အခန်း (၉)
ရုတ်တရတ် အခန်းတံခါးပွင့်လာသောအခါ သူတို့ အံ့အားသင့်သွားကြသည်။
လင်ဗန်းတစ်ခုကို ကိုင်ထားသောသူနာပြုတစ်ယောက်သည် အခန်းထဲသို့ ဝင်လာခဲ့သည်။
“မစ်စတာလု…” စုံတွဲတစ်တွဲရဲ့ ရင်းနှီးစွာပွေ့ဖက်နေမှုကို မြင်တွေ့လိုက်ရသောကြောင့်
သူနာပြုငယ်လေး၏ မေးစေ့ဟာ မြေပေါ်သို့ကျလုမတတ် ပါးစပ်အဟောင်းသာ ဖြစ်သွားမိသည်။
သူမသည် ဘေးကျပ်နံကျပ်အခြေအနေသို့ ကျရောက်သွားခဲ့သည်။ သူမသည် အခန်းထဲသို့
ဆက်ဝင်လာသင့်လား ဒါမှမဟုတ် ထွက်သွားသင့်လား။
“သူနာပြု ရောက်လာပြီ” လို့ ပြောရင်း ကျီချင်းချင်းသည် သူ့ရင်ဘတ်ပေါ်မှရုန်းထကာ
လုလီရှင်းဆုပ်ကိုင်ထားသည့် သူမလက်ကောက်ဝတ်ကို ရုန်းထွက်ဖို့ အစွမ်းကုန်
ကြိုးစားလိုက်သည်။
ကျီချင်းချင်းသည် သူနာပြုကို လှမ်းပြောလိုက်သည်။ “အဆင်ပြေပါတယ်။ ရှင်ဝင်လာလို့
ရပါတယ်ရှင့်”
“နောက်ဆုံး
ဆယ်စက္ကန့်”
“ကျီချင်းချင်း”
အခန်းအပြင်ဖက်မှာ လူရှိနေသောကြောင့် ကျီချင်းချင်းသည်
သူမအသံကိုတိုးလိုက်သော်လည်း ဒေါသကြောင့် သတ်ချင်စိတ်ပေါက်နေသည့်အသံဖြင့် “ဒီကို
တစ်ယောက်ယောက် ရောက်လာတယ်လေ။ ကျွန်မတို့ ဒီအကြောင်းကို နောက်မှပြောလို့မရဘူးလား”
ဟု ပြောလိုက်သည်။
“ထွက်သွား” လုလီရှင်းသည် သူနာပြုကို အော်ထုတ်လိုက်သည်။
“နောက်ဆုံး
ငါးစက္ကန့်”
သူ့နှလုံးသားမှာ အလွန်စူးရှနာကျင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လုလီရှင်းသည်လည်း ဒေါသကြောင့် အံတင်းတင်း ကြိတ်လိုက်မိသည်။ လုလီရှင်းသည်
သူလိုချင်တာကို မရမချင်း လက်လျှော့ပေးမှာ မဟုတ်ဘူး။
“ဇနီး”
ကျီချင်းချင်းလည်း ဒေါသထွက်သွားသည်။ သူမလက်ကောက်ဝတ်ကို
လုလီရှင်းရဲ့ဆုပ်ကိုင်ထားမှုကြောင့် မကျိုးသွားစေချင်ဘူး။ အခြားရွေးချယ်စရာ
မရှိသောကြောင့် ရှူးရှူးရှဲရှဲအသံထွက်ကာ “ခင်ပွန်း” လို့ ခေါ်လိုက်သည်။
ထိုအခိုက်အတန့်၌ အခန်းအတွင်းမှာ တိတ်ဆိတ်သွားပုံက တုန်လှုပ်ချောက်ချားစရာပင်
ကောင်းလှသည်။
“ရှင် အခု ပျော်သွားပြီမလား။ ကျွန်မကို လွှတ်ပေးတော့”
လုလီရှင်းသည် သူမလက်ကောက်ဝတ်ကို လွှတ်ပေးလိုက်သည်။
“တာဝန်
ပြီးမြောက်ပါပြီ။ သင့်ရဲ့အသက်ရမှတ်ထဲကို တစ်မှတ်ပေါင်းထည့်ပေးလိုက်ပါပြီ။ သင်
အခုလက်ရှိ အသက်ရှင်သန်ရန် အချိန်တစ်နာရီရရှိသွားပါပြီ”
သူ့နှလုံးသားမှ နာကျင်မှုဟာ ပျောက်ကွယ်သွားပြီ။
လုလီရှင်းသည် ကုတင်ပေါ်သို့ ပြန်လှဲလိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်သည်။
သူနာပြုဆရာမလေးသည် လူနာကုတင်ဆီသို့ ဦးတည်လျှောက်လာစဥ်တွင် “မစ်စတာလုနဲ့
မစ္စလု… ရှင်တို့က ချစ်စရာကောင်းတဲ့စုံတွဲလေးပဲ” ဟု ပြုံးရယ်ရင်း ဆိုလိုက်သည်။
“ခင်ပွန်း” လို့ တစ်ကြိမ်လေး ခေါ်လိုက်ရုံမျှဖြင့် ကျီချင်းချင်းသည်
စကားအရမ်းပြောလွန်းလို့ အာခြောက်သွားသလိုမျိုး ခံစားလိုက်ရသည်။ သူနာပြုဆရာမလေး၏
အပြစ်ကင်းသော မှတ်ချက်ကို ကြားလိုက်ရသောအခါ သူမ ပိုရှက်သွားသဖြင့် အခန်းထဲမှ
ပြေးထွက်သွားခဲ့သည်။ စင်္ကြံလျှောက်လမ်းမှ လေနုအေးလေးများသည် သူမပါးပြင်ပေါ်မှ
အပူငွေ့များကို မှုတ်ထုတ်လိုက်သော်လည်း သူမစိတ်က မတည်ငြိမ်နိုင်သေးပေ။
သူမ၏နှလုံးသားဟာ တဆတ်ဆတ် တုန်နေဆဲပင် ဖြစ်သည်။
“ခင်ပွန်းတဲ့လား” ကျီချင်းချင်းသည် ထိုစကားလုံးကို ပါးစပ်မှ ထပ်မံထွက်ရန်
ကြိုးစားလိုက်သည်။
သူမရဲ့နှလုံးခုန်သံက ပိုမြန်လာခဲ့လေသည်။
အသက်နှစ်ဆယ်ကျော်အထိ တစ်ကိုယ်ရေတည်းနေခဲ့သော အမျိုးသမီးတစ်ဦးအနေဖြင့်
လင်မယားကြား ခေါ်ဆိုကြသော အသုံးအနှုန်းများကို တခြားသူများက ခေါ်ဆိုနေကြတာကိုပဲ
ကြားဖူးခဲ့သည်။ ဒီလိုအသုံးအနှုန်းကို သူမကိုယ်တိုင်ခေါ်ဆိုလိုက်တာကို
ပြန်ကြားလိုက်ရတာက နည်းနည်းလေး စိတ်လှုပ်ရှားဖို့ကောင်းတယ်။
“သင့်အသက်ရမှတ်ထဲ
တစ်မှတ်ပေါင်းထည့်ပေးပြီးပါပြီ။ သင် အခုလက်ရှိမှာ အသက်ရှင်သန်ဖို့
နှစ်နာရီပဲရှိတော့တယ်”
လုလီရှင်း: ???
ကျီချင်းချင်းကို ဆေးရုံသို့ ခေါ်ဆောင်လာသည့် ဝတ်စုံပြည့်ဝတ်ဆင်ထားသော
အမျိုးသားသည် သူမထံသို့ လျှောက်လာပြီး “မစ္စလု လုခေါင်းဆောင်ဟောင်းက မင်းကို
ဒါရိုက်တာရုံးခန်းထဲကို ခေါ်လာပေးဖို့ ကျွန်တော့်ကို တာဝန်ပေးလိုက်တယ်” ဟု
ပြောခဲ့သည်။
ကျီချင်းချင်းသည် အံ့သြတုန်လှုပ်သွားမိသည်။ ငါးစက္ကန့်ကြာပြီး နောက်ဆုံးတွင်
သူမက ပြန်တုံ့ပြန်နိုင်ခဲ့သည်။ သူက သူမကို မစ္စလုလို့ ခေါ်ဆိုခဲ့သည်။
“ရှင့်နာမည်က…”
“ကျွန်တော့်နာမည်က ချင်ရှောက်ပါ”
ကျီချင်းချင်းသည် ခေါင်းညိမ့်လိုက်ပြီး သူ့နောက်ကနေ ဒါရိုက်တာရုံးခန်းကို
လိုက်သွားခဲ့သည်။
ကျီချင်းချင်းသည် ကိုယ့်ကိုကိုယ် နားလည်သဘောပေါက်မိသည်။ အယူသီးသောယုံကြည်မှုအရ
နာမကျန်းဖြစ်နေသူတစ်ယောက်ဆီမှ မကောင်းသော ကံတရားများကို ဖယ်ရှားပေးဖို့
ရည်ရွယ်ချက်ဖြင့် လက်ထပ်ပေးခြင်း ဟူသော သူမ၏နေရာကို ကောင်းကောင်းသိသည်။
လုလီရှင်းသည် ပြန်လည်နိုးထလာခဲ့သော်လည်း သူ့အခြေအနေက မကောင်းမွန်ပါ။
ဒဏ်ရာအပြင်းအထန်ရနေသော လုလီရှင်းအား ပိုမိုကောင်းမွန်စွာ
စောင့်ရှောက်ပေးနိုင်ရန်အတွက် သူ့အခန်းကို ဒါရိုက်တာရုံးခန်းရှိရာ အထပ်နှင့်
တစ်ထပ်တည်း ပြင်ဆင်ထားခဲ့သည်။ သူမ ထိုရုံးခန်းကို ရောက်ဖို့ ခြေလှမ်း အနည်းငယ်သာ
လျှောက်ဖို့ လိုအပ်သည်။
“အဖိုးလု ရှင် ကျွန်မကို ရှာနေတယ်လို့ ကြားတယ်”
ကျီချင်းချင်း ရုံးခန်းထဲသို့ ဝင်လာသည်ကို ခေါင်းဆောင်ဟောင်းလုက
မြင်လိုက်တာနဲ့ သူမအား သူ့အနားမှာ ထိုင်ခိုင်းလိုက်ပြီး သူမလက်ထဲသို့
လုလီရှင်း၏ကျန်းမာရေး စစ်ဆေးချက် စာရွက်စာတမ်းများကို ထည့်ပေးလိုက်သည်။
ဆရာဝန်အဖွဲ့ခေါင်းဆောင်က “အဲ့တာက ဒီလိုရှိပါတယ်။ ကျွန်တော် မစ်စတာလုရဲ့
အခြေအနေကို အကြီးအကဲလုနဲ့ ဆွေးနွေးပြီးပါပြီ။ ကားမတော်တဆမှုကြောင့် ရခဲ့တဲ့
မစ်စတာလုရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်။ အထူးသဖြင့်
သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ သူ့နှလုံး၊ အဆုတ်တွေနဲ့ ကျောက်ကပ်တွေ
ပျက်စီးသွားခဲ့တယ်။ ယခင်လအထိ ကုသမှုတွေ ဆက်လက်ကုသနေဆဲ ဖြစ်ပေမယ့်
သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေက ဆိုးဝါးနေဆဲပါပဲ။ ကျွန်တော်တို့ မစ်စတာလုရဲ့
ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်ပြီးပြီ။ ခေတ်မီဆေးကုသမှုတွေက
မစ်စတာလုရဲ့အသက်ကို ကယ်တင်နိုင်စွမ်း မရှိနိုင်တော့ဘူးလို့ ကျွန်တော်တို့
ယုံကြည်လိုက်ကြပြီ”