အခန်း၁၆
Viewers 16k

အခန်း(၁၆)

 

ညရဲ့ကန့်လန့်ကာက တဖြည်းဖြည်း ကျဆင်းလာသည်နှင့်အမျှ လုမိသားစုဗီလာ၌ မီးများထွန်းဖွင့်လာကြပြီး အိမ်အစေခံများသည် သူတို့ရဲ့အလုပ်များကို ဆက်လက်လုပ်ကိုင်နေကြသည်။ ကျီချင်းချင်းသည် လုလီရှင်း၏စျာပနအတွက် ပြင်ဆင်မှုများနှင့် အလုပ်များနေသည်ကို သိသည်။ ရက်အနည်းငယ်အတွင်း လုလီရှင်းသည် သေဆုံးသွားခဲ့ပြီးတော့ သူမဟာ မုဆိုးမဖြစ်ပေမည်။ ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ပြီး လုလီရှင်း၏အဖြူအမည်းဓာတ်ပုံရှေ့မှာ အဖြူရောင်ပန်းပွင့်လေးချ၍ သူမသည် ဝမ်းနည်းပူဆွေးနေသော မုဆိုးမတစ်ယောက်အဖြစ် အခန်းကဏ္ဍကနေ ‌ဆောင်ရွက်ရပေလိမ့်မည်။

 

ကျီချင်းချင်းသည် လုအိမ်တော်ရှိ အိမ်သူအိမ်သားများကို အဆင်မပြေစေမယ့်အရာတစ်ခုခုလုပ်ဖို့ မစီစဥ်ထားခဲ့ဘူး။ အန်တီဖေး သူမအတွက် စီစဥ်ပေးထားသော ဧည့်သည်ခန်းတွင် အနည်းငယ် အနားယူပြီးနောက် သူမသည် အကြီးအကဲလုကိုသွားရှာရန် ဆုံးဖြတ်လိုက်သည်။

 

အကြီးအကဲလုသည် သူ့သားအား အသက်လတ်ပိုင်းအရွယ်၌ ဆုံးရှုံးခဲ့ရပြီး ယခုအခါ သူ့မြေးဖြစ်သူကို ဆုံးရှုံးရတော့မည်။ အနာဂတ်မှာ ဒီလူအိုကြီးက တစ်ယောက်တည်းပဲ ကျန်နေရလိမ့်မယ်။ ဒါက ဘယ်လောက်အထီးကျန်ဆန်မလဲဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။ ကျီချင်းချင်းသည် အကြီးအကဲလုကို မြင်လိုက်ရသောအခါ သူမရဲ့အဖိုးနှင့် ကောင်းမွန်သောဆက်ဆံရေး ဘယ်လောက်တောင်လိုချင်ခဲ့ပုံကို စဥ်းစားမိလိုက်သည်။ ဒီလိုကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ အဖိုးအိုတစ်ယောက် စိတ်ဓာတ်ကျနေတာကို သူမ မမြင်ချင်ဘူး။

 

“သခင်မလေး အကြီးအကဲလုက ရှင့်ကို ညစာစားဖို့ ခေါ်ခိုင်းလိုက်ပါတယ်”

 

ကျီချင်းချင်းသည် သူမအခန်းထဲမှထွက်လာပြီးတဲ့‌နောက်မှာ အစေခံတစ်ဦးက သူမကို ထမင်းစားခန်းထဲသို့ ခေါ်လာခဲ့သည်။ အကြီးအကဲလုသည် ထိပ်ဆုံးခုံ၌ ထိုင်နေပြီ။ သူသည် စိတ်ဓာတ်ကျပြီး အစားစားချင်စိတ်လည်း မရှိပါချေ။ အကြီးအကဲလုသည် ကျီချင်းချင်းကို တွေ့လိုက်ရတော့ သူက သူမအား ကြင်နာစွာ လက်ဟန်ပြ၍ ထိုင်စားရန် ခေါ်လိုက်သည်။

 

အန်တီဖေးသည် ကျီချင်းချင်းထိုင်နိုင်ရန် ခေါင်းဆောင်ဟောင်းလုရဲ့ ညာဖက်ထောင့်မှာရှိတဲ့ ထိုင်ခုံကို ဆွဲထုတ်ပေးလိုက်သည်။ စားပွဲပေါ်မှစားစရာများသည် အစားစားချင်စိတ်ကို ဖြစ်ပေါ်စေသည်။

 

“ကျီချင်းချင်း ဒီနေရာကို မင်းရဲ့အိမ်လိုပဲ သဘောထားနော်။ မင်း စားချင်တာရှိရင်လည်းပြောနော်။ ငါတို့ အခုမှ ပြန်ရောက်လာတာ မကြာသေးဘူး၊ ဒါ့ကြောင့် ငါတို့က ပေါ့ပေါ့ပါးပါး အစားအစာတွေကိုပဲ စားလေ့ရှိတယ်ဆိုတာကို မင်းကို ပြောဖို့ အချိန်မရလိုက်ဘူး။ ဒီဟင်းတွေက မင်းအရသာနဲ့မကိုက်ညီရင် အန်တီဖေးကို ပြောလိုက်ပါ။ သူက မင်းအတွက် တခြားဟင်းလျာတွေကို ချက်ပြုတ်ပြင်ဆင်ပေးလိမ့်မယ်”

 

ကျီချင်းချင်းက ကတိုက်ကရိုက် ပြန်ပြောလိုက်သည်။

 

“သမီးအတွက် သီးသန့်ပြင်ပေးစရာ မလိုပါဘူး။ အဖိုး သမီးက အစားအသောက်ဂျီးများတတ်တဲ့သူမျိုး မဟုတ်ပါဘူး”

 

ခေါင်း‌ဆောင်ဟောင်းလုက ခေါင်းညိတ်လိုက်သည်။

 

အန်တီဖေးသည် အကြီးအကဲလုအတွက် စွတ်ပြုတ်တစ်ခွက် ထည့်ပေးလိုက်သည်။

 

“အကြီးအကဲလု နောက်ဆုံးတော့ ဒုတိယသခင်လေး ပြန်ရောက်လာခဲ့ပြီ။ အဲ့တာ ဘယ်လိုများ…”

 

ခေါင်းဆောင်ဟောင်းလု၏စိတ်အခြေအနေဟာ ဆိုးရွားသွားသည်။ သူက ပြန်မဖြေခင် စွတ်ပြုတ် အနည်းငယ် သောက်လိုက်သည်။

 

“အဲ့ဒီအရူးကောင်အကြောင်း လာမပြောနဲ့။ သူထွက်သွားပြီးကတည်းက သူ့မိသားစုဝင်တွေနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်မလုပ်ခဲ့ဘူး။ အခုတော့ သူ့အစ်ကိုကြီးက သေဆုံးခါနီး ဖြစ်နေပြီ… အဲ့တာကြောင့်သာ သူက နောက်ဆုံးတော့ ပြန်လာခဲ့တာပဲ။ မဟုတ်ရင် ဒီအရိုးဟောင်းကြီး သေဆုံးသွားမှ ပြန်လာမယ့်ပုံပဲ”

 

“အကြီးအကဲလု စိတ်မဆိုးပါနဲ့။ ဒုတိယသခင်လေးက နည်းနည်းလေး ခေါင်းမာတတ်တာပါ…”

 

“အဲ့အကြောင်းကို ထပ်မပြောနဲ့တော့” ဟု အကြီးအကဲလုက အန်တီဖေးကို ပြောလိုက်သည်။

 

ပြီးနောက် အကြီးအကဲလုသည် မတ်တပ်ထရပ်လိုက်ပြီး ကျီချင်းချင်းကို ပြောလိုက်သည်။

 

“ချင်းချင်း မင်းဆက်စားလိုက်ဦး။ အဖိုး အဲ့အရူးကောင် သွားတွေ့လိုက်ဦးမယ်”

 

ထို့သို့ပြောပြီး‌နောက် သူက အိမ်အပေါ်ထပ်ရှိ စာကြည့်ခန်းသို့ တက်သွားသည်။

 

အန်တီဖေးသည် အကြီးအကဲလု ထွက်သွားတာကို လိုက်ကြည့်နေခဲ့သည်။ သူမ၏မျက်နှာသည် စိုးရိမ်ပူပန်နေပုံပေါ်သည်။

 

“အန်တီဖေး ဘာဖြစ်နေတာလဲ”

 

အန်တီဖေးသည် စာကြည့်ခန်းကို လှမ်းမျှော်ကြည့်လိုက်သည်။ သူမမျက်နှာဟာ စိုးရိမ်သောကနေတာကို ပြသထားသည်။

 

“ဒုတိယသခင်လေး အခုမှပြန်ရောက်ရုံ ရှိသေးတယ်၊ သူ့ကို အကြီးအကဲလုက စာကြည့်ခန်းထဲမှာတွေ့ဖို့ ပြောနေပြီ။ ဒုတိယသခင်လေး အရိုက်ခံရမှာကို ကျွန်မ စိုးရိမ်ပူပန်နေတာပါ”

 

ဒုတိယသခင်လေးသည် လုလီရှင်း၏ညီငယ်လေးဖြစ်ပြီးတော့ ဝတ္ထုဇာတ်လမ်းရဲ့ဇာတ်လိုက်ဖြစ်သူ လုလီထင်ဖြစ်သည်။ သူတို့ငယ်ရွယ်စဥ်ကပင် သူတို့မိဘများဟာ ဆုံးပါးသွားခဲ့သည်။ ယောကျာ်းနှစ်ယောက်ကို ပျိုးထောင်ရာမှာ အကြီးအကဲလုဟာ ကိစ္စအနည်းငယ်ကို လွဲချော်မှုရှိလိမ့်မယ်ဆိုတာ မလွဲမသွေပါပဲ။

 

လုလီရှင်းသည် တည်ငြိမ်သောအမျိုးသားတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သော်လည်း လုလီထင်သည် အကြောင်းမဲ့ ပုန်ကန်ထကြွတတ်သောသူအဖြစ် ကျန်ရှိခဲ့သည်။ ဒီညီအစ်ကိုနှစ်ယောက်ဟာ သိသိသာသာ ဆန့်ကျင်ဖက်စရိုက်များရှိသည်။ အကြီးအကဲလုသည် သူ့မြေးကြီး လုလီရှင်းကို ပိုသဘောကျသည်။ လုလီရှင်းသည် လုအိမ်တော်ရဲ့စီးပွားရေးကို ဆက်ခံရန် သင့်တော်မည့် ရင့်ကျက်တည်ငြိမ်သောလူတစ်ယောက်ဖြစ်သည်။

 

လုလီထင်သည် သူ့အဖိုး၏ မမျှမတဆက်ဆံမှုကြောင့် မကျေမနပ်ဖြစ်ပြီး အိမ်မှ ထွက်သွားခဲ့သည်။ သူက သူ့ကိုယ်ပိုင်အရည်အချင်းတွေနဲ့ သူ့အနာဂတ်ကို သူကိုယ်တိုင် ပုံဖော်ချင်ခဲ့သည်။

 

ဝတ္ထုဇာတ်လမ်းထဲတွင် လုလီထင်သည် အိမ်မှဆင်းလာပြီးသည့်နောက် ကျီချင်းချင်းနှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် သူ့ရဲ့ပထမဦးဆုံးအကြိမ် စွန့်စားကာ စီးပွား‌ရေးလုပ်ငန်းတစ်ခုကို လုပ်ခဲ့သော်လည်း မအောင်မြင်ပဲ လုပ်ငန်းစတင်ရန် အခက်အခဲများစွာကို ပထမဦးဆုံးအကြိမ် တွေ့ကြုံခဲ့ရသည်။ သူစိတ်ဓာတ်ကျလာပြီး သူ့ကိုယ်သူ ယုံကြည်မှုများ ပျောက်ဆုံးသွားချိန်တွင် ကျီချင်းချင်းက သူ့နှလုံးသားထဲက အရိပ်တွေကို ဖြိုခွင်းပေးနိုင်တဲ့ အလင်းတန်းတစ်စင်းလို သူ့နှလုံးသားထဲ ဝင်ရောက်လာခဲ့သည်။

 

ကံမကောင်းစွာဖြင့် ကျီချင်းချင်းသည် ငွေကြေးမက်မောသူတစ်ယောက်ဖြစ်သည်။ ကျီချင်းချင်း၏အလှအပကြောင့် ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေးတစ်ယောက် ပေါ်လာပြီး သူမကို လိုက်လံပိုးပန်းခဲ့သည်။ ရှင်းပြချက်တစ်ခွန်းမှမပေးပဲ ကျီချင်းချင်းသည် ဆင်းရဲသော လုလီထင်နှင့် လမ်းခွဲခဲ့သည်။

 

လမ်းခွဲခြင်းက လုလီရှင်းအတွက် အလွန်ကြီးမားသော နာကျင်မှုကို ဖြစ်စေခဲ့သည်။ နောက်ပိုင်းတွင် သူ့ရဲ့ပင်ကိုယ်စရိုက်သည် အလွန်ပြောင်းလဲသွားသည်။ သူက လုံးဝကွဲပြားခြားနားသော လူတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။ ကျီချင်းချင်းဟာ သူရဲ့ အမုန်းဆုံးသောသူ ဖြစ်လာခဲ့သည်။ သူ သူမကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။