အခန်း (၁၀)
ကျီချင်းချင်းသည် သူမ ဒါကို သိပြီးသားဖြစ်ပေမယ့် ဆရာဝန် ရှင်းပြနေတဲ့
ရောဂါလက္ခဏာအကြောင်းကို ပြတ်ပြတ်သားသားကြားရချိန်မှာ သူမနှလုံးသားဟာ
ရှင်းမပြနိုင်လောက်အောင် တုန်လှုပ်နေမိသည်။
“ဆရာဝန်တစ်ယောက်အနေနဲ့ ကျွန်တော် မင်းကို ပေးနိုင်တဲ့ တစ်ခုတည်းသော အကြံဥာဏ်က
မစ်စတာလုကို သူ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ နောင်တမရအောင် ကူညီဖို့ပဲ
အကြံပေးချင်ပါတယ်”
ကျီချင်းချင်း၏နှလုံးသားဟာ ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသလို ခံစားသွားမိသည်။
“လုလီရှင်းကို ဆေးရုံကဆင်းခိုင်းပြီးတော့ အိမ်ကိုပြန်ခေါ်သွားဖို့ ငါ
ဆုံးဖြတ်လိုက်ပြီ” ဟု ခေါင်းဆောင်ဟောင်းလုက ပင်ပန်းနွမ်းနယ်စွာ ဆိုလိုက်သည်။
ခေါင်းဆောင်ဟောင်းလုသည် လွန်ခဲ့သောလပင် သူ့မြေးအတွက် စိုးရိမ်သောကများဖြင့်
ပင်ပန်းနေခဲ့သည်။ ကြောက်ရွံ့ထိတ်လန့်နေသောကြောင့် တစ်ညလေးတောင်
အေးချမ်းတိတ်ဆိတ်စွာ အနားယူနိုင်ခြင်း မရှိခဲ့ပါ။
သေခြင်းတရားကို ရင်ဆိုင်ရခြင်းသည် သစ်ရွက်တစ်ရွက်က အပင်ခြေရင်းသို့
ကြွေလွင့်သွားသည်နှင့် အလျားသဏ္ဍာန်တူတယ်လို့ အသက်အရွယ်ကြီးရင့်သူများက
တွေးထင်ကြသည်။
“အဖိုးလု ကျွန်မ
...”
“မင်း စိတ်ပူစရာမလိုဘူး။ သဘောတူညီချက်ကို အဆုံးထိ ငါ ဆက်လုပ်ပေးမှာပါ။ ငါ
မင်းရဲ့ပြဿနာတွေကို ဖြေရှင်းပေးမယ်။ မင်းက လုလီရှင်းရဲ့ဇနီးဖြစ်လို့ မင်း
သူ့ရဲ့နောက်ဆုံးရက် အနည်းငယ်အတွင်း သူ့အနားမှာရှိနေပေးမယ်လို့ ငါ မျှော်လင့်တယ်”
ကျီချင်းချင်းသည် ခေါင်းညိမ့်လိုက်သည်။ “ဟုတ်ကဲ့ ကျွန်မရှိပေးရမှာပေါ့။
အဲ့ဒီအတွက် အဖိုး စိတ်ပူစရာ မလိုပါဘူး”
ဆရာဝန်၏နောက်ဆုံးဆေးစစ်တမ်းသည် လုလီရှင်း၏ သေဆုံးခြင်းကို နိဂုံးချုပ်
အပြီးသတ်လိုက်သလိုပါပဲ။ ခေါင်းဆောင်ဟောင်းလုနှင့် ကျီချင်းချင်းသည် ဆရာဝန်၏
ညွှန်ကြားချက်များကို စိတ်ပါဝင်စားစွာဖြင့် အလွန်လေးနက်စွာ နားထောင်နေခဲ့သည်။
ကျီချင်းချင်းသည် မိမိဘဝအတွက် တန်ဖိုးထားရမည့် အသိအမြင်အသစ်တစ်ခုကို
ခံစားခဲ့ရသည်။ သူမသည် လုလီရှင်း၏ ချမ်းသာကြွယ်ဝသော အမွေအနှစ်ကို အမွေရရှိမည်
ဖြစ်သော်လည်း သူ သေခြင်းတရားနဲ့ နီးကပ်နေပြီဖြစ်ကြောင်းကို တွေးမိချိန်တွင် သူမသည်
ပျော်ရွှင်ကြည်နူးမှုကို မခံစားရပေ။
ဝတ္ထုထဲ၌ လုလီရှင်း၏သေဆုံးခြင်းကို စကားလုံး အနည်းငယ်ခန့်ဖြင့်သာ
ဖော်ပြခဲ့သည်။ ဒါပေမယ့် အခု သူမရှေ့မှာ သူ့ကို အရှင်လတ်လတ် မြင်ဖူးသွားခဲ့ပြီးတော့
သူ သေရတော့မယ်ဆိုတဲ့အချက်က အရမ်းသနားဖို့ကောင်းလွန်းတယ်လို့ သူမထင်သည်။
ဒီလောက်ခန့်ညားချောမောတဲ့အမျိုးသားတစ်ယောက်က သေဆုံးသွားရတော့မယ်ဆိုတာက
အရမ်းသနားဖို့ကောင်းတယ်။
ပိုသနားဖို့ကောင်းတာက သူမလိုမျိုး ချောမောလှပသော အမျိုးသမီးတစ်ယောက်သည်လည်း
မုဆိုးမတစ်ယောက် ဖြစ်လာလိမ့်မည်။
သူမဟာ ခေါင်းဆောင်ဟောင်းလုရဲ့အနောက်ကနေပြီးတော့ ဆေးရုံခန်းသို့ ပြန်လာခဲ့သည်။
အဖိုးအိုသည် မြေးဖြစ်သူကို တွေ့သောအခါ ကြိုးစားပြီး ပြုံးထားသည့်
အပြုံးတစ်ပွင့်ဟာ မျက်နှာပေါ်မှာ ပေါ်လာခဲ့သည်။ “လီရှင်း မင်း ဘယ်လိုနေလဲ”
လုလီရှင်းသည် စနစ်မှ ဖြည့်ပေးထားသော သူ့အသက်စွမ်းအင်များကြောင့် တကယ်ကိုပင်
နေရထိုင်ရ အတော်လေး ကောင်းနေခဲ့သည်။ ကားမတော်တဆမတိုင်မီကထက်ပင် ယခုအချိန်မှာက
ပိုကျန်းမာလာတယ်လို့ ခံစားနေရသည်။ ဒါက ထင်ယောင်ထင်မှားဖြစ်တယ်ဆိုတာ သေချာပါသည်။
လုလီရှင်းသည် အသာပြုံးပြလိုက်သည်။ သူက ရိုးသားစွာ ပြန်ဖြေလိုက်သည်။ “အဖိုး
ကျွန်တော် သက်သာပါတယ်။ စိတ်မပူပါနဲ့”
သို့သော်လည်း ခေါင်းဆောင်ဟောင်းလုက နားလည်မှုလွဲနေပုံရသည်။ သူ့နှလုံးသားထဲက
ဝမ်းနည်းပူဆွေးမှုကို တွန်းလှန်ဖို့ ကြိုးစားရင်း သူက သူ့ကိုယ်သူ ဖိအားပေးကာ
ပြုံးပြနိုင်ရန် ကြိုးစားလိုက်သည်။ “အဲ့တာ ကောင်းတယ်။ ဒါဆိုရင် ငါတို့
ဒီနေ့နေ့ခင်းမှာပဲ အိမ်ပြန်ကြမလား”
“ကောင်းပြီလေ”
အရမ်းမျှဝေခံစားတတ်သည့် ကျီချင်းချင်းသည် ခေါင်းဆောင်ဟောင်းလု၏ နာကျင်နေသည့်
အသွင်အပြင်ကို သူမ မြင်တွေ့လိုက်ရသောအခါ စိတ်ထိခိုက်မိပြီး သူမမျက်ဝန်းများဟာ
နီရဲလာလေသည်။
သူမမိဘများသည် သမီးတွေထက် သားတွေကို ပိုသာလွန်ကောင်းမွန်တယ်လို့ ရှုမြင်ကြသည်။
သူမက သူမရဲ့မိသားစုအတွက် ငွေကြေးထောက်ပံ့ရတဲ့သူ ဖြစ်ပေမယ့် သူတို့က သူမကို
တန်ဖိုးမရှိသူလို့သာ ထင်မြင်ခဲ့ကြသည်။ တကယ့်တန်ဖိုးမရှိသူဖြစ်သော
သူမအစ်ကိုဖြစ်သူကိုတော့ မိဘများက အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးလို
သဘောထားခဲ့ကြသည်။ သူတို့သည် အလွန်အကျွံဖျက်စီးမိသလို ဖြစ်သွားခဲ့သောကြောင့် သူသည်
ပျင်းရိသောလူတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ကာ နောက်ဆုံးတွင် လောင်းကစားကြွေးများစွာ
တင်မိခဲ့လေသည်။ သူမတို့မိသားစုက သူ့အကြွေးတွေကိုဆပ်ရန် သူတို့အိမ်ကိုရောင်းဖို့ အတင်းအကြပ်
ဖိအားပေးခံခဲ့ရသည်။
သူမမိဘတွေက သူတို့ရဲ့သားအပေါ်မှာ မမှီခိုနိုင်သောကြောင့် သူတို့သမီးအား
ဝန်လေးစေခဲ့သည်။ သူမသည် တွင်းနက်သကဲ့သို့ သူမအစ်ကိုကြီးဖြစ်သူ
ဖြုန်းတီးသုံးစွဲမှုများအတွက် လျော်ကြေးပေးရန် မရပ်မနား အလုပ်လုပ်ခဲ့ရသည်။ သူမသည်
သူမမိသားစုနှင့် သူမ၏ဆက်ဆံရေးကို ဖြတ်တောက်လိုသည့် အခါများစွာ ရှိသော်လည်း
သူမမိဘများ၏ သူမအပေါ် ထားရှိသော ချစ်ခင်ယုယမှုအကြွင်းအကျန်များကို မပစ်ထုတ်နိုင်ခဲ့ပါ။
ကျီချင်းချင်းသည် အဖိုးလုရဲ့ သူ့မြေးအပေါ် ချစ်ခင်သည့်အကြည့်တွေကို သူမ
မြင်လိုက်ရတဲ့အခါမှာ အရမ်း မနာလိုဖြစ်မိတယ်။ ကျီချင်းချင်းသည် သူမကိုယ်တိုင်
မိသားစုဝင်တစ်ယောက်ရဲ့ နွေးထွေးလှသောအကြည့်ကို သူမ တစ်ခါမှ မကြုံဖူးခဲ့ပါ။
လုလီရှင်းရဲ့အကြည့်တွေက ခေါင်းဆောင်ဟောင်းလုကို ဖြတ်ကျော်သွားသည်။ သူက
သူ့အဖိုးဘေးနားမှာ ရပ်နေတဲ့ ကျီချင်းချင်းကို ကြည့်လိုက်သည်။ သူ့မျက်ခုံးတွေက
အနည်းငယ် တွန့်သွားမိသည်။
သူမ ဘာလို့ငိုနေတာလဲ။
လုလီရှင်းရဲ့ အိပ်ရာဘေးတစ်ဝိုက်က ဆေးပစ္စည်းများကို ဖယ်ရှားဖို့ ဆရာဝန်နှင့်
သူနာပြုများက အခန်းထဲသို့ ဝင်ရောက်လာသည်။ နောက်ဆုံးတွင် လုလီရှင်းသည် တစ်လလုံးလုံး
သူလှဲလျောင်းနေခဲ့ရသည့် ကုတင်ပေါ်ကနေ ဘီးတပ်ကုလားထိုင်ပေါ်သို့ အတင်ခံလိုက်ရသည်။
သူက ဘီးတပ်ကုလားထိုင်ပေါ်ထိုင်ရန် မလိုအပ်ဘူးလို့ ထပ်ခါတလဲလဲ ပြောနေပေမယ့်
ဆရာဝန်နဲ့ သူနာပြုများ၏ ပြင်းထန်စွာ ပြစ်တင်ရှုံချသည့်အကြည့်တွေနဲ့ သူ့ကိုယ်သူ
ယုံကြည်မှုလွန်ကဲနေတဲ့အတွက် သတိပေးတဲ့အကြည့်တွေအောက်မှာ သူက
ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်ချလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ သူသည် အလွန်ဆိုးရွားလှသော ကားမတော်တဆမှုတစ်ခု
ကြုံတွေ့ရပြီးနောက် ရုတ်တရတ် ကျန်းမာရေး ပြန်ကောင်းလာတာက အလွန်အာရုံစိုက်မိစရာ
ဖြစ်ပေလိမ့်မည်။
သို့သော် လုလီရှင်းသည် လေးနက်သောအမူအရာဖြင့် လူနာတင်ယာဥ်ဖြင့်
အိမ်ပြန်ရန်ပြောသည့် ဆရာဝန်၏အကြံပြုချက်ကို ငြင်းပယ်လိုက်သည်။