အခန်း(၁၂)
ခေါင်းဆောင်ဟောင်းလုသည် သူ့မြေးအား အိမ်သို့ပြန်ခေါ်ရန် ပြင်ဆင်ပေးဖို့အတွက်
ဆရာဝန်အနည်းငယ်အား ဒီနေရာသို့ ဖိတ်ခေါ်ထားခဲ့သည်။ ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများစွာကိုလည်း
ဆေးရုံမှ ယူဆောင်လာခဲ့ပြီး လုလီရှင်း၏အခန်း၌ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ
အခြေအနေများကို အမြဲစောင့်ကြည့်ရန် တပ်ဆင်နေရာချခဲ့သည်။
ပြောစရာကောင်းသည့်စကားတစ်ခွန်းမှ မရှိခဲ့ပါဘူး။ အခြားသူများ၏အမြင်တွင်
လုလီရှင်းသည် သူ့သေခြင်းတရားကို စောင့်ဆိုင်းရန် အိမ်သို့ပြန်ခေါ်လာသည်ဟုပင်
မြင်နေကြသည်။
သေခြင်းတရားကို ရင်ဆိုင်ရခြင်းသည် သစ်ရွက်တစ်ရွက် အပင်ခြေရင်းသို့
ကြွေကျသွားခြင်းနှင့် ဆင်တူသည်။ လူအများစုက ဆေးရုံမှာ မသေချင်ကြဘူး၊ ဒါ့ကြောင့်
ဆရာဝန်တွေက သူတို့လူနာတွေရဲ့ဆန္ဒအတိုင်း လက်ခံပေးပြီး သူတို့ကို
အိမ်ပြန်ခွင့်ပေးကြသည်။
လုလီရှင်းသည် သူ့ခန္ဓာကိုယ်၏ လက်ရှိအခြေအနေကို တိကျသေချာစွာ
နားလည်သဘောပေါက်သည်။ သို့ပေမယ့် သူပြန်ကောင်းသွားပြီလို့ပြောရင် ဒါက
စိတ်ကူးကြည့်လို့မရနိုင်အောင်ပင် တရားလွန်ဖြစ်သွားသည့်ပုံပေါ်လိမ့်မည်။ သူက ဒါကို
ပွင့်ပွင့်လင်းလင်း ပြောပြလို့ မရနိုင်ဘူး။ သူက ခေါင်းဆောင်ဟောင်းလုကို
စကားလှသုံးပြီးတော့ပဲ ပြောနိုင်သည်။
“အဖိုး စိတ်မပူပါနဲ့။ ကျွန်တော် ပိုသက်သာလာပါပြီ”
သို့သော် လုလီရှင်းသည် ဒီစကားများကို ပြောပြီးနောက်တွင်
အခန်းထဲရှိလူများ၏မျက်နှာများသည် စိတ်မကောင်းသည့်အသွင်များ ဖြစ်လာကြသည်။
ကျီချင်းချင်းတောင်မှ သူ့ကို သနားစာနာတဲ့အကြည့်ဖြင့် ကြည့်နေခဲ့သည်။
သူတို့အားလုံး အတွေးကတော့ သူက မသေခင်အချိန်လေးမှာ သေခါနီးမီးတောက်ထပြီး စွမ်းအားပြည့်ဝနေတယ်လို့
သေချာပေါက် တွေးထင်နေကြတာ ဖြစ်သည်။
“ကောင်းတယ်။ မင်းသက်သာလာပြီလို့ကြားရတာ ကောင်းလိုက်တာ”
ဆုတောင်းပုတီးကိုဆုပ်ကိုင်ထားသည့် ခေါင်းဆောင်ဟောင်းလု၏လက်သည်
တုန်ယင်နေခဲ့သည်။ သူက တုန်ယင်စွာ မတ်တပ်ထရပ်လိုက်သည်။ သူ့ဘေးနားမှာရှိတဲ့
ကျီချင်းချင်းက သူ့ကို လျင်မြန်စွာ ဖေးမပေးလိုက်သည်။
“အဖိုး ...ကောင်းကောင်းအနားယူလိုက်ပါ။ နောက်မှ အဖိုးကို သမီးတို့
လာတွေ့ပါ့မယ်”
ခေါင်းဆောင်ဟောင်းလုသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး “ထွက်သွားတော့
မင်းတို့အားလုံး ထွက်သွားကြတော့” လို့ ပြောလိုက်သည်။
လူတိုင်းသည် လေးလံထိုင်းမှိုင်းနေသော မျက်နှာအမူအရာများဖြင့် အခန်းထဲမှ
ဖြည်းဖြည်းချင်း ထွက်သွားကြသည်။ ဘာအသံမှမထွက်ပဲ တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။
အန်တီဖေးသည် ဧည့်ခန်းထဲမှာ အသည်းများကွဲကြေသွားသကဲ့သို့ ငိုကြွေးနေသည်။
ခေါင်းဆောင်ဟောင်းလု အောက်ထပ်သို့ ဆင်းလာတာကို မြင်လိုက်သည်နှင့် သူမက အလျင်အမြန်
မတ်တပ်ထရပ်လိုက်သည်။ သူမသည် ဝမ်းနည်းမှုများကြောင့် အသက်ရှူကျပ်သလိုဖြစ်သွားပေမယ့်
သူမသည် ထိန်းချုပ်လိုက်ပြီး “အကြီးအကဲလု သခင်လေးကို ကယ်တင်ဖို့ တကယ်ပဲ
နည်းလမ်းမရှိတော့ဘူးလား။ သူ့ကို ပိုကောင်းတဲ့ဆေးရုံကို မပို့နိုင်ဘူးလား။
ဒါမှမဟုတ် ပိုကောင်းတဲ့ဆရာဝန်ကိုပဲဖြစ်ဖြစ် ရှာလို့မရနိုင်ဘူးလား။ ဒါမှမဟုတ်
သူ့ကို ဆေးကုသဖို့ နိုင်ငံခြားကို မသွားသင့်ဘူးလား …”
အန်တီဖေးသည် အရမ်းငိုကြွေးထားမိသောကြောင့် သူမသည် နောက်ထပ်စကားလုံးများကို
မထွက်နိုင်တော့ပါဘူး။ သူမသည် မကြာခင်မှာ လုလီရှင်း သေဆုံးသွားတော့မည်
ဆိုတဲ့အဖြစ်ကို လက်မခံနိုင်ဘူး။
“ကျွန်မမြင်ရသလောက်ကတော့ သခင်လေးက ကျန်းမာဖြတ်လတ်နေပုံပါပဲ။ သူက
လမ်းလျှောက်နိုင်တယ်၊ ပြုံးပြနိုင်တယ်၊ ပြီးတော့ စကားလည်းပြောနိုင်သေးတာပဲ။
ဆရာဝန်တွေ ပြောသလောက် သူ့အခြေအနေက မဆိုးရွားတာလည်း ဖြစ်နိုင်တာပဲလေ”
လူအိုကြီးသည် ဒီစကားကို နားထောင်ပြီးနောက် သူ့မျက်လုံးများကို ခေတ္တမျှ
မှိတ်လိုက်သည်။ ပြီးခဲ့သည့်လတွင် သူသည် မရေမတွက်နိုင်သော
ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ မျှော်လင့်ချက်
နည်းနည်းလေးတောင် ရှိခဲ့ရင် သူ လွယ်လွယ်ကူကူ လက်လျှော့ပေးလိုက်မှာ မဟုတ်ဘူး။
“သူနေမကောင်းတာကို မြင်ရတာ မင်းအတွက် အရမ်းဝမ်းနည်းစေမယ်မှန်း ငါနားလည်ပါတယ်။
သူ့အဖိုးတစ်ယောက်အနေနဲ့ ငါလည်း မင်းလိုခံစားနေရတာပါပဲ။ လုမိသားစုရဲ့ ဆက်ခံသူအနေနဲ့
သူ့ကလေးဘဝကတည်းက သူ့မှာ လွတ်လပ်ပေါ့ပါးစွာ နေရတဲ့ရက် တစ်ရက်လေးတောင် မရှိခဲ့ဘူး။
ငါသာ ဒီလိုဖြစ်မယ်မှန်းကြိုသိခဲ့ရင် …” ခေါင်းဆောင်းဟောင်းလုသည် သူ့စကားကို
ရပ်တန့်လိုက်သည်။ ကျန်တဲ့စကားလုံးတွေကို သူ့လည်ချောင်းထဲမှာ မြိုသိပ်ထားလိုက်သည်။
မျက်ရည်များကျရင်း ဝမ်းနည်းစိတ်အပြည့်ဖြင့် အန်တီဖေးက မေးလိုက်သည်။
“အကြီးအကဲလု ကျွန်မ … ကျွန်မ လီရှင်းနေမကောင်းဖြစ်နေတာကို မကြည့်ရက်ဘူး။ သူက
ငယ်သေးတယ်လေ။ သူက အိမ်ထောင်တောင်မပြုရသေးဘူး။ သူ့က ဒီကမ္ဘာလောကကြီးကနေ
ဘယ်လိုလုပ်ပြီး ထွက်သွားနိုင်ရမှာလဲ”
“မြေကြီးလက်ခတ် မလွဲသည့်အရာတစ်ခုကို ငါတို့သိပြီးရင် ဒါကိုလက်ခံနိုင်ဖို့
ငါတို့ကြိုးစားရမယ်။ ဆေးရုံမှာတုန်းက ဆရာဝန်အဖွဲ့ခေါင်းဆောင်ချန်က လီရှင်း
နောက်ရက်အနည်းလောက်အထိပဲ တောင့်ခံနိုင်တော့မယ်ဆိုပြီး ငါ့စိတ်ကို အသင့်ပြင်ထားဖို့
ပြောလိုက်တယ်။ ငါတို့ စီစဥ်စရာရှိတာတွေကို စပြီးတော့ စီစဥ်သင့်ပြီ”
ကြောက်ရွံ့ထိတ်လန့်နေသည့် အန်တီဖေးသည် “ဘာကို စီစဥ်ထားရမှာလဲ” လို့
ပြန်မေးလိုက်သည်။
ခေါင်းဆောင်ဟောင်းလုသည် သူ့မျက်လုံးများကို မှိတ်လိုက်သည်။ သူက
သက်ပြင်းချလိုက်မိသည်။ “သူ့စျာပနအတွက် ကြိုတင်စီစဥ်ပေးထားပါ”
“စျာပန” ဟူသော စကားလုံးသည် ခေါင်းဆောင်ဟောင်းလု၏ ပါးစပ်မှထွက်လာသည်နှင့်
တပြိုင်နက် ဤခက်ထန်မာကြောလှသော အဖိုးအိုသည် စက္ကန့်ပိုင်းအတွင်းမှာပင် အသက်များစွ
အိုစာသွားပုံရသည်။
အထူးသဖြင့် သားဖြစ်သူကိုဆုံးရှုံးခဲ့ပြီး ယခု
သူ့မြေးဖြစ်သူကိုဆုံးရှုံးရတော့မည့် ခေါင်းဆောင်ဟောင်းလုအတွက်တော့
ဆံပင်ဖြူနှင့်လူသည် ဆံပင်နက်နှင့်လူကို နောင်ဘဝသို့ အရင်စေလွှတ်လိုက်ရခြင်းမှာ
သူ့အတွက် ကံကြမ္မာက ရက်စက်လွန်းလှသည်။
“စျာပနလား” အန်တီဖေးသည် တုန်လှုပ်နေသောအသံဖြင့် မေးလိုက်သည်။ သူမသည်
ခေါင်းဆောင်ဟောင်းလုကို အချိန်အကြာကြီး စိုက်ကြည့်နေမိသည်။ သူမသည် ရုတ်တရတ်
ဆိုဖာပေါ်သို့ ပြန်လဲကျသွားသည်။ “အကြီးအကဲလု … သခင်လေး … သူက …”
“သေခြင်းတရားဆိုတာ လူတိုင်း မလွဲမသွေကြုံတွေ့ရမှာပါပဲ။ လုလီရှင်းရဲ့အဖေ
သေဆုံးသွားတုန်းကလည်း ငါ ချက်ချင်း လက်မခံနိုင်ခဲ့ဘူး” ခေါင်းဆောင်ဟောင်းလုသည်
အားတင်းကာ သူ့လက်ကို ဝှေ့ယမ်းပြပြီး ဆိုလိုက်သည်။ “ငါ ဒီကိစ္စတွေကို ချင်ရှောက်ကို
စီစဥ်ခိုင်းထားပြီးပြီ။ လူတစ်ယောက်က ဒီလိုကိစ္စမျိုးတွေကို ကိုင်တွယ်တဲ့အခါ
တချို့အရာတွေ လွဲချော်သွားလိမ့်မယ်။ အရာအားလုံးကို
မှန်မှန်ကန်ကန်လုပ်ထားလားဆိုတာကို သေချာစစ်ဆေးကြည့်သင့်တယ်”
အန်တီဖေးသည် တုန်လှုပ်စွာ မတ်တပ်ထရပ်လိုက်သည်။ သူမနှလုံးသားထဲရှိ
ဝမ်းနည်းမှုကို ဖယ်ရှားဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။ “ကျွန်မ နားလည်ပါပြီ”
ခေါင်းဆောင်းဟောင်းလုသည် သူ့အကြည့်များကို ကျီချင်းချင်းထံသို့ ရွှေ့လိုက်သည်။
သူ့နှလုံးသားမှာ မျှော်လင့်ချက်ရောင်ခြည်တစ်ခု ရှိနေပါသေးသည်။ ဆရာသခင်ဝူက
လုလီရှင်းကို ကျီချင်းချင်းနဲ့ လက်ထပ်ထိမ်းမြားပေးလိုက်မယ်ဆိုရင် အသက်ကို
ကယ်တင်ပေးနိုင်လိမ့်မယ်လို့ ဟောပြောခဲ့သည်။ ယခုအချိန်တွင် ခေတ်မီဆေးဝါးများက
လုလီရှင်း၏အသက်ကို မကယ်တင်နိုင်တော့ပါ။ ထို့ကြောင့်
သူ့မျှော်လင့်ချက်များအားလုံးကို ကျီချင်းချင်းထံမှာ ပုံအပ်ထားဖို့ကိုပဲ
ဆုံးဖြတ်ထားသည်။
“ကျီချင်းချင်း လုလီရှင်းရဲ့အခြေအနေကိုလည်း မင်းသိပါတယ်။ ငါ မင်းကို
ဒီလိုမေးရတာက အတင်းအကျပ်လုပ်နေသလိုဖြစ်မှန်း ငါသိပေမယ့် နောက်ရက်အနည်းငယ်အတွင်းမှာ
မင်း သူ့အနားမှာ ဆက်နေပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်”
အကြီးအလဲလု၏စကားများသည် အလွန်စိတ်အားထက်သန်နေသည်။ သူ့အသံက
အသနားခံနေတဲ့ပုံမပေါက်တာကိုတောင် သူက သတိမထားမိခဲ့ဘူး။