အခန်း(၂၀)
ကျီချင်းချင်းသည် ဝတ္ထုဇာတ်လမ်းနောက်ပိုင်းတွင် လုလီထင်က ကလိမ်ကကျစ်လုပ်တတ်သော
အကျင့်စရိုက်ကို ပြသခဲ့တာကို သိသော်လည်း သူမသည် သူက ဤသို့ ပြောလိမ့်မည်ဟု
မမျှော်လင့်ထားခဲ့ပေ။
“လုလီထင် ငါ နင့်ကိုပြောမယ်။ ရှင့်ကိုစွန့်ပစ်ခဲ့တာက ကျွန်မလုပ်ခဲ့သမျှထဲမှာ
အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ။ ကျွန်မ အဲ့ဒီအတွက် ဘယ်တော့မှနောင်တမရဘူး။”
“ကျီချင်းချင်း… မင်း…”
“နင်က အမှိုက်ကောင်ပဲ”
ကျီချင်းချင်းသည် သူ့ကိုတွန်းဖယ်လိုက်ပြီး လုလီရှင်းရဲ့အခန်းထဲကို
ဝင်သွားလိုက်သည်။ လုလီထင်သည် မှုန်မှိုင်းနေသောမျက်နှာဖြင့် ထိုနေရာမှာ
ရပ်ကျန်ခဲ့သည်။
လုလီရှင်းရဲ့အခန်းထဲက လိုက်ကာများကို လုလီရှင်း သက်တောင့်သက်သာဖြင့်
အိပ်ပျော်စေရန် ရည်ရွယ်ချက်ဖြင့် ကျီချင်းချင်းက ပိတ်လိုက်သည်။
ကျီချင်းချင်းက လုလီရှင်းရဲ့ကုတင်းနားကို ဖွဖွလေး လျှောက်သွားပြီး
သူ့ကုတင်ဘေးနားမှာ ထိုင်လိုက်သည်။ လုလီရှင်း အလွန်အိပ်မောကျနေသည်ကို တွေ့ရတော့ သူမ
သက်ပြင်းချလိုက်မိသည်။
ကျီချင်းချင်းသည် လုမိသားစုထဲသို့ လက်ထပ်ဝင်ရောက်ခြင်းအားဖြင့် အနာဂတ်အတွက်
စိုးရိမ်ပူပန်စရာများကို ဖယ်ရှားနိုင်လိမ့်မယ်လို့ သူမ ထင်ခဲ့ဖူးသည်။
မမျှော်လင့်ပဲ သူမသည် ဝံပုလွေဂူထဲသို့ ဝင်ရောက်သွားမိခဲ့သည်။ ယခုအချိန်တွင်
လုလီရှင်းသည် အသက်ရှင်နေဆဲဖြစ်ပြီးတော့ အကြီးအကဲလုသည်လည်း ရှိနေသေးသောကြောင့်
လုလီထင်သည် သူမကို ဘာမှမလုပ်ဝံ့ပါ။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့နှစ်ယောက်
ဘဝတစ်ပါးသို့ ကူးပြောင်းသွားတာနဲ့ သူမဘဝဟာ လမ်းခင်းကျောက်ပြားဘဝသို့
ရောက်သွားလိမ့်မည်။
လုလီထင်ပြောတာ မမှားဘူး။ အကြီးအကဲလုက လုလီရှင်း စုဆောင်းရရှိထားတဲ့
ချမ်းသာကြွယ်ဝမှုများအား သူမကို အမွေပေးလိမ့်မည်မဟုတ်ပါ။ ထိုပိုင်ဆိုင်မှုများသည်
လုမိသားစုကသာ ပိုင်ဆိုင်ပြီးတော့ လုမိသားစုသွေးသားတစ်ဦးက အမွေဆက်ခံရရှိလိမ့်မည်။
ဒါကြောင့် နောက်ဆုံးမှာတော့ အဲ့ဒီချမ်းသာကြွယ်ဝမှုဟာ လုလီထင်ရဲ့လက်ထဲကိုသာ
ကျရောက်သွားလိမ့်မည်။
“ရှင်သာ အသက်ဆက်ရှင်နိုင်မယ်ဆိုရင် အရမ်းကောင်းလိမ့်မယ်…”
ကျီချင်းချင်းသည် အလွန်စာနာတတ်သော လူတစ်ယောက်ဖြစ်သည်။ တစ်ယောက်ယောက်က သူမကို
နင်းခြေရန် လွယ်ကူလှသည်။ လုလီရှင်းသာမသေလျှင် ပိုကောင်းပေလိမ့်မည်။ သူမနှင့် လုလီရှင်းက
တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်မရှိကြပေမယ့် လုလီရှင်းသာ သူမအနားမှာရှိနေရင်
လုလီထင်က သူမကို လက်လွတ်စပယ် ဒေါသတကြီး ပြုမူဝံ့မှာ မဟုတ်ဘူး။
သူမသည် ဒီဝတ္ထုဇာတ်လမ်းထဲကို မကူးပြောင်းလာခင် သူမရဲ့ဘဝကို
သူမရဲ့သပွတ်အူမိသားစုထံ အပ်နှံထားခဲ့သည်။ ယခုမူ သူမသည် မကောင်းသောအပြုအမူများကို
ပြုမူနေထိုင်ခဲ့သည့် အရံဇာတ်ကောင် အမျိုးသမီး ဖန်တီးထားခဲ့သော အရှုပ်အထွေးများကို
ရှင်းလင်းခဲ့ရသည်။ ကျီချင်းချင်းသည် သေချင်လောက်အောင် ဝမ်းနည်းသွားမိသည်။ ဒါတွေက
သူမရဲ့ ခံစားချက် အစစ်အမှန်တွေပါပဲ။ သူမ ငိုကြွေးလုနီးပါးဖြစ်သွားခဲ့မိသည်။
“လုလီရှင်း ဒီလိုဆိုရင် ဘယ်လိုလဲဟင်။ ကျွန်မရဲ့ဘဝသက်တမ်းတစ်ဝက်ကို ရှင့်အတွက်
ပေးမယ်လေ။ ကျေးဇူးပြုပြီး မသေလိုက်ပါနဲ့။”
လုလီရှင်းသည် အမှန်တကယ်တော့ အိပ်ပျော်နေတာ မဟုတ်ပါဘူး။ သူက အိပ်ရာပေါ်မှာ
လဲလျောင်းနေရင်း သေမည့်အချိန်ကို စောင့်ဆိုင်းနေတာဖြစ်သည်။
ရမှတ်များဖြင့် ရှင်သန်နေရသည့်နေ့ရက်များက အဘယ်သို့နည်း။ သူသည် အနှစ် ၃၀နီးပါး
ရှင်သန်နေထိုင်ခဲ့သည်၊ သို့သော် သူနှစ်သက်သည့်အတိုင်း လုပ်ရန် တစ်ရက်မျှပင်
မရှိခဲ့ပါဘူး။
သူငယ်ငယ်တုန်းက ခက်ခဲပင်ပန်းတဲ့ ကျောင်းစာတွေကိုလုပ်ရတာအပြင် သူတို့ကို
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အပိုကျွမ်းကျင်မှုတွေကိုပါ သင်ယူလေ့လာခဲ့ရသည်။
အဲ့ဒီအရည်အချင်းတွေကို သူက ဝါသနာလို့ သတ်မှတ်ခဲ့ပေမယ့် သူတို့အကုန်လုံးထဲမှာ
သူမကြိုက်တာတွေလည်း ပါပြီးတော့ ဒါတွေကို သူ့ဝါသနာလို့ ဘယ်လိုသတ်မှတ်နိုင်မှာလဲ။
အရွယ်ရောက်လာသည်နှင့် သူက လုမိသားစုရဲ့ စီးပွားရေးလုပ်ငန်းများကို
တာဝန်ယူခဲ့သည်။ သူ့မိဘများက သူငယ်ရွယ်စဥ်ကတည်းကပင် သေဆုံးသွားခဲ့ပြီး
သူ့ညီငယ်ကလည်း အိမ်မှ ထွက်ခွာသွားသည်။ သူ့အဖိုးသည် သူ့ကိုသာ အားကိုးနိုင်ခဲ့သည်။
နေ့စဥ်နှင့်အမျှ လုလီရှင်းသည် အလုပ်မှထွက်ပေါ်လာသော အဓိကပြဿနာများနှင့်
အသေးအဖွဲ ပဋိပက္ခများကို ပြေလည်အောင် ဖြေရှင်းပေးရသည်။ သူ့အတွက်
ပူပင်ကြောင့်ကြမှုမရှိတဲ့ နေ့ရက် တစ်ရက်လေးတောင် မရှိခဲ့ဘူး။
လုလီရှင်းသည် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ
ပင်ပန်းနွမ်းနယ်နေခဲ့သည်။
သူကားမတော်တဆမှုဖြစ်ပြီး ကိုမာဝင်နေသော တစ်လလုံးဟာ သူ့တစ်ဘဝလုံးမှာ
အသက်သာဆုံးအချိန်ဟု သတ်မှတ်နိုင်သည်။
တကယ်တော့ သူကွယ်လွန်သွားမှာက မကောင်းသည့်အရာတော့ မဟုတ်ပေ။ လုလီထင်သည်
ပြန်ရောက်လာသည်။ ထို့ကြောင့် သူကွယ်လွန်သွားရင် သူ့အဖိုးနှင့်
မိသားစုစီးပွားရေးလုပ်ငန်းကို ဂရုစိုက်မည့်သူ ရှိလာလိမ့်မည်။
သူ့ရဲ့ငိုကြွေးနေသာဇနီးသည်နှင့်ပတ်သက်၍ကတော့ လုလီရှင်းသည် သူ့အတိတ်ဘဝတုန်းက
သူမအပေါ် ကြီးမားသောအကြွေးတစ်ခု တင်ရှိခဲ့တယ်လို့ ခံစားခဲ့ရသည်။ ဒါမှမဟုတ်
အတိတ်တုန်းက သူတို့နှစ်ယောက်ကြားမှာ ရန်ငြိုးတွေ ရှိကောင်းရှိနိုင်တာလည်း
ဖြစ်နိုင်ပါသည်။ သူမက သူ့ကို ဒီလိုဆိုးရွားတဲ့ဘဝမျိုးနဲ့
အသက်ဆက်ရှင်သန်နေစေချင်သည်။ သူမက သူ့အတွက် သူမရဲ့သက်တမ်းတစ်ဝက်ကိုတောင် ပေးအပ်ဖို့
ဆန္ဒရှိနေခဲ့သည်။
“မင်းက ကိုယ့်ကို ဒီလိုဆိုးဝါးတဲ့ဘဝမျိုးနဲ့ ရှင်သန်နေစေချင်တာလား။”