှမ်းတုက လင်းရုဖေးနောက်တွင်ရပ်ပြီး သူ့လက်ဖြင့်မျက်လုံးများအား ပိတ်ပေးထား၏။ သူ၏ပါးစပ်မှ ဆက်၍ရွတ်ဆိုနေမြဲဖြစ်ကာ အသံရပ်သွားသည့်အချိန်တွင် လေပြင်းမှာလည်း ပျောက်ကွယ်သွားသည်။
လင်းရုဖေး၏မျက်လုံးများမှာ ကုရွှမ်းတုက ပိတ်ထားသဖြင့် မည်သည်မှမမြင်နိုင်သဖြင့် တုန့်ဆိုင်းစွာ ခေါ်လိုက်သည်။
"အကြီးအကဲ"
ကုရွှမ်းတု၏အသံမှာ သူ့နားအနားမှနီးကပ်စွာ ထွက်လာသည်။
"ရှောင်ကျို့ကို အဲ့ဒါက ကြောက်သွားစေတာလား"
လင်းရုဖေးက အဆင်ပြေကြောင်းပြရန် ခေါင်းခါပြလိုက်သည်။
ကုရွှမ်းတုက ဆက်၍ဆို၏။
"အဲ့တာက အလုပ်ဖြစ်တယ်"
သူက ထိုသို့ပြောပြီးသည်နှင့် သူ့လက်အား ပြန်ရုတ်သိမ်းသွားသည်။ လင်းရုဖေးက သူ့ရဲ့ မသက်မသာဖြစ်နေသော မျက်လုံးများအား ပြေလျော့စေရန်အလို့ငှာ မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ သူ့အရှေ့မှမြင်ကွင်းအား မြင်လိုက်ရချိန်တွင် လေအေးတစ်ချက် ရှူသွင်းမိလိုက်သည်။
တည်ဆောက်ပုံ၏အလယ်တွင် မူလကလှဲလျောင်းနေခဲ့သော ဖူယွိက သူ့မျက်လုံးများအား ဖွင့်လာ၏။ သူ့ရဲ့အနက်ရောင် မျက်လုံးများမှာ မည်သည်ကြောင့် သူဤနေရာသို့ရောက်လာသည်အား နားမလည်ဟန် အနည်းငယ်တွေဝေနေသည်။
လင်းရုဖေးက အံ့အားသင့်နေသော သူ့အား ခေါ်လိုက်သည်။
"ဖူယွိ"
သူ့နာမည်အခေါ်ခံလိုက်ရသဖြင့် ဖူယွီက ခေါင်းအားဖြေးဖြေးချင်းလှည့်ကာ လင်းရုဖေးထံသို့ အကြည့်ရောက်လာသည်။ ဤအကြည့်က လင်းရုဖေးစိတ်ကူးထားသည်နှင့် အတော်အတန်ပင် တူညီမှုမရှိချေ။ ယင်းက အံ့သြသွားရုံသာရှိကာ ကျေနပ်မှုမရှိ၊ စိတ်မပါသည့် လျစ်လျူရှုမှုများကိုသာ သယ်ဆောင်ထားလေသည်။
သူ့ နှုတ်ခမ်းပါးများက ဖြေးညင်းစွာ ဖွင့်လာကာ စကားဆိုသည်။
"မင်းက ဘယ်သူလဲ"
လင်းရုဖေးက ဖြေလိုက်သည်။
"ကျွန်တော်က ဖူမိသားစုဆီကို ဓါးသိုင်းပြိုင်ပွဲဖိတ်ကြားစာပို့ဖို့ ကြုံကြိုက်လာတဲ့ ခွန်းလွန် လင်းမိသားစုက လင်းရုဖေးပါ"
“လင်းရုဖေး.."
သူက မရင်းနှီးသည့် နာမည်အပေါ် သံယောင်ပြုလိုက်ပြီးမှ အချိန်အတော်ကြာငြိမ်သက်နေခဲ့ရသည့် ဤခန္ဓာကိုယ်နှင့် အလိုက်သင့်နေနိုင်ရန် လှုပ်ရှားလာသည်။
"ကျွန်တော်.....နိုးနေတာလား"
လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်ရင်း : "ဟုတ်တယ်..ခင်ဗျားနိုးနေတာ"
“ဖူမိသားစုက အခု ဘယ်လိုဖြစ်သွားပြီလဲ"
သူက ထပ်မေးလေ၏။
လင်းရုဖေးက ပတ်ပတ်လည်ကုန်းမြေတစ်လျှောက် ကောက်ပဲသီးနှံများ ပေါကြွယ်ဝနေပြီဖြစ်သည့် ဖူမိသားစုအခြေအနေအကြောင်း ပြောပြပေးလိုက်သည်။ ဖူမိသားစုက ပတ်ပတ်လည်ကုန်းမြေများအား သူတို့အိပ်ကပ်ထဲသို့သာ အကုန်ထည့်လိုက်သည်က စိတ်မကောင်းစရာပင်။ ဖူမိသားစုကျေးရွာမှာ ချမ်းသာမလာသော်ငြား ဖူမိသားစုကမူ ချမ်းသာသည့်မိသားစုဖြစ်လာသည်ပင်။
ဖူယွိက မျက်လုံးတစ်ဝက်မှေးကျဥ်းလျက်ဖြင့် အမူအရာကင်းမဲ့စွာ နားထောင်နေလေသည်။
နားထောင်ပြီးနောက် သူက ယင်းနှင့်ပတ်သတ်ပြီး မည်သည်မျှ ထွေထူးပြောမလာဘဲ တခြားတစ်ခုကိုသာ မေးလာ၏။
"ကျွန်တော့်ဓါးက ဖူရွှေနဲ့အတူ ရှိနေတုန်းလား.."
လင်းရုဖေးက ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်"
"အို့.."
ဖူယွိက ဆိုလိုက်သည်။
"ဒါဆိုရင် ကျွန်တော်အဲ့ဒီဓါးကို ပြန်ရဖို့အတွက် သူ့ဆီ ခရီးတစ်ထောက်သွားရဦးမှာပဲ..."