အခန်း(၂၆)
သံသယဝင်နေသဖြင့် ကျီချင်းချင်းသည် ရေခွက်နှင့် ဆေးတွေကို
ဘေးမှာတင်လိုက်ပြီး သူ့ကို ညင်သာစွာ လှုပ်နိုးလိုက်သည်။
“မစ်စတာလု”
“လုလီရှင်း”
“.... ဟေး အိပ်ရာထတော့လေ”
မည်သည့်တုံ့ပြန်မှုမှ ပြန်မရသေးပါဘူး။
ကျီချင်းချင်းသည် အထိတ်တလန့်ဖြစ်သွားသည်။ လုလီရှင်း၏ ငြိမ်းချမ်းစွာ
အိပ်ပျော်နေသည့် မျက်နှာလေးကိုကြည့်ပြီးတော့ သူမနှလုံးသားဟာ မောပန်းနွမ်းနယ်လာသည်။
သူမစိတ်ထဲမှာ ကြောက်မက်ဖွယ်ရာအတွေးတစ်ခု ဝင်လာခဲ့သည်။ သူမသည်
လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီးတော့ လုလီရှင်း အသက်ရှုမရှု
စမ်းသပ်ကြည့်လိုက်သည်။
အရေးကြီးတဲ့ အခြေအနေပဲ....
သူ့အတွက် သတ်မှတ်ထားတဲ့ ဘဝသက်တမ်း ကုန်ဆုံးဖို့နီးကပ်လာပြီပဲ....
နောက်ထပ်ရက်အနည်းငယ်လောက်ပါပဲ…
ကျီချင်းချင်း၏လက်တွေဟာ တဆတ်ဆတ်တုန်လာခဲ့သည်။
“သခင်မလေး ရှင်… “ အန်တီဖေးသည် အခန်းတံခါးဝမှာ ပေါ်လာခဲ့သည်။
သူမအသံကိုကြားလိုက်ရသော ကျီချင်းချင်းသည် တံခါးဝဆီသို့ သူ့အလိုလို
မျှော်ကြည့်လိုက်သည်။ သူမနှလုံးသားဟာ ပြင်းထန်စွာ ခုန်နေခဲ့သည်။
အန်တီဖေးသည် ကျီချင်းချင်း၏ ပျာယာခတ်နေသော အသွင်အပြင်ကိုမြင်ပြီး သူမ၏လက်သည်
လုလီရှင်း၏မျက်နှာဆီသို့ ညွှန်ပြလိုက်သည်။ သူမ၏ခြေထောက်များဟာ ပျော့ခွေသွားခဲ့သည်။
သူမက မကြာခင်မှာပဲ ငိုချတော့မည့် တုန်ယင်နေသောအသံဖြင့် “သခင်လေး… သူ
အဆင်ပြေရဲ့လား” လို့ မေးလိုက်သည်။
သူမ လုလီရှင်း၏အခြေအနေကို စစ်ဆေးကြည့်နေစဥ် ကြားဖြတ်နှောင့်ယှက်ခြင်း
ခံလိုက်ရခြင်းကြောင့် ကျီချင်းချင်းသည် အလျင်အမြန်ပဲ ဘေးသို့ ထရပ်လိုက်သည်။ သူမသည်
ဘာလုပ်ရမှန်း မသိတော့ပါဘူး။
“အန်တီဖေး… ကျွန်မ…” ကျီချင်းချင်းသည် ဘာပြောရမှန်းပင် မသိတော့ပါဘူး။
“ဘာ… ဘာဖြစ်လို့လဲ။ သခင်မလေး ကျွန်မကို မလှန့်ပါနဲ့” အန်တီဖေးသည် အတည်ပြုရန်
တုန်လှုပ်ခြောက်ချားစွာနဲ့ အခန်းထဲကို ဝင်လာခဲ့သည်။
ကျီချင်းချင်းသည် အိပ်ရာအနားကနေ ခြေလှမ်းအနည်းငယ်ခန့် မသက်မသာ ခွာပေးလိုက်သည်။
အန်တီဖေးသည် လေးလံသော ခြေလှမ်းများဖြင့် ကုတင်နားသို့ လျှောက်သွားလိုက်သည်။
“မဟုတ်ဘူး… မဖြစ်နိုင်ဘူး။ သခင်လေး သူ ဒီလိုမဖြစ်နိုင်ဘူး…” ဒါပေမယ့်
နောက်အခိုက်တန့်လေးမှာပဲ တစ်ယောက်ယောက်က သူမလည်ပင်းကို ညှစ်ထားသလိုမျိုး
ဆို့နင့်လာခဲ့သည်။ ငြိမ်းချမ်းစွာ အိပ်စက်နေသည့် လုလီရှင်းကို ကြည့်ရင်း
သူမခန္ဓာကိုယ်ဟာ ထိတ်လန့်တုန်လှုပ်စွာ တုန်ရီလာခဲ့သည်။ “ကျွန်မ… ကျွန်မ
အကြီးအကဲလုကို သွားခေါ်လိုက်ဦးမယ်....”
သူမသည် အခန်းထဲမှ အမြန်ထွက်သွားခဲ့သည်။
ကျီချင်းချင်းတစ်ယောက်တည်းသာ လုလီရှင်းနှင့်အတူ ကျန်ခဲ့သည်။
တကယ်တမ်းကျတော့ လုလီရှင်းကို ဆေးရုံကနေ
အိမ်တော်သို့ပြန်ခေါ်လာသည့်အချိန်ကစပြီးတော့ လူတိုင်းဟာ သူတို့စိတ်ကို သူတို့
ပြင်ဆင်ထားပြီးဖြစ်သည်။
ဒါပေမယ့် သေခြင်းတရားနှင့် မျက်နှာချင်းဆိုင်တွေ့ရသည့်အခါမှာ မင်းက
အရေးမပါတာမျိုး အာဏာမဲ့တာမျိုး မခံစားရပဲ မနေနိုင်ဘူး။
လုလီရှင်း၏သေခြင်းတရားအကြောင်းကို စာရေးသူ ရေးသားစဥ်အချိန်က များစွာ
မရေးသားခဲ့သော်လည်း သူက အခြားသူတွေရဲ့ မှတ်ဥာဏ်တွေထဲမှာ ရှင်သန်နေခဲ့သည်။ သူက
အလွန်လျှို့ဝှက်ပြီး အစွမ်းထက်သောလူတစ်ယောက် ဖြစ်သည်။ သူမသည် သူနှင့်
တစ်ရက်လောက်သာ သိပြီးနောက် သူက တကယ်သေသွားခဲ့ပြီလား။
လုလီရှင်း…. သူ တကယ်သေဆုံးသွားခဲ့ပြီလား။
ကျီချင်းချင်းသည် စိတ်ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။
သူမမှာ ရှေ့ဆက်ဖို့ သတ္တိတွေမရှိပါ။ မနေ့က သူ့ကြည့်ရတာ
သက်တောင့်သက်သာရှိပုံပေါ်သည်။ ဒါပေမယ့် အခုတော့ သူက သူမရှေ့မှာ
လှဲလျောင်းနေပြီးတော့ ဘယ်တော့မှ နိုးထလာတော့မည် မဟုတ်ပေ။
လုလီရှင်းသည် သေခြင်းတရားနှင့် နီးကပ်လာနေပြီဆိုတာကိုကို သူမ သိသော်လည်း သူက
ညချမ်းအချိန်မှာ တိတ်တဆိတ် သေဆုံးသွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါ။ သူက
အထီးကျန်စွာ သေဆုံးသွားခဲ့ရသည်။
သူ့ချစ်ရသူတွေကို နောက်ဆုံးတွေ့ခွင့်လေးတောင် ရမသွားခဲ့ရှာဘူး။ သူက
ဒီရှင်သန်နေတဲ့ ကမ္ဘာကြီးကနေ စိတ်မပါပဲ ထွက်ခွာသွားရပေသည်။
ကျီချင်းချင်းသည် လုလီရှင်းနှင့် သူမတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ချိန်ကို
ပြန်တွေးနေခဲ့ပြီး သူတို့ နောက်ဆုံးပြောခဲ့တဲ့ စကားများကို ပြန်အမှတ်ရနေခဲ့သည်။
သူမသည် နောင်တမရပဲ မနေနိုင်ပါ။
မနေ့က သူမ ဒီလို ဒေါသမထွက်သင့်ဘူး။
လုလီရှင်းသည် သေခြင်းတံခါးဝကို ရောက်ရှိနေပြီ။ ဘာအကြောင်းကို ကတ်တီးကတ်ဖဲ့
ပြောနေဦးမှာလဲ။
သူမ ဘာလို့ သူနဲ့ ဘာမဟုတ်တာလေးကို ငြင်းခုံခဲ့မိတာလဲ။ ယခုတော့ ဒါက
အဓိပ္ပာယ်မရှိလိုက်တာ။
သူမက လုလီရှင်းကို အလွန်နောင်တရသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျီချင်းချင်းသည် အလွန်ပူဆွေးစိတ်သောကရောက်နေပြီးတော့ သူမကိုယ်သူမ အတတ်နိုင်ဆုံး
တည်ငြိမ်အောင် ထိန်းသိမ်းထားပြီး ပြောလိုက်သည်။
“ရှင် စိတ်အေးချမ်းစွာ ထွက်သွားနိုင်တယ်။ ကျွန်မ ရှင့်အစား ရှင့်အဖိုးကို
သေချာဂရုစိုက်ပြုစုပေးပါ့မယ်။”
ဒီလိုပြောပြီးတဲ့နောက်မှာ ကျီချင်းချင်းက လုလီရှင်းရဲ့ ခန္ဓာကိုယ်ကို
ဖုံးထားတဲ့စောင်ကို အပေါ်သို့ ဖြည်းဖြည်းချင်းဆွဲတင်ရင်း သူ့မျက်နှာကို
ဖုံးအုပ်ပေးလိုက်သည်။