အခန်း၃၁
Viewers 16k

 

အခန်း(၃၁)

 

“သခင်မလေး ကျွန်မ အကြီးအကဲလုအတွက် စွပ်ပြုတ်ချက်ဖို့ အရင်ဆုံး သွားနှင့်မယ်။ သခင်လေး ပြုစုဖို့ ကျွန်မ ဒီနေရာမှာရှိနေရင် သခင်မလေး အနေကျပ်နေလိမ့်မယ်။”

 

ကျီချင်းချင်းသည် ခေါင်းညိမ့်လိုက်သည်။ “အန်တီဖေး ဒါက အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့။”

 

“အိုင်း…” အန်တီဖေးသည် သက်ပြင်းချလျက် ထွက်သွားခဲ့သည်။

 

လုလီရှင်း၏အခြေအနေကို စစ်ဆေးနေဆဲဖြစ်သောကြောင့် ဆရာဝန်သည် အန်တီဖေးထက် နောက်ကျပြီးမှ ထွက်ခွာသွားသည်။ ဆရာဝန် စစ်ဆေးတာ ပြီးဆုံးသွားသည့်နောက်တွင် ကျီချင်းချင်းသည် ဆရာဝန်အား မေးခွန်းအနည်းငယ် မေးခဲ့သည်။ ဆရာဝန်၏အဖြေသည် ယခင်အတိုင်းပင်ဖြစ်သည်။ သူ့မျက်နှာပေါ်တွင် အကူအညီမဲ့မှုနှင့် ကြင်နာမှုကို မြင်ရသည်။

 

ကျီချင်းချင်းသည် တံခါးဝမှာရပ်ပြီး အခန်းထဲကို ကြည့်လိုက်သည်။ လုလီရှင်းသည် အိပ်ပျော်နေသည်ကို မြင်လိုက်ရသောအခါ သူမ တိတ်တဆိတ် ထွက်ခွာသွားသည်။

 

ညနေ ၆ နာရီတွင် ကျီချင်းချင်းသည် လုလီရှင်း၏အခန်းထဲသို့ ဝင်လာခဲ့သည်။ လုလီရှင်းက အားနည်းနေသောကြောင့် စွမ်းအင်ဖြည့်တင်းဖို့ အိပ်ဖို့လိုတယ်လို့ ဆရာဝန်က မှာကြားခဲ့သည်။ ဒါကြောင့် ကျီချင်းချင်းက သူ့ကိုနှိုးဖို့အတွက် အခန်းထဲကို ဝင်မလာခဲ့ဘူး။ လုလီရှင်း အသက်ရှင်နေသေးလားဆိုတာကို စစ်ဆေးဖို့ရန် နာရီတိုင်း သူမ ဒီကို လာခဲ့သည်။

 

သူမ သူ့အနားသို့ သွားနေစဥ်မှာပင် သူမရဲ့ဖုန်းက အသံမြည်လာသည်။

 

ကျီချင်းချင်းသည် အခန်းထဲမှ အမြန်ထွက်လာလိုက်သည်။ အခန်းတံခါးကို တစ်ဝက်ပိတ်ပြီး သူမ ဖုန်းခေါ်ဆိုမှုကို ပြန်ဖြေဆိုလိုက်သည်။

 

“ဒါက ကျီချင်းချင်းရဲ့ဖုန်းလား။” အမျိုးသားတစ်ယောက်ရဲ့အသံကို ကြားလိုက်ရသည်။

 

ကျီချင်းချင်းသည် သူမအသံကို တိုးလိုက်ပြီး “ဟုတ်တယ်၊ ကျွန်မပါ။ ရှင်က ဘယ်သူလဲဆိုတာကို ကျွန်မမေးလို့ရမလား။”

 

“ကျွန်တော့်နာမည်က ချင်ယွဲ့ပါ။ ကျွန်တော်က ထျန်းယွိအင်တာတိန်းမန့်က ကိုယ်စားလှယ်တစ်ယောက်ပါ။ ကျွန်တော်က မင်းရဲ့ကိုယ်စားလှယ် ဖြစ်လာမှာပါ။”

 

“ကျွန်မရဲ့ကိုယ်စားလှယ်လား။” ကျီချင်းချင်းသည် စိတ်ရှုပ်ထွေးသွားပြီး သူမမျက်ခုံးများကို တွန့်ကွေးလိုက်သည်။ “ဘာဖြစ်သွားတာလဲ။ မုန့်ရွှင်းက ကျွန်မရဲ့ကိုယ်စားလှယ် မဟုတ်ဘူးလား။”

 

ချင်ယွဲ့သည် လိုရင်းတိုရှင်း ပြန်ဖြေခဲ့သည်။ “ဒါက ကုမ္ပဏီအထက်ပိုင်းက ဆုံးဖြတ်လိုက်တာပါ။ ဒါ့အပြင် မင်းမှာ အရင်က လက်မှတ်ထိုးထားတဲ့ ထောက်ခံချက်တွေ ရှိနေသေးတယ်။ အချိန်ဇယားကို အပြီးသတ်ဆွဲပြီးရင် ကျွန်တော် မင်းကို အကြောင်းကြားပေးပါ့မယ်။”

 

“ထောက်ခံချက်တွေလား။ ခဏလေး ရှန်းဝေဝေနဲ့ မတော်တဆ အဖြစ်အပျက်ကြောင့် ငါ မဟုတ်ဘူး…”

 

“ကုမ္ပဏီက ရှန်းဝေဝေနဲ့ လွန်ခဲ့တဲ့တစ်လက ဖြစ်ခဲ့တဲ့ကိစ္စကို ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပါပြီ။ ရှင်းရှင်းပြောရရင် ရှန်းဝေဝေက သူမရဲ့သတိလက်လွတ်မှုကြောင့် ပြုတ်ကျသွားတာကို ရှင်းရှင်းလင်းလင်း ရိုက်ယူထားမိတဲ့ ဗီဒီယိုတစ်ခု တွေ့ထားတယ်။ သူမရဲ့လိမ့်ကျမှုက မင်းနဲ့ ဘာမှမဆိုင်ပါဘူး။”

 

ချင်ယွဲ့၏အသံသည် မသိမသာ အေးစက်သွားသည်။ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆန်မှုနှင့် စီးပွားရေးဆန်သော သဘောထားသည် မယဥ်ကျေးဘူးလို့ ယူဆနိုင်သည်။

 

သို့သော် ကျီချင်းချင်းသည် ဒါကို စိတ်မဝင်စားပါ။ ချင်ယွဲ့၏စကားများအပေါ် သူမ အာရုံစိုက်နေခဲ့သည်။ “ဗီဒီယိုလား။ ဒါဆိုရင် အဲ့တာက ကျွန်မမှာ အပြစ်မရှိဘူးလို့ ဆိုလိုတာလား။ ကျွန်မ သူမကို ငွေပေးစရာမလိုတော့သလို ထောင်ထဲလည်း မသွားရတော့ဘူးလို့ ဆိုလိုတာမလား။”

 

“မင်း အဲ့လို မဖြစ်တော့ပါဘူး။ ကုမ္ပဏီက ဝေ့ပေါ်မှာ ရှင်းပြချက်တစ်ခုကို ထုတ်ပြန်ကြော်ငြာထားတယ်။ မင်း အဲ့တာကို ဝေ့ပေါ်မှာ သွားကြည့်နိုင်တယ်။”

 

ကျီချင်းချင်းသည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ သူမပြုံးပြီးတော့ “အိုကေ ကျေးဇူးပါ အစ်ကိုချင်။ အနာဂတ်မှာ ကျွန်မတို့ ပျော်ရွှင်တဲ့ ပူးပေါင်းဆောင်ရွက်မှု‌လေး ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။”

 

“ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပူးပေါင်းဆောက်ရွက်မှုလေးပါ” ထိုသို့ ပြောပြီးနောက် သူက ဖုန်းချသွားသည်။

 

ယွမ် သန်းနှစ်ဆယ် ကြွေးမြီကင်းလွတ်သွားခြင်းနှင့် ထောင်ကျမှာ စိုးရိမ်စရာ မလိုတော့သော ကျီချင်းချင်းသည် သူမ၏ခန္ဓာကိုယ်မှ ဝန်ထုပ်ဝန်ပိုးတစ်ခုကို လျော့ကျသွားသကဲ့သို့ ချက်ချင်းပင် ခံစားလိုက်ရသည်။

 

သူမဖုန်းကိုကိုင်ထားရင်း သူမသည် စိတ်လှုပ်ရှားနေသည်။ သူမသည် စိတ်ဖြေလျော့ရန် ခြေလှမ်းအနည်းငယ်လောက် ပြေးလွှားသွာချင်မိသည်။

 

အမှန်တရားကို နောက်ဆုံးမှာ ရှာတွေ့သွားခဲ့ပြီ။ ယခု သူမသည် အပြစ်ကင်းစင်သွားပြီးတော့ စိတ်သက်တော့သက်သာရစွာဖြင့် သူမခေါင်းကို မော့ထားနိုင်သည်။

 

ကျီချင်းချင်းက ဒီကိစ္စ၏နောက်ကွယ်မှာ အကြီးအကဲလု ရှိနေတယ်လို့ ခန့်မှန်းလို်ကသည်။ သူက သူမတို့နှစ်ယောက်ရဲ့ သဘောတူညီမှုကြောင့် ဒါကို လုပ်ခဲ့ပေမယ့် သူမဟာ သက်ပြင်းချလိုက်ပြီး အကြီးအကဲလုက တကယ်ကြင်နာတတ်တဲ့လူကြီးတစ်ယောက်လို့ တွေးတာကို မရပ်တန့်နိုင်ခဲ့ဘူး။

 

ကျီချင်းချင်း၏ ယခင်ကိုယ်စားလှယ် မုန့်ရွှင်းကို မိုက်မိုက်မဲမဲ ပြန်လည်ယုံကြည်ဖို့ မဖြစ်နိုင်ပါ။ အဆုံးမှာတော့ မုန့်ရွှင်းသည် ရှန်းဝေဝေကိုသာ အကြွင်းမဲ့ အာရုံစိုက်ပေးထားခဲ့တာဖြစ်သည်။ မုန့်ရွှင်းဟာ သူမရဲ့ကိုယ်စားလှယ်ပဲ ဆက်ဖြစ်နေမယ်ဆိုရင်တောင် သူမသည် မုန့်ရွှင်းထံမှ အကူအညီ တစ်စုံတစ်ရာ ရရှိဖို့ မဖြစ်နိုင်ပါ။ ဝတ္ထုဇာတ်လမ်းထဲက ကျီချင်းချင်းအပေါ် မုန့်ရွှင်းသည် သူမ သဘောမကျ၊ အော့နှလုံးနာခြင်း အတိုင်းအတာအပေါ် မူတည်၍ သူမကို နှိပ်ကွပ်ရန်ပင် ကြိုးစားခဲ့ပေလိမ့်မည်။

 

နှလုံးသားမှာ အပျော်များဖြင့် ပြည့်နှက်နေသည့် ကျီချင်းချင်းသည် လုလီရှင်း၏အိပ်ရာနားသို့ ပြန်သွားခဲ့သည်။ သူမသည် လုပ်ရိုးလုပ်စဥ်အတိုင်း သူမ၏လက်ညှိုးကို လုလီရှင်း၏ နှာခေါင်းအောက်သို့ထား၍ အသက်ရှူမရှူကို စမ်းသပ်ကြည့်လိုက်သည်။

 

ရုတ်တရတ် လုလီရှင်းသည် သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူတို့ရဲ့မျက်ဝန်းတွေက အကြည့်ချင်းစုံကုန်ကြသည်။ ကျီချင်းချင်းသည် ထိတ်လန့်တုန်လှုပ်သွားမိခဲ့သည်။

 

လုလီရှင်း၏အိပ်ချိန်သည် ညနေ ၆နာရီအထိ ကြာမြင့်ခဲ့သည်။ သူ အနည်းဆုံး ဆယ်နာရီခန့် အိပ်စက်အနားယူခဲ့ရသည်။

 

သူ ကားမတော်တဆမှုဖြစ်ပြီးနောက် မေ့မြောနေတာကလွဲလို့ ဒီလောက်အကြာကြီး မအိပ်စက်ခဲ့ဖူးဘူး။ တစ်ညလုံး အလုပ်လုပ်နေခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုသည်လည်း ပျောက်ကွယ်သွားခဲ့ပြီ။ သူ နိုးလာသောအခါ ကျီချင်းချင်းသည် တံခါးအပြင်ဖက်မှာ ရပ်နေပြီးတော့ တိတ်တဆိတ် ဖုန်းပြောဆိုနေတာကို သူ တွေ့လိုက်ရသည်။ ထို့ကြောင့် သူ့မျက်လုံးများကို အနားယူရန် ခဏလောက် ပြန်မှိတ်ထားလိုက်သည်။ ထိုအချိန်တွင် ကျီချင်းချင်းက အခန်းထဲသို့ ပြန်ဝင်လာပြီး သူမလက်ကို ဆန့်ထုတ်လိုက်တာဖြစ်သည်။