အခန်း (၁၁)
သူ့ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ကျီချင်းချင်းသည် သူ့ဇနီးနေရာက
သရုပ်ပြရမှာဖြစ်သည့်အတွက် လုလီရှင်း၏ဝှီးချဲကို ဆေးရုံကနေ တွန်းလာပေးသည်။
မြေအောက်ကားပါကင်တွင် ဇိမ်ခံရိုးရေ့ဇ်ကားတစ်စီး ရပ်ထားသည်။ ချင်ရှောက်သည်
ကားတံခါးကိုဖွင့်ပေးလိုက်ပြီး လုလီရှင်းကားထဲသို့ဝင်လို့ အဆင်ပြေအောင် ဂရုတစိုက်
အကူအညီပေးခဲ့သည်။ ခေါင်းဆောင်ဟောင်းလုနှင့် ကျီချင်းချင်းတို့သည်လည်း ကားပေါ်သို့
တက်ခဲ့ကြသည်။
ကျီချင်းချင်းသည် ဤမျှစီး၍ကောင်းသော ကားပေါ်တွင် တစ်ခါမှ မထိုင်ဖူးပေ။ ကားသည်
အလွန်လျင်မြန်စွာ မောင်းနှင်နေခဲ့သော်လည်း ဘာမှမခံစားရပဲ စီးရတာ
ငြိမ့်ညောင်းလှသည်။ ကားအတွင်းပိုင်းအပြင်အဆင်သည် ခမ်းနားထည်ဝါပြီး ကြည့်ကောင်းသည်။
အိမ်ပြန်လမ်းတစ်လျှောက်တွင် ကားပေါ်၌ လုလီရှင်းသည် ထိုင်ခုံပေါ်
ကျောမှီထိုင်ထားပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ အခါအားလျော်စွာ
ခေါင်းဆောင်ဟောင်းလုသည် သူ့ကို စိုးရိမ်ပူပန်နေသည့်အကြည့်များဖြင့်
ကြည့်လေ့ရှိသည်။ ကျီချင်းချင်းသည် လူအိုကြီးက လုလီရှင်းကို အသက်ရှိသေးလား
စစ်ဆေးကြည့်ရှုနေသလိုပင် သူမသည်လည်း စိတ်ပူစွာ စစ်ဆေးကြည့်နေခဲ့သည်။
သိပ်မကြာခင်မှာပဲ သူတို့ဟာ လုအိမ်တော်ကို ရောက်လာသည်။
ခေါင်းဆောင်ဟောင်းလုသည် ကြိုတင်အမိန့်ပေးထားသောကြောင့် ဗီလာဂိတ်တံခါးမှာ
ဖွင့်ထားပြီးဖြစ်သည်။ ကားသည် အိမ်ရှေ့မြက်ခင်းအလယ်၌ ဖောက်ထားသောလမ်းမှတစ်ဆင့်
ဗီလာ၏ရှေ့ဝင်ပေါက်သို့ ဦးတည်သွားသည်။
နေရောင်ခြည်အလင်းတန်းအတိုင်းပင် ပြတင်းပေါက်မှန်မှတဆင့် ကျီချင်းချင်းသည်
ခမ်းနားထည်ဝါလှသောအိမ်ကြီးတစ်လုံးကို မြင်လိုက်ရသည်။ အိမ်ရှေ့မြက်ခင်းပြင်၌
ပုံသွင်းထားသည့် စိမ်းလန်းစိုပြည်နေသော မြက်ခင်းပြင်များနှင့် အပင်များ
ဝန်းရံထားလေသည်။ ကြီးမားသော သစ်ပင်ပင်စည်များနှင့် မြရောင်စိုလက်နေသည့်
စိမ်းလန်းသစ်ရွက်များက အကန့်အသတ်မရှိ တက်ကြွမှုကို သိသာထင်ရှားစေသည်။
ဗီလာ၏အိမ်ရှေ့တံခါးဝတွင် လူအနည်းငယ်ရပ်နေပြီးတော့ ကားဆီသို့ အကြည့်တွေ ဦးတည်နေခဲ့သည်။
ကားကရပ်တန့်သွားပြီးနောက်မှာပဲ ထိုလူတွေက ကားနားသို့ ချည်းကပ်လာကြပြီး
သူတို့ရဲ့မျက်လုံးထဲမှာ မျက်ရည်အပြည့်ဖြင့် လုလီရှင်းကို ဝိုင်းကြည့်ကြသည်။
အဲ့ဒီလူတွေထဲက တစ်ယောက်က ကားတံခါးကို ဖွင့်ပေးလိုက်သည်။
လုလီရှင်းကို ကားထဲမှ ထွက်နိုင်အောင် ကူညီပေးကြသည်။ အသက်လတ်ပိုင်းအရွယ်
အမျိုးသမီးတစ်ယောက်ကိုကြည့်ရင်း
“အန်တီဖေး ကျွန်တော်ပြန်လာပြီ” လို့ သူက ပြောလိုက်သည်။
“သခင်လေး နောက်ဆုံးတော့ မင်းပြန်ရောက်လာခဲ့ပြီ … “
အန်တီဖေးသည် လုလီရှင်းကို ငယ်ရွယ်စဥ်အချိန်ကတည်းကပင်
ပြုစုစောင့်ရှောက်ပေးခဲ့သည်။ လွန်ခဲ့သောတစ်လက လုလီရှင်း မတော်တဆမှုတစ်ခုနှင့်
ကြုံတွေ့ရပြီး ဆေးရုံတက်လိုက်ရချိန်တွင် သူမသည် အသည်းကြွေလုနီးပါး
ဝမ်းနည်းနာကျင်ခဲ့ရသည်။ သူမခံစားရတာကလည်း ခေါင်းဆောင်ဟောင်းလု နာကျင်ခံစားနေရတာအောက်
မလျော့နည်းပေ။ ပြီးခဲ့သောလ၏ ညှင်းပန်းနှိပ်စက်မှုတွေ ခံစားနေရပြီးတော့ သူမသည်
ဤကြည်လင်တောက်ပသော နေ့ရက်မှာ ထိတ်လန့်ဖွယ်ကောင်းသည့်သတင်းတစ်ခုကို
လက်ခံရရှိခဲ့သည်။
သူမသည် သခင်လေးကို ငယ်ရွယ်စဥ်အချိန်ကနေ ယခုအရွယ်ရောက်သည့်အချိန်အထိ
ပြုစုစောင့်ရှောက်ခဲ့သည်။ သူမသည် လုလီရှင်း လက်ထပ်ပြီးတော့ ကလေးတွေ
ရရှိလာမှာကိုလည်း မြင်ချင်သေးသည်။ သို့သော် ယခုတော့… သူသေဆုံးသွားရတော့မည်။
အန်တီဖေးသည် မျက်ရည်မကျအောင် အတတ်နိုင်ဆုံး ထိန်းနိုင်ဖို့ ကြိုးစားခဲ့သည်။
“ကောင်းပြီ၊ လီရှင်းကို အနားယူလို့ရအောင် သူ့အခန်းထဲကို ခေါ်သွားပေးပါဦး”
“ဟုတ်သားပဲ၊ သူအနားယူဖို့ သူ့အခန်းထဲကို သွားသင့်တယ်။ သခင်လေး မင်းစားချင်တာ
သောက်ချင်တာရှိရင် အန်တီဖေးကို ပြောလိုက်။ အန်တီဖေး မင်းအတွက် ပြင်ဆင်ပေးမယ်”
လုလီရှင်းအနားမှာ လူအများပတ်လည်ဝိုင်းနေသောကြောင့် ကျီချင်းချင်းသည် ဒီနေရာမှာ
သူမရှိနေဖို့ မလိုအပ်တော့သလို ခံစားလိုက်ရသည်။
ကျီချင်းချင်းသည် လုလီရှင်းနောက်သို့ သူမ ဆက်လက်လိုက်သွားသင့်လား
မသွားသင့်ဘူးလားလို့ ဝေခွဲမရဖြစ်နေသည်။ လုလီရှင်းသည် သူမကိုလှည့်ကြည့်လိုက်ပြီး
“လာခဲ့” လို့ ခေါ်လိုက်သည်။
ကျီချင်းချင်းကို အရင်တုန်းက မမြင်ဖူးသည့်အတွက် ကျန်တဲ့လူတွေက သူမကို
မျက်မှောင်ကြုတ်ပြီး ဝိုင်းကြည့်နေကြသည်။ သို့သော် ယခုလက်ရှိအခြေအနေအရ သူမ ဘာလို့
ဒီနေရာမှာရှိနေတာဆိုတာကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ အံ့သြဖွယ်ကောင်းလောက်အောင်
စိတ်ပါဝင်စားမှုမရှိပေ။
ကျီချင်းချင်းသည် လုလီရှင်းအနားသို့ သွားလိုက်သည်။ သူမအနားမှာ
လူအများပတ်လည်ဝိုင်းနေသဖြင့် သူမသည် သူ့အနားမှာပဲ နေနိုင်ခဲ့ပြီး သူ့ကို လှေကားကနေ
အပေါ်သို့တက်နိုင်ဖို့ ကူညီပေးခဲ့သည်။
သူ့အခန်းသို့ လိုက်ပို့ရတာကို ခမ်းနားထည်ဝါသော လှည့်လည်စီတန်းခြင်းလို
နောက်ကနေလိုက်ပါလာခဲ့ကြပြီး လုလီရှင်းက ကွဲအက်လွယ်သော ဖန်ပုလင်းကဲ့သို့ လူတိုင်းက
သတိကြီးစွာ ထားခဲ့ကြသည်။ အန်တီဖေးသည် သူ့ကို ကုတင်ပေါ်သို့တင်တာကို ကူညီပေးကာ စောင်ကိုဆွဲထုတ်၍
အသေအချာခြုံပေးပြီးနောက် သူမသည် လုလီရှင်းလက်ကို ဝမ်းနည်းစွာ ဆုပ်ကိုင်ထားသည်။
သူမ၏မျက်လုံးများက လုလီရှင်းကို နောက်ဆုံးအကြိမ်အဖြစ် သူရှင်သန်နေတာကို
အမှတ်ရနေမိဖို့ အကြည့်ဖြင့် ကြည့်နေခဲ့သည်။ သူမကို ကြည့်ရတာ ပျော်ရွှင်မှုတွေ
ပျောက်ဆုံးနေသကဲ့သိုပင်။ လုလီရှင်းသည် သူမစိတ်ပျော်လာအောင် အတတ်နိုင်ဆုံး
ကြိုးစားခဲ့ပေမယ့် စကားအနည်းငယ်ပြောအပြီးမှာပဲ သူမသည် သူမမျက်ရည်များကို
မထိန်းထားနိုင်တော့ပါ။ သူမသည် နာကျင်စွာ ငိုရှိုက်ရင်း အခန်းအပြင်သို့
အမြန်ထွက်သွားခဲ့သည်။
လုလီရှင်း၏အခန်းအတွင်း၌ လူတိုင်းသည် အဖိုးတန်မိသားစုဝင်တစ်ယောက်ကို
ဆုံးရှုံးလိုက်ရသကဲ့သို့ အမူအရာများဖြင့် ရှိနေကြသည်။
လုလီရှင်းသည် သူ့ကိုယ်ပိုင်အသုဘကို သူကိုယ်တိုင်တက်ရောက်နေသည်ဟု ခံစားရကာ
သူ့မျက်မှောင်ကိုတင်းတင်းကြုတ်ထားမိသည်။