အခန်း(၁၉)
လုလီရှင်း၏ ရောဂါဟောင်းက ပြန်ထလာသည်။ လူတိုင်း၏စိတ်နှလုံးကို ပူပင်သောက
ရောက်စေခဲ့သည်။
ကျီချင်းချင်းသည် သူမတွင် တစ်စိတ်တစ်ပိုင်း အပြစ်ရှိသလို ခံစားနေရပြီး
လုလီထင်ကို ကြည့်လိုက်သည်။
သူ့ရဲ့ ရောဂါဟောင်းပြန်ထမှုသည် သူတို့ကြောင့် ဖြစ်သွားခဲ့ပုံပေါ်သည်။
လုလီရှင်းသည် အေးဆေးတည်ငြိမ်ပြီး မာနကြီးသူတစ်ယောက်ဖြစ်သည်။ သူနှင့်သူမဟာ
တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်မရှိရင်တောင်မှ သူတို့နှစ်ယောက်က လက်ထပ်ထားကြတဲ့
အိမ်ထောင်သည်တွေ ဖြစ်နေကြတုန်းပါပဲ။ သူ့ဇနီးနှင့် သူ့ညီငယ်တို့ရဲ့ မသင်္ကာဖွယ်
အလဲအလှယ်ပြုလုပ်နေတာကို မျက်မြင်တွေ့လိုက်ရပြီး သူတို့၏အရှက်ကင်းမဲ့မှုကြောင့်
ဒေါသထွက်မိမှာ သေချာသည်။ ထို့အပြင် လုလီရှင်းသည် သေလုနီးပါးလူနာတစ်ယောက်ဖြစ်သည်။
သူက ဒီဒေါသကို ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိမှာလဲ။
ကျီချင်းချင်းသည် လုလီရှင်း ဒေါသထွက်ပြီး အမှတ်တမဲ့သေဆုံးမသွားနိုင်ဖို့ကို
ဆုတောင်းမိသည်။
သူ့အခန်းတံခါးကို တွန်းဖွင့်ဝင်လိုက်သည်။ ဆရာဝန်တစ်ယောက်သည်
သူ့ခေါင်းကိုခါယမ်းရင်း အပြင်သို့ ထွက်လာခဲ့သည်။ ဒါက အရင်အတိုင်းပါပဲ။
ထိုအမူအရာကို ပြတ်ပြတ်သားသား ဘာသာပြန်ကြည့်မယ်ဆိုရင် လူနာကိုကယ်တင်ရန်
နည်းလမ်းမရှိ၊ သေခြင်းတရားသည့် စောင့်ကြိုနေတယ်လို့ အဓိပ္ပာယ်ရလေသည်။
ကျီချင်းချင်းသည် သက်ပြင်းမောတစ်ခုချလိုက်မိသည်။
လုလီရှင်းသည် မကြာခင်မှာ သေဆုံးသွားတော့မှာ ဖြစ်သော်လည်း ဖျားနာခြင်းကြောင့်
သေဆုံးသွားခြင်းနှင့် ဒေါသကြောင့် သေဆုံးသွားရခြင်းတို့က မတူညီသော
အရာနှစ်ခုပင်ဖြစ်သည်။
“မင်း ငါ့အစ်ကိုမသေသေးတော့ စိတ်ပျက်သွားပုံပဲ”
ကျီချင်းချင်း၏နားရွက်အထက်မှ စူးရှကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။
“မင်းက သူသေဖို့ကို စောင့်နေတာပဲ။ မင်းအတွက် စိတ်မကောင်းပါဘူး။
ငါ့အစ်ကိုကြီးသေသွားရင်တောင်မှ သူ့အမွေကို မင်းရမှာမဟုတ်ဘူး။”
ကျီချင်းချင်းသည် လုလီထင်ကို စွေကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ လုလီထင်သည်
ဝတ္ထုဇာတ်လမ်းထဲက ကျီချင်းချင်း၏သရုပ်မှန်ကို သိသည်မို့ သူမက ဟန်ဆောင်ရန်
မလိုပါပေ။
“ရှင်က ဒီလိုပြောနေတော့လည်း ကျွန်မကလည်း ဟန်ဆောင်ဖို့ မလိုတော့ပါဘူး။
ရှင်မှန်တယ်။ ကျွန်မက ရှင့်အစ်ကိုကြီးရဲ့ ပိုက်ဆံကြောင့် ဒီနေရာကို လာခဲ့တာပဲ။ သူက
ယွမ် ၁၀၀ဘီလီယံလောက် ကြွယ်ဝချမ်းသာတယ်လို့ ကျွန်မကြားတယ်။ ကျွန်မက သူ့ဇနီးပဲ။
ကျွန်မက သူ့အမွေကို ပထမဦးဆုံးဆက်ခံရမယ့်သူပဲ။ ကျွန်မက အဲ့အမွေကို မရနိုင်ဘူးဆိုရင်
သူ့ညီဖြစ်တဲ့ရှင်အနေနဲ့ ဒီအမွေကို ရနိုင်လိမ့်မယ်လို့ ရှင်ထင်လား”
ကျီချင်းချင်း၏စကားများကို ကြားလိုက်ရသောအခါ လုလီထင်သည် အံ့အားသင့်စွာ
ပြုံးလိုက်မိသည်။
“ငါ အဲ့တာကို သိသားပဲ။ မင်း လုံးဝပြောင်းလဲမသွားဘူး။ မင်းက သူ့ဇနီးဖြစ်နေတာနဲ့ပဲ
သူ့ပိုက်ဆံနဲ့ ပိုင်ဆိုင်မှုတွေကို မင်းအမွေရလိမ့်လို့ မင်းတကယ်ထင်လား။
ကျီချင်းချင်း ဒါက လုမိသားစုပါ။ ငါ့အစ်ကိုကြီးရဲ့ပိုင်ဆိုင်မှုမှန်သမျှက
လုမိသားစုအပိုင်ပဲ။ သူသေဆုံးသွားခဲ့ရင် ငါက လုမိသားစုရဲ့ဆက်ခံသူ ဖြစ်လာလိမ့်မယ်။”
သူနှင့်သူမ လမ်းမခွဲတုန်းက သူတို့ရဲ့ဆက်ဆံရေးဟာ ဘယ်လောက် အပြစ်ကင်းစင်ပြီး
ချိုမြိန်ခဲ့လဲဆိုတာကို သူမှတ်မိပါသေးသည်။ အဲ့ဒီအချိန်တုန်းက သူမရဲ့အပြုံးကို သူ
ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်သလို သူမသည် ဒုတိယမျိုးဆက်သခင်လေးရဲ့လက်ကို
ဆုပ်ကိုင်ကာ သူ့ကားထဲသို့ ဝင်သွားစဥ်က သူမအပြုံးကို သူ ဘယ်တော့မှ မမေ့နိုင်ပေ။
အချစ်ဆိုတဲ့အရာဟာ လှပတဲ့အရာတစ်ခုဖြစ်ရင်တောင် ငွေမျက်နှာအောက်မှာ ထိုအရာက
ဘာအဓိပ္ပာယ်မှ မရှိခဲ့ဘူး။
ကျီချင်းချင်းသည် လှောင်ရယ်လိုက်သည်။
“လုလီထင် ရှင်က တကယ့်ကိုပဲ ဗဟုသုတ သိပ်မရှိဘူး၊ ဟမ့်။ ဥပဒေအရ အမွေဆက်ခံခွင့်က
ဇနီး၊ မိဘ နဲ့ ကလေးတွေက အရင်ဆုံး အမွေဆက်ခံခွင့်ရှိတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့
အမွေဆက်ခံခွင့်က နောက်မှာရှိတယ်။ ဒုတိယမြောက် အမွေဆက်ခံခွင့်ရှိသူတစ်ယောက်အနေနဲ့
ရှင့်ကို ကျွန်မက ဘာလို့ကြောက်ရမှာလဲ။ ရှင့်ကို ဘယ်သူကများ ဒီလောက်အရှက်မဲ့နေတဲ့
မျက်နှာတစ်ခုကို ပေးထားရတာလဲ။”
“မင်းကို ငါ့အဖိုးက ဒီလောက် များပြားတဲ့ပိုင်ဆိုင်မှုတွေကို အမွေပေးဖို့
ခွင့်ပြုလိမ့်မယ်လို့ မင်းထင်လား။”
ဟုတ်တာပေါ့။ ကျီချင်းချင်းသည် အကြီးအကဲလုက သူမအား လုလီရှင်း၏အမွေအားလုံးကို
ဆက်ခံခွင့်ပြုမည်မဟုတ်ကြောင်း သူမ သိသည်။ သူမကလည်း ဒီစက်ဆုပ်ဖွယ်ကောင်းတဲ့
မကောင်းတဲ့ကောင်ကို အနိုင်ယူချင်ရုံပါပဲ။
“တကယ်တမ်းကျတော့ ငွေကြေးဥစ္စာက ငါ့အတွက် အရေးမပါလှပါဘူး။ ငါ လုမိသားစုထဲကို
လက်ထပ်ပြီးဝင်ရောက်လာတာက နင့်ဆီကနေ ငါ့ကို မရီးလို့ခေါ်တာ ကြားရမှာ သဘောကျလို့ပဲ။”
ဒီစကားများကို ကြားလိုက်ရသောအခါ လုလီထင်သည် တစ်ခဏလေးအတွင်းမှာပင်
အံ့အားသင့်မှုကြောင့် အေးခဲသွားသည်။
“မင်းမှာ အခြားချမ်းသာတဲ့အိမ်တော်တွေ ရွေးချယ်စရာ အများကြီးရှိနေတာကို ဘာလို့
လုအိမ်တော်ကို ရွေးချယ်လိုက်တာလဲလို့ ငါအံ့သြနေတာ။ လတ်စသတ်တော့ မင်းက ငါ့ကို
မမေ့နိုင်လို့ ဒီလိုရွေးချယ်လိုက်တာပေါ့၊ ဟမ့်”
လုလီထင်သည် သူ့မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။
“ငါ့အစ်ကိုကြီး ကွယ်လွန်သွားတာနဲ့ မင်း သူ့ဇနီးသည်အဖြစ် ဝမ်းနည်းပူဆွေးမှု
အချိန်ကာလကို ဘယ်လောက်ကြာကြာ ဖြတ်သန်းမယ်လို့ အစီအစဥ်ချထားလဲ။ မဟုတ်ရင်
အရင်ရှေးခေတ်တုန်းကလိုမျိုး နောက်အိမ်ထောင်မပြုပဲ နေတော့မလို့လား။”