အခန်း၃၀
Viewers 16k

အခန်း(၃၀)

 

တံခါးကို တွန်းဖွင့်လိုက်သော်လည်း တံခါးအပြင်ဖက်လူအုပ်ကြီးမှာ ရပ်တန့်သွားလေသည်။ သူတို့မှာ မဖြေသိမ့်နိုင်သော ဝမ်းနည်းနေတဲ့ အမူအရာတွေနဲ့ မျက်ရည်များ ကျန်ရှိနေသေးပေမယ့် သူတို့က အခန်းထဲကမြင်ကွင်းကို တွေ့မြင်လိုက်ရတဲ့အခါမှာ သူတို့လုပ်လက်စအလုပ်တွေ အကုန်လုံးကို ရုတ်တရတ် ပြတ်တောက်သွားကုန်ခဲ့ကြသည်။

 

စက္ကန့်ပိုင်းလေးအတွင်းမှာ သူတို့ရဲ့ နားအူစေလောက်အောင် ငိုကြွေးသံတွေက တိတ်ဆိတ်သွားခဲ့ကြသည်။

 

သူတို့သည် လုလီရှင်းက ကျီချင်းချင်းကို နံရံနှင့် သူ့ကြားမှာ လက်ထောက်၍ တားဆီးထားတာကို တွေ့မြင်လိုက်ရသည်။ ကျီချင်းချင်းသည် သူတို့ကို တွေ့လိုက်ရ၍ ရှက်လွန်းလို့ ခေါင်းမမော့ဝံ့တော့ပေ။

 

လုလီရှင်းသည် ပထမဆုံး အသိဝင်တာဖြစ်သည်။ သူက အကြီးအကဲလုကို ခပ်တည်တည်ကြည့်ပြီး “အဖိုး ဘာဖြစ်လို့လဲ” လို့ မေးလိုက်သည်။

 

“သခင်လေး အသက်ရှင်လျက်ရှိသေးတယ်…” ထိုစကားများသည် ပြောရန် မသင့်တော်သည်မှာ သိသာထင်ရှား၍ ပြောလက်စစကားမှာ လျင်မြန်စွာ တိုးလျသွားခဲ့သည်။

 

သခင်လေးသည် မတ်တပ်ရပ်လျက် ကောင်းမွန်စွာ ရပ်နေသည်ကို မြင်သောအခါ အန်တီဖေးသည် ငိုရာကနေ ထရယ်လေသည်။ “အကြီးအကဲလု သခင်လေး အဆင်ပြေနေတယ်၊ သခင်လေး အဆင်ပြေနေတယ်။”

 

သူ့မြေးသည် သက်ရှိထင်ရှားရှိနေပြီး ခုတင်တိုင်နားမှာ မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်နှင့် အကြီးအကဲလုသည် တုန်လှုပ်သွားကာ သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။

 

ဆရာဝန်သည် စိုးရိမ်တကြီး ပြေးလာပြီး လုလီရှင်းကို စမ်းသပ်စစ်ဆေးကြည့်ခဲ့သည်။

 

အကြီးအကဲလုသည် ကုတင်သို့ လမ်းလျှောက်လာခဲ့ပြီး လုလီရှင်း၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ရှိနေကြောင်းကို‌ တွေ့မြင်နိုင်သည်။ “ကလေး မင်း အဆင်ပြေရဲ့လား”

 

လွန်ခဲ့သောလတွင် အကြီးအကဲလုသည် လုလီရှင်းအတွက် သူ့ကိုယ်သူ စိတ်ပင်ပန်းခဲ့သည်။ သူ့ရဲ့ ကောင်းမွန်သန်စွမ်းလှသော အနက်ရောင်ဆံပင်များပင် ဘော်ငွေရောင်သို့ ပြောင်းသွားခဲ့ရသည်။

 

လုလီရှင်းသည် သူ့လက်ကို အကြီးအကဲလု၏လက်ပေါ်သို့ အုပ်မိုးအုပ်ကိုင်၍ နှစ်သိမ့်ပေးလိုက်သည်။ “အဖိုး စိတ်မပူပါနဲ့။ ကျွန်တော် အဆင်ပြေပါတယ်။”

 

“ကောင်းပြီ၊ မင်း အဆင်ပြေတာကောင်းတယ်....”

 

ဆရာဝန်၏တိုက်တွန်းပြောဆိုမှုကြောင့် အဖိုးအိုသည် လွန်ခဲ့သော တစ်လကပင် သူ့မြေးသေဆုံးခြင်းအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သည်။ ဤအသက်အရွယ်သို့ ‌ရောက်သောအခါ ဖျားနာခြင်းနှင့် အသက်အရွယ်ကြီးရင့်၍ သေဆုံးရသူများစွာကို တွေ့မြင်ခဲ့ရသည်။ ဒါပေမယ့် အန်တီဖေး ရှိုက်ကြီးတငင်ငိုနေတာကို မြင်လိုက်တာနဲ့ သူ့ခြေထောက်တွေက အားနည်းသွားသည်။ သူသည် အဖြစ်မှန်ကို လက်ခံနိုင်စွမ်း မရှိခဲ့ပါ။

 

ကံကောင်းထောက်မလို့… ကံကောင်းထောက်မလို့…

 

အစေခံလူအုပ်ကြီးသည် အခန်းထဲမှ ထွက်ခွာသွားကြသည်။

 

ကျီချင်းချင်းက အကြီးအကဲလုကို ကြည့်လိုက်ပြီး သူမခေါင်းထဲ အကြံတစ်ခု ရလိုက်သည်။ “အကြီးအကဲလု အဖိုးအတွက်လည်း ဆရာဝန်ဆီမှာ ဆေးစစ်ကြည့်သင့်တယ်။”

 

သူမသည် စိတ်ခံစားချက်များ၏ အလှည့်အပြောင်းကို ရုတ်တရတ် တွေ့ကြုံခံစားရသည့် အကြီးအကဲလု၏ကျန်းမာရေးအတွက် အမှန်တကယ် စိုးရိမ်ပူပန်မိသည်။

 

သို့သော်လည်း အကြီးအကဲလုက အရေးမစိုက်ခဲ့ပါ။ “မလိုပါဘူး၊ ငါက အရမ်းကျန်းမာရေးကောင်းတယ်။”

 

“အကြီးအကဲလု သခင်မလေးပြောတာကို နားထောင်ပြီး ဆရာဝန် ကျန်းမာရေး စစ်ဆေးပေးတာကို လက်ခံလိုက်ပါ” ဟု အန်တီဖေးက ဖျောင်းဖျပြောဆိုသည်။

 

“သခင်လေးရဲ့ ကျန်းမာရေးကလည်း ပြန်မကောင်းသေးဘူး။ အကြီးအကဲလည်း လဲသွားလို့ မဖြစ်ဘူးလေ”

 

“အကြီးအကဲလု ဒီစစ်ဆေးမှုက မြန်မြန်ဆန်ဆန် ပြီးသွားလိမ့်မယ်။ ဆရာဝန်လည်း ဒီမှာ ရှိနေတာပဲလေ” ဟု ကျီချင်းချင်းကလည်း ထောက်ခံပြောဆိုလိုက်ပြန်သည်။

 

“အကြီးအကဲ အခုနောက်ပိုင်းမှာ ကောင်းကောင်းစားတာ ကောင်းကောင်းအိပ်ပျော်တာမျိုး မတွေ့ရဘူး။ ကျွန်မ ဘယ်လိုလုပ်ပြီး စိတ်မပူပဲနေနိုင်မှာလဲ။” ဟု အန်တီဖေးက ပြောလိုက်သည်။

 

“ငါ တကယ်…”

 

“အကြီးအကဲလု”

 

အကြီးအကဲလုသည် ကျီချင်းချင်းနှင့် အန်တီဖေးတို့၏ တိုက်တွန်းပြောဆိုလိုသည့် မျက်နှာများကို ကြည့်ရင်း သူက သက်ပြင်းချကာ “ကောင်းပြီ” လို့ သဘောတူလိုက်သည်။

 

နာရီဝက်လောက်ကြာတော့ ဆရာဝန်က အကြီးအကဲလုရဲ့အခန်းထဲက ထွက်လာခဲ့သည်။ အကြီးအကဲလုရဲ့ ခန္ဓာကိုယ်မှာ ပြဿနာ ကြီးကြီးမားမားတော့ မရှိပေမယ့် စိတ်ပင်ပန်းနွမ်းနယ်နေ၍ ကောင်းစွာ အနားယူရန် လိုအပ်သည်။ သူခန္ဓာကိုယ်က သိပ်အလုပ်မလုပ်နိုင်သောကြောင့် အာဟာရရှိသော အစားအစာများကို စားသင့်သည်။

 

ကျီချင်းချင်းသည် ဆရာဝန်မှာကြားသော စကားများကို သူမစိတ်ထဲမှတ်ထားပြီးနောက် သူမသည် အန်တီဖက်သို့ မျက်နှာမူလိုက်သည်။ “အန်တီဖေး လုလီထင်က ဘယ်မှာလဲ”

 

အန်တီဖေးသည် သက်ပြင်းချလိုက်သည်။ “ဒုတိယသခင်လေးက ဖုန်းတစ်ကောလာပြီးတာနဲ့ ဒီမနက်စောစာမှာတင် ထွက်သွားခဲ့တယ်။ သခင်မလေး အခု အိမ်မှာ ဘာဖြစ်နေတာလဲဆိုတာထက် သူ့မှာ ပိုအရေးကြီးတာက ဘာရှိမလဲ။ သခင်လေးက ကျန်းမာရေး ဆိုးဝါးနေတယ်၊ အကြီးအကဲလုရဲ့ခန္ဓာကိုယ်ကလည်း ထိုနည်း၎င်းကောင်းပါပဲ။ ဒီလိုမျိုး အရေးကြီးတဲ့အချိန်မျိုးမှာ သူက ဘယ်လိုလုပ်ပြီးတော့ ဒီအတိုင်း ထွက်သွားနိုင်တာလဲ။”

 

ကျီချင်းချင်းသည် ဒါက ရှန်းဝေဝေနှင့် ပတ်သက်ရမည်လို့ ခန့်မှန်းခဲ့သည်။ လုလီထင်ကို ဒီနေရာကနေ တခြား ဘယ်သူကမှ ခေါ်ဆိုလို့ရမှာ မဟုတ်ဘူး။

 

ဤကိစ္စနှင့်ပတ်သက်၍ ကျီချင်းချင်းသည် မှန်ကန်စွာ မှန်းဆနိုင်ခဲ့သည်။

 

ရှန်းဝေဝေသည် မူလက သူတို့၏အငြင်းပွားမှုဖြစ်စဥ်အတွင်း ဒဏ်ရာရရှိခဲ့သဖြင့် ကုမ္ပဏီက သူမအား စိတ်သက်သာရာရစေရန် ကျီချင်းချင်း၏ သရုပ်ဆောင်ရမည့်နေရာများနှင့် ထောက်ခံချက်များအားလုံးကို ရှန်းဝေဝေအား ပေးခဲ့သည်။ ထျန်းယွိအင်တာတိန်းမန့်က ဒီအဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း စုံစမ်းပြီးတဲ့အခါမှာ သူတို့က ကျီချင်းချင်းက ရှန်းဝေဝေကို တွန်းမထုတ်လိုက်တာကို ဗီဒီယိုတစ်ခုမှာ တွေ့မြင်ခဲ့ရသည်။ ထို့ကြောင့် သဘာဝကျစွာပင် ကျီချင်းချင်း၏ သရုပ်ဆောင်ရမည့်နေရာများနှင့် ထောက်ခံချက်များကို ကျီချင်းချင်းထံသို့ ပြန်လည်ပေးအပ်ခဲ့သည်။

 

ထျန်းယွိအင်တာတိန်းမန့်က ကျီချင်းချင်းရဲ့နာမည်ကို ရှင်းလင်းဖို့ ဒီသတင်းကို အွန်လိုင်းပေါ် တင်ခဲ့သည်။

 

မုန့်ရွှင်းသည် သူမ၏ကြိုးစားအားထုတ်မှုများ အလဟသဖြစ်သွားသည်ကို လက်မခံနိုင်သဖြင့် ရှန်းဝေဝေ၏ဖုန်းတွင် လုလီထင်၏ဖုန်းနံပါတ်ကိုရှာပြီး ဖုန်းခေါ်ဆိုလိုက်သည်။