အခန်း(၂၅)
ကျိုးထီက “မင်းကျန်းမာရေးကရော…” ဟု မေးလိုက်သည်။
“အရမ်းကောင်းတယ်” လို့ လုလီရှင်းက ခပ်တိုတို ပြန်ဖြေလိုက်သည်။
“မင်းလုပ်စရာရှိတာ ဆက်လုပ်တော့။ ငါဖုန်းချပြီ”
လုလီရှင်းသည် ဖုန်းချလိုက်သည်။ သူ့စာရေးစားပွဲမှာ ထိုင်ပြီးတော့
သူ့ကွန်ပျူတာကို ဖွင့်ကြည့်လိုက်သည်။
ညသန်းခေါင်ယံအချိန်မှာ ဖြစ်သည်။ နာရီပေါ်မှ နာရီလက်တံသည် ၁၂ဂဏန်းသို့
ရွေ့သွားသည်။
လွန်ခဲ့သောနာရီဝက်က ဆရာဝန်သည် နောက်ဆုံးစမ်းသပ်စစ်ဆေးချက်ကို ပြုလုပ်ခဲ့သည်။
မနက်မိုးမလင်းခင် ထွက်ခွာသွားနိုင်တယ်လို့ ဆရာဝန်က ပြောခဲ့သည်။
သူက ဘာမှမလုပ်ပဲ ဒီနေရာကို ရောက်လာခဲ့တာ မဟုတ်ဘူး။ သူက အနှစ်နှစ်ဆယ်ကျော်
လုပ်သက်ရှိပြီးတော့ ဒါက သူ့ရဲ့လုပ်ရိုးလုပ်စဥ်ဖြစ်သည်။
သူ့ကားမတော်တဆမှုဖြစ်ကတည်းက ကုမ္ပဏီ၏အဓိက ဆုံးဖြတ်ချက်များကို
ပြီးခဲ့သည့်လကပင် ဆိုင်းငံ့ထားခဲ့သည်။ သူမတော်တဆမှုမဖြစ်မီ သူသည်
ဒရုန်းများထုတ်လုပ်ရန်အတွက် ပူးပေါင်းညှိနှိုင်းမှုတစ်ခု ဆွေးနွေးထားခဲ့သည်။
ဒါပေမယ့် သူမရှိတော့တဲ့အချိန်မှာတော့ ဒီပူးပေါင်းဆောင်ရွက်မှုရဲ့
အသေးစိတ်အချက်အလက်တွေကို အပြီးသတ်ဖို့ မဖြစ်နိုင်ခဲ့ဘူး။
ဒီစီမံကိန်းက ကုမ္ပဏီရဲ့အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို
ဘယ်လိုဖွင့်ချလိုက်နိုင်မလဲဆိုတာအတွက် မရှိမဖြစ်လိုအပ်သည်။
အဓိကဆုံးဖြတ်ချက်များသည် သူ့ရေးသားအတည်ပြုချက် လိုအပ်သည်။ သူက ဒီစီမံကိန်းကို
စီမံခန့်ခွဲပေးဖို့ အခြားတစ်ယောက်ကို လွှဲပေးလိုက်ရင်တောင် သူအနားယူလို့မရဘူး။
ထို့ကြောင့် သူသတိရလာပြီးနောက် သူ အလွန်အမင်းလုပ်ချင်ခဲ့သော ပထမဆုံးအရာသည်
ဒီစီမံကိန်း၏တိုးတက်မှုအား စစ်ဆေးရန်ပင်ဖြစ်သည်။
သူ့အီးမေးလ်စာပုံးသည် လွန်ခဲ့သောလအတွက် စုဆောင်းထားသော အလုပ်အီးမေးလ်များနှင့်
ရှုပ်ပွနေသည်။ လုလီရှင်းက သူ့စာကြည့်စားပွဲခုံပေါ်မှာထိုင်နေရင်း တာဝန်ခွဲပေးလို့
မရတဲ့ အီးမေးလ်တွေကို ဖွင့်ကြည့်လိုက်သည်။
သူ့ကွန်ပျူတာမျက်နှာပြင်တွင် လူအများစုနားမလည်နိုင်လောက်သည့် ပညာရပ်ဆန်သော
စကားလုံးများနှင့် ပြည့်နှက်နေသည်။ သိပ္ပံနှင့် နည်းပညာသည်
လုပ်ငန်း၏အနာဂတ်ဖြစ်သည်။ လုလီရှင်းသည် လုမိသားစုကုမ္ပဏီကို အနာဂတ်၌
ခေတ်နောက်ကျခြင်းမှ ရှောင်ရှားရန် ဒီစျေးကွက်ကို သိမ်းပိုက်ရမည်ကို
ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သည်။
အနာဂတ်အစီအစဥ်အတွက် လုလီရှင်းသည် အနာဂတ်၌ ထပ်မံဖြစ်ပေါ်လာမည့်
လမ်းကြောင်းများကို မှန်မှန်ကန်ကန် မြင်နိုင်စွမ်းရှိသည့် တစ်မူထူးခြားသော
အမြော်အမြင်မျိုး ရှိခဲ့သည်။
ဗီလာထဲ၌ တစ်ခုတည်းသော ထွန်းလင်းနေသောမီးမှာ
သူ့စာကြည့်စားပွဲခုံမှမီးပင်ဖြစ်သည်။ သူသည် စာတစ်ကြောင်းပြီး
တစ်ကြောင်းဖတ်နေစဥ်တွင် သူ့မျက်လုံးနှင့် စိတ်တို့သည် အာရုံစူးစိုက်နေပြီး
သူ့မျက်နှာ၌ စိတ်မရှည်သည့်လက္ခဏာ အနည်းငယ်မျှပင် မရှိချေ။
မိနစ်လက်တံသည် စက်ဝိုင်းအပြည့် တစ်ခါပြီး တစ်ခါ လှည့်ပတ်သွားသည်။
မိုးကုတ်စက်ဝိုင်းသည် ပိုမိုတောက်ပလာပြီး အလင်းရောင်သည် အခန်းများရှိ
ကန့်လန့်ကာများကို ဖြတ်သန်းသွားသည်နှင့်အမျှ စားပွဲခုံပေါ်မှမီးသည် သဘာဝအလင်းရောင်
ထွန်းလင်းတောက်ပနေသော အခြားအခန်းများနှင့် နှိုင်းယှဥ်လျှင် မှိန်ဖျော့သွားသည်။
လုလီရှင်းသည် နောက်ဆုံးအီးမေးလ်ကို ပြန်ပို့ပေးပြီးတဲ့နောက် သူက အချိန်ကို
ကြည့်လိုက်သည်။ မနက် ခြောက်နာရီခွဲနေပြီ။
ဒါက သူ့တစ်ညလုံး အလုပ်လုပ်ခဲ့သည့်အတွက် ဒီအချိန်က ပုံမှန်ဖြစ်သည်။ အရင်တုန်းက
သူက မကြာမဏ မနက် ခြောက်နာရီအထိ အလုပ်လုပ်ခဲ့ပြီးတော့ မနက် ရှစ်နာရီမှာ
ရုံးသွားသည်။
လုလီရှင်းသည် ကွန်ပျူတာကို ပိတ်လိုက်သည်။ သူက နှာနုရိုးကိုဖိပွတ်လိုက်ပြီးတော့
သူက အိပ်ရာဝင်ဖို့ ပြင်ဆင်လိုက်သည်။
လုလီရှင်း၏ ရူးသွပ်လှသော အလုပ်ချိန် အချိန်ဇယားနှင့်မတူပဲ ကျီချင်းချင်းသည်
ကျန်းမာသော နေထိုင်မှုဘဝ ဟန်ချက်ညီမှု ရှိခဲ့သည်။ သူမက မနက် ခုနစ်နာရီမှာ
ချက်ချင်း အိပ်ရာနိုးလာပြီးနောက် လုလီရှင်းရဲ့အခန်းကို သူမဖြတ်သွားတဲ့အခါမှာ
ခဏရပ်လိုက်သည်။ ယမန်နေ့ညက သူ့ကို ခင်ပွန်းလို့
အကြိမ်နှစ်ဆယ်ကျော်ခေါ်ပြီးတဲ့နောက်မှာ သူမ သူ့ကို ကိုက်ပြစ်ချင်မိသည့်အထိ ဒေါသထွက်မိပေမယ့်
ကျီချင်းချင်းသည် သူမကို ဂရုစိုက်ပေးတဲ့ အကြီးအကဲလုရဲ့စကားတွေကို
ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတဲ့အတွက် သူမက စိတ်လျော့လိုက်သည်။
လုလီရှင်းသည် နံနက် ခုနစ်နာရီမှာ ဆေးသောက်ရန်လိုသည်။
ကျီချင်းချင်းသည် လုလီရှင်း၏အခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါမှာ
သူ့အခန်းထဲရှိ ခန်းစီးကန့်လန့်ကာများသည် တင်းကျပ်စွာ ပိတ်ထားပြီး အခန်းသည်
မှောင်မည်းနေသည်ကို သူမ တွေ့လိုက်ရသည်။ ကျီချင်းချင်းသည် သူ့ကုတင်အနားသို့
ခြေဖျားထောက်လျက် သွားကြည့်လိုက်သောအခါ ကုတင်က သေသေသပ်သပ်ဖြစ်နေသည်ကို
တွေ့လိုက်ရသည်။ လုလီရှင်းသည် သူ့ကုတင်ပေါ်၌ ကောင်းမွန်စွာ အိပ်ပျော်နေခဲ့သည်။
လုလီရှင်းကို မြင်လိုက်သည်နှင့် ကျီချင်းချင်းသည် မနေ့ညက မြင်ကွင်းများကို
ပြန်မြင်ယောင်မိသည်။ “ခင်ပွန်း” ဟူသော စကားလုံးကို အသံချဲ့စက်ဖြင့် ပတ်ပတ်လည်မှ
ဖွင့်ထားသော အသံကဲ့သို့ ကြားယောင်နေမိခဲ့သည်။
ကျီချင်းချင်းသည် လုလီရှင်းကို အကြင်နာတရားကင်းမဲ့စွာ ငုံ့ကြည့်လိုက်သည်။
သူမသည် ရေတစ်ခွက်ပြင်ဆင်လိုက်ပြီးတော့ ဆေးအနည်းငယ်ကိုပါ ယူလာခဲ့သည်။
“ဟေး… အိပ်ရာထပြီး ဆေးသောက်ရမယ့်အချိန်ရောက်ပြီ”
ဒီအသက်ကယ်ဆေးသည် စျေးမနည်းလှပေ။ ပြီးတော့ ဒီဆေးကိုသောက်ရန် အချိန်ဇယား
တိကျရပါမည်။
သူ အိပ်ရာထမလာတာကို မြင်တာနဲ့ ကျီချင်းချင်းက ဆက်နှိုးလိုက်သည်။ “မစ်စတာလု
အိပ်ရာထတော့။ ရှင်ဆေးသောက်ရမယ်လေ။”
တုံပြန်မှု တစ်စုံတစ်ရာမျှ မရှိခဲ့ပါ။