အခန်း၂၇
Viewers 16k

အခန်း(၂၇)

 

ဝမ်းနည်းမှုနှင့် နောင်တများ ဖိစီးသွားသောအခါ ကျီချင်းချင်းသည် သူမရဲ့စိတ်ဖိစီးမှုကြောင့် ကိုယ်အလေးချိန်ကျသွားသလို ခံစားလိုက်ရသည်။

 

လုလီရှင်း သေသွားခဲ့ပြီ။ အဲ့ဒီအဓိပ္ပာယ်က သူမသည် လုလီထင်၏လက်စားချေခြင်းကို သူမကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ရလိမ့်မည်ဟု ဆိုလိုသည်။

 

ဝတ္ထုဇာတ်လမ်းထဲက ကျီချင်းချင်းသည် လုလီထင်၏နှလုံးသားကို ငယ်ရွယ်စဥ်က ရိုက်ချိုးခဲ့သည့် သိုက်တူးသမားတစ်ယောက်သာ မဟုတ်ဘူးဆိုရင်…

 

ဝတ္ထုဇာတ်လမ်းထဲက ကျီချင်းချင်းဟာ တကယ့်ကို စိတ်ဆင်းရဲစရာကောင်းသည့် ဇာတ်သိမ်းတစ်ခု ရှိခဲ့သည်။ သူမသည် နာမည်ပျက်စာရင်းဝင်သွားခဲ့သဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့သည်။ လမ်းဆုံးသို့ တွန်းပို့ခံရပြီးတော့ သူမသည် ပါတီပွဲတစ်ခုမှာ အရံအဆိုတော်အဖြစ် အလုပ်ရခဲ့သည်။ ပါတီရှိလူတိုင်း၏ရှေ့တွင် လုလီထင်သည် သူမအား ရှန်းဝေဝေ၏ဖိနပ်မှ ဝိုင်နီများကို သုတ်ပေးရန် အမိန့်ပေးခဲ့သည်။

 

ယခု သူမသည် မစ္စလုဟူသော ဂုဏ်ပုဒ်ကို ရရှိထားပြီးဖြစ်သောကြောင့် သူမသည် ဝတ္ထုဇာတ်လမ်းထဲက ကျီချင်းချင်းထက် အခြေအနေ အနည်းငယ် ပိုကောင်းလာသည်။ ဒါပေမယ့် လုလီထင်က သူ့မိသားစုရဲ့ စီးပွားရေးလုပ်ငန်းများကို အမွေဆက်ခံပြီး ထျန်းယွိအင်တာတိန်းမန့်ရဲ့ သူဌေးဖြစ်တာတဲ့အခါကျရင် သူက သူမရဲ့သရုပ်‌ဆောင်အလုပ်ပေါ်မှာ အကြွင်းမဲ့အာဏာ ရှိလာလိမ့်မည်။ အဲ့ဒီအခါ သူမ ဘာဖြစ်သွားမလဲ။

 

ကျီချင်းချင်းသည် အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့သည်။

 

လုလီထင်ရဲ့အမုန်းအပြည့်ဖြင့် အကြည့်တွေကို ပြန်တွေးမိတော့ သူသည် သူမအား လွယ်လွယ်ကူကူ လက်လွှတ်ပေးလိမ့်မည်မဟုတ်ကြောင်း သူမ ခန့်မှန်းမိသည်။ အကြီးအကဲလုသည် ကျန်းမာတုန်းဖြစ်သော်လည်း သူမ လုံလုံလောက်လောက် စုဆောင်းပြီးတာနဲ့ ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ ငွေရှာဖို့ အာရုံစိုက်သင့်သည်။ သူမသည် နောင်အနာဂတ်တွင် လုလီထင်နှင့် သူ့ချစ်သူ ရှန်းဝေဝေတို့၏ ညှင်းပန်းနှိပ်စက်ခြင်းကို မခံလိုပါ။

 

သူမ ဒီနေရာကနေ ထွက်သွားပြီး တိတ်ဆိတ်ပြီးအေးချမ်းသာယာသောဘဝကို ဖြတ်သန်းနိုင်လိမ့်မည်။

 

“ရှင် ဘာလို့ အသက်ရှင်သန်ဖို့ မကြိုးစားရတာလဲ။ ရှင် ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး ထွက်သွားနိုင်တာလဲ။ ရှင်က ဒီရှင်သန်တဲ့ကမ္ဘာကနေ လွယ်လွယ်ကူကူ ထွက်သွားရက်တယ်။ လုလီထင်က ရှင် ကြိုးကြိုးစားစား တည်ဆောက်ထားတဲ့ မိသားစုစီးပွားရေးလုပ်ငန်းတွေကို အမွေဆက်ခံလိမ့်မယ်။ ထျန်းယွိအင်တာတိန်းမန့်ကလည်း သူ့လက်ထဲ ကျရောက်သွားလိမ့်မယ်။ သူ့ကောင်မလေးအတွက် လက်စားချေပေးဖို့ သူ ဘာလုပ်မလဲဆိုတာကို ဘယ်သူသိနိုင်မလဲ။ ကျွန်မ တကယ် ဒုက္ခမရောက်ချင်တော့ဘူး။ ကျွန်မ ခါးသီးနာကျင်တဲ့ ဒုက္ခမျိုးတွေကို နှစ်နှစ်ဆယ်ကျော် ခံစားခဲ့ရပြီးပြီ။ ကျွန်မ သာယာတဲ့ဘဝလေးမျိုးကို လိုချင်ရုံလေးတင်ပါ…..”

 

ကျီချင်းချင်းသည် ဒီကမ္ဘာသို့ မကူးပြောင်းမီ သူမဘဝအကြောင်းကို တွေးတောနေစဥ် သူမ၏မျက်ဝန်းများသည် အနည်းငယ် နီရဲလာသည်။

 

“ကျွန်မ ငယ်ငယ်တုန်းက စားသောက်ဖို့ အလုံအလောက်မရှိတာကို ကျွန်မ ဂရုမစိုက်‌တော့ဘူး။ ကျွန်မ အသက်ကြီးလာရင် ကျွန်မအတွက် အိမ်တစ်လုံး ဝယ်ချင်ခဲ့တယ်။ ဒါပေမယ့် ကျွန်မ စုဆောင်းထားခဲ့ငွေအားလုံးကို ကျွန်မအစ်ကိုရဲ့ လောင်းကစားအကြွေးတွေကို ဆပ်ဖို့ သုံးလိုက်ရတယ်။ ရှင် သိလား။ ကျွန်မ အိမ်ဝယ်စာချုပ်မှာ လက်မှတ်ထိုးဖို့ကိုတောင် ပြင်ဆင်ပြီးပြီ၊ ဒါပေမယ့် ဘုရားသခင်က ကျွန်မကို နှိပ်စက်ဖို့ ဆုံးဖြတ်ထားသလိုပဲ…”

 

ကျီချင်းချင်းရဲ့မျက်နှာပေါ်တွင် နှာရည်ရော မျက်ရည်များရော ကျဆင်းလာသည်။ “လုလီထင်က ကျွန်မကို ခွင့်မလွှတ်ရင် ကျွန်မ ဘာလုပ်ရမလဲ။ သူက စီအီးအိုတစ်ယောက် ဖြစ်လာလိမ့်မယ်။ ငါ ဘယ်လိုလုပ်ရပါ့မလဲ။ သူက ကျွန်မကို သိုက်တူးသမားတစ်ယောက်လို့ အမြဲ စွပ်စွဲခဲ့တယ်၊ ဒါပေမယ့် သူကလည်း ကျွန်မကို လိမ်လည်ခဲ့တာပဲ မဟုတ်ဘူးလား။ သူက ချမ်းသာကြွယ်ဝတဲ့ လူငယ်တစ်ယောက်ဆိုတာ သိသာထင်ရှားပေမယ့် သူက ဟန်ဆောင်ပြီး မိန်းကလေးတစ်ယောက်ကို လှည့်စားခဲ့တယ်။ ဘယ်လောက်‌တောင် ရှက်စရာကောင်းလိုက်လဲ။”

 

ကျီချင်းချင်းသည် သူမအနေနဲ့ အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်တို့၏ အရှိန်အဝါကိုတွေးရင်း ခေါင်းကိုက်လာခဲ့သည်။

 

ဝတ္ထုဇာတ်လမ်းထဲ၌ လုလီထင်သည် နှစ်ပေါင်းများစွာ အလုပ်မလုပ်ခဲ့သော အမျိုးသားတစ်ယောက် ဖြစ်သည်။ ဒီအချိန်အတောအတွင်း သူသည် လုမိသားစုအိမ်တော်သို့ ပြန်လာခဲသည်။ လုလီရှင်းသည် ဝတ္ထုဇာတ်လမ်းထဲတွင် သေဆုံးသွားသည်နှင့်တပြိုင်နက် လုလီထင်သည် မိသားစုစီးပွားရေးလုပ်ငန်းကို အမွေဆက်ခံပြီး လုလီရှင်း၏ကြိုးစားအားထုတ်မှ အကျိုးကျေးဇူးများကို ရခဲ့သည်။ ထိုအချိန်မှစ၍ သူသည် မည်သည့်အားထုတ်ကြိုးပမ်းမှုမှ မလိုပဲ ချောမွေ့သောဘဝကို အသာအယာရရှိသွားပေလိမ့်မည်။

 

ဟုတ်ပါတယ်၊ ဒါက ဝတ္ထုဇာတ်လမ်းတစ်ပုဒ်မှာ သတ်မှတ်ချက်သက်သက်ပါပဲ။ လုလီရှင်း၏တည်ရှိမှုသည် လုမိသားစုအား အကောင်းဆုံးသောသူတစ်ယောက်အဖြစ် သတ်မှတ်ထံရသော ဂုဏ်သတင်း ကျော်ဇောစေရန် ရည်ရွယ်ချက်အတွက်သာဖြစ်သည်။ ဇာတ်လမ်းထဲတွင် သူ့အခန်းကဏ္ဍသည် လုလီထင်အား အမွေဆက်ခံရန် အာဏာရှင်ဆန်သော ရာထူးတစ်ခုကို အောင်မြင်စွာ ဖန်တီးပေးရန်အတွက်သာ ဖြစ်သည်။

 

ကျီချင်းချင်းသည် လုလီရှင်း၏အလုပ်ကြိုးစားမှုအတွက် ဒါက မထိုက်တန်ဘူးလို့ ခံစားခဲ့ရသည်။

 

“ရှင် စိတ်ပူစရာမလိုဘူး။ ကျွန်မတို့အကြားမှာ စိတ်ခံစားချက်တွေ မရှိသေးပေမယ့် ကျွန်မက ရှင့်ရဲ့အမည်ခံဇနီးတော့ ဖြစ်နေတုန်းပါပဲ။ ရှင့်အတွက် ကျွန်မ မုဆိုးမတစ်ယောက် လိုက်နာရမယ့် စည်းမျည်းတွေကို နာခံမယ်။ ရှင် အခုထွက်သွားခဲ့ရင်တောင် ကျွန်မ ဒီနေရာမှာ ရှိနေသေးတယ်။ လုမိသားစုရဲ့လုပ်ငန်းကို ကြီးမားအောင်လုပ်ဖို့ လေးနက်တဲ့တာဝန်တွေကိုယူခဲ့တဲ့သူက ရှင်ပဲဆိုတာကို ဘယ်သူမှ မမေ့စေရဘူး။ သူက ရှင်ရဲ့ကြိုးစားမှုကနေ သီးပွင့်တဲ့ ချိုမြိန်တဲ့အသီးအပွင့်တွေကို ဘာကြောင့် ခံစားသင့်တာလဲ။ ကျွန်မရဲ့တည်ရှိမှုက ရှင်က လုမိသားစုလုပ်ငန်းကို အမြင့်ဆုံးရောက်အောင် တွန်းပေးခဲ့သူရဲ့ဇနီးမယားဆိုတာကို အမှတ်ရစေရမယ်။ ရှင့်ရဲ့ကြိုးစားအားထုတ်မှုမရှိပဲ ဒီအရာတွေက ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဒီပင်လယ်ကမ်းစပ်မြို့ကလူတိုင်း လုလီထင်ဆိုတဲ့ ခွေးကောင်ကိုသာ သတိရစေမှာ မဟုတ်ဘူး။”

 

“ရှင် နောင်ဘဝကို အေးအေးဆေးဆေး သွားနိုင်တယ်။ ကျွန်မ ရှင့်သင်္ချိုင်းကို နှစ်စဥ်လာရောက်လည်ပတ်ပြီး အမွှေးနံ့သာနဲ့ ငွေစက္ကူတွေ မီးရှို့ပေးမယ်။”

 

အမွှေးနံ့သာနဲ့ ငွေစက္ကူများကို မီးရှို့ပေးမယ်တဲ့လား။

 

စောင်အောက်က လုလီရှင်းသည် ကျီချင်းချင်း၏စကားများကြောင့် ဒေါသကြောင့် ရယ်မောလုနီးပါး ဖြစ်သွားခဲ့သည်။