အခန်း၁၄
Viewers 16k

အခန်း(၁၄)

 

လုလီရှင်းသည် သူ့အား စိတ်အနှောင့်အယှက် တစ်စုံတစ်ရာမှ မလုပ်ခဲ့သော သူ့ဇနီးဖြစ်သူနှင့် အင်တာနက်အသုံးပြုသူများ ဖော်ပြပြောဆိုနေသောသူက တစ်ဦးတည်းဖြစ်ကြောင်းကို မဆက်စပ်နိုင်ခဲ့ပါ။ ဒီအင်တာနက်အသုံးပြုသူများ၏အဆိုအရ သူမက မာနထောင်လွှားတယ်၊ အာဏာရှင်ဆန်တယ်၊ ပြီးတော့ စိတ်သဘောထားသေးသိမ်တယ်။

 

လုလီရှင်းသည် အခြားသူများ၏ ပြောစကားထက် ထိုသူကို သူ့ကိုယ်ပိုင်မျက်စိနှင့် ကိုယ်ပိုင်အတွေ့အကြုံများဖြင့် မြင်ရတာကို ပိုယုံကြည်သည်။

 

ကျီချင်းချင်းသည် သူမ သိခဲ့ရတဲ့သတင်းများကို ပြန်လည်အမှတ်ရမိပြီးတော့ ဂရုတစိုက် ရိုးရိုးသားသား ရှင်းပြခဲ့သည်။

 

“ကျွန်မ အသေးစိတ်ကို သေချာမသိဘူး။ ကျွန်မ သူမကို တွန်းချခဲ့မိပုံရတယ်။ သူမက တောင်ပေါ်ကနေ လိမ့်ကျခဲ့လို့ အရိုးတွေ အများကြီး ကျိုးခဲ့ပုံပဲ။ သူမမျက်နှာလည်း ဒဏ်ရာအကြီးကြီးရသွားတယ်။ ကျွန်မ သူမကို ယွမ်သန်းနှစ်ဆယ် အလျော်ပေးမယ်ဆိုရင် တရားရုံးမှာ သူမက ဒီကိစ္စကို ကျေအေးပေးဖို့ ဆန္ဒရှိတယ်တဲ့။ မဟုတ်ရင် သူမက ကျွန်မကို ထောင်ကျဖို့ တရားစွဲဆိုလိမ့်မယ်”

 

အမှန်တိုင်းပြောရရင် ကျီချင်းချင်းက ရှန်းဝေဝေရဲ့ဒဏ်ရာက ဒီဇာတ်လမ်းထဲကဇာတ်ကောင်ဖြစ်တဲ့ ကျီချင်းချင်းနဲ့ ဘာမှ မသက်ဆိုင်ဘူးဆိုတာကို မသိခဲ့ဘူး။ သို့ပေမယ့် ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ ကျီချင်းချင်းသည် မာနကြီးပြီး မနှစ်သက်ဖွယ်ကောင်းပေမယ့် တရားမျှတစွာ ပြောရမယ်ဆိုရင် သူမသည် အခြားသူတစ်ဦးအား မည်သည့်အခါကမျှ ထိခိုက်စေခြင်း မရှိခဲ့ပါ။ ရှန်းဝေဝေသည် ဒီဇာတ်လမ်း၏ အမျိုးသမီးဇာတ်လိုက်ဖြစ်ပြီး သူမသည် ဆက်ဆံရလွယ်ကူသော ရိုးဖြောင့်သူတစ်ယောက် မဟုတ်ပါ။ ဒါကြောင့် ကျီချင်းချင်းဟာ ဒီအမှုရဲ့ အမှန်တရားကို ဘာဆိုတာကို သေချာမပြောနိုင်ဘူး။

 

“မင်း ထျန်းယွိအင်တာတိန်းမန့်အကြောင်းကို ကြားဖူးလား”

 

“အင်း အဲ့တာက…”

 

“အဲ့တာက ကိုယ့်အပိုင်ပဲ”

 

ကျီချင်းချင်းသည် သူမနှလုံးသား စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားပြီးနောက် လျင်မြန်စွာ ပြန်ခုန်လာခဲ့သည်။

 

မှန်ပါတယ်၊ သူမက ဒီအကြောင်းကို မေ့နေခဲ့တယ်။ ထိုဝတ္ထုဇာတ်လမ်းထဲ၌ အမျိုးသားဇာတ်လိုက်သည် လုမိသားစုထံသို့ ပြန်ရောက်လာသည်နှင့် တပြိုင်နက် ထျန်းယွိအင်တာတိန်းမန့်က အမျိုးသမီးဇာတ်လိုက်အား မြှင့်တင်ပေးရန်မှတစ်ပါး အခြားအကြောင်းအရာကို အရန်မထားခဲ့ချေ၊ ထျန်းယွိအင်တာတိန်းမန့်သည် လုမိသားစုပိုင်ဆိုင်သည့် ကုမ္ပဏီများစွာထဲမှ တစ်ခု အပါအဝင်ဖြစ်သည်။ ဝတ္ထုဇာတ်လမ်းထဲ၌ လုလီရှင်းသည် နောက်နှစ်ရက်အတွင်းမှာ သေဆုံးသွားပေလိမ့်မည်၊ ထို့ကြောင့် အမျိုးသားဇာတ်လိုက်သည် အိမ်သို့ပြန်လာခဲ့ပြီး လုမိသားစု၏မိသားစုအမွေကို ဆက်ခံသူအသစ် ဖြစ်လာပေလိမ့်မည်။ သို့ပေမယ့် ယခုအချိန်မှာတော့ လုလီရှင်းသည် မသေဆုံးသေးပေ။ ဒါ့ကြောင့် ထျန်းယွိအင်တာတိန်းမန့်သည် လုလီရှင်း၏ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည်။

 

သူမက လုလီရှင်းနဲ့လက်ထပ်ပြီးကတည်းက ထျန်းယွိအင်တာတိန်းမန့်သူဌေးကတော်ဖြစ်သွားတာ မဟုတ်ဘူးလား။

 

ကျီချင်းချင်းသည် သူမသာ ဖျော်ဖြေရေးလုပ်ငန်းအသိုင်းအဝိုင်းထဲမှာ ဆက်နေခဲ့မယ်ဆိုရင် ဝတ္ထုဇာတ်လမ်းထဲက ကျီချင်းချင်းကဲ့သို့ အနိုင်ကျင့်ခံရမှာကို စိုးရိမ်ပူပန်ခဲ့သည်။ ဒါပေမယ့် သူမရဲ့ကံကြမ္မာက ရုတ်တရတ် မမျှော်လင့်ပဲ အလှည့်အပြောင်းဖြစ်သွားခဲ့ပြီးတော့ သူမဟာ ထျန်းယွိအင်တာတိန်းမန့်ရဲ့ ပိုင်ရှင် တစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့သည်။

 

သူမသည် လုလီရှင်းနှင့်လက်ထပ်ထားတာကို လူသိရှင်ကြား မကြော်ငြာခဲ့ရင်တောင်မှ လုအိမ်တော်က သူမ အနိုင်ကျင့်ခံနေရတာကို လက်ပိုက်မကြည့်နေနိုင်ဘူး၊ မဟုတ်လား”

 

ဒါမှမဟုတ်ရင်လည်း သူမသည် လုလီရှင်းသေဆုံးသွားပြီးနောက် ရှန်းဝေဝေနှင့်ပတ်သက်သည့် ပြဿနာကို ဖြေရှင်းပြီးနောက် သူမအမွေကိုယူ၍ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့ရဲ့ မျက်စိစပါးမွေးစူးစရာအဖြစ်မှ ‌ရှောင်ရှားရန် ဖျော်ဖြေရေးအသိုင်းအဝိုင်းမှ အလျင်အမြန် ထွက်ခွာသွားနိုင်သည်။

 

လုလီရှင်းသည် တက်ဘလက်ကို ချလိုက်သည်။ လုလီရှင်းက သူ့မျက်ခုံးကြားနေရာလေးကို ပွတ်သပ်လိုက်သည်။ သူက ကျီချင်းချင်းကို အေးဆေးစွာကြည့်နေပြီးတော့ တမင်တကာ သူ့အသံကို အေးစက်သည့်ပုံပေါက်အောင်လုပ်၍ စကားဆိုလိုက်သည်။

 

“ကိုယ်တို့က တစ်ဦးနဲ့တစ်ဦးကြားမှာ ချစ်ခြင်းမေတ္တာ မရှိကြဘူး၊ မင်း ကိုယ့်ကို ဘာကြောင့် လက်ထပ်တာလဲဆိုတာကို ကိုယ်သိတယ်။ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲကလူတွေက မင်းသမီးတစ်ယောက်ရဲ့ အိမ်ထောင်ဖက်ကို အာရုံစိုက်ကြတာကို ကိုယ်သိတယ်။ ဒါ့ကြောင့် မင်း ကောင်းတာလုပ်ရင်ဖြစ်ဖြစ် မကောင်းတာလုပ်ရင်ဖြစ်ဖြစ်  မင်းအပေါ်မှာပဲ မူတည်တယ်။ ကိုယ်တို့ရဲ့ အိမ်ထောင်ရေးကို လူသိရှင်းကြားပြောခွင့် မရှိဘူး။ ရှန်းဝေဝေနဲ့ပတ်သက်ပြီး ဒီကိစ္စကို မင်း စိတ်ပူစရာမလိုဘူး။ ဒီကိစ္စကို ကိုယ် ရှင်းရှင်းလင်းလင်း စုံစမ်းစစ်ဆေးရလိမ့်မယ်။ အနာဂတ်မှာ ဖြစ်လာမယ့် အကျိုးဆက်တွေအတွက် မင်း စိတ်ပူစရာမလိုဘူး။ ဒါပေမယ့် ကိုယ့်မှာ အခြေအနေတစ်ခုတော့ရှိတယ်”

 

“ဘာအခြေအနေလဲ”

 

“မင်း ကိုယ်နဲ့ အချိန်မရွေးတွေ့ဖို့ အဆင်သင့် ဖြစ်နေရမယ်”

 

အလွန်အမင်းထိန်းချုပ်တာမျိုးလား။

 

လုလီရှင်းသည် ထိန်းချုပ်လိုစိတ်ပြင်းပြသူတစ်ယောက်ဖြစ်သည်။ သူနှင့်သက်ဆိုင်သော မည်သည့်အရာကိုမဆို တခြားသူတစ်ဦးက လက်ညှိုးနှင့်ပင်မထိုးစေချင်ပေ။

 

ကျီချင်းချင်းသည် သူမဖာသာသူမ တိတ်တိတ်လေး တွေးလိုက်မိသည်၊ နောက်နှစ်ရက်လောက်ဆိုရင်ပဲ သူ့ရဲ့စျာပနကို ငါလေး တက်ရောက်ရတော့မှာပဲ။ အဲဒီအချိန်မတိုင်ခင် ငါတို့ ဘယ်နှခါများ တွေ့နိုင်မှာမို့လဲ။ ငါလေးက သူတွေ့ချင်ရင် အချိန်မရွေး အဆင်သင့်ရှိနေရမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

 

“ကိုယ်တို့က လင်မယားတွေဖြစ်နေပေမယ့် မင်း စိတ်မပူပါနဲ့။ ကိုယ် မင်းကို စိတ်မဝင်စားပါဘူး။ ကိုယ် မင်းကို မထိပါဘူး”

 

လုလီရှင်းက မတ်တပ်ထရပ်လိုက်ပြီး စားပွဲအနားသို့လျှောက်လာကာ သူ့ဖာသာသူ ဖန်ခွက်ထဲ ရေငှဲ့ထည့်လိုက်သည်။

 

“အန်တီဖေးက မင်းအတွက် သီးသန့်အခန်းတစ်ခု စီစဥ်ပေးလိမ့်မယ်။ ကိုယ့်ခွင့်ပြုချက်မရှိပဲ ကိုယ့်အခန်းထဲကို ဝင်မလာပါနဲ့”

 

ကျီချင်းချင်းသည် သူမမျက်လုံးများကို လှိမ့်လိုက်သည်။

 

လုလီရှင်းက သူမကို စိတ်ဝင်စားတယ်ဆိုရင်တောင်မှ သူ့ရဲ့လက်ရှိရုပ်ပိုင်းဆိုင်ရာ အခြေအနေအရ သူက ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။

 

ဘာပဲဖြစ်ဖြစ် သူမကလည်း သူနဲ့ အတူအချိန်ဖြုန်းဖို့ စိတ်အားထက်သန်မှု မရှိပါ။ သူမက ခေါင်းဆောင်ဟောင်းလုကြောင့် သူ့ကို ဂရုစိုက်ပေးဖို့ ဒီနေရာမှာ လာနေဖို့ သဘောတူခဲ့တာဖြစ်သည်။ မဟုတ်ရင် သူမက ဒီလို စိတ်အနှောင့်အယှက်အဖြစ်ခံမှာ မဟုတ်ဘူး။

 

“စိတ်မပူပါနဲ့ မစ်စတာလု ကျွန်မမှာ ကိုယ်ပိုင်အသိဥာဏ်ရှိတယ်။ ကျွန်မ ရှင်ပြောတဲ့အတိုင်း အတိအကျလိုက်နာမှာပါ”

 

ကျီချင်းချင်းက စားပွဲကိုပတ်သွားပြီး အခန်းတံခါးဆီ ဦးတည်လျှောက်သွားခဲ့သည်။

 

သေဆုံးခါနီးသတိပေးချက်: နောက်ငါးမိနစ်အတွင်း ကျီချင်းချင်းနှင့် လက်တွဲထားပါ

 

လုလီရှင်း၏လက်က တုန်ယင်သွားသည်။ သူလက်မှာ ကိုင်ထားတဲ့ ရေထည့်ထားသည့်ဖန်ခွက်ကို ထွက်ကျလုနီးပါး ဖြစ်သွားစေခဲ့သည်။