အခန်း၂၁
Viewers 14k

အခန်း(၂၁)

 

လူလီရှင်းသည် သူ့မျက်လုံးကို ဖွင့်လိုက်ပြီး သူ့အိပ်ရာဘေးက အမျိုးသမီးကို ကြည့်လိုက်သည်။ မျက်ရည်များဟာ သူမမျက်တောင်များပေါ်တွင် စိုလူးနေသည်။

 

“ရှင်… ရှင် သတိရလာပြီလား”

 

“ကျွန်မက ရှင့်ဇနီးပဲ။ သေချာပေါက် ရှင် အသက်ရှင်ပြီး သာယာချမ်းမြေ့တဲ့ဘဝကို ပိုင်ဆိုင်ရဖို့ ကျွန်မ ဆန္ဒရှိတာပေါ့။”

 

“ကိုယ့်ဇနီးဆိုပြီးတော့ ကိုယ့်ညီလေးနဲ့ မသင်္ကာစရာကောင်းတဲ့ ဆက်ဆံရေးမျိုး ရှိနေရလား။”

 

ကျီချင်းချင်းသည် နှာရှုံ့လိုက်သည်။ စိတ်ခံစားချက်များကို ချုပ်ထိန်းလိုက်ပြီး ကျီချင်းချင်းဟာ ပြန်ဖြေလိုက်သည်။

 

“စိတ်မဆိုးပါနဲ့။ ကျွန်မ ရှင့်ကို အမှန်တိုင်းပြောပြမယ်။ လုလီထင်က ကျွန်မရဲ့အချစ်ဦးပဲ၊ အဲ့ဒီအချိန်တုန်းက သူက အရမ်းဆင်းရဲတယ်။ သူက စက်ဘီးကောင်းကောင်းတစ်စီးကို‌တောင် မစီးနိုင်ခဲ့ဘူး။ ကျွန်မ သူ့ရဲ့စုတ်ပြတ်နေတဲ့ စက်ဘီးထိုင်ခုံနောက်မှာ ထိုင်လိုက်ရတော့ ကျွန်မတင်ပါးတွေ နာကျင်မိတယ်။ သူတို့က စက်ဘီးနောက်ထိုင်ခုံမှာ ထိုင်စီးပြီးတော့ ရယ်မောပြုံးပျော်နေရတာထက် BMWပေါ်မှာထိုင်ပြီး ငိုကြွေးရတာက ပိုသဘောကျဖို့ကောင်းတယ်လို့ လူတွေက ပြောကြတယ်။ ဒီလိုဆိုရင် ကျွန်မ သူနဲ့ လမ်းမခွဲသင့်ဘူးလား။ အဲ့ဒီအချိန်မှာပဲ ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးတစ်ယောက်က ကျွန်မကို လိုက်လံပိုးပန်းခဲ့တယ်။ ဒါ့ကြောင့် ကျွန်မ လုလီထင်နဲ့ လမ်းခွဲခဲ့တယ်။”

 

“ဒါပေမယ့် အဲ့ဒီလူကလည်း လူကောင်းတစ်ယောက် မဟုတ်ပါဘူး။ သူက ကျွန်မကို ကြိုက်တာမဟုတ်ဘူး။ သူက ကျွန်မနဲ့ အိပ်ချင်နေရုံပဲ။”

 

“နောက်ပိုင်းမှာ ကျွန်မ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲကို ဝင်လာတော့ နောက်ထပ် ချမ်းသာတဲ့ ငတုံးတစ်ကောင်က ကျွန်မကို လိုက်လံပိုးပမ်းပြန်တယ်။ သူက ကျွန်မကို ချစ်တယ်လို့ ပြောခဲ့ပေမယ့် ကျွန်မကို တခြားသူတွေ ဝိုင်းအနိုင်ကျင့်တဲ့အခါကျတော့ သူက ရပ်ကြည့်နေခဲ့တယ်။ သူက ကျွန်မကို ကမ္ဘာကြီးကို ပေးမယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် ကျွန်မ ဘာတစ်ခုမှ မရလိုက်ပါဘူး။ အဆုံးမှာတော့ သူက ကျွန်မတို့က သမီးရည်းစားတွေ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ ကျွန်မက သူပြုစုပျိုးထောင်ခဲ့တဲ့ အပျော်ရည်းစားတစ်ယောက်ပဲတဲ့။”

 

ကျီချင်းချင်းသည် စကားများများ ပြောလေလေ ဝတ္ထုဇာတ်လမ်းထဲက ကျီချင်းချင်းက အရမ်းမိုက်မဲတယ်လို့ သူမ ပိုခံစားရလေလေ ဖြစ်လာခဲ့သည်။

 

သူမသည် အချစ်ကို ရှာဖွေသင့်သည့်အခါက ငွေနောက်လိုက်ခဲ့သည်။ ငွေကြေးဥစ္စာကို ရှာဖွေသင့်သည့်အခါမှာတော့ သူမက ဆန်းကြယ်တဲ့အချစ်ကို လိုက်လံရှာဖွေခဲ့သည်။ သူမ ဘာမှမလုပ်နိုင်ပဲ အဆုံးသတ်သွားခြင်းသည် သူမ၏ကိုယ်ပိုင်အပြစ်ကြောင့်ပဲ ဖြစ်သည်။

 

လုလီရှင်းသည် အချစ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို အတွေ့အကြုံမရှိခဲ့ဖူးဘူး။ သို့သော် ကျီချင်းချင်းက သူ့ရှေ့တွင် ငိုကြွေးပြီး ရင်ဖွင့်ခဲ့တာက စိတ်ရှုပ်စရာကောင်းတယ်လို့ သူ မထင်ခဲ့ပါဘူး။ အမှန်တော့ သူ့နှလုံးသားက နူးညံ့ပျော့ပျောင်းသွားသလို ခံစားလိုက်ရသည်။ သူမ၏ ငိုကြွေးနေသော အသွင်အပြင်သည် သစ်တော်ပန်းပွင့်လေးအပေါ် ကျဆင်းလာသော မိုးစက်ကလေးများကဲ့သို့ လှပနေသည်။

 

“အနာဂတ်မှာ ဒီလို မမိုက်မဲနဲ့တော့။”

 

တာဝန်ပြီးမြောက်သွားပါပြီ။ သင့်ဘဝသက်တမ်းထဲ ၂ မှတ်ပေါင်းထည့်လိုက်ပါပြီ။ အခုလက်ရှိ သင် နှစ်နာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။

 

ကျီချင်းချင်းသည် ခေါင်းညိတ်လိုက်သည်။

 

“အဲ့ဒီလိုမျိုး နောက်ထပ် ထပ်မလုပ်တော့ပါဘူး။”

 

ယခု သူမသည် လုလီရှင်း၏ဇနီးဖြစ်သည်။ လုလီရှင်း သေဆုံးသွားခဲ့ရင်တောင် သူမက သူ့ဇနီးမယား မုဆိုးမအဖြစ် ကျန်ရှိနေဆဲပင် ဖြစ်သည်။ ထိုလုလီရှင်းရဲ့ဇနီးမယားဆိုတဲ့ ဂုဏ်ပုဒ်နှင့်အညီ လုလီထင်သည် အကြီးအကဲလု သက်ရှိထင်ရှားရှိနေစဥ်တွင် သူမအား ဘာကိုမှ လုပ်နိုင်မည် မဟုတ်ပါ။

 

ထိုအချိန်တွင် သူမသည် ငွေကြေးဥစ္စာများကို စုဆောင်းထားနိုင်သည်။ လုံလောက်ငွေကြေးဥစ္စာ ရရှိသွားတာနဲ့ သူမသည် တတ်နိုင်သမျှ အဝေးဆုံးသို့ ထွက်ပြေးသွားရလိမ့်မည်။ သူမသည် မည်သူမျှ မတွေ့နိုင်သော နေရာတစ်ခုကို ရှာဖွေပြီးတော့ သူမလက်ကျန်ဘဝတစ်ခုလုံးကို ပျော်ရွှင်စွာ နေထိုင်သွားနိုင်လိမ့်မည်။ ဒီအရာက စိတ်ကူးကောင်းတစ်ခုလို့ ယူဆနိုင်ပါသည်။

 

“ကျွန်မတို့ လက်ထပ်ခဲ့တဲ့အကြောင်းတောင်မှ ကျွန်မက ရှင့်အတွက် ကျန်းမာရေး ပြန်ကောင်းလာစေဖို့ မျှော်လင့်ပြီးတော့ အကြီးအကဲလုက စီစဥ်ခဲ့တဲ့ အိမ်ထောင်‌ရေးမျိုးလေ။ ဒါပေမယ့် ရှင်က ကျွန်မခင်ပွန်းပါပဲ။ အနာဂတ်မှာ ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မရဲ့ခင်ပွန်းပဲ ဖြစ်လိမ့်မယ်။ စိတ်မပူပါနဲ့။ ကျွန်မ ရှင့်အတွက် အကြီးအကဲလုကို ကောင်းကောင်းဂရုစိုက်ပြုစုပေးပါ့မယ်။”

 

သင့်ဘဝသက်တမ်းထဲ ၁ မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် သုံးနာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။

 

လုလီရှင်း: ???

 

“အဲ့စကားကို ထပ်ပြောပေးပါဦး”

 

“အာ...ကျွန်မ‌ပြောတာက အကြီးအကဲလုကို ကျွန်မပြုစုစောင့်ရှောက်ပေးမယ်၊ ရှင် စိတ်မပူပါနဲ့။ ကျွန်မက လောဘကြီးတဲ့လူတစ်ယောက် မဟုတ်ပါဘူး။ အနာဂတ်မှာ ရှင့်အတွက်ပါပေါင်းပြီး ကျွန်မ သူ့ကို သေချာဂရုစိုက်ပေးပါ့မယ်။”

 

“... မင်း အရင်ကပြောခဲ့တဲ့စကားအတိုင်း အတိအကျ ပြန်ပြောပေးပါ။ နောက်ထပ် အပိုစာသားတွေ ထပ်ထည့်ပြီး မပြောနဲ့။”

 

ကျီချင်းချင်းသည် ထပ်ပြောလိုက်သည်။

 

“ကျွန်မတို့ လက်ထပ်ခဲ့တဲ့အကြောင်းတောင်မှ ကျွန်မက ရှင့်အတွက် ကျန်းမာရေး ပြန်ကောင်းလာစေဖို့ မျှော်လင့်ပြီးတော့ အကြီးအကဲလုက စီစဥ်ခဲ့တဲ့ အိမ်ထောင်‌ရေးမျိုးလေ။ ဒါပေမယ့် ရှင်က ကျွန်မခင်ပွန်းပါပဲ။ အနာဂတ်မှာ ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မရဲ့ခင်ပွန်းပဲ ဖြစ်လိမ့်မယ်။ စိတ်မပူပါနဲ့။ ကျွန်မ ရှင့်အတွက် အကြီးအကဲလုကို ကောင်းကောင်းဂရုစိုက်ပြုစုပေးပါ့မယ်။”

 

သင့်ဘဝသက်တမ်းထဲ ၁ မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် လေးနာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။