အခန်း၂၉
Viewers 16k

အခန်း(၂၉)

 

“နိုး… နိုး… နိုး… ရှင် မသေပါဘူး။”

 

“ကိုယ် မသေဘူးလား” လုလီရှင်းသည် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “မင်း ကိုယ့်မျက်နှာအပေါ်ကို စောင်နဲ့အုပ်ထားပေးတယ်လေ။ ကိုယ် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာ အဖြူရောင်အဝတ်စကို မြင်လိုက်ရပြီးတော့ မင်း ကိုယ့်အတွက် နှလုံးသားထဲကလာတဲ့ စကားသံတွေကိုကြားလိုက်ရတယ်။ ကိုယ် တကယ်သေသွားပြီလို့ မင်း ယုံကြည်နေခဲ့တယ်။”

 

ကျီချင်းချင်း၏နှလုံးခုန်သံ တစ်ချက်ပြင်းသွားပြီး သူမခန္ဓာကိုယ်ဟာ တုန်ခါသွားသည်။ သူမသည် အလှပဆုံးပြုံးနိုင်ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ “ရှင်က ငယ်သေးတယ်၊ ပြီးတော့ ကတိလည်းတည်တတ်တယ်။ ရှင် အသက်တစ်ရာအထိနေနိုင်မယ်လို့ ကျွန်မ လုံးဝပြောနိုင်တယ်။”

 

“တကယ်လား။ မင်း ကိုယ် အသက်တစ်ရာအထိနေနိုင်လိမ့်မယ်လို့ တကယ်မျှော်လင့်တာလား။”

 

ကျီချင်းချင်းက “ဒါပေါ့” လို့ ရိုးရိုးသားသား အားပါးတရပြောလိုက်သည်။

 

လုလီရှင်းသည် အသက်တစ်ရာအထိ ရှင်သန်နိုင်မည်ဆိုလျှင် လုလီထင်သည် မိသားစုလုပ်ငန်းကို အမွေဆက်ခံရန် နည်းလမ်းမရှိပေ။ သူမသည် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့၏ အရှိန်အဝါများကို ရှောင်ရှားရန် သူမဦးနှောက် အားကုန်စရာမလိုတော့ပါလေ။

 

“ရှင် ကျန်းကျန်းမာမာနဲ့ အသက်တစ်ရာအထိ နေနိုင်လိမ့်မယ်လို့ ကျွန်မ တကယ် မျှော်လင့်တယ်။ ဖြစ်နိုင်ရင် ရှင့်ကို ကျွန်မရဲ့သက်တမ်းတစ်ဝက်ကိုတောင် ပေးချင်တယ်။”

 

တစ်စုံတစ်ယောက်က ကျီချင်းချင်းကို မေးတယ်၊ မင်း အသက်ငါးဆယ်အထိပဲ နေမယ်ဆိုရင် ချမ်းချမ်းသာသာနေရမယ် ဒါမှမဟုတ် မင်း အသက်တစ်ရာအထိနေရမယ် ဒါပေမယ့် ဆင်းဆင်းရဲရဲနေရမယ် မင်း ဘာကိုရွေးမလဲတဲ့။

 

တကယ့်ကို ရယ်စရာကောင်းတဲ့ မေးခွန်းပဲ။

 

ဘဝသည် အဖိုးတန်သော်လည်း သူမသည် ပထမတစ်ခုကိုသာ ရွေးချယ်ရလိမ့်မည်။

 

သူမ၏ဘဝကို ပြောင်းလဲဖို့ရန် မျှော်လင့်ချက်မရှိလျှင် အသက်ရှင်သန်ရသည်က အဓိပ္ပာယ်မဲ့လာလိမ့်မည်။

 

လုလီရှင်းသာ သေဆုံးသွားမည်ဆိုလျှင် သူမအခြေအနေသည် နောက်ဆုံးတစ်ခုလိုသာ ဖြစ်လာလိမ့်မည်။ လုလီရှင်းသာ အသက်ရှင်သန်နေမယ်ဆိုရင် သူမ၏ဘဝသည် ပထမရွေးချယ်မှုလို ဖြစ်လာလိမ့်မည်။ ထို့ကြောင့် သူမသည် လုလီရှင်းအာ ဆက်လက်အသက်ရှင်စေလိုသည်။

 

လုလီရှင်းရဲ့မျက်ဝန်းထဲက အဓိပ္ပာယ်က နက်ရှိုင်းလာသည်။ သူ သူမကို စိုက်ကြည့်နေစဥ်မှာ သူ့မျက်ဝန်းနက်တစ်စုံက ကျီချင်းချင်းဆီမှာသာ ရှိသည်။

 

“ကိုယ် ဒီနေ့ သေသွားခဲ့ရင် မင်း ဘာလုပ်မလဲ။”

 

ကျီချင်းချင်း၏မျက်ဝန်းများက လှည့်လိုက်သည်။ သူမသည် တိတ်ဆိတ်စွာနေခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်လိမ့်မည်ဟု သူမက လိမ္မာပါးနပ်စွာ ယုံကြည်မိသည်။

 

“လုပ်ပါ။ ကိုယ့်ကို ပြောကြည့်ပါ။”

 

“ဒီလို ကံမကောင်းတဲ့စကားတွေပြောနေမယ့်အစား ပိုကောင်းတဲ့ အကြောင်းအရာတစ်ခုခုကို ပြောကြည့်ကြရအောင်။ ရှင့်ကျန်းမာရေးကလည်း မကောင်းသေးဘူး။ ရှင် ပြန်လှဲပြီးအနားယူသင့်တယ်…” ကျီချင်းချင်းသည် သူမခေါင်းလေးကို အသာငုံပြီးပြောလိုက်သည်။ သူမသည် သူ့လက်မောင်းများကြားမှ လွတ်မြောက်ရန် ကြိုးပမ်းလိုက်သည်။

 

လုလီရှင်းသည် သူမလွတ်မြောက်ရန် ကြိုးပမ်းမှုကို တားဆီးရန် ဘေးသို့ ရွှေ့လိုက်သည်။ ဒါက သူမရဲ့ လှုပ်ရှားမှုသေးသေးလေးတွေအားလုံးကို အဆုံးသတ်စေခဲ့သည်။

 

“မင်း ကိုယ့်အတွက် အမွှေးနံ့သာနဲ့ ငွေစက္ကူတွေ မီးရှို့ပေးမယ်လို့ ပြောခဲ့ပြီးပြီလေ။ တခြား ကံမကောင်းစေတဲ့စကားတွေကိုပြောဖို့ကို မင်း ဘာလို့ ကြောက်နေသေးတာလဲ။”

 

ကျီချင်းချင်း၏အပြုံးဟာ တောင့်ခဲသွားသည်။ သူမက မဝံ့မရဲဟန်ဖြင့် “ရှင့်စျာပနကို ကျွန်မတက်ရောက်တဲ့အချိန်ကျရင် ကျွန်မ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အဖြူရောင်ပန်းစည်းကို ကိုင်ထားသင့်တယ်မလား။” အကြုံပြုလိုက်သည်။

 

“ကျွန်မ စျာပနမှာ ဝမ်းအနည်းဆုံး ငိုကြွေးတဲ့သူ ဖြစ်လိမ့်မယ်။”

 

“ရှင့်ရဲ့အရိုးပြာအိုးကို ပိုက်ထားပြီး ရှင့်ရဲ့အဖြူအမည်းဓာတ်ပုံနဲ့အတူ ကျွန်မ ဓာတ်ပုံရိုက်ထားမယ်။”

 

“…”

 

ကျီချင်းချင်းက ထိုအကြောင်းကို စဥ်းစားလိုက်ပြီး “ကျွန်မ ရှင့်ကို အမြဲတမ်း သတိရနေမှာပါ” ဟု အလေးအနက် ပြောလိုက်သည်။

 

လူနှစ်ယောက်ဟာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။

 

လုလီရှင်းက သက်ပြင်းချလိုက်သည်။ သူက လေးနက်သောအမူအရာဖြင့် သူမကို ကြည့်လိုက်သည်။ “ကျီချင်းချင်း ကိုယ်ပြောတာ နားထောင်။ ကိုယ် မသေနိုင်ဘူး။ မင်း စိတ်ပူနေတဲ့ အရာအားလုံးကို ကိုယ် ဂရုစိုက်ပေးပါမယ်။ လုလီထင် မင်းကို အနိုင်ကျင့်မှာကို ကိုယ် ခွင့်မပြုဘူး။ မင်း နားလည်လား။”

 

“အိုး…”

 

လုလီရှင်းက “အမ်” ဟု အသံမြှင့်လိုက်သည်။

 

ကျီချင်းချင်းသည် အလျင်အမြန် ခေါင်းညိမ့်လိုက်သည်။ “ကျွန်မ နားလည်ပါပြီ”

 

လုလီရှင်းက ဘာကြောင့် ဒီလိုမျိုးသစ္စာဆိုတာလဲဆိုတာကို သူမ နားမလည်ပေမယ့် သူ့ရဲ့ရိုးသားတဲ့စကားတွေက သူမနှလုံးသားကို အခုန်မြန်လာစေသည်။

 

သူမသည် သကြားလုံးတစ်ခြမ်း စားလိုက်ရသလို ခံစားလိုက်ရသည်။

 

“မင်း အခု ထွက်သွားနိုင်ပြီ။ ကိုယ် ခဏလောက် အနားယူလိုက်ဦးမယ်”

 

တစ်ချိန်တည်းမှာပင် အခန်းအပြင်ဖက်မှ ပူဆွေးဝမ်းနည်းနေသောအသံများ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။

 

ကျီချင်းချင်း၏နှလုံးခုန်သံဟာ တဒိန်းဒိန်းမြည်လာခဲ့သည်။ မကောင်းတော့ဘူး။ အန်တီဖေး....

 

“လီရှင်း အဖိုးရောက်လာပြီလေ။ မင်းမျက်လုံးကိုဖွင့်ပြီးတော့ အဖိုးကို ကြည့်ပါဦး… မင်း ဘယ်လို ရက်စက်နိုင်ရတာလဲ။ အဖိုးကို နောက်ထပ်တစ်ကြိမ်တောင် မတွေ့တော့ပဲ မင်း ဘယ်လိုလုပ်ပြီး ထွက်သွားနိုင်ရတာလဲ။”

 

“သခင်လေး ထကြည့်ပါဦး။ အန်တီဖေးက မင်းအကြိုက်ဆုံး ဆန်ကောက်ညှင်းဝိုင်ဖက်ထုပ်စွပ်ပြုတ်ကို လုပ်ထားတယ်လေ… အန်တီဖေးကို ထကြည့်ပါဦး။ အန်တီဖေးကို တစ်ချက်လောက် ထကြည့်ပါဦး။”

 

“သခင်လေး… အား… ဝါး… ဝါး…”

 

“သခင်လေး…”

 

လေထုသည် ကြေကွဲဝမ်းနည်းဖွယ်အသံများဖြင့် ပြည့်နှက်နေခဲ့သည်။