အပိုင်း ၉၈
Viewers 14k

Chapter 98




လင်းရုဖေးမှာ ဤဖူယွိက တော်တော်လေးထူးဆန်းသည်ဟု တွေးကာ မျက်မှောင်ကြုတ်လိုက်မိသည်။ ဖူရွှေပြောစကားအရ ဖူယွိမှာ တည်ငြိမ်ပြီး လူကြီးလူကောင်းသွင်ပြင်ရှိကာ ရွာသားများအား ယဥ်ကျေးစွာဆက်ဆံတတ်သည်ဟုပင်။ ထပ်ပြောရသော် သူက ဖူမိသားစုကျေးရွာအား အနစ်နာခံလိုစိတ်ရှိသော နွေးထွေးသည့်လူတစ်ဦးဖြစ်သင့်ပေ၏။

သို့သော်ငြား လင်းရုဖေးမှာ သူ့အရှေ့ရှိ ဓါးသမားကိုယ်မှ ကွဲပြားမှုအစုစုတို့အား ခံစားလိုက်ရသည်။ သူက သူ့မိသားစုလုပ်နေသည့်အရာများအား အနည်းငယ်မျှဂရုမထားပုံပေါ်ကာ သူအရင်ဆုံးမေးလာသည်မှာ သူ့၏ကိုယ်ပိုင်ဓါးအကြောင်းကိုပင်။

"ကျွန်တော့်ကို နိုးပေးလို့ကုန်းဇီကို ကျေးဇူးတင်ပါတယ်"

လှည့်ပတ်ကြည့်လိုက်ပြီးနောက် တည်ဆောက်ပုံနှင့် သံလှောင်အိမ်အား တွေ့သွားသည့်ချိန်တွင် ဖူယွိက ယခင်အဖြစ်အပျက်များအား မှတ်မိသွားသည်။

"ဒါဆို ကျွန်တော်အချိန်အကြာကြီး အိပ်နေခဲ့တာပေါ့ ..နိုးထရမယ့်အချိန်ရောက်ပြီပဲ"

လင်းရုဖေးက မေးလိုက်၏။

"ခင်ဗျားသိချင်တာ တစ်ခုခုများမရှိဘူးလား"

ဖူယွိက တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းယမ်းပြလေသည်။

လင်းရုဖေးက နှုတ်ခမ်းအားတင်းတင်းစေ့လိုက်ပြီး : "ဟုတ်ပါပြီ"

သူတို့နှစ်ဦးသား တစ်ခဏမျှ တိတ်ဆိတ်သွားကာ လှိုဏ်ခေါင်းထဲမှ တိုးတိတ်စွာထွက်လာကြသည်။ ဖူယွိထွက်သွားပြီးပြီးချင်းတွင် မဟာစိတ်ဝိဥာဥ်စုဆောင်းခြင်းတည်ဆောက်ပုံမှာ သက်ရောက်မှုမရှိဖြစ်သွားမည်ဖြစ်ပြီး ဖူမိသားစုကျေးရွာသည်လည်း လာမည့်နှစ်၌ မြက်တစ်ပင်မျှမရှိသည့် စွန့်ပစ်မြေအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ယင်းဒုက္ခမှာ ဖူရွှေနှင့် အခြားသူများအပေါ်တွင်သာ ကြုံတွေ့ရမည်ဖြစ်သဖြင့် လင်းရုဖေးမှာ အနည်းအကျင်းသာ ဂရုစိုက်လေ၏။

သို့သော်လည်း ဤအချိန်၌ လင်းရုဖေးနှင့် ဖူယွိကြားလေထုမှာ အမှန်ပင် ကြောက်စရာကောင်းစွာ ထူးဆန်းနေသည်။ ဖူယွိက ဖူမိသားစုကျေးရွာဆီ အမူအရာမဲ့လမ်းလျှာက်နေပြီး လင်းရုဖေးမှာမူ မျက်မှောင်ကြုပ်လျက် လိုက်ပါလာသည်။

“သူက ဘာဖြစ်နေတာလဲ"

လင်းရုဖေးက ကုရွှမ်းတုအား တီးတိုးမေးလိုက်သည်။

"ဒီဝိညာဥ်ဥ်ကိုးကားထားတာကလေ တစ်ခုခုများမှားနေတာလား...သူ့ပုံစံကိုကြည့်လိုက်လေ..လုံးဝပုံမှန်ဟုတ်မနေဘူး...အာ.."

ကုရွှမ်းတုက သက်ပြင်းချကာ : "ကိုယ်အရင်က မပြောခဲ့ဘူးလား..ဘယ်လိုလုပ်လုပ် ကိုယ်တို့က သူ့ လိုအင်ဆန္ဒအပေါ်မူတည်ပြီးပဲ ဖူယွိရဲ့ဝိညာဥ်ကို ဆင့်ခေါ်နိုင်မယ်လို့လေ...."

လင်းရုဖေးမှာ ရှုပ်ထွေးသွားရသည်။

"သူက မနိုးလာသေးတာလား"

“သူက နိုးနေပါပြီ..ဒါပေမယ့် သူ့ပုံပန်းသွင်ပြင်ကိုကြည့်လိုက်လေ ..သူ့ရဲ့ဝိညာဥ်သုံးပါးနဲ့ စိတ်ဝိညာဥ်ခုနစ်သွယ်က ပြည့်စုံသေးပုံမရဘူး"

ကုရွှမ်းတုသည်လည်း တော်တော်လေးစိတ်ညစ်နေ၏။

"ဝိညာဥ်သုံးပါးက ယန် အသိတရားဖြစ်ပြီး စိတ်ဝိညာဥ်ခုနစ်သွယ်က ယင်ဆန္ဒခုနစ်မျိုးပဲ....ကိုးကားထားတာသာ မပြည့်စုံခဲ့ရင် ...အခြေအနေပြင်းထန်ရင်တော့ လူက နိုးလာမှာမဟုတ်ဘူး...အခြေအနေကအားပျော့တယ် ဆိုရင်တော့...."

လင်းရုဖေးက သံယောင်လိုက်၏။

"အခြေအနေက အားပျော့တယ်ဆိုရင်...ဘာဖြစ်မှာလဲ"

ကုရွှမ်းတုက ဖြေသည်။

"အဲ့ဒီအခြေအနေဆို...ဝမ်းနည်းမှု...ပျော်ရွှင်မှု...စိတ်ဆန္ဒ...လိုအင်...ဒါတွေရှိလာတော့မှာမဟုတ်ဘူး.."

လင်းရုဖေးမှာ နောက်ဆုံးတွင်နားလည်သွားကာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် စိုက်ကြည့်လိုက်မိ၏။

"ဒါဆို..သူက သစ်သားလိုလူ[1]ဖြစ်လာမှာ မဟုတ်ဘူးလား"

ကုရွှမ်းတုက ခေါင်းညိမ့်ပြလိုက်သည်။

"ပွင့်ပွင့်လင်းလင်းဆိုရရင် ဒါက စိတ်ဝိညာဥ်နှစ်ခု လွဲချော်နေတာ"

လင်းရုဖေး:"...."

စိတ်ဝိညာဥ်ခုနစ်သွယ်မှာ ပျော်ရွှင်မှု၊ဒေါသ၊ဝမ်းနည်းမှု၊ကြောက်ရွံ့ခြင်း၊အချစ်၊ဆိုးယုတ်ခြင်းနှင့်စိတ်ဆန္ဒတို့ပင်။ တစ်ခုခုလွဲချော်သွားရင်ပင် တစ်ယောက်ယောက်ကို ပုံမှန်မဟုတ်ဖြစ်သွားစေနိုင်သည်။ ဖူယွိက အစတွင်ပြုံးမလာသည်အား မြင်ပြီးနောက် သူသည်သေချာပေါက်ပင် ပျော်ရွှင်မှုစိတ်ဝိညာဥ်အား ဆုံးရှုံးထားသည်ပင်။ သူက စိတ်ခံစားချက်ဘယ်လောက်များများကို ဆုံးရှုံးထားပြီမှန်းလည်း မသိနိုင်ချေ။

လင်းရုဖေးက ပြောစရာစကားကင်းမဲ့ပြီး အခြေအနေမကောင်းဘူးဟုသာ ခံစားလိုက်ရသည်။

"ဒါက ဘာလို့ဒီလို ဖြစ်ရတာလဲ....ကျွန်တော့်ရဲ့တည်ဆောက်ပုံကများ တစ်ခုခုမှားသွားတာလား..ကျွန်တော်....."

“မင်းနဲ့ဆိုင်တာ မဟုတ်ပါဘူး..ဒါက ဖူယွိရဲ့ ကိုယ်တိုင်ရွေးချယ်မှုပဲ.."

ကုရွှမ်းတုက လင်းရုဖေးအား သံသယရှင်းစေရန် ပြောလာသည်။

နှစ်ဦးသားမှာ ဖူမိသားစုအိမ်ယာထဲသို့ လမ်းလျှောက်ပြန်လာကြသည်။ တံခါးစောင့်များက ဖူယွိနှင့်လင်းရုဖေးအတူတူ ပြန်လာသည်အား တွေ့လိုက်ချိန်တွင် သူတို့က အနည်းငယ်အံ့အားသင့်သွားကာ မဝံ့မရဲခေါ်လာကြသည်။

"အာ့ကုန်းဇီ..."

ဖူယွိက အေးစက်စွာ ပင့်ကြည့်လိုက်ရင်း : "ငါက ဖူယွိပဲ.....ဖူရွှေဘယ်မှာလဲ..."

အစေခံများမှာ ကြီးကြီးမားမား ရှုပ်ထွေးသွားကုန်ကြသည်။ အိမ်ထဲတွင်ရှိသူမှာ ရှင်းရှင်းလင်းလင်းပင် ဖူယွိဖြစ်သည်ပင်...သူက မည်သို့များ ဖူရွှေဖြစ်သွားရသနည်း...။ သို့သော်ငြား ဖူယွိ၏ ကျောချမ်းဖွယ်စိုက်ကြည့်မှုကြီးက သူတို့အား မငြင်းပယ်နိုင်ရန် တွန်းအားပေးကာ အသံသေးသေးဖြင့် ဖြေရန်သာတတ်နိုင်ကြ၏။

"ပင်မဆောင်ထဲမှာပါ"

ဖူယွိက"အို့"ခနဲအသံပြုကာ ရှေ့ဆက်သွားလေ၏။

အကျိုးသင့်အကြောင်းသင့်ပြောရပါက ဖူမိသားစုကျေးရွာမှာ လွန်စွာပြောင်းလဲသွားချေကာ နှစ်အနည်းငယ်ပြန်မလာသည့်သူ့အတွက် အံ့အားသင့်မှုကို ခံစားရသင့်ပေ၏။ သို့သော်လည်း ဖူယွိမှာ အလုံးစုံလျစ်လျူရှုထားလေသည်။ သူက ဂျုံခင်းဝေနေသည့်လမးတစ်လျှောက်၊ ဝါခင်းမြင့်မြင့်ရဲ့ အရိပ်အာ၀ါသအပေါ်သို့ ခြေလှမ်းလှမ်းလိုက်သည့်အချိန်တွင်ပင် လင်းရုဖေးက သူ၏မျက်လုံးနက်နက်များမှာ တည်ငြိမ်ကာလှိုင်းကင်းမဲ့နေသည့် နက်ရှိုင်းသည့်ရေအိုင်ကဲ့သို့ ဖြစ်နေသည်အား မြင်လိုက်ရသည်။

ဤသည်မှာ သူက ပတ်ပတ်လည်ရှိအရာများနှင့် မသက်ဆိုင်စွာ လမ်းပေါ်တွင် လမ်းလျှောက်နေသော ဖြတ်သွားဖြတ်လာ ခရီးသွားတစ်ယောက်နှယ်...။

______


လင်းရုဖေးက သူ၏ပါးစပ်ထဲတွင် အနဲငယ် ခါးသက်သက်ခံစားလိုက်ရသည်။ သူက ဇာတ်ကွက်အမျိုးပေါင်းများစွာ တွေးထားသော်လည်း ဤမြင်ကွင်းအား တွေ့ဆုံရန် မမျှော်လင့်ထားချေ။

ကုရွှမ်းတုက သူ၏အချည်းအနှီးဖြစ်မှုများအား အာရုခံမိကာ လင်းရုဖေးပုခုံးအား ညင်ညင်သာသာ ဖိကိုင်လိုက်ရင်း နူးညံ့စွာ ချော့မြူလာသည်။

"ဝမ်းမနည်းပါနဲ့...ဒါက....ဖူယွိအတွက် ကောင်းတဲ့အရာလည်း ဖြစ်နိုင်ပါတယ်" .”

လင်းရုဖေးက ခါးသီးစွာ ပြုံးလိုက်ရင်း : "အဲ့ဒီလို ကောင်းတဲ့အရာက ဘယ်အချိန်မှာများဖြစ်မှာလဲ"

သူက ဖူယွိအားမသိသော်ငြား ဖူယွိက ဤသို့မဖြစ်သင့်မှန်း ဖူရွှေ၏ပြောပြချက်အရ သိသင့်သလောက် သိပြီးချေပြီ။

လင်းရုဖေးက ဤသို့တွေးနေစဥ် ဖူယွိက အစေခံများ ပြောပြလိုက်သည့် နေရာသို့ ခြေလှမ်းကျယ်ကျယ်ဖြင့် လှမ်းပြီးနှင့်လေ၏။

ဖူရွှေက လင်းရုဖေးထံမှ ပြင်းပြင်းထန်ထန် အထိုးနှက်ခံထားရပြီးကတည်းက ဤရက်များ၌ ကြောက်ကြောက်လန့်လန့်နေရလေသည်။ သူက အပြင်သို့ မထွက်ရဲသကဲ့သို့ သူ၏မျက်နှာလည်း မပြရဲချေ။ သူက ဤနေရာကပင် ပျောက်ကွယ်သွားချင်နေသည်။

ယခုအချိန်၌ သူက တံခါးခေါက်သံအား ကြားရာတွင် ကိုယ်လုပ်တော်အချို့အထင်ဖြင့် ဒေါသတကြီးအော်မဲလိုက်သည်။

“အဲ့တာ ဘယ်သူလဲ..ငါအလုပ်များနေမှန်း မင်းတို့မမြင်ဘူးလား..."

ဖူယွိက စိတ်မရှည်စွာ အော်ဟစ်လိုက်သည်။

"တစ်ခုခုရှိရင် နောက်နေ့မှလာပြော"

တံခါးအပြင်မှ လူက တစ်ခဏမျှတတ်ဆိတ်သွားပြီးနောက် နောက်တစ်ကြိမ် ပြန်၍ခေါက်လာသည်။ ..ယခုအကြိမ်တွင်မူ အနီရောင်တံခါးအား ထိန်းချုပ်မရစွာ ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါလာသည်။

“ဘယ်သူလဲ.....လင်း...လင်းကုန်းဇီလား"

ဤသည်အား မြင်သော် ဖူရွှေက အပြင်ဘက်ရှိလူမှာ သေချာပေါက် သူ့လူမဟုတ်မှန်း သိသွားသည်။

သူက မြန်မြန်ဆန်ဆန်ပင် သူ၏သြဇာအာဏာတို့အား ပြန်မျိုချကာ အားတင်း ပြုံးကာဆိုလိုက်၏။

"ခင်ဗျား တိုက်ရိုက်လာနိုင်ပါတယ်..ဘာကြောင့်များ ယဥ်ကျေးနေရတာလဲ..."

တစ်ခဏမျှအကြာတွင် တံခါးမှာ တွန်းဖွင့်ခြင်းခံလိုက်ရသည်။ ဖူရွှေ၏ မျက်နှာထက်က လုပ်ပြုံးလေးမှာ ချက်ချင်းပင် အေးခဲသွားရလေသည်။ သူက တံခါးတွန်းဖွင့်၍ဝင်လာသော လူအားစိုက်ကြည့်နေရင်း သတိလစ်မတတ်ထိတ်လန့်သွားကာ မျက်လုံးများမှာလည်း မယုံကြည်နိုင်မှုများနှင့် အပြည့်ဖြစ်နေသည်။

“အစ်ကိုလား...အစ်ကို..မင်းဘယ်လိုလုပ်..ပြန်လာတာလဲ"

ဖူရွှေ၏နှလုံသားမှာ ပီတိအပြည့်ဖြစ်လာသော်ငြား ဤဝမ်းသာမှုများမှာ အခြားသောခံစားချက်များမှ တိုက်စားခံလိုက်ရသည်...စိုးရိမ်မှု၊ကြောက်ရွံ့မှု၊ထိတ်လန့်မှု..မရေတွက်နိုင်သည့် ခံစားမှုများက အတူတကွရောနှောသွားပြီးနောက် အဆုံးတွင် မျက်နှာထက်၌အပြုံးတို့မှာ တဖြည်းဖြည်းပျောက်ကွယ်လာကာ : "မင်း ထပ်ပြီး အဆင့်မြင့်သွားပြီလို့ မပြောနဲ့နော်..."

ဖူယွိက သူနှင့်အတူကြီးပြင်းလာသည့် သူ၏အမြွှာညီအား တည်ငြိမ်စွာ ကြည့်လိုက်သည်။ ပျော်ရွှင်မှုသည်လည်း မရှိသကဲ့သို့ ဝမ်းနည်းနေသည်လည်းမဟုတ်ပေ..သူက ရေခဲတစ်မျှ စိတ်ခံစားချက်ကင်းမဲ့နေခြင်းသာ။ သူက မည်သည့်စကားမျှမဆိုဘဲ သူ၏လက်အား ဖူရွှေထံဆန့်တန်းလိုက်သည်။

ဖူရွှေက ယင်းအားမြင်ချိန်တွင် လွန်စွာအံ့အားသင့်သွား၏။ သူက ဖူယွိ၏လုပ်ဆောင်ချက် နောက်ကွယ်မှ အဓိပ္ပါယ်အား နားမလည်ချေ။

“ဓား..."

ဖူယွိ၏ ပါးစပ်မှ စကားလုံးတစ်ခု အံ့ကျလာ၏။

ထိုအချိန်မှ ဖူရွှေမှာ သတိဝင်လာလေသည်။ သူက အထိတ်တလန့်ဖြင့် ခါးရှိဓါးအား ချွတ်လိုက်ပြီး အရှေ့မှသူ့အစ်ကိုထံ ကမ်းပေးလိုက်သည်။

“အစ်ကို....မင်းနောက်ဆုံးတော့ပြန်လာပြီပေါ့..ငါမင်းကို အကြာကြီးစောင့်နေတာ...မင်းဘာလို့အခုမှ ပြန်လာရတာလဲ...မင်းငါတို့မိသားစု တစ်ခုခုဖြစ်သွားတယ်လို့ မထင်ဘူးလား....ငါတို့ အတော်ပြောင်းလဲသွားပြီ...မင်း..."

ဖူရွှေက ပြတ်တောင်းပြတ်တောင်းဖြစ်စွာ ဆက်ပြောနေ၏။

"ထပ်ပြီးထွက်မသွားနဲ့တော့ ငါတို့မိသားစုက ကြွယ်ဝနေပြီ...အတိတ်မှာတုန်းကလို ဒုက္ခခံစရာ မလိုတော့ဘူး...ငါတို့မှာ အရာရာပြည့်စုံနေပြီ ငါတို့မှာ အားလုံးရှိနေပြီ.."

ဖူယွိက ဓါးကိုယူပြီး သူ့အားလှည့်ပင်မကြည့်တော့ဘဲ ထွက်သွားချင်နေမှန်း မည်သူထင်မည်နည်း။ ဖူရွှေက အခြေအနေအား မြင်လိုက်ချိန်တွင် ထိတ်လန့်တုန်လှုပ်လာသည်။

သူက အမြန်ပင် လက်ဆန့်ထုတ်လာကာ ဖူယွိ၏အင်္ကျီလက်အား ဆုပ်ကိုင်လိုက်ပြီး ရှူးရှူးရှဲရှဲဖြစ်လျက်ဆို၏။။

"အစ်ကို...မင်းငါ့ကိုစိတ်ဆိုးနေတုန်းပဲလား ...ငါမှားသွားပါတယ်..ငါမှားသွားပါတယ်...ကျေးဇူးပြုပြီးငါ့ကိုခွင့်လွှတ်ပေးပါ...နော်"

ဖူယွိက ဆိုသည်။

"ငါမင်းကို စိတ်မဆိုးပါဘူး"

ဖူရွှေက ဖူယွိအား အံ့အားသင့်စွာကြည့်လိုက်မိသည်။

“ငါ ဘာလို့မင်းကို စိတ်ဆိုးရမှာလဲ..."

ဖူယွိ၏အသံမှာ လွန်စွာမှတည်ငြိမ်နေသည်။ ပုံမှန်အားဖြင့် သူ၏အသံအနေအထားမှာ ညင်သာနေသင့်သော်လည်း ဖူရွှေက ယင်းနှင့် ကွဲပြားနေသည့် အသံအား ရှင်းရှင်းလင်းလင်းကြားလိုက်ရပေသည်။

သူ၏အရှေ့မှ လူမှာ မည်သည့်ကြောင့် စိမ်းသက်လွန်းနေသည်အား နားမလည်နိုင်တော့ချေ။ သူတို့မှာ အဆက်နွယ်ထားဆုံး[2]အမြွှာများ ဖြစ်ခဲ့ဖူးသော်ငြား ယခုအချိန်တွင်မူ သူသည် ဖူယွိအား ကောင်းစွာ နားမလည်နိုင်တော့ချေ။

“အစ်ကို...."

ဖူရွှေက အသံနိမ့်နိမ့်​လေးဖြင့်ခေါ်လိုက်သည်။

"ငါမှားသွားမှန်း တကယ်ကို သိပါပြီ...မင်းဘာပဲပြောပြော..ငါပြောင်းလဲပေးဖို့ဆန္ဒရှိပါတယ်....မင်းမသွားသရွေ့ပေါ့...."

ဖူယွိက ဆိုလိုက်သည်။

"သွားခွင့်ပြုပါဦး"

ဖူရွှေမှာ အေးခဲသွားကာ ဖူယွိအား ကြည့်လာ၏။

ဖူယွိက ဆက်ပြောလိုက်သည်။

"ငါမင်းကို သွားခွင့်ပြုဖို့ ပြောနေတယ်လေ"

သူက စောင်းငဲ့ကြည့်လိုက်ပြီး သူ့ရဲ့မျက်လုံးနက်နက်များတွင် သတ်ဖြတ်လိုသည့် အရိပ်အရောင်များ ထင်ဟပ်နေ၏။ ဖူရွှေမှာ ချက်ချင်းပင် ဖူယွိအတည်ပြောနေကြောင်း နားလည်သွားသည်။ အကယ်၍ သူသာ ဖူယွိအား ဆက်ဆွဲထားပါက သူ့အရှေ့မှ ဓါးသမားမှာ အမှန်ပင် ဓါးဆွဲထုတ်လာတော့မည်ပင်။

သူက စိတ်ပျက်မှုများနှင့် လက်လွှတ်ပေးလိုက်ရသည်။ ဖူရွှေမှာ ဖူယွိ၏နောက်ကျောအား ကြည့်နေရင်းဖြင့် သူ၏ကိုယ်မှာ တဖြေးဖြေး မြေပေါ်သို့ ပုံကျသွား၏။

လင်းရုဖေးမှာ အထဲသို့ မဝင်လာဘဲ အပြင်တွင်သာ စောင့်နေသည်။ သူက ဖူယွိမြန်မြန်ဝင်သွားကာ မြန်မြန်ထွက်လာသည်အား ကြည့်နေပြီး ထူးခြားသွားသည့်အရာမှာ သူ့ခါးထက်တွင် ဓါးအပို တစ်လက်ချိတ်လျက်ဖြင့် ထွက်လာခြင်းပင်ဖြစ်သည်။

လင်းရုဖေးမှာ ဤသည်က ဖူယွိပိုင်သည့် ဓါးဖြစ်မည်မှန်း သိလိုက်ပေသည်။

ယင်းက ဖူယွိမှ ဖူရွှေထံသို့ ပေးလိုက်ခြင်းဖြစ်ကာ ယခုတွင်မူ သူ၏လက်ထဲသို့ ပြန်ရောက်လာချေပြီ။

လင်းရုဖေးမှာ အနည်းငယ် ရေဆာနေသည့် ခံစားချက်ဖြင့် လျှာသပ်လိုက်ရင်း : "ဖူယွိ မင်းဘယ်ကိုသွားမလို့လဲ"

ဖူယွိက သူ့အား ကြည့်လာ၏။ သူက လင်းရုဖေး၏အမေးအား ဖြေသင့်သည်လား၊ မဖြေသင့်သည်လား စဥ်းစားနေဟန်ရှိသည်။သူက လင်းရုဖေး၏တည်ဆောက်ပုံကြောင့် နိုးထလာရသည်အား မှတ်မိသွားပုံရကာ နှုတ်ဖျားမှ တုံးတိတိ စကားဆိုလိုက်သည်။

"ကျွန်တော် မသိဘူး"

လင်းရုဖေးမှ သိချင်စိတ်အပြည့်ဖြင့် ထပ်မေးလိုက်၏။

"မသိဘူးလား"

"ကျွန်တော် မသိဘူး"ဖူယွိက ဆက်၍ဖြေသည်။

"အဲ့ဒါက... ဒီနေရာမဟုတ်သရွေ့ပေါ့...ကျွန်တော် ဒီနေရာကို မကြိုက်ဘူး"

လင်းရုဖေးက သက်ပြင်းချလိုက်ရင်း : "ခင်ဗျားအခု ထွက်သွားတော့မှာပေါ့"

ဖူယွိက ခေါင်းညိမ့်ပြလိုက်သည်။

“ခင်ဗျား ခွန်းလွန်ဓားသိုင်းပြိုင်ပွဲကိုပါ တစ်ခါတည်း ဆက်သွားတော့မှာလား"

လင်းရုဖေးက မေးလိုက်သည်။

"ဖိတ်ကြားစာက ခင်ဗျားညီကြောင့် ပြဲသွားပြီ..ဒါပေမယ့် ကိစ္စမရှိပါဘူး...ခင်ဗျားနာမည်ကို တင်လိုက်ရုံပါပဲ..."

ဖူယွိက သူသွားလိမ့်မည်ဖြစ်ကြောင်း ခေါင်းညိမ့်ပြမလာမီအထိ တစ်ခဏမျှ တွေးတောနေလေသည်။

နှစ်ဦးသားမှာ တစ်ဦးနှင့်တစ်ဦး တိတ်ဆိတ်စွာ တစ်ဖန်ပြန်၍ ကြည့်မိကြသည်။

ဖူယွိက ပြောစရာစကားမရှိတော့သည်အား မြင်မိသည့်အခါတွင် လှည့်ထွက်ကာ ထွက်သွားဟန်ပြင်နေသဖြင့် လင်းရုဖေးက အမြန်အော်ခေါ်လိုက်ရသည်။

"ခဏ.."

ဖူယွီက လှည့်ကြည့်လာသည်။

“ခင်ဗျားဘာလို့ ကျွန်တော်နဲ့ တစ်ယောက်ယောက်ကို ကြည့်ဖို့ မလိုက်ခဲ့တာလဲ"

လင်းရုဖေးက တိုက်တွန်းလိုက်၏။

"ဖူရွှေပြောပုံအရ ...သူက ခင်ဗျားသားတဲ့.."

သူက မော့မော့၏မူလဗီဇမှာ ထိုမျှ မရိုးရှင်းမှန်း သိထားပေမယ့်.... ....

“ကျွန်တော် သားလား...."

ဖူယွိက မေးခွန်းထုတ်လာ၏။

"ဒါပေမယ့် ကျွန်တော်မှာ သားမရှိပါဘူး"

လင်းရုဖေးက သက်ပြင်းချလိုက်ရင်း : "သွားပြီးတော့သာ ကြည့်ရအောင်ပါ...ခင်ဗျား သူ့ကို သတိရနေမလားလို့"

ဖူယွိက သို့သော်လည်း အနည်းငယ် တုံ့ဆိုင်းနေပုံရှိ၏။

“ကြည့်သာကြည့်လိုက်ပါဗျာ အချိန်အများကြီးမဖြုန်းမိသွားပါဘူး"

လင်းရုဖေးက အမြန်ပင် ဖျောင်းဖျလိုက်သည်။

"အဲ့ဒါပြီးတော့ ခင်ဗျားက ဒီတစ်ခေါက်ထွက်သွားပြီးရင် နောက်တစ်ကြိမ် ဒီကို ထပ်ပြီး ပြန်လာနိုင်ချေမရှိတော့ဘူးလေ မဟုတ်ဘူးလား"

ဖူယွိမှ နောက်ဆုံးတွင် လင်းရုဖေးထံမှ သိမ်းသွင်းခံလိုက်ရသည်။သူက ခေါင်းညိမ့်ပြလိုက်ရင်း လင်းရုဖေးတောင်းဆိုချက်အား လက်ခံလိုက်သည်။

"ကောင်းပြီ"

လင်းရုဖေးမှာ စိတ်သက်သာရာရသွားသည့်နှယ် သက်ပြင်းဖွဖွချလိုက်ပြီးနောက် ဖူယွိအား သူနေထိုင်သည့် ဝန်းထဲသို့ ခေါ်သွားလိုက်သည်။

ဤအချိန်သည်ကား မှောင်မိုက်နေပြီဖြစ်၍ မော့မော့သည်လည်း အိပ်ရာဝင်နှင့်နေပြီး ဖြစ်သည်။ ဖူဟွားက မော့မော့အား ချော့သိပ်ပြီးသည်တွင် လင်းရုဖေးက ဖူယွိနှင့်အတူ ဝင်းထဲတွင် ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။

လင်းရုဖေးက မော့မော့ရှိသည့်နေရာအား မေးလာသဖြင့် သူမက လက်ဆန့်၍ သူမအနောက်ရှိ အိပ်ခန်းဆီသို့ ညွှန်ပြလိုက်၏။

“ဘာလို့ သခင်လေးက မော့မော့ကို ရှာနေတာလဲဟင်" ဖူဟွားက မေးလာသည်။

လင်းရုဖေးက ခေါင်းသာခါပြလိုက်ပြီး မည်သည်မှမပြောလိုက်ချေ။ သူက သူမအား အပြင်သို့အရင်ထွက်နှင့်ရန်သာ လက်ဟန်ပြလိုက်သည်။

သို့သော်ငြား ဖူယွိက အခန်းထဲသို့လျှောက်သွားပြီးဖြစ်ကာ အိပ်ရာပေါ်တွင် အိပ်ပျော်နေသည့် မော့မော့အား ကြည့်လိုက်သည်။ မော့မော့မှာ အိပ်ပျော်နေပြီဖြစ်ကာ ဖူယွီိ၏ခြေသံမှာ အလွန်ညင်သာသော်လည်း ဖူယွိအခန်းထဲသို့ဝင်လာသည်နှင့် သူ့နှလုံးသားမှ တစ်ခုခုခံစားလိုက်ရသကဲ့သို့ ချက်ချင်းပင်နိုးလာသည်။ သူ၏မျက်လုံးများမှာ အိပ်ချင်မှုအပြည့်ဖြစ်နေသဖြင့် သေချာမမြင်နိုင်သော်ငြား မျက်ဝန်းနှစ်စုံဆုံမိသည်တွင် တစ်ခဏမျှ ပြောစရာမရှိဖြစ်သွားရလေသည်။

ခဏအကြာ၌ မော့မော့ပါးစပ်မှ နားစည်ကွဲမတတ် အော်ငိုသံများ ပေါက်ထွက်လာတော့၏။ သူက အဆက်အပြတ်ငိုကြွေးနေရင်းဖြင့် အိပ်ရာမှခုန်ဆင်းလာသည်။ သူ၏နှုတ်ဖျားမှ မကျေနပ်မှုများစွာ ခံစားခဲ့ရသဖြင့် အဆုံးတွင်မူ တစ်ယောက်ယောက်အား ဖွင့်ဟရတော့မည့်ကလေးတစ်ယောက်နှယ် နားမလည်နိုင်သည့် စကားများအား တတွတ်တွတ်ပြောဆိုနေပြီး ပါးစပ်သေးသေးလေးကို စိုစွတ်လာသည်အထိ မျက်ရည်ပေါက်ကြီးများ ကျဆင်းလာ၏။

မော့မော့ မလှုပ်ရှားမီပင် ဖူယွိက ရှေ့သို့လှမ်းနှင့်ပြီးဖြစ်ကာ ကောင်ငယ်လေးအား ဖမ်းထားလိုက်လေသည်။ နှစ်ဦးသား ထိတွေ့မိသည့်အချိန်၌ သူ၏စားချက်မဲ့မျက်နှာမှာ ရှုပ်ထွေးနေသည့်ပုံပေါ်လာပြီး သူ၏မျက်လုံးများကလည်း မျက်ရည်များ စတင်အိုင်ဖွဲ့လာသည်။ ဖူယွိမှာ တဖြည်းဖြည်းဆို့နင့်လာ၏။

တုန်ယင်နေသော လက်ဖြင့် ကလေးငယ်၏မျက်နှာရှိ မျက်ရည်စက်များအား ညင်ညင်သာသာ သုတ်ပေးလိုက်ရင်း သူ၏နာမည်အား ခေါ်လိုက်မိသည်။

"မော့မော့.."

“ဖူယွိ....ဖူယွိ...."

မော့မော့က မသဲမကွဲဖြစ်စွာ တုံ့ပြန်လာ၏။

"ခင်ဗျား ပြန်လာပြီလား.."

─────────────────────────────────────────────────


[1]သစ်သားနဲ့လုပ်ထားတဲ့ လူစ်စစ်မဟုတ်တာပါ..ဒါပေမယ့် မျက်နှာအမူအရာ စိတ်ဆန္ဒတို့မရှိတဲ့ တစ်ယောက်ယောက်ကိုလည်း ခေါ်ပါတယ်


[2]နှလုံးသားနဲ့ အတွင်းစိတ်တို့နဲ့ ဆက်စပ်နေတာပါ

-----------------

Translated By IQ-Team.