အခန်း(၁၈)
“ဟုတ်တယ်၊ ကျွန်မ ဒီနေ့မှာပဲ သူနဲ့လက်ထပ်လိုက်တာ။ နောက်တစ်ခါ
ကျွန်မတို့တွေ့တဲ့အခါကျရင် ကျေးဇူးပြုပြီး ကျွန်မကို မရီးလို့ပဲ ခေါ်ပေးပါ”
ကျီချင်းချင်းသည် သူမရဲ့ကြည်လင်တောက်ပသောမျက်ဝန်းများနှင့်
မိတ်ကပ်မလိမ်းခြယ်ထားသော မျက်နှာဖြင့် သူမကို ခြိမ်းခြောက်လိုဟန်ရှိသည့်
လုလီထင်ကြည့်ကာ စကားထစ်ထစ်အအဖြင့် ပြောလိုက်သည်။
လုလီထင်သည် ဒီအမျိုးသမီးရဲ့ ဟန်ဆောင်သည့်မျက်နှာဖုံးကို
ဆွဲဖြဲပစ်လိုက်ချင်သည်။ သူသည် သူမရဲ့ ဒီလိုဖြူစင်ပြီးကြည့်ကောင်းနေသည့်ပုံရိပ်ကို
ဘယ်တော့မှ မမြင်ချင်ဘူး။ သူက ဒီအရာက အလိမ်အညာပဲဆိုတာကို သူသိသည်။
ဒီအမျိုးသမီးက သူ့ကို ထပ်မံ လှည့်စားမည့်အဖြစ်မျိုးကို မလိုချင်တော့ဘူး။
လုလီထင်သည် သူ့မျက်နှာပေါ်ရှိ ဒေါသထွက်နေသည့် အမူအရာများကို ထိန်းချုပ်လိုက်ကာ
သူမကို သရော်လိုက်သည်။
“ငါ အခုသိလိုက်ပြီ။ ငါက ဆင်းရဲလို့ မင်း ငါ့ကို နိမ့်ချဆက်ဆံခဲ့တယ်။ ပြီးတော့
အခု မင်းက ဒီနေရာကိုလာပြီး ငါ့အစ်ကိုကြီးကို သွေးဆောင်ဖြားယောင်းနေပြန်ပြီ။ မင်းက
သူသေမှာကို စောင့်နေပြီးတော့ သူ့အမွေကို ဆက်ခံဖို့လုပ်နေတာ၊ ဟုတ်တယ်မလား။’
လုလီထင်သည် သူမ၏လျှို့ဝှက်ချက်ကို မှန်မှန်ကန်ကန် မှန်းဆနိုင်သည်။
ကျီချင်းချင်းသည် အပြစ်ရှိသလို ခံစားရပေမယ့် သူမရဲ့အမူအရာတွေကို ထိန်းသိမ်းထားဖို့
ဆုံးဖြတ်ချက်ချလိုက်သည်။
“အင်း၊ ကျွန်မက ရှင့်အစ်ကိုကြီးရဲ့ငွေတွေကြောင့် ဒီနေရာမှာ ရှိနေတာပဲ။ အဲ့တာက
ဘာဖြစ်လဲ။ အဲ့တာကို ရှင်ကန့်ကွက်ချင်ရင်လည်း ကျွန်မ ဂရုမစိုက်ဘူး။ ရှင့်ကိုယ်ကို
ထိန်းသိမ်းပြီးနေပါ။ အခု ကျွန်မက ရှင့်ရဲ့မရီးပဲ။
ရှင့်အစ်ကိုကြီးသေဆုံးသွားမယ်ဆိုရင်တောင် ကျွန်မက ရှင့်ရဲ့မရီးဖြစ်နေဆဲပဲ
ဖြစ်လိမ့်မယ်။ ပြီးတော့ ရှင် ကျွန်မကို လေးစားမှုပြသဖို့ လိုအပ်နေသေးတယ်”
လုလီထင်က သူ့လက်သီးကို တင်းတင်းဆုပ်ထားလိုက်မိသည်။ အဆုံးမှာတော့ သူက
အံတင်းတင်းကြိတ်ထားပြီး သူမကို အထင်သေးသည့်အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။
“အဲ့ဒီဒုတိယမျိုးဆက်သခင်လေးက မင်းကို စွန့်ပစ်လိုက်တာနဲ့ မင်းရဲ့ဆန္ဒတွေကို
ဖြည့်ဆည်းနိုင်ဖို့ အခြားလူတစ်ယောက်ကို ချက်ချင်း ရှာခဲ့တာလား။ ငါ့အစ်ကိုကြီးက
မကြာခင်မှာ သေဆုံးသွားရတော့မယ်။ ကျီချင်းချင်း မင်းက သန့်ရှင်းတဲ့မုဆိုးမအဖြစ်
ကျန်ခဲ့ရမယ့်အဖြစ်ကို စိတ်မသက်မသာ မဖြစ်မိဘူးလား”
လုလီထင်သည် သူမကို သိမ်ငယ်စိတ်ဖြစ်စေရန် ဆက်လက်ပြောပြန်သည်။
“မင်းက ဒီလိုလူနေမှုဘဝမျိုးကို လက်မခံနိုင်တော့တာ ငါ သေချာသိတယ်။ ငါ
တကယ်သိချင်တာက မင်း ငါ့အစ်ကိုကြီးကို လှည့်စားဖို့ ဘယ်လိုလှည့်ကွက်တွေကို
သုံးခဲ့တာလဲ”
ရုတ်တရတ် ကျီချင်းချင်းသည် သူ့ကို တွန်းထုတ်လိုက်သည်။
“ဒါက ရှင်နဲ့ဘာမှမဆိုင်ဘူး။ လုလီထင် ကျွန်မတို့ လမ်းခွဲခဲ့တာ တော်တော်ကြာပြီ။
ကျွန်မ လက်ထပ်လိုက်တဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ရှင်နဲ့မဆိုင်ဘူး။”
“ဘာဖြစ်နေကြတာလဲ”
လုလီရှင်းသည် စာကြည့်ခန်းတံခါးဝမှာ ရပ်နေသည်။ သူ့မျက်ခုံးများက
တွန့်ကွေးနေပြီး သူ့မျက်ဝန်းနက်များက မှန်းဆ၍မရနိုင်လောက်အောင် ငြိမ်သက်နေခဲ့သည်။
သူ့ရဲ့လျစ်လျူရှူထားသော အသွင်အပြင်သည် အနည်းငယ် စိတ်ဓာတ်ကျနေပုံပေါ်သည်။
ကျီချင်းချင်းရဲ့နှလုံးခုန်သံဟာ မြန်ဆန်လာသည်။ သူ သူမတို့ကို ကြည့်နေတာ
ဘယ်လောက်ကြာပြီလဲ။
သူမနှင့် လုလီရှင်းတို့ လက်ထပ်ပြီးတာ တစ်ရက်တောင် မပြည့်သေးပေမယ့် သူမဟာ
အမည်အားဖြင့် သူ့ဇနီးဖြစ်နေတုန်းပါပဲ။ သူ့ရှေ့တွင် သူ့ညီငယ်နှင့်
ပရောပရီလုပ်နေသည့်ပုံဖြစ်နေသည်က သူမအတွက် မသင့်တော်ပေ။ ယခုအချိန်တွင် လုလီရှင်းသည်
အသက်ရှင်နေပြီး အသက်ရှူနေဆဲဖြစ်သည်။
ညီအစ်ကိုနှစ်ယောက်က မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ သူတို့သည် တူညီသော
အရပ်အမြင့်နှင့် ဖိနှိပ်လိုသည့် အရှိန်အဝါတို့ဟာလည်း တူညီနေကြသည်။
ကျီချင်းချင်းသည် သူတို့နှစ်ဦးအကြားမှာ အသားညှပ်ပေါင်မုန့်ထဲက အသားလေးလို
ညှပ်နေတာကြောင့် တစ်ခဏလေးအတွင်းမှာပင် ကြောက်ရွံ့ထိတ်လန့်ပြီး အေးခဲသွားတော့မလို
ဖြစ်သွားရသည်။
လုလီထင်သည် အေးစက်စွာ ပြောလိုက်သည်။
“အစ်ကိုကြီး ဒီအမျိုးသမီးရဲ့နောက်ခံဇာတ်ကြောင်းကို မင်းသိရဲ့လား။ မင်း သူ့ကို
ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်တာလဲ။”
“အင်း ငါသိတယ်”
လုလီရှင်းသည် အရာအားလုံးကို လုံးဝစိတ်ပူပုံမပေါ်ပေ။
“မင်းသိတယ်လား။ သူ့ရဲ့အရင်အတိတ်ကအကြောင်းတွေကိုရော မင်း သိသင့်တယ်၊ သူမက…”
ကျီချင်းချင်းသည် လုလီထင်ရဲ့စကားကို ကြားဖြတ်ပြီး သူမကို အထင်မလွဲစေရန်အတွက်
အလျင်အမြန် ဝင်ပြောလိုက်သည်။
“အထင်မလွဲပါနဲ့။ သူနဲ့ ကျွန်မအကြားမှာ ဘာကိစ္စမှ မရှိပါဘူး”
လုလီရှင်း၏မျက်လုံးများက ကျဥ်းမြောင်းသွားခဲ့သည်။ သူက ကျီချင်းချင်းနဲ့
လုလီထင်တို့ရဲ့ စကားပြောနေတာကို ရှင်းရှင်းလင်းလင်း မကြားခဲ့ပေမယ့်
သူတို့နှစ်ဦးကြားမှာ လူသိရှင်ကြား ပြောမကောင်းတဲ့ အတိတ်အကြောင်းအရာတချို့
ရှိခဲ့ဖူးလိမ့်မယ်လို့ သူတို့ရဲ့အပြုအမူတွေကိုကြည့်ရင်း ပြောနိုင်ပါတယ်။
သူ့ညီက သူကြိုက်တဲ့တစ်စုံတစ်ရာကို ကြည့်နေပြီး သူထွက်သွားမှ သူ့ဆီကနေ
ထိုအရာကို အဝေးကို ယူသွားဖို့ စောင့်နေတဲ့ ခံစားချက်လိုမျိုး ခံစားလိုက်ရသည်။
“ကျွန်တော်တို့က အတိတ်တုန်းက ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့ အသိမိတ်ဆွေလို့
ပြောလို့ရနိုင်ပါတယ်….”
ကျွန်တော်တို့တဲ့လား။
လုလီရှင်းက ကျီချင်းချင်းကို အေးတိအေးစက်ကြည့်လိုက်သည်။
“ရှင်းပြစရာမလိုဘူး။ ကိုယ် အဲ့ဒီအကြောင်းတွေကိုသိရဖို့ စိတ်မဝင်စားဘူး။”
လုလီရှင်းက အဲ့လိုစကားများကို ပြောလိုက်သော်လည်း စိတ်သာရာရသွားသလို မခံစားရပါ။
ကောင်းမွန်သည့် မည်သည့်အကြောင်းပြချက်မှမရှိပဲ ဒီဖော်ပြမရနိုင်သော စိတ်ခံစားချက်က
သူ့ကို စိတ်ရှုပ်ထွေးသွားစေသည်။
စည်းကမ်းမရှိတဲ့ အမျိုးတစ်ယောက်ပဲ။
သူ့ဇနီးဖြစ်ပြီးတော့ သူ့ညီလေးနဲ့ ဒီလိုမျိုး ပြုမူနေနိုင်ရဲတာလဲ။ သူမက သူ့ကို
သေပြီးသားလူလို ဆက်ဆံနေတာလား။
“မင်းတို့နှစ်ယောက်က အရင်တုန်းက ဘယ်လိုဆက်ဆံရေးမျိုး ရှိခဲ့လဲဆိုတာကို
ငါဂရုမစိုက်ဘူး။ ငါတို့ အခုအိမ်မှာ ရှိနေတာ။ ကျေးဇူးပြုပြီး
မင်းတို့ရဲ့တော်စပ်ပုံနဲ့ သင့်တော်တဲ့ အပြုအမူမျိုးနဲ့ပဲ ပြောဆိုဆက်ဆံပေးကြပါ”
လုလီရှင်းသည် အေးတိအေးစက်မျက်နှာအမူအရာဖြင့် ထွက်သွားဖို့ လုပ်လိုက်သည်။
“သေဆုံးခါနီးသတိပေးချက်:
နောက်နာရီဝက်အတွင်း သင့်ဇနီးရဲ့ အတိတ်တုန်းက စိတ်ခံစားချက်များကို နားလည်ပေးပြီး
သင့်တော်သော နှစ်သိမ့်မှုကိုပေးပါ။ မဟုတ်လျှင် ကျေးဇူးပြုပြီး အခုချက်ချင်း
သေလိုက်ပါတော့”
နောက်အခိုက်အတန့်မှာပင် ကျီချင်းချင်းသည် ထိတ်လန့်တုန်လှုပ်စွာ
အော်ဟစ်ငိုကြွေးလိုက်သည်။
“မစ်စတာလု ဘာဖြစ်သွားတာလဲ။ ဆရာဝန်… ဆရာဝန် ဘယ်မှာလဲ”
ဒီလိုပရမ်းပတာအချိန်တွေ ပြီးဆုံးသွားပြီးနောက် လုလီရှင်းကို
ကျီချင်းချင်းနှင့် လုလီထင်တို့ ကူညီပြီး အခန်းထဲသို့ ပြန်ပို့ပေးကာ
အိပ်ရာပေါ်သို့ တင်ပေးလိုက်သည်။ ထို့အပြင် လုလီရှင်းက
အခြားသူများနှင့်တွေ့ဆုံဖို့ကို ငြင်းဆန်ခဲ့ပြီး သူက သေခြင်းတရားကို တိတ်တဆိတ် စောင့်ဆိုင်းချင်ပုံရသည်။